Sunday, February 19, 2012

နိုင်ငံတော်သမ္မတထံသို့ တင်ပြတိုင်ကြားစာ ၆၆၆၀ စောင် အနက် လာဘ်ပေးလာဘ်ယူမှု အများစုပါဝင်

၂၀၁၁ ဧပြီလ ၅ ရက်နေ့မှ ၂၀၁၂ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ နိုင်ငံတော်သမ္မတထံသို့ တင်ပြစာ ၆၆၆၀ စောင် တင်ပြတိုင်ကြားသည့် အထဲတွင် တရားသူကြီး၊ တရားစီရင် မှုများအပါအ၀င် လာဘ်ပေးလာဘ်ယူမှုများ ပါဝင်ကြောင်း သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က “နိုင်ငံတော်သမ္မတရဲ့တာဝန်ပေးချက်အရ သမ္မတရုံးဝန်ကြီး ဌာနအနေနဲ့ Good Governance and Clean Government အတွက် သမ္မတရုံးကို ရောက်ရှိ လာတဲ့ တင်ပြစာတွေထဲက စိစစ်ပြီးတဲ့ အမှုပေါင်း ၂၇၈၀ စောင်၊ ဆက် လက်စိစစ်ဆဲက ၁၉၅၁ စောင်၊ အဆင့်မမီနှင့် အကြိမ်ကြိမ် တိုင်ကြားမှု ၁၉၂၉ စောင်ရှိပါတယ်။ အဲဒီအမှုတွေမှာ တရားသူကြီးကို တိုင်ကြားမှု ၄၉ စောင်၊ တရားစီရင်မှုကိုတိုင် ကြားမှု ၈၆ စောင်၊ ရှေ့နေကို တိုင်ကြားမှု ၃၉ စောင် ရှိပါတယ်။ တရားမမှုမှာတော့ အမွေမှု ၂၄ စောင်၊ မြေမှု ၃၆၆ စောင်၊ ရာဇ၀တ်မှုကတော့ အလွဲသုံးစားမှု ၅၁ စောင်၊ လူသတ်မှု ခြောက်စောင်၊ မုဒိမ်းမှုကိုးစောင်၊ အမျိုးသမီးမှုရှစ်စောင်၊ ညှင်းပမ်းနှိပ်စက်မှု ၂၉ စောင်၊ လိမ်လည်မှု ၆၄ စောင်၊ လာဘ်ပေးလာဘ်ယူမှု ၄၁ စောင်၊ ဘာသာရေးဆိုင်ရာ ၆၉ စောင်၊ အလုပ်သမား အချင်းချင်း တိုင်ကြားမှု ၁၃၂၅ စောင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တိုင်ကြားမှု ၂၁၉ စောင်၊ တပ်မတော်ဆိုင်ရာ ၇၀ စောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ ၁၂၆ စောင်၊ ဆရာဝန်တိုင်ကြားမှု ၁၂ စောင်၊ အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းတိုင်ကြားမှု ၄၆ စောင်၊ စည်ပင် ၀န်ထမ်း ၇၂ စောင်၊ ပညာရေးဝန်ထမ်း ၇၄ စောင်ရှိပါတယ်။ အဲဒီထဲ ကစိစစ်ပြီး မှန်ကန်ကြောင်း တွေ့ရသူတွေကို ကျူးလွန်သော ပြစ်မှုအလိုက် ထောင်ချထုတ်ပစ်ခြင်း၊ ထုတ်ပစ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ အဆင့် လျှော့ခြင်း၊ အဆင့်တိုးမြှင့်မှုကိုရပ် ဆိုင်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ မှတ်တမ်းဝင် သတိပေးခြင်း၊ နှုတ်ဖြင့် သတိပေးခြင်းတို့ကို ဆောင်ရွက်ပြီး အရေးယူထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
တိုင်ကြားတင်ပြရာတွင်လည်း နစ်နာသူကိုယ်တိုင် တိကျသည့် အထောက်အထားဖြင့် တိုင်ကြားတင်ပြ ချက်များကိုသာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပြီး မမှန်မကန်တိုင်ကြားသူများကို မှတ်တမ်းဝင် သတိပေးခဲ့ ပြီးနောင်တွင် မနာလိုဝန်တိုမှု၊ လုပ်ကြံ မှု၊ အသရေဖျက်လိုမှု ကြောင့် မမှန် မကန်တင်ပြ တိုင်ကြားသူများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ၀န်ထမ်းများ အပါအ၀င် နိုင်ငံသားအားလုံးက တာဝန်သိသိ၊ ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်း စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေအတိုင်း တိတိကျကျလိုက်နာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
EMG

