Friday, December 2, 2011

မြန်မာက မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက်ဆံမှု ပြတ်တောက်မှာကို အမေရိကန်ကြိုဆို

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ထားရှိသည့် စစ်ရေးဆက်ဆံမှုကို ဖြတ်တောက် သွားမည်ဟု မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် ကြိုဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်သည်။

ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့များနှင့် ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ဆုံမှုအပြီး နေပြည်တော် သင်္ဂဟဟိုယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခဲ့ခြင်း
ဖြစ်သည်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ နဲ့ ၁၈၇၄ တို့ကို အစိုးရအနေနဲ့ အကောင် အထည်ဖော်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။ အစိုးရအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကို ဖြတ်တောက်ဖို့ ဆုံးဖြတ်တဲ့ အပေါ် ကျမတို့ ကြိုဆိုထောက်ခံပါတယ်” ဟု မစ္စစ် ဟီလာရီကလင်တန်က ပြောသည်။

ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၇၁၈ နှင့် ၁၈၇၄ မှာ မြောက်ကိုရီးယားနိုင်ငံမှ ထုတ်လုပ်သည့် စစ်လက်နက် ပစ္စည်းများအား အခြားကမ္ဘာ့နိုင်ငံများမှ ဝယ်ယူခွင့် မပြုရန် ဖြစ်သည်။
shwemannmeetcalinton2
မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံအကြား ထားရှိသည့် စစ်ရေးဆက်ဆံမှုကို ဖြတ်တောက်သွားမည်ဟု မြန်မာအစိုးရ၏ တုံ့ပြန်မှုအပေါ် ကြိုဆိုကြောင်း ဟီလာရီ ကလင်တန်က ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

ကလင်တန်မှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကန်နိုင်ငံခြားရေး ဝန်ကြီးဖြစ်ကာ ဒီဇင်ဘာလ ၁ ရက် အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ရာတွင် သမ္မတအပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်း၊
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ သည်။

မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေး တိုးမြှင့်လိုပါကလည်း နျူကလီးယားလက်နက် မပြန့်ပွားမှု ဆန့်ကျင်
ရေး နိုင်ငံတကာ သဘောတူညီချက်များအား လိုက်နာနိုင်မှသာလျှင် အဆင်ပြေနိုင်မည်ဟုလည်း အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက သတိပေးထားသည်။

ကန်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်မှာ မြန်မာနှင့် မြောက်ကိုရီးယားကြား လျှို့ဝှက်ဆက်ဆံမှုနှင့် ဒုံးလက်နက် နည်းပညာ ကိစ္စတို့အား အဓိကထား ဆွေးနွေးသွားမည်ဟုလည်း နိုဝင်ဘာလ ၂၉ ရက်က
တောင်ကိုရီးယား နိုင်ငံ ဘူဆန်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အကြီးအရာရှိတဦးက ပြောဆိုခဲ့သေးသည်။

“ဆုံးဖြတ်ချက်တွေ ဘယ်လိုချတယ်ဆိုတာက မြန်မာနိုင်ငံမှာ သိရဖို့က ခက်ခဲတယ်။ ရှင်တို့သိတဲ့အတိုင်း ကျမ အရင်က ပြောခဲ့သလို အာရှမှာရှိတဲ့ နိုင်ငံနှစ်နိုင်ငံကတော့ ဆုံးဖြတ်ချက်တွေ၊ နောက်ကွယ်က ကျိတ်ပုန်းခုတ်နေ တာမျိုးတွေ ဘယ်လိုချတယ်ဆိုတာ ကျမတို့ သိရခဲ့ဆုံးပဲ။ မြန်မာနဲ့ မြောက်ကိုရီးယားလိုမျိုးပေါ့။ အဓိက ကတော့ ဒုံးလက်နက် နည်းပညာကိစ္စပါပဲ” ဟု ယင်းအရာရှိက ဆိုထားသည်။

မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများ ရှိခဲ့သည်မှာ မှန်ကန်သော်လည်း နျူကလီးယား လက်နက် ကိစ္စတွင်မူ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ယခင်စစ်အစိုးရ တတိယခေါင်းဆောင် ဖြစ်ခဲ့သူ သူရဦးရွှေမန်းက ငြင်းဆိုခဲ့သည်။

“တချို့စွပ်စွဲတာကတော့ နျူးကလီးယားကိစ္စ အပါအဝင်မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ပြောတယ်။ မဟုတ်ပါဘူး။ နျူကလီးယားကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့ အနေအထားမဟုတ်ပါဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ဒီဇင်ဘာလ ၁ ရက်နေ့က
ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောဆိုခဲ့သည်။

