Monday, February 6, 2012

ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ်



မဲတွေကြိုက်သလောက်ထဲနိုင်တဲ့ ၂၀၁၀ မဲရုံး
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လွှတ်တော်တွင်းလစ်လပ်နေရာအား ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ နာမည်ပျက်ရှိခဲ့သည့် မဲရုံမှူးများကို အသုံးပြုမည်မပာုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ် ၆ ခုတွင် မဲရုံပေါင်း ၆၃၅ ရုံထားရှိမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲများတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများမှ သမာသမတ်ပြည့်ဝစွာ လုပ်ဆောင်ခဲ့သည့် မဲရုံမှူးများ ကိုသာ ပြန်လည်အသုံးပြုသွား မည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံမှူးခန့်အပ်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက “ခုလို ကြားဖြတ်ရွေးကောက်ပွဲ မှာ တကယ်ကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆိုရင် မဲရုံမှူးတွေကို ခုလိုပြန်ချိန်းပြီးခန့်အပ်တာ အကောင်းဆုံးပါပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှမျှတတနဲ့ လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ပာု ပြောကြား သည်။

                ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံစောင့်ကြပ်မည့် မဲရုံမှူးများအား တာဝန်ပေးအပ်ရာတွင် ဥပဒေပါအတိုင်း အစိုးရဝန်ထမ်းများနှင့် အများယုံကြည် ကိုးစားရသည့် ဆရာ၊ ဆရာမ များကိုသာ ခန့်အပ်ပြီး ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲရုံမှူးများ၊ ပါတီများနှင့် မဲပေးပိုင်ခွင့်ရှိသူများ၏ တာဝန်မဲ့ လုပ်ရပ်များ ကြောင့် အငြင်းပွားဖွယ်ရွေးကောက်ပွဲအဖြစ် ထင်ရှားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ်များမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်း ကုန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် လှည်းကူးမြို့နယ်များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၉၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
YC

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း

ဒေါက်တာစိုးမင်း နှင့် တွေ့ ဆုံခြင်း
မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာ
ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်
တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လို
မျော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊
ရိုးသားတဲ့စိတ်ဓာတ်နဲ့ နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲက
ရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုး
အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ 
လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့
ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲ
ပြည်သူတွေကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူ
တွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်
ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။
ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စား
တာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ 
ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ
ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ 
မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

Messenger ဂျာနယ်

အဖြစ်အပျက်ကဒီလို တေးလက်သံစုံ

ရွာထိပ်က မုဆိုးမဒေါ်စန်း ဈေးရောင်းပုံက...(ဟာဂျူလီ.ကသာ)

ရွာတစ်ရွာမှာ မစန်းဆိုတဲ့ မုဆိုးမတစ်ယောက် ရှိတ
ယ်တဲ့၊ သူ့ယောက်ျား ကိုတုတ်ကြီးသေတော့ မစန်းက အရွယ်ရှိတုန်း၊ လှပနေတုန်း၊ဒါပေမယ့်ဒေါ်စန်းမှာ ဘာအရင်းအနှီးမှ မကျန်ခဲ့ရှာပါဘူး၊ အရွယ်နဲ့ခန္ဓာကိုယ် အချိုးကျကျ လှနေတာလေးပဲ ကျန်ခဲ့တဲ့ မစန်းဟာ တစ်ရက်တော့ ရွာထိပ်မှာကုန်စုံဆိုင် ထောင်ပါသတဲ့၊ငွေရင်းငွေနှီး မရှိဘူးဆိုပေမယ့် သူ့ရဲ့ကုန်စုံဆိုင်ကြီးဟာ အကြီးကြီးပဲတဲ့၊ အဲဒီမှာ သူ့ရွာကလူတွေက အံ့သြကြတာပေါ့၊ သူကိုလည်းမေးကြတာပေါ့ ဟဲ့မစန်း နင် ဘယ်ကငွေတွေနဲ့ ဆိုင်ထောင်တာလဲဆိုတော့ မစန်းကပြောတယ်တဲ့..ဒါက ပညာပဲတဲ့..တစ်ရွာလုံးအံ့သြနေတာပေါ့..ဒီလိုနဲ့ နှစ်နှစ်လောက်ကြာတော့.မစန်း လင်ကောင်မပေါ်ပဲ ကလေးမွေးတော့မှ ရွာခံတွေက သြော်မစန်းရဲ့ ပညာဆိုတာက အခြေအနေနဲ့ နေရာကိုပြောတာကိုး..တဲ့၊မြန်မာ့ဆက်သွယ်ရေးရဲ့ ပညာဆိုတာကလည်း.. မုဆိုးမမစန်းဈေးရောင်းသလိုပါပဲ၊ အရင်းအနှီးကလည်း နေရာနဲ့လူပဲရှိတာပါ၊

မြန်မာ့ဆက်သွယ်ရေးကြီး အလုပ်လုပ်ပုံက ရွာထိပ်ကမုဆိုးမဒေါ်စန်း.ဈေးရောင်း သလိုပါပဲ....(ဟာဂျူလီ.ကသာ)......မြန်မာဆက်သွယ်ရေးက ပုဂ္ဂိုလ်ကျော်တွေက လုပ်ချလိုက်ပြန်ပါပြီ.သစ်ထူးလွင် ၀က်ဆိုက်ထဲမှာပါ၊ ထုံးစံနဲ့အညီပေါ့ဗျာ၊ တာဝါတိုင်တွေ ဘယ်နှတိုင်ထောင်ထားပါပြီပေါ့ဗျာ၊ ဘယ်နှစ်လောက်ဆို ဈေးကို ဘယ်လောက်ချနိုင်ပါပြီတွေ.အခြေခံပါအဆောက်အဦတွေ ဘယ်လောက်လုပ်ထားပါပြီဆိုတာတွေပေါ့ဗျာ. ကြာတော့ ဆက်သွယ်ရေးက ထောင်ထားတဲ့ တာဝါတိုင်တွေ အကြောင်းမောင်ဂျူတို့လူထုတွေအလွှတ်တောင်ရနေပါပြီ.
မောင်ဂျူမေးချင်တာရှိပါတယ်.မြန်မာ့ဆက်သွယ်ရေးကဒီလောက်ကြီး အလုပ် လုပ်နေတော့ ပြည်သူလူထုတွေ ဖုန်းဆက်သွယ်ရတာအဆင်ပြေသွားပြီလားခင်ဗျာ..NO NO NO ဖြေစရာ မလိုပါဘူးခင်ဗျာ၊( လူထုက ဖြေပါလိမ့်မယ်..)...
.မြန်မာ့ဆက်သွယ်ရေးနဲ့ပါတ်သက်ပြီးမောင်ဂျူထို့ ကသာမြို့ကလူတွေ မိအေး(၅)ခါနာခဲ့ရပုံလေး ကြုံလို့ပြောပြချင်ပါသေးတယ်၊မောင်ဂျူတို့မြို့မှာ အော်တိုတယ်လီဖုန်းတွေစတင် တပ်ဆင်မယ်ဆိုတော့ ဆက်သွယ်ရေးတာဝါတိုင်ထောင်ခတွေ ပစ္စည်းကရိယာဖိုးတွေ.ဘုတ်ခုံဖိုးတွေ မြို့ကပဲကျခံရပါတယ်..၊ဘုတ်ခုံဖိုးက အသစ်ဖိုး ကျခံရတာပါ၊ အဲ ဘုတ်ခုံလာဆင်ပေးတော့ ဘုတ်ခုံက အဟောင်းကြီး..ဒိုင်ခွက်မှာ ၇ှိတဲ့ လက်ကွက်တွေမှာတောင် နံပါတ်တွေ ကမပေါ်တော့ဘူး။စုံစမ်းကြည့်တော့ မိုးညှင်းမြို့က ဘုတ်ခုံအဟောင်းကို ဖြုတ်လာတာတဲ့၊သုံးမကောင်းလို့..သုံးမရလို့ မိုးညှင်းမှာ ကိုယ်ထူကိုယ်ထ ဘုတ်ခုံအသစ်ဝယ်ပြီးတပ်ကြတော့ ဒီအဟောင်းကို ကသာမှာ လာတပ်ပေးတာတဲ့၊အဲဒါနဲ့ မောင်ဂျူက မြို့တာဝန်ရှိသူကို မေးမိပါတယ်၊ကျွန်တော်တို့က ဘုတ်ခုံအသစ်ဖိုးပေးရပြီး ဘာကြောင့် အဟောင်းလာတပ်ပေးရတာလဲဆိုတော့ တာဝန်ရှိသူက ဖြေပါတယ်.. အဲဒါကတော့ ၀န်ကြီးသွားမေးရမှာပါပဲတဲ့၊၀န်ကြီး အမိန့်နဲ့ လုပ်ရတာဆိုပဲ..ဒီတော့ မောင်ဂျူတွေးကြည့်မိပါတယ်၊ငါတို့ပေးလိုက်ရတဲ့ ဘုတ်ခုံအသစ်ဖိုး ဘယ်များရောက်သွားသလဲပေါ့နော့၊အဲ မကြာပါဘူး၊အော်တိုတယ်လီဖုန်းဖွင့်ပွဲလုပ်ပါတယ်၊သတင်းစာတွေမှာလည်း ကသာမြို့ အော်တိုတယ်လီဖုန်းဖွင့်ပွဲလုပ်တယ်ပေါ့၊နိုင်ငံတော်က အကုန်အကျခံပြီး လုပ်ဆောင်ခဲ့တာပါပေါ့၊ကိုယ့်မြို့က ဖုန်းလိုချင်သူတွေကိုယ့်ငွေနဲ့တပ်ဆင်ရတဲ့ ကိစ္စမှာ အသစ်အစား အဟောင်းလည်း လာတပ်ပေးသေးတယ်၊နိုင်ငံတော်က အကုန်အကျခံရပါတယ်က ပြောသေးတယ်၊
အဲဒါအပြင် အဲဒီ ဘုတ်ခုံမှာ ဖုန်းတပ်ရဖို့ လာတ်ငွေက ပေးရသေးတယ်.. ဒါတွေဟာ ဟိုးး အရင်ခေတ်ကပါ၊ ဒါပေမယ့် ဒါတွေဟာ ဘာကြာသေးလို့လဲ ဗျာ..

မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

2012-02-05
မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
DaweiMyoDaw Facebook Page
ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် ရွှေ့ဆိုင်းရတဲ့အတွက် ဒေသခံတွေကလည်း စိတ်မကောင်းဖြစ်ကြတယ်လို့ မန္တလေးကိုရောက်နေတဲ့ ပါတီပြန်ကြားရေးတာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်ပေးချက်အရ အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ်မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။
ဦးဝင်းတင်နဲ့ ဦးအုန်းကြိုင်ဟာ ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့နယ် အန်အယ်လ်ဒီပါတီနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးတွေကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းမြို့ကိုသွားရောက်ပြီး ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

စွမ်းအားရှင်များပြည်သူကိုလိမ်ရန် ကြိုးစားနေခြင်း

  မကြာသေးခင်က ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများက ပြည်ထဲရေးဝန်ကြီးဌာန၏မြို့ပြဥပဒေကြောင့်စွမ်းအားရှင်အမည်တပ်ခံရကာ

ပြည်သူလူထုကြားတွင်ဆက်ဆံရေးနစ်နာဆုံးရသည်ဟုအသံကောင်းဟစ်ကာကြံ့ဖွံ့ ဒုဥက္ကဌသူရရွှေမန်းထံစာပေးပို့ခဲ့ကြောင်းသိရပါတယ်။

ကြံ့ဖွံ့ပဲခေါ်ခေါ်စွမ်းအားရှင်ပဲပြောင်းပြောင်း ပြည်သူ့ချဉ်ဖတ်ဟာပြည်သူ့ချဉ်ဖတ်ပါပဲ။ဘာကြောင့်ဒီလိုဖြစ်ရသလဲ။

ကိုယ့်ဟာကိုယ်သုံးသပ်ဖိုလိုပါတယ်။ပြည်သူလူထုဟာ ဆင်းရဲကျပ်တည်းလာမှု့တွေ၊ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိသင့်တယ်။ထိုပြောဆိုခွင့်တွေကို သက်ဆိုင်ရာဌာနတွေကို ယခင်ကရောယခုရောတင်ပြတောင်းဆိုတယ်။ ဥပမာ။   ။ မိမိအိမ် လျှပ်စစ်မီးဝါတွေဟောင်နွမ်းနေတယ်။သက်ဆိုင်ရာ ရပ်ကွက်၊မြို့နယ်တွေကို စာရေးတင်ပြတယ်။ရပ်ကွက်တွင်းရေမလာ၊မီးမလာ တင်ပြတောင်းဆိုတယ်။ နှစ်တွေသာပြောင်းအချိန်တွေကုန်သွားတယ် ဘာမှဖြစ်မလာဘူး။စားသောက်ကုန်ဈေးနှုံးတွေ တက်လာတယ်။အခြေခံလစာတွေနဲ့ဘယ်လိုမှမလုံလောက်ဘူး။ကုန်ဈေးနှုံးကျဆင်းရေးတင်ပြတယ်။ဘာမှဖြစ်မလာဘူး။ကြာတော့ပြည်သူလူထုက ဘယ်သူကိုအဖေခေါ်ရမှန်းမသိတော့ လမ်းမပေါ်ထွက်အော်လာရတယ်။ဒါကိုထွက်အော်ရကောင်းလား ဆိုဖမ်းဆီးရိုက်နှက်တယ်။ အာဏာပိုင်အဖွဲ့အစည်းဝတ်စုံနဲ့၊ ရဲဝတ်စုံ ဆိုယင်ရဲအပြစ်ဖြစ်မှာစိုးတော့ ဘာကောင်မှန်းမသိတဲ့ကောင်တွေကို လွယ်အိတ်တလုံးပေး၊ထမင်းတနပ်ကြွေးခိုင်းတယ်။၊ထောက်လှမ်းရေးယောင်ယောင်၊ နယ်ထိမ်းရဲယောင်ယောင် လုပ်တယ်။ပြည်သူတွေကို ဟောက်စားလုပ်တယ်။အကြမ်းဖက်တယ်။နောက်တော့ အခြေအနေတွေဆိုးသထက်ဆိုးလာတယ်။လုပ်လို့ရမလားလို့လုပ်ခဲ့တယ်။ အခုနောက်ဆုံးလုပ်လို့မရမှန်းသိတော့ ပြည်သူလူထုကို လိမ်ဖို့ကြိုးစားနေပြန်ပြီ။လူမှု့ရေးလုပ်ငန်းတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို အားတက်သရောလုပ်ခဲ့ပါတယ်တဲ့။မရှက်မကြောက်နဲ့ ရီစရာပြော၊တတ်လည်းတတ်နိုင်ပါပေတယ်။ပြည်ထဲရေးဝန်ကြီးဌာနက အထင်လွဲအောင်လုပ်ခဲ့တာပါတဲ့။စွမ်းအားရှင်အမည်ပြောင်းလိုက်လို့ ပြည်သူကအထင်လွဲမှားရပါတယ်။ပြည်သူကိုနားလှည့်ပါးရိုက်လုပ်ဖို့ ကြိုးစားနေပြန်ပြီ။အမှားကိုအမှားပြည်သူကို ဝန်ခံဖို့မကြိုးစား။ပြည်သူကိုတောင်းပန်ဖို့မစဉ်းစား။အပြစ်အကြွေးတွေကိုချွေးနဲ့ပြန်ဆပ်မယ်ဆိုတာမျိုးတွေ မရှိတဲ့ သာယာကူးတွေ၊စိတ်ဓါတ်တွေပြောင်းလည်းဖို့လိုအပ်ပြီ။ဒါတွေကိုမပြုပြင်သေးသ၍ လူ့အသိုင်းအဝိုင်းအပြင်ကိုရောက်နေရအုန်းမှာပဲ။အပြစ်တွေလည်းကြေနိုင်မယ်မထင်ဘူး။

စွမ်းအားရှင် စာရင်း ရှင်းမယ်


ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ အဖွဲ့ ဝင်ဟောင်းများကနေ သူရဦးရွှေမန်းသို့ ”စွမ်းအားရှင်” ကိစ္စဖြေရှင်းရန် စာပေးပို့ ။

သို့ 

သူရဦးရွှေမန်း
ဒုတိယဥက္ကဌ
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ
နေပြည်တော်၊ ဌာနချုပ် ။

ရက်စွဲ ။ ၂၀၁၂ ခုနှစ် ၊ ဇန္န၀ါရီလ ၊ ( ၁၅ ) ရက်။

အကြောင်းအရာ။ ။ စွမ်းအားရှင်ဟု ပြည်သူလူထု အမြင်လွဲမှားအောင် ဆောင်ရွက်ထားမှုအား ဖြေရှင်းပေးရန်။

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း လက်ထက်ကတည်းက လူမှုရေးလုပ်ငန်းများ နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်ခဲ့ကြသည့် လူငယ်များမှ ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့  ပြဥပဒေကြောင့် “စွမ်းအားရှင်” အမည်တပ်ခံရပြီး လူမှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးတွင် နစ်နာဆုံးရှုံးနေမှုများအား ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

၂။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အရေးအခင်းတွင် မြို့ ပြဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင် (တိုင်း/ခရိုင်/မြို့ နယ်) များက ဒေသအတွင်းရှိ မည်သူ့ ကို မဆို စွမ်းအားရှင်အဖြစ် ခေါ်ယူအသုံးပြုနိုင်သည်ဟု ပြဌာန်းချက်ပါအတိုင်း ဆောင်ရွက်ရာတွင် အစိုးရ၀န်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် အရ ဆောင်ရွက်သည်ကို ဖုံးကွယ်နိုင်ရန်အတွက် ပြည်ခိုင်ဖြိုး အသင်းဝင်များကို စွမ်းအားရှင်များဟု ၀ါဒဖြန့် ခဲ့ကြသည်။

၃။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် အသီးသီးမှ ပြည်ခိုင်ဖြိုး အသင်းဝင် လူငယ်များကလည်း ငါတော့ မဟုတ်ဘူး / သူ့ မြို့ နယ် ဟုတ်နိုးနိုးများဖြင့် ဖြေရှင်းခြင်း မရှိခဲ့ကြပဲ ပြည်သူလူထုစွပ်စွဲသော ဘုန်းကြီးရိုက်တယ်/ သံဃာရိုက်တယ် ပြောဆိုမှုများကို ရေငုံနုတ်ပိတ် နေထိုင်ခဲ့ကြသည်။

၎။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းအကြောင်း ဖြန့် ဝေသည့် ဗီစီဒီအခွေများတွင်၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်း နှိမ်နင်းမှုပြကွက်များမှ ဘုန်းကြီး/သံဃာကို ရိုက်သည်ဆိုသော ပြကွက်များတွင် ပြည်ခိုင်ဖြိုး တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ ရပဲ စစ်သား/ ရဲ / ဆိုသည်များကို သာတွေ့ ရသည့်အတွက် ပြည်ခိုင်ဖြိုး လူငယ်များ စွပ်စွဲခံနေရသည့် သံဃာရိုက်/ ဘုန်းကြီး ရိုက် သူများ မဟုတ်ကြောင်း သက်သေခံလျှက်ရှိပါသည်။

၅။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာအရေးအခင်းကာလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်ဦးမှ မြို့ ပြအက်ဥပဒေအရ “စွမ်းအားရှင်” လူတန်းစား သတ်မှတ်ချက်ကို ဖေါ်ထုတ်ပြောကြားပေးနိုင်ပါရန်နှင့် ပြည်ခိုင်ဖြိုးအသင်းတွင် တာဝန်မရှိခဲ့ကြောင်း သက်သေထူပေးစေလိုပါသည်။

၆။ ယင်းသို့ သက်သေထူပြောဆိုပေးခြင်းများမရှိပါက ၁၉၉၆ ခုနှစ်က ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးများမှ တစ်ဆင့် အနိုင်ကျင့် အမိန့် ပေး အကြပ်ကိုင် စေခိုင်းခဲ့မှုများကို ဆက်လက်ဖေါ်ထုတ်သွားမည်။

ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများ

ရန်ကုန်တိုင်းဒေသကြီး

Laynuaye Mya
ဖေ့စ်ဘွခ်မှ...





