မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်း
စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ သတိပေးချက်ကို
မျက်ကွယ်ပြုလိုက်တဲ့ နော်ဝေ အစိုးရရဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေး
လှုပ်ရှားသူတွေက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို
တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း
စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့်
လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
နော်ဝေ အစိုးရရဲ့ အငြိမ်းစား ပင်စင်ရံပုံငွေတွေကို ရခိုင်ပြည်နယ်မှာ တရုတ်
အစိုးရပိုင် CNPC ကုမ္ပဏီ တည်ဆောက်နေတဲ့ ရေနံနဲ့ ဓါတ်ငွေပိုက်လိုင်း
စီမံကိန်းမှာ ရင်းနှီး မြှုပ်နှံမယ်ဆိုရင် လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ပံ့ပိုးပေးရာ ရောက်လိမ့်မယ် ဆိုပြီး နော်ဝေ
ကျင့်ဝတ်ကောင်စီ အဖွဲ့က
သတိပေး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် နော်ဝေ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒီသတိပေးချက်ကို လက်မခံဘဲ တရုတ်
CNPC ကုမ္ပဏီ လက်အောက်ခံ ပတ်ထရို ချိုင်းနား (Petro China) ကုမ္ပဏီမှာ
အမေရိကန် ဒေါ်လာ သန်း (၉၀) ထည့်ဝင် မြှုပ်နှံ မယ်လို့ အခု သီတင်းပတ် အတွင်း
ကြေညာခဲ့ပါတယ်။
ဒါကြောင့် နော်ဝေ အစိုးရရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး
ချိုးဖောက်နေသူတွေကို ကူညီ အားပေးရာ ရောက်နေပြီး၊ အရှက် သိက္ခာ
ကင်းမဲ့စေတယ်လို့ ရွှေဂက်စ် (Shwe Gas) လှုပ်ရှားမှု အဖွဲ့က ဒီဇင်ဘာလ (၈)
ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တရုတ်ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့်
မြေသိမ်းမှု၊ နေရာ အဓမ္မပြောင်းရွှေ့မှု၊ လုပ်အားပေး ခိုင်းစေမှု၊ ထင်ရာမဲ့
ဖမ်းဆီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတဲ့ အတွက်
ဒီရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လက်
ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ လည်း ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ
ကိုဝမ်းအောင်က ပြောပါတယ်။
နော်ဝေအစိုးရရဲ့ ပင်စင်ရံပုံငွေကို ရခိုင်ကမ်းလွန်က ရွှေသဘာဝ ဓါတ်ငွေ့
ထုတ်လုပ်ရေး လုပ်ကွက်မှာ ပါဝင် လုပ်ကိုင်နေတဲ့ ကိုးရီးယား အခြေစိုက် ဒေ၀ူး
အင်တာနေရှင်နယ်၊ ကိုးဂတ်စ် (KOGAS) ကုမ္ပဏီ၊ ပေါ်စကို (Posco)နဲ့ အိန္ဒိယ
ဂေးလ် (GAIL) ကုမ္ပဏီတွေမှာလည်း ထည့်ဝင်ထားတယ်လို့
သိရပါတယ်။
RFA
No comments:
Post a Comment
wwwwnyinyi@gmail.com