သို့သော် မြန်မာ့ တပ်မတော်စွမ်းရည်မြင့်တင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ လက်မှတ်
ရေးထိုးခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေးလက်နက်စက်ရုံ၊ လေယာဉ်နှင့် သင်္ဘောကိစ္စရပ်များကိုလည်း လေ့လာမှု
ပြုခဲ့သည်။

“အမေရိကန်နိုင်ငံမှာ မိမိတို့ သိထားတာထက် လွန်ကဲသော ထောက်လှမ်းရေးစနစ်ရှိပါတယ်။ လူပုဂ္ဂိုလ်တင် မကဘူး။ နည်းပညာထောက်လှမ်းရေးတွေရှိပါတယ်။ ဟိုတုန်းက မိမိ ဗိုလ်ချုပ်ကြီးတယောက်အနေနဲ့ အဲနိုင်ငံ သွားတဲ့အခါမှာ မိမိသွားတဲ့အကြောင်းလဲ သူသိနေမှာပဲ။ မိမိဘာတွေလုပ်နေတယ်ဆိုတာလဲ သိနေမှာပဲ” ဟု ယခင်စစ်အစိုးရ တတိယခေါင်းဆောင်က မီဒီယာများကို ထုတ်ဖော်ခဲ့သည်။

ယခုကဲ့သို့ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု ဖြတ်တောက်မည်ဟု ပြောဆိုနေချိန်မှာပင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှာ တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာလ ၃ဝ ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

တရုတ်ပြည်ခရီးစဉ်အတွင်း တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာရေးနှင့် ဒေသတွင်း လုံခြုံရေး ခြိမ်းခြောက်မှု ဆိုင်ရာ ကိစ္စရပ်များကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့သည်။

ယင်းအပြင် ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ကာ တပ်မတော်နှစ်ရပ် ချစ်ကြည်မှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကလင်တန်၏ မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရအာဏာပိုင်များနှင့် နှစ်နိုင်ငံ သံတမန်တိုးမြှင့်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး၊ မြေမြှုပ်မိုင်းဖော်ထုတ်ရေး၊ ပညာရေးနှင့် အသေးစား ငွေချေး လုပ်ငန်းများတွင် အမေရိကန်ဘက်မှ ကူညီရန် ကိစ္စများ ဆွေးနွေးခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံသို့ လူ့အခွင့်အရေးအဖွဲ့များ ဝင်ရောက်ခွင့်ပြုရန်၊ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး ကိစ္စနှင့် လွတ်လပ်မျှတသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရေးကိစ္စတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ ကိစ္စ ဒီလို တိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာ ကတော့ တိုင်းရင်းသားများ ပြန်လည် စည်းလုံးညီညွှတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင်ဆောင်ရွက် နိုင်ရေး အတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက် သူတိုက်တွန်းသွားတဲ့ကိစ္စ မိမိတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် တရားဝင် ပြောဆိုခဲ့သည်။

သို့သော် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်ကမူ သန့်ရှင်းမျှသည့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ
ပေးရန်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများမှာမူ အချိန်တန်ပါက သူ့ဟာသူ ထွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်အမတ်များကို ပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းကဲ့သို့ ပြောဆိုမှုမှာ ဒီဇင်ဘာလ ၁ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မစ္စစ်ကလင်တန်နှင့် တွေ့ဆုံမှုအပြီးတွင်
ပြောဆိုခဲ့ခြင်း ဖြစ်ကာ ယင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“သူ ( ကလင်တန်) အကြံပြုတာကတော့ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးပြီးတော့တဲ့ ဒီကိစ္စတွေ အားလုံးကို ဖြတ်လိုက်ပါတော့တဲ့။ ဦးခင်အောင်မြင့်က သူ ထွက်သွားတော့မှ ပြောတာပေါ့နော်။ ကလင်တန်
တောင်းဆိုတဲ့ အချက်တွေက မဖြစ်နိုင်စရာတွေ မရှိဘူးပေါ့ဗျာ။ နိုင်ငံရေး အကျဉ်းသားဆိုတာလည်း သူ့အချိန်
စေ့ရင် ထွက်သွားမှာပဲတဲ့” ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်တဦးက ပြန်ပြောပြသည်။

ကလင်တန်မှာ ယနေ့တွင်လည်း ရန်ကုန်မြို့၌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံမည်ဖြစ်ကာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဦးမည်
ဖြစ်သည်။

