အခြေခံပညာစာသင်နှစ် ၁၂ နှစ်နှင့် အဆင့်မြင့်တက္ကသိုလ်
စာသင်နှစ်လေးနှစ်သို့ အသီးသီးတိုးမြှင့် သင်ကြားရန် ဆွေးနွေးစီစဉ်နေသည်ဟု
အခြေခံနှင့် အဆင့်မြင့်ပညာသင် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
အခြေခံစာသင်နှစ်ဟု ဆိုရာတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ
စာသင်နှစ်စုစုပေါင်း ၁၁ နှစ်ကို ၁၂နှစ်အထိတိုးချဲ့ခြင်းဖြင့်လည်း ကောင်း၊
အဆင့်မြင့်တက္ကသိုလ် စာသင်နှစ်များကိုလည်း ရှိရင်းစွဲနှစ်များထက်
ထပ်မံတိုးချဲ့ကာ သုံးနှစ်မှ လေးနှစ် စာသင်နှစ်များသို့လည်းကောင်း
တိုးမြှင့်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိနေသည်ဟု
ပညာရေးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။
အခြေခံပညာသင်နှစ်များကို မူလရှိရင်းစွဲ စာသင်နှစ်များထက် တစ်နှစ်
ထပ်မံတိုးချဲ့ခြင်းမှာအာဆီယံ အဆင့်နှင့်အညီပြုလုပ်ခြင်းအပြင်
နိုင်ငံတကာပညာရေးနှင့် တစ်ပြေးညီ အဆင့်ရှိသွားစေနိုင်သည်ကို ရန်ကုန်
ပညာရေးတက္ကသိုလ်မှ အငြိမ်းစား ဒုတိယပါမောက္ခချုပ်က ပြောကြားခဲ့သည်။
“တက္ကသိုလ်တွေမှာ အရင်က လေးနှစ်ရှိခဲ့တယ်။ အချိန်ကာလတစ် ခုတုန်းက
လေးနှစ်ကနေ သုံးနှစ်ကို လျှော့ပြီး တက္ကသိုလ်တွေကနေ မြန်မြန်ဘွဲ့တွေရအောင်
မူဝါဒတစ်ခုဆွဲပြီး လုပ်ခဲ့ဖူးတယ်။ အရေအတွက်တွေတော့ များလာတယ်။ တကယ်တတ်တဲ့
ကျောင်းသားတွေရှားလာတယ်” ဟု အငြိမ်းစား ပါမောက္ခကြီးတစ်ဦး က
ပြောပြခဲ့ပါသည်။
ယခုပညာသင်နှစ်တွင် အဆင့်မြင့် တက္ကသိုလ်စာသင်နှစ်များမှာ
သုံးနှစ်သာရှိသေးကာ ကွန်ပျူတာတက္ကသိုလ် တစ်ခုတည်းသာ လေးနှစ်ပညာသင်နှစ်အဖြစ်
တိုးချဲ့ခဲ့သည်ဟု သိရသည်။ “စာသင်နှစ်တွေ တိုးတယ်ဆိုတာ
သင်ရိုးတွေပြန်ဆွဲ။ အချိန်နဲ့ညှိပြီး လုပ်ရတာပါ။ ဗြုန်းစားကြီး
ပြုလုပ်လို့မရသလို သေချာဆွေးနွေးပြီး လုပ်ရမှာဖြစ်ပါတယ်။ အဲဒီအတွက်
ပညာရှင်တွေ ညှိနှိုင်းဆွေးနွေးနေပါတယ်” ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ
ဆရာကြီးတစ်ဦးက ပြောပြခဲ့သည်။
နိုင်ငံတွင်းရှိနေသည့် အဝေးသင်ပညာရေးနှင့် ပတ်သက်၍လည်း
ကျောင်းသားများ၏ဘွဲ့ရရှိမှုနှင့် တတ်မြောက်မှု အရည်အသွေးပိုင်းကို
ပြန်လည်စိစစ်သွားသင့်သည့်အပြင် နိုင်ငံတော်မှ အလုပ်အကိုင်
ပြန်လည်ခန့်အပ်သည့်အခါ ၀န်ထမ်းရွေးချယ်ရေး အဖွဲ့အနေနှင့်လည်း
အဝေးသင်ဘွဲ့များကို အသိအမှတ်ပြု ခန့်အပ်သင့်သည်ကို ပညာရှင်အများစုက
ထောက်ပြခဲ့ကြသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com