ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့လာရောက်မည်။
အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ယင်လပ်
ရှင်နာဝပ်သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မကြာခင်
ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေး
ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဟု တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင်
မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
သြဂုတ်လ ၅ ရက်နေ့တွင်
ထိုင်း ဝန်ကြီးချုပ်ဖြစ်လာသည့် ယင်လပ် ရှင်နာဝပ်၏ ခရီးစဉ်သည်
အိမ်နီးချင်းနှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် စီးပွါးရေး ကုန်သွယ်မှုများ
မြှင့်တင်ရန် အားထုတ်မှု ဖြစ်သည်ဟု သိရသည်။
အမျိုးသား စီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ယခုနှစ် ဇွန်လတွင်
ထုတ်ပြန်ခဲ့သည့် စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။
၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃
ဘီလီယံဖြင့် မြန်မာနိုင်ငံအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု
အများဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့်
ဒုတိယ လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည်
စွမ်းအင်ကဏ္ဍ အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်အတွက် မြန်မာနိုင်ငံကို
မှီခိုနေရခြင်းကြောင့် မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံသည်
မြန်မာအစိုးရနှင့် ပိုမိုနီးစပ်သော စီးပွါးရေး ဆက်ဆံမှုများပြုလုပ်ခဲ့သည်။