ယင်းနောက် လူထုအခြေပြု အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံမှ
ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

ဟိုပေါ်လစီ၊ ဒီပေါ်လစီနဲ့ မြန်မာတွေ ရယ်ချင်ကြတယ်

မစပ်စု on December 2, 2011

ပေါ်လစီသီချင်း၊ ရုပ်ရှင်တွေကို မြန်မာပြည်သူတွေ ဘယ်လိုတုန့်ပြန်ကြသလဲ


မနက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့ဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ရုပ်ရှင် လောကသားတွေ တွေ့ဆုံကြတော့မှာပါ။

မကြာသေးခင်ကလည်းဂီတ အနုပညာရှင် ၅၀ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သူ့ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝန်းထဲမှာ တွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လှုံ့ဆော်တေးတွေ ဖန်တီး ကြဖို့ ဆိုပြီး တွေ့ဆုံ ပြောဆိုနေတဲ့ ဓာတ်ပုံတွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာတွေ့ခဲ့မြင်ခဲ့ကြရပါတယ်။

တကယ်တော့ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သီချင်းတွေ ဖန်တီးမယ်၊ လူထုရဲ့ ချစ်ခင်မှုကို ရပြီးသား ရုပ်ရှင် သမား တွေ ကပါ ဇာတ်ကားတွေရိုက်၊ ပြဇာတ်တွေကပြပြီး မဲဆွယ်စည်းရုံးရေးမှာ ပါဝင်လာမယ် ဆိုရင်လည်း ဒါဟာ မြန်မာလူထု ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တဲ့ “ပေါ်လစီ” သီချင်းတွေဆိုတာ၊ ပေါ်လစီ ရုပ်ရှင် ဇာတ်လမ်းတွေ ဖန်တီးကြတယ်လို့ ဆိုနိုင်တာပါပဲ။ NLD ရဲ့ ပေါ်လစီကို လူတွေသိအောင် ပြောကြမှာပဲ မဟုတ်လား။

အနုပညာရှင်တွေ အနေနဲ့ နအဖ ခေတ်မှာ ဖိအားပေးခံရလို့ပဲ ဖြစ်ဖြစ်၊ မက်လုံးပေးလို့ပဲ ဖြစ်ဖြစ် ပါဝင်သရုပ်ဆောင်ပေး လိုက်ရတာတွေ၊ ရိုက်ကူးပေးလိုက် ရတာတွေ၊ သီဆို ရေးဖွဲ့ပေးလိုက်ရတာတွေ ရှိခဲ့တာ အားလုံးအသိပါ။ ဘယ်လိုကြောင့်ပဲ ပါဝင်လိုက်ရပေမယ့် အစိုးရပေါ်လစီကို ထင်ဟပ် ဖော်ထုတ်ပေးလိုက်ရတဲ့ အနုပညာရှင်တွေကို ပရိသတ်က လက်မခံတာ၊ တချို့ဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခံရတာတွေ ရှိခဲ့ပါတယ်။ တဘက်သက် ဇာတ်လမ်းဆင်ထားတယ် ဆိုတဲ့ “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ပေါ်လစီ ဇာတ်ကားတခု မှာ ဝင်သရုပ်ဆောင်မိလို့ပြည်ပရောက် မြန်မာတွေရဲ့မကျေနပ်မှု၊ဆန္ဒပြမှုတွေနဲ့ကြုံခဲ့ရတဲ့အနုပညာသမားတွေလည်းရှိခဲ့ကြပါတယ်။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးအတွက် လှုံ့ဆော်ရေးကာလတွေတုန်းကပရိသတ်တွေ အကြားရေးပန်းစားခဲ့တဲ့တေးသီချင်း တပုဒ်ကိုလည်း မှတ်မိကြဦးမှာပါ။အဲဒါကတော့ “မင်း၁၈နှစ်ပြည့်ပြီလား” ဆိုတဲ့သီချင်းပါ။ဒီသီချင်းကိုရေးစပ် သီဆိုပြီး ရုပ်မြင်သံကြားမှာ ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့အဆိုတော်ကိုင်ဇာလည်းဒီသီချင်းစာသားတွေကြောင့် ပရိသတ်ကြားမှာ တော်တော်လေးပြောဆိုဝေဖန် ခံခဲ့ရပါတယ်။ အခြေခံဥပဒေကြီးကို သူကိုယ်တိုင် တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံချင်ခဲ့လို့လား၊ တစုံတခုသော အကြောင်းကြောင့် သီဆို သရုပ်ဆောင် ပေးခဲ့ရတာလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။