ကချင်ပြည်နယ်တွင် စစ်တပ်များ ရုပ်သိမ်းခြင်းမရှိ

ကို​ထွေး

အရင် ရက်ပိုင်း အတွင်း ကချင် ပြည်နယ် ဘက်မှာ အစိုးရ စစ်တပ်တွေ ရုပ်သိမ်း သွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပေမယ့် အမှန် တကယ် ရုပ်သိမ်းခြင်း မရှိ သေးဘူး လို့ ကချင် လွတ်မြောက်ရေး တပ်မတော်က ပြောပါ တယ်။

ကချင်ပြည် နယ်မှာ ထိုးစစ် ဆင်နေတဲ့ အစိုးရ တပ်တွေ အရင် နေရာ တွေမှာပဲ ရှိနေ တယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

“ကချင်ပြည် နယ်ကနေ ဆုတ်သွား တာတော့ မရှိ သးဘူးဗျ။ အဲဒါက သတင်း မှားတာပဲ ဖြစ်ပါ လိမ့်မယ်။ ထိုးစစ် ဆင်နေတဲ့ အစိုးရ တပ် တွေက အရင် နေရာ မှာပဲ အကုန်ရှိ နေတုန်း ပါပဲ။ ဆုတ် သွားတာ မရှိ သေးပါဘူး။ ၉၉ က နည်းဗျူဟာ တခုက အစ ကတည်းက ပြန်ဖို့ လုပ်နေ တာလေ။ အရင် သူတို့ လဲတဲ့ တပ်တွေ ရှိနေပြီး သားဆိုတော့ အရင်က ၉၉ တပ်တွေ ပြန်သွား တာပဲ ရှိတယ်။ တခြား သီးသန့်ပြန် သွားတဲ့ တပ်တွေ မရှိ သေးဘူး။”

ကေအိုင်အေနဲ့ အစိုးရကိုယ်စားလှယ်တွေကလည်း လာမယ့် ၁၀ ရက်နေ့ တွေ့ဆုံဖို့ ရှိပေမယ့် တိကျတဲ့ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

“၁၀ ရက်နေ့မှာ စပြီး တွေ့ကြဖို့ အချင်းချင်း အပြန်အလှန် ရက်ကို ညှိနေတုန်းပါပဲ။ ၁၀ ရက်နေ့မှာ စတွေ့ဖို့ တိုင်ပင်နေကြပါတယ်။ ဒီတ ခါတော့ ပြည်တွင်းနေရာမှာ ဖြစ်ပါလိမ့်မယ်။ နေရာကိုလည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ပြည်တွင်းဘက်မှာ တွေ့ဖို့ ကျနော်တို့ ဘက်က နေ ဘယ်နေရာမှာ တွေ့ချင်တယ် ဆိုတာကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်းဆီကို စာနဲ့ တင်ပြထားတာ ရှိပါတယ်။”

ကချင်မှာ တိုက်ပွဲတွေ နည်းပါးသွားပေမယ့် အစိုးရတပ်တွေက အမြဲတမ်း ပုံမှန် လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိက္ခာ ထောက်တွေ၊ ကားတွေကတော့ ပုံမှန်ရောက်နေတာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည် နယ်မှာ ဇွန်လ ကတည်းက အစိုးရ တပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာကြောင့် ဒုက္ခသည် ၇ သောင်းလောက် တရုတ် - မြန်မာနယ်စပ်တွေမှာ ခိုလှုံနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

အစိုးရ၏ ထိရောက်စွာဆောင်ရွက်ခြင်းမရှိသော ပေါ့ပျက်၊အသိဥဏ်နဲပါးသောဆောင်ရွက်မှု့များ


မင်္ဂလာဒုံမြို့နယ်၌ မြေကြီးထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေ၍ သတိပေးစာ ကပ်ထားရ

Wednesday, 01 February 2012 14:13
4445 အနံ့ထွက်နေသည့် နေရာအား ရေဖြန်းပြီး သတိပေးစာ ကပ်ထားသည်ကို တွေ့ရစဉ်
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့ သစ်ရပ်ကွက် သစ္စာလမ်းသွယ် အတွင်း၌မြေထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ဂတ်စ်အနံ့များမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှစ၍ ထွက်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ၌လည်း ထွက်ပေါ်နေသေးကြောင်းလည်း သိရသည်။
“အိမ်ထဲမှာ ဂတ်စ်အနံ့တွေ ရနေလို့ အိမ်မှာမီးခြစ်တွေလိုက်စစ် တယ်။ ဒါပေမယ့် မီးခြစ်တွေက ဘာမှမဖြစ်ဘူး။ ဘေးအိမ်တွေကို လည်းလိုက်မေးကြည့်တော့ ဘယ်သူ မှဂတ်စ်မီးဖိုသုံးတာမျိုး၊ ဂတ်စ်နဲ့ပတ် သက်တဲ့ဟာမျိုးသုံးတာ မရှိဘူး။ လိုက်စစ်ရင်းနဲ့ မြေထဲက အနံ့တွေ ထွက်နေတာကိုတွေ့ရတယ်။ အဲဒါ နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အ ကြောင်းကြားလိုက်တယ်။ နောက် တော့ အုပ်ချုပ်ရေးမှူးရော၊ ရဲတပ် ဖွဲ့က တာဝန်ရှိသူတွေနဲ့ မီးသတ်က တာဝန်ရှိသူတွေရောက်လာပြီး အနံ့ ထွက်နေတဲ့နေရာကိုရေဖြန်းပြီး သတိ ပေးစာတွေကပ်ထားလိုက်တယ်။ ဒါ ပေမယ့် ဓာတ်ငွေ့နဲ့ပတ်သက်ပြီး နား လည်တာဝန်ရှိသူတွေကတော့ရောက် မလာဘူး။ အခုကျွန်တော်တို့မှာ ဂတ်စ်အနံ့ကိုလည်း အချိန်တိုင်းရှူ နေရပြီး ဘယ်အချိန်ဘာဖြစ်မလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေနေရ တယ်”ဟု အဆိုပါလမ်းအတွင်း တွင်နေထိုင်သူက ဆိုသည်။
လက်ရှိတွင် အဆိုပါဂတ်စ် အနံ့များ ထွက်ပေါ်နေသည့် လမ်းသွယ်ကို ခေတ္တပိတ်ထားပြီး မီးခြစ် မခြစ်ရ၊ ဆေးလိပ်မသောက်ရ အန္တရာယ်ရှိသည်ဟူ၍ သတိပေးထားကြောင်းလည်း သိရသည်။

လွှတ်တော်တွင်းအချိန်ဖြုန်းနေသည့် တရုတ်အားကိုး ပုစိန်ရိုး

မြန်မာတရုတ်ရုပ်သံဇာတ်လမ်းတွဲ ကိစ္စ လွှတ်တော်တွင်တင်ပြ

မြန်မာ့ရုပ်ရှင် ဗီဒီယို ဇာတ်ကားများ ပြည်တွင်းပြည်ပ ဆက်သွယ်ဆောင်ရွက်ပြသပြီး
ဈေးကွက် ထိုးဖောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံနှင့်
တရုတ်နိုင်ငံ တန်မင်းဆက် လက်ထက် သံတမန် ဆက်သွယ်မှု ရုပ်မြင်သံကြား ဇာတ်လမ်းတွဲနှင့် ပိုးလမ်းမကြီး ရုပ်ရှင်ဇာတ်လမ်းတိုအား ရိုက်ကူး
ထုတ်လုပ်ဆောင်ရွက်မည်ဖြစ်ကြောင်းလွှတ်တော် မှပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း ပေါ်ပြူလာနယူးစ် ဂျာနယ်၏ လွှတ်တော်သတင်းထောက်က နေပြည်တော်မှ ဖေဖေါ် ၀ါရီ ၂ ရက်နေ့ 
နံနက်ပိုင်း မှာ သတင်းပေးပို့ ပါသည်။

ပေါ်ပြူလာဂျာနယ် 

လွှတ်တော်တွင်းမှာ စစ်တပ်ကပါဝင်ဖွဲ့စည်းထားတဲ့ ဝန်ကြီးအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြောင့်
သူတို့လုပ်ချင်တာကို ပြည်သူ့ဆန္ဒမပါပဲ ပြည်သူ့လိုအပ်ချက်မဟုတ်တာတွေကို လုပ်ချင်ရာလုပ်နေကြအုန်းမှာပါ။
      ပြည်သူများအနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းမဟုတ်တာမှန်သမျှအားလုံးကညီညီညွှတ်ညွှတ်နဲ့ ပါဝင်ဆောင်ရွက်ခြင်းမရှိ၊အားပေးမှု့မလုပ်ခြင်းစသောကန့်ကွက်မှု့များနှင့်တုန့်ပြန်ရန်သာလိုအပ်ပါတယ်။

Sunday, February 5, 2012

ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့ ပါ​တီစည်းရုံးရေး ခရီးထွက်မည်

ရွှေအောင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်း စုကြည်ရဲ့ ဧရာ ၀တီတိုင်း ပါတီ စည်းရုံးရေး ခရီးကို ဖေဖော်ဝါရီ ၇ ရက်မှာ စတင်မှာ ဖြစ်ပါ တယ်။

ဖေဖော်ဝါရီ ၇ ရက် မနက် ပိုင်းမှာ ပုသိမ်မြို့ ကိုးသိန်း အားက စားကွင်း၊ ညနေ ပိုင်းမှာတော့ မြောင်းမြမြို့က မီတာ လေးရာ အားကစား ကွင်း တို့မှာ လူထု ဟောပြောပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ ဧရာဝ တီတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဦးကျော်ဟိုးက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပါတီ စည်းရုံးရေး ခရီးစဉ် အတွင်း ပုသိမ်မြို့က ကျောက်တိုင် အားကစား ကွင်းမှာ ဟောပြော စည်းရုံး ခွင့်ပြုဖို့ ခွင့်တောင်း ရာမှာ ကော်မရှင်က ခွင့်ပြုချက် မပေးခဲ့ ပေမယ့် တိုင်း ကော်မရှင် ဘက်က မမှား ပါဘူးလို့ ဦးကျော်ဟိုးက ခုလို ပြောပြ ပါ တယ်။

“သူတို့ အကြောင်းပြချက်ကတော့ မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုတ်ထားတဲ့ ကော်မရှင်က စာအရ ဆိုရင် ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံနဲ့ ဈေးတို့ နီးတဲ့နေရာ မပေးရဘူးလို့ သတ်မှတ်ချက် ရှိတာကိုး။ ကျနော်တို့ တောင်းတဲ့ ကျောက်တိုင်ကွင်းက မြို့လယ်ခေါင်မှာ ရှိတဲ့ ကွင်းကို အဲမှာက ရုံးနဲ့ နီးတယ်၊ ဆေးရုံနဲ့နီးတယ်။ ကျောင်းနဲ့လည်း နီးတယ်ပေါ့။”

အဲ့ဒီနေ့မှာ ပုသိမ်တက္ကသိုလ် ကျောင်းသားတွေကို ရုတ်တရက် စာမေးပွဲ ဖြေဆိုခိုင်းတာမျိုး၊ အထက်တန်းကျောင်းတွေမှာ ပြည်ထောင်စု နေ့ အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပပြီး ကျောင်းသားမိဘတွေကိုပါ တက်ရောက်ဖို့ ညွှန်ကြားတာမျိုးတွေလည်း ရှိတယ်လို့ သိရ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဲ့ဒီနေ့မှာ ရန်ကုန်ကနေ မော်တော်ကားနဲ့ ခရီးထွက်မှာ ဖြစ်ပြီး ၁၉၈၉ ခု နောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော် အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်းအတွင်း ပထမဆုံး စည်းရုံးရေးခရီးစဉ်လည်း ဖြစ်ပါတယ်။