ဘာပဲဖြစ်ဖြစ် ပရိသတ်ရဲ့ပါးစပ်ဖျားမှာပေါ်လစီ သီချင်းတပုဒ်ကိုရေပန်းစား ပေါက်ရောက်အောင် ရေးစပ်သီဆိုနိုင်ဖို့ဆိုတာ ကတော့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ကောင်းတဲ့ဘက်ကပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ဘက်ကပဲ ဖြစ်ဖြစ် “ပေါက်တယ်” ဆိုတဲ့ စကား တခွန်းကတော့ ရလိုက်တာပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံတယ် ဆိုတဲ့သတင်းကို အများစုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေမယ့် တချို့ကတော့ NLD ရွှေရောင်ခေတ် အစပျိုးလာလို့ အနုပညာရှင်တွေက သူတို့အခွင့်အရေးအတွက် သွား ပူးပေါင်းကြတာလို့ ဝေဖန် ပြစ်တင်ကြတာတွေ ကြားရပါတယ်။ တချို့ကလည်း အနုပညာရှင်တွေကို ၅၀ ရာခိုင်နှုန်းပဲ အမှတ်ပေးဦးမယ်၊ စောင့်ကြည့်ဦးမယ်လို့ ပြောနေကြပါတယ်။

အရင် နအဖ အစိုးရ လက်ထက်မှာဆိုပေါ်လစီ ဇာတ်ကား၊ ပေါ်လစီသီချင်း ဆိုလိုက်တာနဲ့ ရုပ်မြင်သံကြားကို ထပိတ်သူပိတ်၊ ဗီဒီယိုပြောင်းကြည့်လိုကြည့်၊ အင်တာနက်ပေါ်ကနေ မိုးမွှန်အောင် ဆဲလိုဆဲ လုပ်ခဲ့ကြတဲ့ မြန်မာပရိသတ်တွေ အနေနဲ့ အခု NLD ရဲ့ ပေါ်လစီကို ထင်ဟပ်မယ့် အနုပညာ သမားတွေကိုကော ဘယ်လိုတုံ့ပြန်ကြမလဲ၊ အနုပညာရှင်တွေ ဘက်ကကော ဘယ်လို ပေါက်အောင် လုပ်ပြမှာလဲဆိုတာတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒေါ်စုအတွက် အိုဘားမား၏ပေးစာ ကလင်တန် ယူဆောင်လာ

သတင်း-မိုးမခ မှ
ဓာတ်ပုံများ - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန

ရန်ကုန်မြို့တော်ရောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က သမ္မတ အိုဘားမား၏ စာတစောင်ကို ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်သို့ ပေးအပ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက အိုဘားမား အာရှဒေသသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်သွယ်မှုအကြောင်းဖြင့် ပေးစာကို အစချီ ရေးထားသည်။

"ဒေါ်အောင်ဆန်းစုကြည်
မကြာသေးမီက စကားပြောဆိုခွင့်ရသည့်အတွက် အလွန် ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။ ထိုစဉ်က ပြောဆိုခဲ့သည့်အတိုင်း ဒီမိုကရေစီအရေးအတွက် သင်၏ သတ္တိရှိရှိ အလျှော့မပေးသော လှုပ်ရှားဆောင်ရွက်မှုကို ကာလအတန်ကြာကပင် ကျွန်ုပ် လေးစားခဲ့ပါသည်။ ထိုစဉ်က စကား ပြောဆိုရခြင်းကို ပြီးခဲ့သည့် အာရှခရီးစဉ်အတွင်း အရေးကြီးထူးခြားသည့် ဖြစ်ရပ်ဟု သတ်မှတ်ထားပါသည်။

မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အထောက်အကူပြု ခြေလှမ်း အများအပြားအတွက် ၀မ်းမြောက်မိပါသည်။

နိုင်ငံရေး ပွင့်လင်းမှု၊ လူ့အခွင့်အရေး လေးစားမှုများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံက မည်သို့ ကူညီနိုင်မည် ဆိုသည်ကို နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်၏ ခရီးစဉ်အတွင်း ရှာဖွေ တွေ့ရှိနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီအရေး ကြိုးပမ်းနေသော မြန်မာပြည်သားများအား ကျွန်ုပ်တို့က အလေးအနက်ကူညီနေသည်ကိုလည်း ခရီးစဉ်က ပြသနေပါသည်။

ဝန်ကြီး၏ခရီးစဉ်အား ကြိုဆိုသည့်အတွက် ကျေးဇူးတင်ပါသည်။ ထပ်မံ စကားပြောဆိုခွင့် ရရေးကို မျှော်လင့်နေပါသည်။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တန်ဘိုးများကို မျှဝေခံစားနေသည့် ကမ္ဘာတ၀န်းမှ ကျွန်ုပ်တို့အားလုံး ရရှိနေသည့် သင်၏ လှုံ့ဆော်အားပေးမှုအတွက် ကျေးဇူးတင်ပါသည်။
ကျွန်ုပ်တို့က သင်နှင့်အတူ ယခုရော နောင်ရော ရပ်တည်သွားပါမည်။
လေးစားစွာဖြင့်
ဘားရက်အိုဘားမား"
ယမန်နေ့က ညစာသုံးဆောင်နေကြသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဟီလာရီ ကလင်တန်


ကလင်တန်နှင့် တွေ့ဆုံ အပြီး သတင်းထောက်များသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်


Eleven Media Group
ဒီဇင်ဘာ ၂၊ ၂ဝ၁၁

ယနေ့ နံနက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းထောက်များကို တွေ့ဆုံစဉ် (ဓာတ်ပုံ - Yangon Press International)

''ဟီလာရီအနေနဲ့ နေပြည်တော်မှာ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးတွေ ၊ လွှတ်တော် ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ကောင်းမွန်တဲ့ တွေ့ဆုံမှုရှိခဲ့တယ်။

မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ဆက်ဆံရာမှာ အမေရိကန်ရဲ့ ခြေလှမ်းအစတွေဖြစ်သလို နှစ်နိုင်ငံကြားမှာ နားလည်မှု၊ ဆွေးနွေးမှုတွေနဲ့ ဆက်သွားကြမှာ ဖြစ်ပါတယ်။

အခုအချိန်က အမေရိကန်က ကျွန်မတို့အတွက် ကောင်းမွန်တဲ့ ဂိတ်ပေါက် တစ်ခုပဲ။ ဒီမိုကရေစီလမ်းကြောင်း ဖော်ဆောင်ရာမှာ လိုအပ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ဂုဏ်သိက္ခာရှိရှိ ထိတွေ့ ဆက်ဆံသွားဖို့ မျှော်လင့် တယ်။

ကျွန်မတို့ အကူအညီတွေ လိုပါတယ်။ အမေရိကန်နိုင်ငံမှ မဟုတ်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ လူမှု အဖွဲ့အစည်းတွေ အပါအ၀င်ပါ။ နိုင်ငံမှာလိုအပ်မယ့် နည်းပညာတွေအတွက် ပံ့ပိုးမှုတွေမှာ ကမ္ဘာ့ဘဏ်တွေလိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။

ယုံ ကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေ ပြန်လည်လွတ်မြောက်လာဖို့ အဲလိုပြောတဲ့အခါမှာ တိုင်းပြည်ရဲ့အခြေခံကျလှတဲ့ တရားဥပဒေ စိုးမိုးရေးပိုင်း အရ နောင်မှာနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် တရား ဥပဒေစိုး မိုးရေးပိုင်းကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။

ပြီးတော့ ကျွန်မတို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသား လူမျိုးစုတွေ အများကြီးပါ ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သာတူညီမျှရှိစေမယ့် ခံစားခွင့်တွေ တိုင်းရင်းသားအရေးတွေကိုလည်း အလေးထား စဉ်းစားကြဖို့ မျှော် လင့်တယ်။

အဲဒီအတွက် ကျွန်မ အခိုင်မာ ယုံကြည်တာကတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးပိုင်းမှာ လိုအပ်ချက်တွေကို အစိုးရသစ်၊ အမေရိကန် သာမက နိုင်ငံတကာအဖွဲ့အ စည်း၊ အတိုက်အခံ ၊တစ်ကမ္ဘာလုံးက တူညီတဲ့ လုပ်ဆောင်ချက်၊ တန်ဖိုးတွေ သာရှိမယ်ဆို အားလုံး လက်တွဲ ပါဝင် ကူညီကြဖို့ လိုတယ်။

ကျွန်မယုံကြည်ပါတယ် ဒီမိုကရေစီစနစ်ကို ဘယ်တော့မှ နောက်ပြန်မကွေ့ဘူးဆိုတာ။ ပြီးတော့ တရုတ်နိုင်ငံ အရေးကိစ္စပါ။တရုတ်က ကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်သလို ကောင်းမွန်တဲ့ ဆက်ဆံ ရေးတွေ ဆက် ရှိနေဖို့လည်း ကျွန်မ မျှော်လင့်တယ်"