အလုပ်သမားများ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ စက်မှုဇုန်အသီးသီးက အလုပ်သမား တရာကျော်တို့ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်၊ ဟိတကာရီ ဘုန်းကြီးကျောင်းမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
ဆွေးနွေးပွဲကို ရန်ကုန်တိုင်းထဲမှာရှိတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းစတဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေ တက်ရောက် ဆွေးနွေးခဲ့ကြပြီး အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းနိုင်ရေး ကူညီပေးဖို့ ရှိတယ်လို့ အလုပ်သမား အခွင့်အရေး လှုပ်ရှာသူများ (Action Labor Rights) က ကိုသူရိန်က ဒီဗွီဘီကို ပြောပါတယ်။
ဒီနေ့ ဆွေးနွေးကြရာမှာ တက်ရောက်လာတဲ့ အလုပ်သမားတွေရဲ့ ဆွေးနွေးချက်တွေကို ကြည့်ပြီး သူသတိပြုမိတဲ့ အချက်ကိုလည်း ကိုသူရိန်က ခုလို ပြောပြပါတယ်။
“အလုပ်သမား အစည်းအရုံး ဥပဒေ ထွက်နေပြီ အသက်တော့ မ၀င်သေးဘူး။ အလုပ်သမားတွေ တကယ့် အခြေအနေ အောက်မှာက အလုပ်သမား အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့် ရပြီဆိုတာတောင် အလုပ်သမားတွေက မသိဘူး။ စက်ရုံမှာ တာဝန်ရှိတဲ့သူတွေက သူတို့ကို ဘာမှ မပြောဘူးတဲ့။ ဒါဟာ  ဥပဒေက တကယ် ဖွဲ့စေချင်လို့ ထုတ်ပေးထားတဲ့ ဥပဒေပဲ ဖြစ်စေချင်တယ်လေ။ နိုင်ငံရေးအရ ဒီဥပဒေကြီးကို အယောင်ပြပြီး ထုတ်ပေးတဲ့ဟာမျိုးပဲဆိုရင် ဒီဥပဒေက ဘာမှ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ကျနော်တော့ အဲလို ယူဆတယ်။ အဲဒီဟာကို ကျနော် သွားတွေ့တာပေါ့ဗျာ။”
အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများဟာ ၂၀၀၇ ခုနှစ် အလုပ်သမားနေ့ အခမ်းအနား ပြုလုပ်ဖို့ စီစဉ်ခဲ့တုန်းက အဖမ်းခံခဲ့ရသူတွေ​ ဖြစ်ပါတယ်။
အလုပ်သမားအရေး ​ ကိစ္စတွေကို ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ​ အလုပ်သမားအဖွဲ့ အိုင်အယ်အိုနဲ့​ ချိတ်ဆက်ပြီး ဆက်လက်​ ဆောင်ရွက်သွားဖို့​ ရှိတယ်လို့လည်း သိရပါတယ်။

အစိုးရ​ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် ပြည်ပ အခြေစိုက် အဖွဲ့များတွေ့



ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း​ ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ပအခြေစိုက်​ အဖွဲ့အစည်းတွေ​ အပါအ၀င် တိုင်းရင်းသား အဖွဲ့တချို့နဲ့ ဒီကနေ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။
ဦး ညိုအုန်း မြင့်
ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မှာ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပအိုဝ် အမျိုးသားအစည်းအရုံးတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ဦးအောင်မိုးဇော် ခေါင်းဆောင်တဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ တနာရီခွဲကျော်လောက်​ ​တွေ့ဆုံခဲ့ပြီးတော့ ပါတီရဲ့​ ​တောင်းဆိုချက်တွေကို ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က အခုလို ရှင်းပြပါတယ်။
“အဓိကကတော့ ဦးအောင်မိုးဇော်တို့ရဲ့ တောင်းဆိုချက်ကတော့ ကျနော်တို့ တိုင်းပြည်တွင်းမှာရှိနေတဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြန်ပြီးတော့ တည်ငြိမ်တဲ့ နိုင်ငံရေး လှုပ်ရှားမှု တခုဖြစ်ဖို့ပေါ့နော်၊ နောက်တခါ တိုင်းပြည် ပြောင်းပြီ ဆိုတာကိုလည်း ကျနော်တို့ အားလုံးသိနေတယ်။ အဲဒီအတွက်ကြောင့် သမ္မတဦးသိန်းစိန်ရဲ့ ဒီမိုကရေစီဖော်ဆောင်ရေးမှာလည်း အနာဂတ် မြန်မာနိုင်ငံရေးမှာ ဒီမိုကရေစီ နိုင်ငံရေး ပါတီတခုအနေနဲ့ ဘယ်လို ရှင်သန်ဖို့ ရှိနေသလဲဆိုတာတွေ ဆွေးနွေးတာကိုလည်းတွေ့ရပါတယ်။”
ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး ခွန်သူရိန် ခေါင်းဆောင်တဲ့ ပအိုဝ့် အမျိုးသား အစည်းအရုံးကနဲ့လည်း တွေ့ဆုံပြီးတော့ ရှမ်း၊ မွန်၊ ကရင်၊ ပဲခူးတိုင်းတို့မှာပျံနှံနေတဲ့ ပအိုဝ့်တိုင်းရင်းသား တို့ရဲ့ အမျိုးသား တန်းတူရေးကို အခြေခံ ဆွေးနွေးတယ်လို့လည်း သူက ပြောပါတယ်။
“ပအိုဝ့်တိုင်းရင်းသားတွေရဲ့ လိုလားချက်က ကျန်တဲ့ တိုင်းရင်းသားကြီးတွေနဲ့ မတူဘူး၊ ဘာလဲဆိုတော့ သူတို့ နယ်မြေ သတ်မှတ်မှုအဓိက လိုအပ်ပါတယ်။ နယ်မြေသတ်မှတ်ပြီးတဲ့ အချကျမှသာလျှင် ဒီဟာကို သူတို့လုပ်ရပါလိမ့်မယ်။ နယ်မြေသတ်မှတ်ဖို့ကိုလည်း နိုင်ငံတော်ဘက်က ပြန်ပြီးဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်မြေသတ်မှတ်ဖို့အတွက် ဒီနေ့ အကြိုညိနှိုင်းပွဲလို့ ပြောလို့ရပါတယ်။”
ပအိုဝ့်အမျိုးသား အစည်းအရုံးနဲ့ တစုံတရာသဘောတူညီမှု လတ်မှတ် ရေးထိုးတာတွေ မရှိပေမယ့်လည်း ၀န်ကြီးက ပအိုဝ့်တိုင်းရင်းသားတို့၏ တောင်းဆိုချက်များကို လိုက်လျောတာကို တွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။
မနက်ဖြန် တွေ့ဆုံမယ့် အဖွဲထဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ကျောင်းပြောင်းရွေ့ပြုလုပ်ခဲ့ရတဲ့ သံဃာတော်တွေ သိက္ခာထပ်ပွဲ


ရွှေတောင်ကျောင်းတိုက်၌ ကျင်းပသော လွတ်မြောက်လာခဲ့သော သံဃာတော်များ အတွက် အလှူပွဲ
ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပေါက်စေတီမှာ ကျင်းပ ပြုလုပ်တဲ့ လွတ်မြောက် သံဃာတော်တွေ သိက္ခာထပ်ပွဲနဲ့ လွတ်မြောက်
လာသူတွေ ကြိုဆိုတဲ့ပွဲကို ကျင်းပခွင့် ပိတ်ပင် လိုက်တာကြောင့် မင်္ဂလာတောင်ညွှန့် မြို့နယ်မှာရှိတဲ့ ရွှေတောင် ကျောင်းတိုက်ကို ပြောင်းရွှေ့ပြုလုပ် ခဲ့ရပါတယ်။
အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက် လာခဲ့တဲ့ သံဃာတော်  (၃၄) ပါးကို သိက္ခာထပ်ပေးဖို့ အတွက် ရည်စူး ကျင်းပတဲ့ဒီပွဲကို နိုင်ငံတော် သံဃမဟာနာယက
အဖွဲ့ရဲ့ခွင့်ပြုမိန့် မရတာကြောင့် ရွှေတောင်ကျောင်းကို ပြောင်းရွှေ့ကျင်းပခဲ့ရတာပါ။ ရွှေတောင် ကျောင်းတိုက်မှာတော့ အကျဉ်းထောင်ထဲက လွတ်မြောက်လာတဲ့
နိုင်ငံရေး အကျဉ်းသား သံဃာတော်တွေကို သိက္ခာထပ်ပွဲ မပြုလုပ်နိုင်ခဲ့ဘဲ အလှူပွဲသာ ကျင်းပ ပြုလုပ် နိုင်ခဲ့ပါတယ်။

ပြည်သူ့ရွေးကောက်ပွဲရလာဒ်

လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်၁၉၉၀ ကပြည်သူတွေအစိုးရသစ်တရပ်ကိုရွေးချယ်တဲ့ ရွေးကောက်ပွဲကြီးကို
ကျင်းပခဲ့ကြပါတယ်။သို့သော်ထိုအောင်မြင်မှု့ရလာဒ်သည် သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။အင်မတန်မှပြည်သူများအတွက်နှစ်နာဆုံးရှုံးခဲ့ရတယ်လို့ပြောနိုင်ပါတယ်။ထိုသို့
ဘာကြောင့်ပြောနိုင်တာလည်းမေးယင်ရှင်းပါတယ်။ပြည်သူကရွေးချယ်တဲ့ အစိုးရအဖွဲ့ (သို့) ပါတီအဖွဲ့ဟာ တိုင်းပြည်ကိုဦးဆောင်ခွင့်မရရှိခဲ့လို့ပါပဲ။ ပြည်သူကမလိုလားသူများကဆက်လက်တိုင်းပြည်ကိုဦးဆောင်နေလို့ပါပဲ။


                                
                                   