စီးပွါးရေးပိတ်ဆို့ မှု ရုတ်သိမ်းဖို့ စဉ်းစားတော့မည်

လုံလောက်သည့် တိုးတက်မှုများ ရှိခဲ့မည်ဆိုပါက စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းရန် စဉ်းစားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတွင် ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က Eleven Media Group ၏ မေးမြန်းမှုနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာနယ်လစ်များ၏ မေးမြန်းမှုကို လက်မခံမီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သူမ၏ ခရီးစဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ တိုင်းရင်းသား လူမျိုးစုဒေသများအရေး၊ မြန်မာနိုင်ငံရှိ နေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု မရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံကို အကူအညီပေးရေးနှင့် မြန်မာခေါင်းဆောင်များ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ် ဆက်လျှောက်နေမည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့်  မြန်မာခေါင်းဆောင်များနှင့်အတူ အဆိုပါလမ်းပေါ်တွင် လျှောက်လှမ်းရန် အသင့်ရှိပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

"နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား လူမျိုးစုဒေသများ နိုင်ငံရေး၊ လူမှုရေးနယ်များ နေရာချဲ့ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး၊ နိုင်ငံပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားရာကနေ ကျွန်မတို့ ဆွေးနွေးကြရမှာပါ။ ဒီနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိနေပါတယ်။ ဒါ့ပြင် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးများကို ငြင်းပယ်ခြင်းခံနေခဲ့ရတဲ့ လူသန်းပေါင်းများစွာ ရှိနေပါတယ်။

နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အစိုးရရဲ့ ကတိက၀တ်ကို ဆုံးဖြတ်ပေးမှာကတော့  ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရေးသာဖြစ်လိမ့်မယ်လို့ ကျွန်မတို့ သဘောတူညီခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးကတည်းက ပြိုကွဲခဲ့တဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်။ လူမျိုးပေါင်းစုံ ကွဲပြားစွာနေထိုင်ကြတဲ့ ဒီနိုင်ငံထဲကနေရာတိုင်းက နိုင်ငံသားတိုင်း ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးကို မခံစားနိုင်သမျှ ကာလပတ်လုံး တစ်ကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုဆိုတာ မရှိနိုင်ပါဘူး။

နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေ တစ်စုံတရာ ဖွံ့ဖြိုးတိုးတက်လာပေမယ့် အထူးသဖြင့် ရန်ကုန်မြို့မှာ တိုးတက်မှုတစ်စုံတစ်ရာ ရရှိလာခဲ့ပေမယ့် ကျန်ဒေသတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး နေထိုင်ကြတဲ့ဒေသတွေမှာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှု၊ စာမတတ်မြောက်မှုတွေဟာလည်း လက်မခံနိုင်လောက်အောင် အလွန်မြင့်မားနေဆဲဖြစ်သလို အဓမ္မ နှိပ်စက်ခြင်းကို ဒီဒေသတွေမှာ ခံစားနေရပါတယ်။ အလွန်အကျွံလောက်အောင် များပြားတဲ့လူမျိုးစု ကွဲပြားနေတာဟာ ဒီနိုင်ငံမှာ များပြားနေပါတယ်။ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် တခြားဘာသာကို ကိုးကွယ်နေကြတဲ့သူတွေ၊ ကိုယ်တိုင် သီးခြားဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တစ်ရာကျော် ရှိကြတဲ့ နိုင်ငံလည်းဖြစ်တယ်။

သူတို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးတွေ ရှိသင့်သလိုသူတို့ဟာလည်း နိုင်ငံရဲ့အနာဂတ်ရေးမှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိသင့်ပါတယ်။ နိုင်ငံရဲ့သဘာဝသယံ ဇာတ ကြွယ်ဝမှုကို နိုင်ငံသားတိုင်းခံစားခွင့် ရှိသင့်တဲ့ အရပ်သားလူ့ဘောင်ခေါင်းဆောင်တွေနဲ့ ကျွန်မတို့တွေ သဘောတူညီမှုရှိခဲ့ကြပါတယ်။

ကျွန်မ ဒီနေ့တွေ့ခဲ့ရတဲ့ စည်းရုံးလှုပ်ရှားသူများနဲ့ တက်ကြွဆောင်ရွက်နေသူများက သူတို့ ရင်ဆိုင်နေကြရတဲ့ စိန်ခေါ်မှုအများအပြားနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ ရရှိဖို့ သူတို့မျှော်လင့်ထားတဲ့ သူတို့ ပံ့ပိုးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ကြပါတယ်။ သူတို့ရဲ့ စိုးရိမ်မကင်းဖြစ်မှုတွေ၊ အရပ်သားလူ့ဘောင် တခြားသူက ကြောင့်ကြမှုတွေကို အမေရိကန်က ကြားနာခဲ့ရပါတယ်။ ဒီနိုင်ငံက ပြည်သူလူထုအတွက် ကျွန်မတို့ သရုပ်ဖော်ဖို့ ဆောင်ရွက်သွားမယ့် အစီအစဉ်များကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပွင့်လင်းစွာ ကြေညာလိုပါတယ်။ ဒါက အစိုးရကနေ လုပ်မှာ မဟုတ်ပါဘူး။

ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။
ကျွန်မတို့ ဆောင်ရွက်သွားမှာကတော့ နိုင်ငံတစ်ဝန်းလုံး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေသော အရပ်သားလူ့ဘောင်အဖွဲ့များကို တိုးမြှင့် ထောက်ပံ့သွားပါ့မယ်။ ဒုတိယက အာဆီယံနဲ့ အရှေ့-အနောက်စင်တာတို့ တွဲပြီး အင်္ဂလိပ်စာ ထိရောက်စွာ သင်ကြားရေး ကနဦးဆောင်ရွက်ချက်များအပါအ၀င် ပြန်လည်ဖလှယ်ရေး အစီအစဉ်သစ်များကို ဆောင်ရွက်သွားပါ့မယ်။ တတိယကတော့ ပြည်တွင်း မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားများ တိုးတက်အောင် အခွင့်အရေးပေး လက်တွေ့ဆောင်ရွက်နေသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စတုတ္ထအနေနဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စရပ်များမှာ ပညာရေးဆိုင်ရာ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေကြတဲ့ အမေရိကန်တက္ကသိုလ်တွေ ဖောင်ဒေးရှင်းတွေကို ကျွန်မတို့ ပံ့ပိုးပေး သွားပါမယ်။

မနေ့ကပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကို ထိန်းထားမယ်ဆိုရင် ဒီထက်မက ဆောင်ရွက်ပေးသွားဖို့ ပြင်ဆင်ထားပါတယ်။ မိခင် ဧရာဝတီရဲ့ ရေစီးလိုပါပဲ။ လူသားလွတ်မြောက်ဖို့ ရေစီးကို ထိန်းထားလို့ မရပါဘူး။ ဒီနိုင်ငံက ခေါင်းဆောင်တွေကို ကျွန်မတို့ နောက်တစ်ခေါက် ပြောချင်ပါ တယ်။ လူကြီးမင်းတို့ဘက်က ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ဆက် လျှောက်နေမယ်ဆိုပါရင် အမေရိကန်ပြည်ထောင်စုကနေ လူကြီးမင်း တို့နဲ့အတူ အဲဒီလမ်းပေါ်မှာလျှောက်လှမ်းဖို့ အသင့်ရှိပါတယ်။

အထဲမှာပါ၊ အပြင်မှာပါရှိကြတဲ့ ပြုပြင်ပြောင်းလဲသူများကို ကျွန်မတို့ ပံ့ပိုးပေးသွားပါမယ်။ လာမယ့်အရေးကြီးလှတဲ့ နေ့ရက်များမှာ အမေရိကန် နိုင်ငံသားတို့ရဲ့ မျှော်လင့်ချက်နဲ့ ဆုတောင်းများက မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနဲ့ အတူရှိနေပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို မရရအောင် ဆောင်ရွက်သွားပေးဖို့ စိတ်အားထက်သန်နေပါတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

ထို့နောက် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ပြည် တွင်း၊ ပြည်ပသတင်းထောက်များ၏ မေးမြန်းမှုကို လက်ခံရာတွင် ပြည်ပသတင်းထောက်မှ မေးခွန်းတစ်ခု နှင့် ပြည်တွင်းသတင်းထောက်မှ မေး ခွန်း တစ်ခု တို့ကိုသာ ဖြေကြား သွားခဲ့သည်။