     
 အခု၂၀၁၂ ရွေးကောက်ပွဲဟာ အရင် ၁၉၉၀ ရွေးကောက်ပွဲလို ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကိုမိဘပြည်သူများ ရှင်းရှင်းလင်းလင်းမြင်ဖို့လိုပါတယ်။ယခုရွေးကောက်ပွဲ အနိုင်ရခဲ့ ယင်တောင် ပြည်သူတွေကို
ကာကွယ်စောက်ရှောက်နိုင်စွမ်းဟာ ယခင်လို အစိုးရတရပ်လုံးကိုပြောင်းလည်းတဲ့ရွေးကောက်ပွဲရလာဒ်မျိုးမဟုတ်သေးတဲ့အတွက် ပြည်သူများနဲ့ ပြုပြင်
ပြောင်းလည်းရေးတွေ ဥပဒေပြောင်းလည်းရေးတွေ လုပ်ဆောင်ဖို့ ဆိုတာ ချက်ခြင်းဆောင်ရွက်သွားနိုင်မဲ့
အခြေမျိုးဖြစ်လာနိုင်ဖို့ ဆိုတာခက်ခဲနေနိုင်ပါတယ်။ဒါပေမဲ့ ပြည်သူများကိုယ်စား အမျိုးသားဒီမိုကရေစီ(ဒေါ်အောင်ဆန်းစုကြည်)ဟာ လွှတ်တော်တွင်းဝင်ရောက်ပြောဆိုခွင့်များနှင့်တရားဝင်
တိုင်းပြည်အရေးများကို လှုပ်ရှားဆောင်ရွက်ခွင့်ရရှိမယ်။
ပြည်သူလူထုဟာ မွန်းကျပ်နေတဲ့ လှောင်ပိတ်မှု့တွေကြားက ရတဲ့ အခွင့်အရေးတရပ်ကို ဖမ်းဆုပ်ကိုင်ထားတဲ့ သဘောမျိုးပါ။ ထိပ်တိုက်ရင်ဆိုင်ရေးထက် သွယ်ဝိုက်ရင်ဆိုင်နေတာလို့မြင်ပါတယ်။
သွယ်ဝိုက်ရင်ဆိုင်ရေးမှာ တွေ့ဆုံဆွေးနွေးရေးတွေ၊အပေးအယူတွေ ၊ဂတိကဝတ်တွေ၊စီးကမ်းစည်းမျဉ်းတွေနှင့် ဖြစ်နေမှာမို့ အချိန်ကတော့သွက်သွက်လက်လက်နဲ့ တိုင်းပြည်ပြောင်းလည်း လာပါ့မလားလို့စိုးရိမ်စရာတွေရှိနေပါတယ်။
ရွေးချယ်မှု့ဟာ နည်းလမ်းပေါင်းများစွာထဲက အကောင်ဆုံးလို့သတ်မှတ်ထားတဲ့ ပြည်သူများအသက်စည်းစိမ် ကိုထိခိုက်မှု့အနည်းဆုံး ဖြစ်တဲ့
နိုင်ငံရေးတွေ့ဆုံမှု့တွေနဲ့ အဖြေရှာ အပေးအယူလုပ်တဲ့ပြောင်းလည်းရေးကိုရွေးခဲ့တာမို့
လစ်လပ်နေတဲ့ နေရာလေးတနေရာလောက်ကိုပဲဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်မယ်။ပြီးမှတဖြေးဖြေးခြင်းလုပ်ယူ
သွားမယ်လို့ပြည်သူခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပုံပါ။ဒီတော့ပြည်သူများက မိမိတို့ယုံကြည်တဲ့ပြည်သူခေါင်းဆောင်များလက်ရှိအခြေအနေများကိုကျော်လွန်ဆောင်ရွက်နိုင်ဖို့အားပေး
ထောက်ခံယုံကလွဲလို့ ကောင်းအတူ၊ဆိုးအတူရှိနေလိမ့်မယ်လို့ယုံကြည်ပါတယ်။(ပြည်သူ့အော်သံ)

Saturday, February 4, 2012

အခြေခံဥပဒေ ပြင်ဆင်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည်ပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အပိုင်းကဏ္ဍအချို့သည် ပြည်သူလူထုအတွက် အကျိုးမရှိသည့်အတွက် ပြင်ဆင်ရမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့က ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quitana နှင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quitana နှင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့က နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များအား ပြောကြားနေသည့် ဒေါ်အောင်ဆန်းစုကြည်။

မြန်မာနိုင်ငံသို့ ပဉ္စမအကြိမ်မြောက် လာရောက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ကြံခိုင်ရေးပါတီမှ ဦးဌေးဦး၏ အခြေခံဥပဒေအပေါ် သဘောထား မှတ်ချက်ကို တုန့်ပြန် ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးတဲ့သူတွေကတော့ ပြင်ချင်တဲ့စိတ်နဲ့ ရေးတာမဟုတ်ဘူးလို့ပဲ ထင်ရမှာပေါ့နော်။ အစကတည်းက ပြင်ချင်ရင် ပြင်ထားမှာပေါ့။ ဒါပေမယ့် ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အပိုင်းတွေကို ပြင်သင့်တယ်ဆိုတာ အန်တီတို့ ယုံကြည်ချက်အရ ပြောတာပါပဲ” ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ သို့သော် မည်သည့်အပိုင်းကဏ္ဍများ ပြင်ဆင်ရမည်ကိုမူ
ပြောဆိုမသွားပေ။

နှစ်ပေါင်းများစွာ ဆွေးနွေးပြုစုထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် ကဏ္ဍ သိပ်မပါဟု ကြံခိုင်ရေးပါတီမှ ဦးဌေးဦးက ဖေဖော်ဝါရီလ ၂ ရက်တွင်  ‘လွတ်လပ်တဲ့ အာရှအသံ’ RFA သတင်းဌာနသို့ပြောဆိုခဲ့သည်။

ကြံခိုင်ရေးပါတီဝင်အများစုနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ရှိနေသည့် လွှတ်တော်အတွင်း ဥပဒေပြင်ဆင်ရေးအတွက် သဘောတူညီမှုရအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှု ရယူရန်လိုသဖြင့် ကြံခိုင်ရေး ပါတီဝင်နှင့် တပ်မတော်သား ကိုယ်စားလှယ် အများစု ဖြစ်နေသည့် လက်ရှိလွှတ်တော်အတွင်း အခြေခံဥပဒေကို ပြင်ဆင်ရန် မလွယ်ကူဟု ဝေဖန်မှုများ လည်း ရှိနေသည့်အပေါ် မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

NLD လွတ်မြောက်နယ်မြေ အပါအဝင် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသည့် ပါတီဝင်ဟောင်းများ ပါတီဝင်အဖြစ် ပြန်လည်မှတ်ပုံတင်ရန်လည်း အစီအစဉ်များ ပြုလုပ်ထားသော်လည်း ယင်းအစီအစဉ်အကောင်အထည် ဖော်မည့် အချိန်ကာလကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အသင်းဝင်အားလုံးက ပြန်ပြီးတော့ လျှောက်လွှာတင်ရပါတယ်။ အန်တီအပါအဝင်ပေါ့နော်။  အဲ့ဒီမှာ အခြေခံလိုအပ်ချက်တွေက နိုင်ငံသားဖြစ်ရမယ်၊ နောက် အသက် သတ်မှတ်ချက် ၁၈ နှစ်
ကျော်ရမယ်ပေါ့နော်။ ၁၈ နှစ်လည်း ကျော်တယ် နိုင်ငံသားလည်း ဖြစ်တယ်ဆိုရင် ဘယ်မှာပဲဖြစ်ဖြစ် အဖွဲ့ချုပ်ဝင်လို့ရအောင် အွန်လိုင်းတောင်မှ လုပ်ဖို့ စဉ်းစားထားတာ ရှိပါတယ်” သူမက ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဟစ်ဟော့ပ်အဆိုတော် ဇေယျာသော်နှင့် မဖြူဖြူသင်းတို့ အပါအဝင် လူငယ်ကိုယ်စားလှယ် အများအပြား စာရင်းတင်သွင်းခဲ့ခြင်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ရှင်းလင်းပြောဆိုသွားခဲ့သေးသည်။

“လူငယ် ကိုယ်စားလှယ်လောင်းတွေက တခြားကိုယ်စားလှယ်လောင်းတွေနဲ့ အလုပ်လုပ်နိုင်စွမ်း ကွဲပြားခြားနားတယ်လို့ မထင်ပါဘူး။ ကိုယ်စားလှယ်လောင်းတွေအားလုံးက သူတို့ရဲ့ တာဝန်၊ ဝတ္တရားတွေနဲ့ ဒီမိုကရေစီတာဝန်တွေကို ထမ်းဆောင်နိုင်ပါလိမ့်မယ်။ လူငယ် ကိုယ်စားလှယ်လောင်းတွေကို တတ်နိုင်သမျှ
ရွေးချယ်ရတဲ့ ရည်ရွယ်ချက်ကတော့ သူတို့တွေကို ဒီမိုကရေစီရေးနဲ့ပတ်သတ်ပြီး အလေ့အကျင့်
ဖြစ်စေချင်လို့ပါပဲ” ဟု သူမက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကော့မှူးမြို့နယ်သို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် သွားရောက်ရန် စီစဉ်ထားကြောင်း၊ အနည်းဆုံး သုံးကြိမ်ထက်မနည်း ကော့မှူးမြို့နယ်သို့ သွားရောက်မည်ဖြစ်ပြီး သူမကိုယ်တိုင် မဲဆန္ဒပေးမည့် နေရာအဖြစ် ကော့မှူးမြို့နယ်ရှိ ကရင်တိုင်းရင်းသား အများစုနေထိုင်ရာ ကျေးရွာတခုကို ရွေးချယ်ထားကြောင်း သိရသည်။

“ကော့မှူးမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပဲ မဲထည့်ရမယ်လေ။ အန်တီက အဓိက အဲ့ဒီရွာကို ရွေးတာက ကရင်တိုင်းရင်းသားတွေ ရွာမို့လို့ပါ။ ကရင်တိုင်းရင်းသားတွေနဲ့လည်း ပိုပြီးတော့ နီးနီးကပ်ကပ် ဆက်ဆံနိုင်အောင်လို့ ဆိုပြီးတော့ အဲ့ဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖေဖော်ဝါရီ ၄ ရက်နှင့် ၅ ရက်နေ့များတွင် မန္တလေးသို့ သွားရောက်မဲဆွယ်စည်းရုံးရန် စီစဉ်ထားသော်လည်း အစီအစဉ်ရွှေ့ဆိုင်းလိုက်ခဲ့ရခြင်းမှာ နေရာအခက်အခဲကြောင့်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ ပုသိမ် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကိုမူ သွားရောက်မည်ဖြစ်ကြောင်း သူမက ဆိုသည်။

ချိပ်ပိတ်ခံ မဂ္ဂင်ကျောင်းမှ သံဃာတော်များ ကျောင်းမှ ထွက်ခွာပေးရ



ဓါတ်ပုံသတင်း 
ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက်ချိပ်ပိတ်ခဲ့သည့်အတွက် မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပြီ ဖြစ်ပါသည်။













ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင် သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဦးဌေးက မဇ္ဈိမကို ပြောသည်။
သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေ သည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေ သည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)

“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့ ပြင်ဆင် နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီကသန်းခေါင် စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။

“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။

လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ


ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ် စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။ဒါတွေ
အားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကိုလုံးဝချမပြပါဘူး သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး၊ကျွန်တော်တို့အတတ်ပညာရှင်တွေကိုတောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး
ငါသိတယ် ငါတတ်တယ်၊ငါကော်မရှင်ယူပြီးသား ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့ ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်
မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်
ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာမေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။စာချုပ်စည်းကမ်းတွေကတော့အရင်စာချုပ်ထဲက
အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံကိန်းမှာစိုက်ထုတ်
ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်းအရပြောင်းသွားတာဘဲကွာပါတယ်။
ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ်တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆိုပြီးမလှိမ့်တစ်
ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန်
ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာသိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းကြီးတစ်ခုလုံးပါ၊မြစ်ဆုံလေးတစ်ခု
တင်မဟုတ်ပါဘူး၊ချီဖွေကိုလုပ်ရင်လည်းလူမှုရေးရော၊သဘာဝပတ်ဝန်းကျင်ရောထိခိုက်
ပျက်စီးမှာဘဲ၊အဲဒီနယ်ကလူမျိုးတွေရောသယံဇာတတွေရောအကုန် တရုပ်ကသိမ်းမှာဘဲ
ထွက်လာမယ့်လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ အေးရှားဝါးဦးထွန်းမြင့်နိုင်၊ဦးဇော်
မင်းနဲ့ဒုသမ္မတ၁တို့မိသားစုကော်မရှင်ရကောင်းစားရေးအတွက်ကချင်လူမျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင်မယ်။သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်
လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ကျွန်တော်တို့အတတ်ပညာရှင်တွေကိုကြေ
ညက်စွာဆွေးနွေးခွင့်ပြုပါ။ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်
ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်အောင်လေ့ကျင့်ပျိုးထောင်
 ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။

အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်


သူတို့တွေရှိရက်နဲ့ ဒါမျိုးတွေ ဖြစ်ရသလား။
                                                          ကိုပီတာ
                                                        စမ်းချောင်း

နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း လျာထားမှုတွေနဲ့  ပတ်သက်ပြီး တိုင်းသူပြည်သား တစ်ဦးချင်းစီတိုင်းက ကိုယ်နဲ့  မဆိုင်ဖူးဆိုပြီး နေလို့  မရပါဖူး။

အမေသားသမီးတွေကိုပညာသင်ပေးခဲ့တယ်။အဖေကသားသမီးတွေကို ပင်ပမ်းဆင်းရဲခံ ရှာဖွေကြွေးမွေးစောက်ရှောက်ခဲ့တယ်။အရွယ်တွေရောက်လာကြပြီ။

အမေညီးတွားတယ်။ငွေရှာတွင်းနက်လိုက်တာဖေကြီးရယ်တဲ့ ။

ဖေကြီးကလည်းအရင်လိုသားသမီးတွေရှာဖွေကြွေးရတာအလျှင်မမှီ။တိုင်းပြည်မှာရှားပါး

လာလိုက်တာညီးတွားတယ်။ဈေးတွေကလည်းကြီးလိုက်တာညီးတွားလာတယ်။အရင်လို ရှာရတဲ့ပိုက်ဆံလေးနဲ့ အိမ်မှု့ကိစ္စတွေကိုဖြေရှင်းရာမှာ မလုံလောက်တဲ့ငွေကြေး၊ကြီးမားလာတဲ့ လူအသုံးစရိတ်တွေကို အံမတုနိုင်ဖြစ်လာရတယ်။အဲဒီလိုအိမ်ထောင်စုပေါင်းများစွာ လူတွေသန်းပေါင်းများစွာနေ့စဉ်ညီးတွားနေတယ်။ အဲလိုဖြစ်ရတာဘာကြောင့်လည်း သိဖို့လိုတယ်။အသေးစိတ် မသိတောင်အကျမ်းမျဉ်းသိသင့်တယ်။ အဖေတို့၊အမေတို့ကို ခေတ်ပညာတတ် သားသမီးတွေပြန်လည် ပြောပြသင့်တယ်။ ခါးသီးနေတဲ့ဘဝတွေကို နေ့စဉ် ခါးစီးရင်ဆိုင်နေစရာမလိုအောင် အသိတွေနဲ့တိုက်တွန်း ရှင်းပြသင့်တယ်။

သယံဇာတပေါကြွယ်ဝတယ်လို့ မြန်မာခေါင်းဆောင်တွေ လက်ခမောင်းခတ်လေ့ရှိတယ်။ကမ္ဘာကိုထုတ်ကြွားလေ့ရှိတယ်။

မှန်တယ်တကယ်လည်း မြန်မာပြည်ဟာသံယံဇာတပေါကြွယ်ဝတယ်။

ပင်လယ်ထွက်ပစ္စည်း၊ရေထွက်ပစ္စည်း၊မြေကြီးထဲက သယံဇာတပစ္စည်း၊မြေပေါ်ကလယ်ယာ၊သစ်တော၊ကောက်ပဲသီးနှံလယ်ယာဆန်စပါးအစရှိတာတွေ တိုင်းပြည်အနှံ ဘယ်နေရာမဆို လုပ်ကိုင်စားသောက်နိုင်တဲ့အပြင် ၊အစိုးရစက်မှု့လုပ်ငန်းကြီးများလုပ်ကိုင်ပြီး၊ပြည်ပကို အလွန်အမင်းရောင်းစားနေနိုင်တယ်။

ဒါပေမဲ့မြန်မာပြည်သူတွေဆင်းရဲနေတယ်။လူနေမှု့အဆင့်အတန်းတွေမမျှတဖြစ်နေတယ်။ရိုးသားစွာလုပ်ကိုင်စားသောက်

ပြီးဘဝကိုလူတန်းစေ့မရပ်တည်နေနိုင်ဘူး။

ရေနံတွေ၊ဂက်စ်တွေ၊ကျောက်မျက်တွေ သန်းပေါင်းများစွာငွေတွေနှစ်စဉ်ဝင်ငွေရှိပါလျှက် တိုင်းပြည်ပိုင်ရတနာမြေတွေ ပြည်ပ၊တရုပ်ကိုလက်ညှိးထိုးရောင်းစားနေရတယ်။ လိုအပ်ချက်တွေကို နှစ်ရှည်အကြွေးခံစနစ်တွေနဲ့ဝယ်ယူလုပ်ကိုင်နေရတယ်။

ဘယ်စီမံကိန်းလုပ်လုပ် လာရောက်လုပ်ကိုင်တဲ့ပြည်ပတိုင်းပြည်ကို နှစ်ရှည်အကြွေးခံစနစ်နဲ့ လုပ်တဲ့စနစ်၊

ပြည်သူတွေခံစားပိုင်ခွင့်မရတဲ့စနစ်တွေနဲ့သာလုပ်ကိုင်နေတယ်။ဘာကြောင့်လည်း။

အားကစားလောကကိုနှစ်ချုပ်ကန်တရိုက်ယူ၊စစ်တပ်အသိုင်းအဝိုင်းနဲ့ပေါင်းစား တဲ့ဇော်ဇော်

ပြည်သူတွေကိုထုတ်ပြောတာတမျိုး၊လုပ်တာတမျိုး၊ လုပ်သမျှပြည်သူတွေမခံစားရဘူး။ စီမံကိန်းကိုဆောင်ရွက်တဲ့ လူကြီးအသိုင်းအဝိုင်းလူတစု မတရားချမ်းသာသွားတယ်။ လုပ်တာ တိုင်းပြည်လူထုအတွက်မဟုတ်ဘူး။အဲလိုဘာကြောင့်လုပ်နေနိုင်တာလည်း။

ငွေကို တန်းဖိုးထားစရာမလိုသူများအဲလိုနေနိုင်တာဘာကြောင့်လည်း

အရာရှိစစ်တပ်အသိုင်းအဝိုင်းနဲ့ပေါင်းသင်းစာနေသူတွေ ငွေကို ရေလို၊လေလို သုံးနေနိုင်တယ်။ လုပ်ချင်တာကိုဖြစ်ချင်တာကို လုပ်ကိုင်နိုင်တဲ့အခွင့်အရေးတွေသီးသန့်ရရှိနေတယ်။ဘာကြောင့်လည်း

သတင်းအမှောင်ချခံခဲ့ရတဲ့အမေတို့အဖေတို့ ကိုရှင်းပြဖို့လိုအပ်တယ်။(ပြည်သူ့အော်သံ)













တိုင်းပြည်ရဲ့  နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း လျာထားမှုတွေနဲ့  ပတ်သက်ပြီး တိုင်းသူပြည်သား တစ်ဦးချင်းစီတိုင်းက ကိုယ်နဲ့  မဆိုင်ဖူးဆိုပြီး နေလို့  မရပါဖူး။ မိမိကိုယ် အပါအ၀င် မိမိ မိသားစုအပါအ၀င် အားလုံးသော တိုင်းသူပြည်သားတိုင်းနဲ့  ပတ်သက်ပါတယ်။

တိုင်းပြည်တစ်ပြည်မှာ အင်မတန်အရေးကြီးတဲ့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းနဲ့  ပတ်သက်ပြီး လာမည့် (၇) ရက်နေ့ မှာ အသိပညာပေးဆွေးနွေးကြမယ်လို့  သိရှိရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့  အသုံးစရိတ်လျာထားမှုဆိုတာ အသက်သွေးကြောပမာ အင်မတန်အရေးကြီးလှပါတယ်။ ဒီဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့  အရေးထက် ပိုကြီးတဲ့ တိုင်းရေးပြည်ရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့  ပတ်သက်လို့  အပြင်မှာရော လွှတ်တော်အတွင်းမှာရော သေသေချာချာ သိရှိနားလည် ပြောဆိုဆွေးနွေးကြဖို့  အထူး လိုအပ်ပါတယ်။

ပြောရရင်တော့ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တစ်ဥိးချင်းစီတိုင်းရဲ့  ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ အရေးကြီးမှုတွေဟာ နိုင်ငံရဲ့  အသုံးစရိတ်လျာထားမှုတွေပေါ်မှာ မူတည်ပါတယ်။





လက်ရှိအနေအထားအရ တိုင်းပြည်ရဲ့  ကျန်းမာရေး ပညာရေးအတွက် သုံးစွဲမှုဟာ အတော့်ကို နည်းလွန်းတယ်ဆိုတာ သိရှိကြပါတယ်။ အခြားသော စစ်စရိတ်သုံးစွဲမှုတွေ တိုင်းပြည်အုပ်ချုပ်ရေးမှာ မလိုလားအပ်ဘဲ သုံးစွဲမှုတွေဟာ အဆမတန် များပြားနေပါတယ်။

ဒီ တိုင်းပြည်ရဲ့  နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းတွေ လျာထားမှုတွေနဲ့  ပတ်သက်ပြီး တိုင်းသူပြည်သား တစ်ဦးချင်းစီတိုင်းက ကိုယ်နဲ့  မဆိုင်ဖူးဆိုပြီး နေလို့  မရပါဖူး။ မိမိကိုယ် အပါအ၀င် မိမိ မိသားစုအပါအ၀င် အားလုံးသော တိုင်းသူပြည်သားတိုင်းနဲ့  ပတ်သက်ပါတယ်။ ထို့ အတူ ကိုယ့်ရဲ့  တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ လည်း ဆိုင်ပါတယ်။ ထို့ အတူ တိုင်းပြည်ဘဏ္ဍာငွေတွေ တိုင်းပြည် သယံဇာတပစ္စည်းတွေကို ကိုယ်ကျိုးရှာ စီးပွားအမြတ်ထုတ်လိုကြတဲ့ အမျိုးသားသစ္စာဖောက်များ ရန်မှ ကာကွယ်တားဆီးနိုင်ဖို့ နဲ့ လည်း ဆက်စပ်နေပါတယ်။

ယခု လုပ်ဆောင်မယ့် “နိုင်ငံတော် ရသုံးခန့် မှန်းခြေ ငွေစာရင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ” ဖိတ်ကြားတယ်ဆိုတာ သိရှိရတဲ့အတွက် တိုင်းပြည်ရဲ့  ရသုံးခန့် မှန်းခြေ ငွေစာရင်းနဲ့  ပတ်သက်ပြီး သိရှိရအောင် တက်ရောက်သင့်ကြသလို ဒီဆွေးနွေးမှုမှာ မည်သူဘက်မှ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ပကတိအခြေအနေအတိုင်းနဲ့  တိုင်းပြည်အတွက် အရေးကြီးတဲ့ ပညာရေး ကျမ်းမာရေးဆိုင်ရာ သုံးစွဲမှုကို ဦးတည်အကြံပြုနိုင်တဲ့ ဆွေးနွေးသူများ ဆွေးနွေးမှုများ ဖြစ်ပါစေလို့  တိုက်တွန်းလိုက်ရပါတယ်။