Eleven Media Group မှ သတင်းထောက်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်၏ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးရန် အလားအလာများ ရှိလာပါသလားဟု  မေးမြန်းခဲ့ရာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်က "ကျွန်မတို့မှာ အစိုးရအတွက် ကျွန်မတို့မြင်ချင်တဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမယ့် လုပ်ငန်းတွေအတွက် ရေးဆွဲသတ်မှတ်ထားတာတွေ ရှိပါတယ်။ ကျွန်မအနေနဲ့ သီးသန့် ဆွေးနွေးပွဲမှာရော၊ အများပြည်သူဆွေးနွေးပွဲတွေမှာပါ ပြောခဲ့တာကတော့  ကျွန်မတို့အနေနဲ့ လုပ်ဆောင်ချက်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနဲ့ တုံ့ပြန်ဆောင်ရွက်သွားမှာ ဆိုတာပါပဲ။ တစ်ကယ်လို့များ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ လုံးဝသိသာတာကတော့ ကျွန်မတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားသွားမယ် ဆိုတာပါပဲ။ ဒါပေမယ်လို့ ကျွန်မ အရင်ကပြောသလိုပဲ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှုနဲ့ တွေ့ဆုံ ဆွေးနွေးမှုအဆင့်ဟာ အစဦးအဆင့်ပဲ ရှိသေးပါတယ်။ အဲဒီအဆင့်ကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကြိုးစားတည်ဆောက်ခဲ့ရတာပါ"ဟု နိုင်ငံခြားaရးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

"ကျွန်မတို့ မြင်တွေ့နေရတဲ့ အားတက်ဖွယ်ရာ လက္ခဏာ၊ တိုးတက်မှုအခြေအနေတွေဟာ ကျွန်မတို့ အခိုင်အမာပြောထားတဲ့အရာတွေကို  ပွင့်ပွင့်လင်းလင်း စမ်းသပ်နေတာပါပဲ။ ကျွန်မတို့အနေနဲ့ ဒီတိုးတက်မှုတွေမှာ အမှန်တကယ် ဖြစ်ပြီး စဉ်ဆက်မပြတ် ဖြစ်ပေါ်နေမှာလားလို့ သိချင်ပါတယ်"ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် "ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းဖို့ ရှိတယ်ဆိုတာပါပဲ။ အခုအချိန်မှာတော့ ကျွန်မတို့အနေနဲ့ ဒါကို ဆွေး နွေးဖို့ရာ အဆင်သင့် မဖြစ်သေးပါဘူး။ ကျွန်မတို့အနေနဲ့ ထိတွေ့ဆက်ဆံမှု အခုမှ စတုန်းရှိပါသေးတယ်။ ကျွန်မတို့အနေနဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးတာကို မြင်ချင်ပါတယ်။ လေးနက်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးကို ကျွန်မတို့ မြင်ချင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ တွေ့ခဲ့ရတဲ့ လူတွေနဲ့သာမက ပြီးခဲ့ တဲ့ နှစ်နှစ်အတွင်း ကျွန်မတွေ့ခဲ့ဖူးတဲ့လူတွေကပါ စီးပွားရေး ပိတ်ဆို့ မှုကို ရုပ်သိမ်းခြင်းဟာ စီးပွားရေးကို အကျိုးရှိစေပေမယ်လို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း လက်ခံထားကြပါတယ်။ နောက်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ပြုလုပ်ဖို့ လည်း လိုတယ်ဆိုတာပါပဲ။ အဲဒီလို လုပ်ခြင်းအားဖြင့် အကျိုးခံစားခွင့်တွေကို လူအနည်းအကျဉ်းသာ ခံစားရတာထက် လူအများစု ခံစားရမှာ ဖြစ်ပါတယ်" ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဖြေကြားခဲ့သည်။

၁၈ မိနစ်ခန့်သာ ကြာမြင့်ခဲ့သည့် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်း ထောက် ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

Eleven Media Group

နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသွားမယ်လို့  သူရဦးရွှေမန် ကတိပြုပြောကြား



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က အောက်လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်းနှင့် ကြာသပတေးနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ဆုံ ဆွေးနွေးစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ အချိန်ဇယား မပြောသော်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသွားမှာ ဖြစ်ကြောင်း အမေရိကန်ဝန်ကြီးကို ကတိပြုလိုက်ကြောင်း ဦးသူရရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အင်္ဂါနေ့ ဒီဇင်ဘာ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု ဖြတ်တောက်မည်ဟု မြန်မာအစိုးရ၏ အာမခံချက်ကို အမေရိကန်ဝန်ကြီးက ကြိုဆိုလိုက်ပြီး ဒေသတွင်း တရုတ်နှင့် အင်အားပြိုင်ဆိုင်စရာ အကြောင်းမရှိဟု ပြောကြားသွားသည်။

 မဇ္ဈိမ သတင်း