ရွေ့လျားနေတဲ့ ကဗျာ

ဘဝ ရသဆောင်းပါးတပုဒ်ထပ်ဆင့်ဝေမျှလိုက်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာမှ

(ဦးနေဝင်းအစိုးရစစ်အာဏာသိမ်းပြီးမှ)ယနေ့တိုင်

မြန်မာပြည်သူများရဲ့အခြေခံလူတန်းစားများဘဝ၊ရိုးသားစွာ ဖြတ်သန်း ခါးသီးသောဘဝ

အရသာများကိုခံစားယင်းရွေ့လျားခြစားသွားသောအချိန်များစွာကိုဆောင်းပါးရှင် နှင်းပန်းအိမ်၊

ရွေ့လျားနေတဲ့ကဗျာ လို့ ရင်ဖွင့်ခဲ့ပါတယ်။

 


မြူနှင်းတွေကြားမှာ ချင်းတွင်းမြစ်ဟာ မပီဝိုးတဝါးနဲ့ မာယာများခဲ့တာကို ကျမရဲ့ ဒေသန္တရ သမိုင်းထဲမှာ လုံးဝမေ့ပျောက် လို့ မရခဲ့ပါဘူး။ ချင်းတွင်းတောင်ကမ်းပါးကြီးပေါ်မှာ သစ်ပင်ကလေးတွေ တွယ်ကပ်ပေါက်လို့ တပေါင်းလ ပန်းပွင့်ချိန် ဆို တောပန်းတွေကပါ ချင်းတွင်း ကို အလှဆင်ထားတယ်။ ဒီလိုချင်းတွင်းမြစ်ထဲမှာ ကျမတို့သားအမိ စီးတဲ့ မော်တော် ပန်ကာကြိုးပြတ်လို့ ရေစုန်မျောခဲ့ရတာ။ လှိုင်းပုတ် သံအောက်မှာ ထမင်းဆာနေတဲ့ သားငယ်ကို ချော့သိပ်ရင်း ကျမမျက်ရည်စက်တွေ ချင်းတွင်းမြစ်ထဲ ကျခဲ့ဖူးတယ်။

သံယောဇဉ်တရားဆိုတာ ဝေးကွာနေတဲ့ အရာတွေကို နီးစေနိုင်တယ်လို့ ကျမတို့သားအမိ ထောင်ဝင်စာခရီးနဲ့ သက်သေပြခဲ့တဲ့ အချိန်ပေါ့။ ၂၀၀၃ ခုနှစ်မှာ စစ်ထောက်လှမ်းရေးက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား
တွေကို ပြန်လွှတ်ပေးမယ်လို့ နိုင်ငံပိုင် သတင်းစားထဲမှာ တရားဝင် ပြောကြားခဲ့တော့ ကျမတို့သားအမိ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ခင်ပွန်းသည်ကို သွားကြိုခဲ့ကြတယ်။ စိတ်ထဲမှာလည်း တကယ် လွတ်မြောက်လာမယ်လို့် ထင်ခဲ့တယ်လေ။ တကယ်တမ်းတော့ ကျမတို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။

ကျမတို့သားအမိ မျှော်လင့်ချက် နက်ဖြန်များစွာဟာ အဲဒီနေ့က ကုန်ဆုံးသွားသလို ခံစားလိုက်ရတယ်။ ဒုတိယအစမ်း စာမေးပွဲမှာ ထူးချွန် ဖြေရမယ့် သား စာမေးပွဲအမီ ရန်ကုန်ကို အမြန်ရောက်ဖို့ ကျမ အားချင်း ပြန်ခဲ့တယ်။ ကလေးဝ ဆိပ်ကမ်းကနေ မုံရွာအထိ အမြန်ယာဉ် ဒေသအခေါ် (ရှော်တယ်) စီးပြန်ခဲ့တာပါ။

စစ်ကိုင်းမှာ သင်တန်းသွားတက်မယ့် ဆရာမ ၅ ဦးနဲ့ မော်တော်ဦးပိုင်းမှာ ကျမတို့သားအမိ နေရာရခဲ့တယ်။ ဆရာမ တွေထဲမှာ မိသား စုနဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးမှာရပ်ပြီး ခင်ပွန်းသည်တွေဟာ ဇနီးသည်တွေကို တဖွဖွနဲ့ မှာလို့ မဆုံးတော့ဘူး။ မော်တော်ပေါ်က ဇနီးသည်တချို့ကလည်း ခင်ပွန်းသည်နဲ့ အတူ သားသမီးတွေကို သူ သင်တန်းတက်နေတဲ့အချိန် စား မှုသောက်မှု နေမှုထိုင်မှုအတွက် စိုးရိမ်ပူပန်စွာ မှာကြားနေတယ်။

ချင်းတွင်းမြစ်ရဲ့ နွေမိုးဆောင်းရာသီ သဘာဝဖွဲ့ကို ကျမကိုယ်တွေ့ကြုံခဲ့ပြီး ခုလို ခေတ္တခဏ ခွဲခွါခြင်းတွေကိုလည်း မကြာခဏ မြင်ခဲ့ဖူး တယ်။ မြူနှင်းတွေကြားက မြစ်ပြင်ကို နှင်းခွဲမီးလုံးနဲ့ထိုးပြီး မော်တော်က ကမ်းကခွာဖို့ ဥသြ ဆွဲလိုက်တယ်။

မော်တော်ထွက်တော့ ကလေးဝမြစ်ကမ်းနဖူးက ရွှေရောင်ဝင်းပနေတဲ့ ရွှေမုဌောစေတီကြီးကို ကျမ လက်အုပ်ချီ ကန်တော့လိုက်တယ်။ စေတီပုထိုးမြင်ရင် လက်အုပ်ချီ ရှစ်ခိုးဆုတောင်းတတ်တဲ့ သားငယ်က “ဖေကြီး လွတ်ပါစေ ဘုရား” လို့ ဆုတောင်းတယ်လေ။

မော်တော်စက်သံကြောင့် သားငယ်ဆုတောင်းကို ရွှေမုဌောစေတီကြီး ကြားလိုက်ပုံမရဘူး။ ကျမတို့ စီးလာတဲ့ အမြန်ယာဉ်မော်တော်က ဒီဇယ်နဲ့မောင်းလာတာ မဟုတ်ဘူး။ မိသားစုနဲ့ ခေတ္တခဏခွဲလာတဲ့ ကျောင်းဆရာမတွေရဲ့ မျက်ရည်တွေနဲ့ မောင်းလာတာလို့ ကျမတွေး မိတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးဝ-မုံရွာ တဝက်ခရီး သင်တောရွာ ရောက်တဲ့အထိ သူတို့ မျက်ရည် မခြောက်သေးဘူး။

သင်တောဟာ အမြန်ယာဉ် အစုန်-အဆန်တွေ ရပ်ပြီး ထမင်းစား ရပ်နားကြတဲ့နေရာပါ။ ထမင်းစားပြီး မော်တော် ပြန်ထွက် တော့ ပန်ကာ ကြိုး ပြတ်ပြီး တဝဲလည်လည် ဖြစ်နေပါတော့တယ်။ ကမ်းကို ပြန်ကပ်ဖို့ ခရီးသည်တွေက ဝိုင်းအော်ကြတယ်။ ဒီ သင်တောမှာပဲ အမြန် ယာဉ် မှောက်လို့ လူတရာကျော် သေခဲ့ဖူးတယ်လေ။

ကျမတို့အမြန်ယာဉ်က လူတရာကျော်ခရီးသည် တင်လာခဲ့ပါတယ်။ မော်တော် တာဝန်ရှိသူတွေက ဒီအမြန်ယာဉ်ကို မုံရွာအထိ ရေစုန်မှာ မျှောချဖို့ စက်လှေအသေးတစီး ငှားခဲ့ကြတယ်။ အမြန်ယာဉ်ဘေးမှာ စက်လှေနဲ့ တွဲချည်ပြီး သင်တောကနေ ထွက်လာတဲ့အချိန်က နေ့လည် ၁၂ နာရီပါ။

လမ်းလျှောက်သလောက်ပဲ အမြန်နှုန်းရှိတဲ့ အမြန်ယာဉ်ပေါ်မှာ ရန်ကုန်ကို အမြန်ရောက်ရေး ဆိုတဲ့ အတွေးတွေသာ ရှိတဲ့ ကျမတို့သားအ မိ ဘာမှမတတ်နိုင်ခဲ့ပါဘူး။

ခရီးသွားဆိုတာ ညီရင်းအကို မောင်ရင်းနှမသဖွယ် တယောက်ကိုတယောက် ကြင်နာတတ်ကြတယ် ဆိုတဲ့စကား အမှန်ဆိုတာ ကျမခရီး တွေကတဆင့် သိခဲ့ရပါတယ်။ ကျမတို့သားအမိဟာ နိုင်ငံရေးအကျဉ်းကျ မိသားစုဆိုတာ သိသွားပြီးနောက် ကျောင်းဆရာမတွေဟာ ဝန်ထမ်းဆိုတာ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မေ့သွား ကြတယ်။

အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ကျမကို မေးကြတယ်။ “နိုင်ငံရေး အကျဉ်းသားဆိုတာ ခေတ်စ နစ်ကို ကိုယ် စား ပြုလို့ စစ် အာဏာရှင် တွေရဲ့စိတ်က နိုင်ငံရေးအကျဉ်းသား တိုင်းပြည်မှာ ရှိတာကို မှန်ကန် သင့်မြတ်စွာ နှလုံးသွင်းဖို့ ငြင်းဆို တတ် တယ်”။

“နိုင်ငံရေး အကျဉ်းသားတွေဟာ လူ့အဖွဲ့အစည်းကြီးနဲ့ ဝေးရာ၊ သဘာဝရဲ့ရှုခင်းတွေနဲ့ဝေးရာ၊ မိသားစုနဲ့ ဝေးရာမှာ ဘဝတွေပေးပြီး နှစ် ရှည်ထောင်ဒဏ်တွေ ကျခံနေရတယ်။ လူ့လောကကြီးရဲ့ အပြင်ဘက်မှာ အထီးကျန်နေရတယ်” လို့ ကျမပြောတော့ ကျောင်းဆရာမတွေ စူးစူးစိုက်စိုက် နားထောင်ပြီး ငြိမ်သက်သွားကြတယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းကျမိသားစုရဲ့ ဘဝကံကြမ္မာကို သူတို့ဘာသာ ရိုးတိုးရိပ်တိတ် ဒါမှမဟုတ် မျက်မြင်ကိုယ်တွေ့ နားလည်သွားကြ လို့လားမသိဘူး။ ကျမတို့သားအမိကို တလမ်းလုံး အားပေးစကား ပြော လာ ခဲ့ကြပါတယ်။

တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ရဲ့ လရောက်အောက် ချင်းတွင်းမြစ်ပေါ်မှာ ကျမတို့ မော်တော် ကမ်းကပ်ပြီး အိပ်ခဲ့တယ်။ လှိုင်းပုတ် သံကြားမှာ ဇာတ်ပွဲသံတချို့ကိုလည်း ကြားနေရတယ်။ ‘ချင်းဖဝေး ဇာတ်ထုပ်’ထဲက “ရက်စက်လှချည်လား ဗမာဘုရင်ရဲ့…” ငိုချင်းက ကျ မ တို့အတွက်များလား။ ငွေရောင်တောက်နေတဲ့ မြစ်ပြင်မှာ ခဏတဖြုတ်နားခိုပြီး အိပ်ခဲ့ရခြင်းဟာ ကြမ်တမ်းတဲ့လောကဓံကို ရင်ဆိုင်နိုင်ဖို့ သဘာဝတရားက ကျမကို လက်ဆောင်ပေးခဲ့တာလို့ တွေးမိပါတယ်။

ချင်းတွင်းမြစ်ထဲကို နေရောင်ခြည်ဖြန့်ကျက်ဖို့ အားယူနေချိန်မှာ ကျမတို့ မုံရွာဆိပ်ကမ်းကို ရောက်ခဲ့တယ်။ ထန်းပင်မြစ် တွေကို အိမ်ပြန် လက်ဆောင် အဖြစ် လှေတစီး နဲ့လိုက်ရောင်း နေတဲ့ ဈေးသည် မိသားစုတွေဟာ အားမာန်အပြည့်နဲ့နေ့သစ်ကို ရင်ဆိုင်နေကြပြီ။

မုံရွာ-မန္တလေး ကားပေါ်အထိ ကျောင်းဆရာမတွေ ကျမတို့သားအမိကို လိုက်ပို့ပေးကြတယ်။ သူတို့ ပေးလိုက်တဲ့ မေတ္တာ တွေနဲ့ ကျမတို့ ရှေ့ ခရီးကို ဆက်ခဲ့ကြတယ်။

မန္တလေးဘူတာကြီးကနေ ညနေ ၃း၃ဝ ရထားကို စီးခွင့်ရရင် နောက်နေ့ မနက်စောစော ရန်ကုန်ရောက်။ မနက် ၉နာရီမှာ ထူးချွန် စာမေး ပွဲဖြေမယ့် သားအတွက် အချိန်ကိုက်ဆိုတဲ့ အသိပဲ ကျမမှာ ရှိခဲ့တယ်။ လက်မှတ်ကို မှောင်ခို ပေးဝယ် ခဲ့တယ်။ မူရင်း ဈေးထက် သုံးဆ ပိုပေမယ့် ကျမ မငြင်းနိုင်ခဲ့ဘူး။ လက်မှတ်မှောင်ခိုရောင်းသူက လက်မှတ် စစ်ဝန်ထမ်း။

မှတ်ပုံတင်နဲ့ လက်မှတ်ဖိုး သူ့ဆီပေးပြီး ညနေ ၃း၃ဝ ရထားတွဲထိုးချိန်ရောက်မှ “ခင်ဗျားအတွက် လက်မှတ် မရနိုင်တော့ ဘူး” လို့ လာ ပြောတဲ့အချိန်မှာ ကျမသွေးတွေ ဆူပွက်ကုန်တယ်။ “မရလို့မဖြစ်ဘူး မရလို့မဖြစ်ဘူး” လို့ တဖွဖွရွတ်ပြီး စင်္ကြန်တခုလုံး ဗြောင်းဆန် သွား အောင် ကျမ စုံစမ်းရတော့တယ်။

ဒီမှာတင် မီးရထားရဲက ရိုးရိုးတန်းကို သုံးဆပိုပေးရင် စီးရမယ်၊ ထိုင်ခုံမဲ့ လို့ ဆိုလာတယ်။ ကျမ အမြန်ဆုံး ခေါင်းညိတ် လိုက်တယ်။ ဒီရ ထားနဲ့ပါမှ သားအတွက် အဆင်ပြေမယ်ပေါ့။

“မီးရထားထွက်ရန် ၁၅ မိနစ်သာ လိုပါတော့တယ်ရှင့်” ဆိုတဲ့ သတိပေးသံကြားမှာ ကျမ သားကိုလက်ဆွဲပြီး ရိုးရိုးတန်း တွဲရဲ့ အိမ်သာ ထိုင် ခုံဘေးမှာ ပစ္စည်းထုပ်နဲ့သားကို နေရာချလိုက်တယ်။ ဒီမှာတင် ကျမရဲ့ခေါင်းမှာ အချက်ပေးမီး လင်းသွားတယ်။ “မှတ်ပုံတင်” ကျမ မှတ်ပုံတင် လက်မှတ်စစ်ဆီမှာ။ ဒီမှတ်ပုံတင်က နိုင်ငံရေး အကျဉ်းကျ မိသားစု ဝင်တွေ အတွက် ဘဝ အသက်ပဲ။ မှတ်ပုံတင် မပြနိုင်ရင် ခရီးသွားလို့ မရဘူး။ ထောင်ဝင်စာ တွေ့လို့မရဘူး။ ကျမ.........ဗျာ များရပြီ။

ဆယ်နှစ်ရွယ် သားငယ်ကို မီးရထားပေါ်က ခရီးသည်တွေဆီ အပ်ပြီး ကျမ လက်မှတ်စစ်ကို ရှာရတယ်။ “မေကြီး မြန်မြန် လာခဲ့နော်” ဆိုတဲ့ ငိုသံနဲ့ ပြောလိုက်တဲ့ သားရဲ့အသံက ကျမနှလုံးသားကို ဆုပ်ကိုင်လိုက်တယ်။ “သား မကြောက်နဲ့။ ဘယ်မှမကြည့်နဲ့ အဲဒီမှာ မြဲမြဲ ထိုင်နေ” လို့ ကျမပြောပြီး စင်္ကြန်တလျှောက် ပြေးနေရတယ်။

“မန္တလေး-ရန်ကုန် အမြန်ရထား မန္တလေးဘူတာကြီးမှ စတင်ထွက်ခွာပါပြီ” ဆိုတဲ့ အသံကြားမှ မီးရထား တွဲတွေဆီ ပြေးလာတဲ့ ဝန်ထမ်း လက်ထဲက ‘မှတ်ပုံတင်’ကို ကျမ ဆွဲယူပြီး ချိန်မှာ စင်္ကြန်ကနေ ရထားထွက်နေပြီ။ ကျမသားရှိတဲ့ မီးရထားတွဲဆီက ခရီးသည်တွေ သား ကိုယ်စား ကျမကို မျက်လုံးတွေ အသံတွေနဲ့ ရှာဖွေနေကြတယ်။

“ပြေး… ရအောင်ပြေး” လို့ ဝိုင်းအော်ကြတဲ့ အသံကြားမှာ အရှိန်နဲ့ထွက်ခွာနေတဲ့ မီးရထား ခြေနင်းခုံကို အပြေးအလွှား ကျမ ပြေးတက် လိုက်တယ်။ အဲဒီအချိန်မှာ ထိပ်လန့်တကြား အော်ဟစ်သံတွေနဲ့အတူ ဝမ်းသာအားရ လက်ခုတ်သံတွေ ပါ ကျမ ကြားလိုက်ရတယ်။ ကျမ အသက်နဲ့ကိုယ် မြဲတဲ့အပြင် သားရှိရာတွဲဆီကို သွားနိုင်ပြီဆိုတဲ့ အသိက ကျမဘဝမှာ ပြည့်စုံ သွားသလို ခံစားလိုက်ရတယ်။

သားလေးက ကျမကိုမြင်တော့ စကားမပြောနိုင်ဘဲ မျက်ရည်တွေ ကျနေတယ်။ သူု့ရဲ့ ထိတ်လန့်တုန်လှုပ်မှု ကို ခုချိန်ထိ တွေးမိတိုင်း ကြောက်နေ တယ်တဲ့။

ကျမ မီးရထားကြမ်းပြင်ပေါ် ထိုင်ချလိုက်ချိန်မှာ မီးရထားရဲက အပိုငွေ ထပ်ပေးရမယ်လို့ ပြောလာတယ်။ ဒီမှာတင် ကျမခံစားလာရသမျှ ရင်ထဲမဆံ့တဲ့ စကားလုံးတွေနဲ့ သူ့ကို ပစ်ပေါက်လိုက်တယ်။

“ရှင်တို့မှာ ကိုယ်ချင်းစာစိတ် မရှိဘူးလား။ လက်မှတ်ခ သုံးဆပိုပေးပြီး ကျမ ထိုင်ခုံမဲ့ လိုက်လာတယ်။ လိုချင်ရင် ကျမအသားသာ လှီးယူ တော့၊ ကျမတို့သားအမိ လမ်းမှာစားဖို့ ထမင်းစရိတ်တောင် မချန်ဘဲ လက်မှတ်ခ ပေးခဲ့တာ။”

“စစ်ထောက်လှမ်းရေးက မတရားဖမ်းဆီးထားတဲ့လူတွေ လွှတ်မယ်ဆိုတဲ့ သတင်း သတင်းစားထဲမှာ ပါလို့ ကျမတို့က နိုင်ငံရေး အကျဉ်း သားကို သွားကြိုတာ။ မလွတ်လာတဲ့အပြင် ကျမတို့် လမ်းခရီးမှာ ရောက်လိုက်တဲ့ ဒုက္ခတွေ။ အဇာတသတ် မြေမြိုတယ်ဆိုတာ ကျမ လောက် ပူမယ်မထင်ဘူး”

ဒီစကားတွေက ကျမဘဝရဲ့ တိုက်ပွဲကြွေးကြော်သံတွေ.....................။

မန္တလေး-ရန်ကုန် အမြန်ရထားကြီးဟာ ဒီဇယ်တွေနဲ့ မောင်းနှင်ခဲ့တာမဟုတ်ဘူး။ မေတ္တာတရားတွေနဲ့ မောင်းနှင်ခဲ့တယ်။ လက်မှတ်ခ အပို ငွေ ထပ်တောင်းတဲ့ မီးရထားရဲက သူ့ထိုင်ခုံကို ကျမတို့သားအမိအတွက် ပေးခဲ့တယ်။

ကျမနဲ့သားကို ရေသန့်ဗူးတွေ၊ ထမင်းဗူးတွေ ပေးပြီး ခရီးသည်တွေက ကျွေးခဲ့တယ်။ မီးတောက်နေတဲ့ ကျမနှလုံးသား ကို သူတို့မေတ္တာ တွေနဲ့ အနာသက်သာစေခဲ့တာကို ကျမ ခုချိန်ထိ အမှတ်ရနေဆဲပါ။ ။