ရွှေည၀ါဆရာတော်အားနှုတ်ဆက်ပူဇော်ပွဲ

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (မဟန) ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျောင်းတိုက်ကနေ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဦးပညာသီဟ ရဲ့ နောက်ဆုံးနှုတ်ဆက်တရားပွဲ နဲ့  ပူဇော်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ တနင်္ဂနွေ နေ့ မနက် ၉ နာရီကနေ ၁၀ နာရီခွဲ အထိ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်ရှိ သာဓုကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီနှုတ်ဆက်ပူဇော်ပွဲကို ဆရာတော်ကို လေးစားကြည်ညိုတဲ့ ဒကာ၊ဒကာမတွေ၊ စာသင်သားရဟန်းတော်တွေ၊မယ်သီလရှင်တွေ၊နိုင်ငံရေး အကျဉ်းသားဟောင်းရဟန်းတွေ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ မျိုးဆက်သစ် လူငယ်ကျောင်းသား ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းမှ ပရိတ်သတ်ထောင်ချီ တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားအတွင်းမှာ ရွှေည၀ါဆရာတော်က တရားချီးမြင့်ခဲ့ပြီး၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုမင်းဇေယျ တို့ မှ နှုတ်ဆက်ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ရွှေည၀ါဆရာတော်က အခုလို ကျောင်းတိုက်ကနေ ထွက်ခွာပေးဖို့ လိုက်လျောခဲ့ရတာဟာ လက်ရှိစာသင်သား သံဃာတော်တွေရဲ့ ပညာရေးကို မထိခိုက်စေလိုတာနဲ့ ၊လက်ရှိသွားနေတဲ့ နိုင်ငံရေး ဖြစ်စဉ်အပေါ်မှာထိပ်တိုက်တွေ့ ဆုံမှုတွေ မဖြစ်စေလိုတာ တွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဆရာသံဃာကို တပည့်ဒကာဒကာမတွေကသာ ပိုင်ဆိုင်ပြီး ဖိတ်ကြားသည့်သူ ရှိသည့်နေရာသို့ သွားရောက်ခဲ့ရသည့် အပေါ်တွင် မဟန အဖွဲ့ ၏ ဆုံးဖြတ်ချက် မှာ တရားမျှတမှုမရှိကြောင်း ဆရာတော်က ပြောကြားခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကလည်း ဆရာတော်မှာထောင်သွင်း အကျဉ်းကျ ခံရဖူးပြီး မိမိတို့ လို နိုင်ငံရေးအကျဉ်းသားဟောင်း ဘ၀တူပင် ဖြစ်ကြောင်း၊ယခုလို အဖြစ်မျိုးထပ်မံကြုံတွေ့ ရသည့် အပေါ်တွင် ၀မ်းနည်းမိရကြောင်း ပြောကြားခဲ့ပါတယ်။ သာဓုကျောင်းတိုက်ကနေ ယနေ့ တနင်္ဂနွေ နေ့ မှာ ထွက်ခွာပေးရမယ့် ရွှေည၀ါ ဆရာတော်ဟာ မှော်ဘီ ရှိ ခြံဝန်းတခုမှာ ခေတ္တယာယီသွားရောက် သွားရောက် သီတင်းသုံးနေထိုင်မယ်လို့ သိရပါတယ်။ 

ဘားမားဗီဂျေ

နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးဦးမည် မဟုတ်ဟု ပြည်ထောင်စု ၀န်ကြီး ရှင်းလင်း၊ မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေ


7211
လတ်တလောတွင် နိုင်ငံ့ဝန်ထမ်းများ အားလုံးကို လစာတိုးမြှင့်ပေးဦး မည်မဟုတ်ဘဲ ဝေးလံခေါင်သီသော ဒေသများ၌ တာဝန်ထမ်းဆောင် နေကြသော ၀န်ထမ်း ၃ သောင်းကျော် ကိုသာ လစာတိုးမြှင့်ပေးမည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ရှင်းလင်းခဲ့ သည့်အပေါ် မီဒီယာနှင့် အများပြည်သူကြား ဝေဖန်မှုအမြင် အမျိုးမျိုးရှိနေကြောင်း သိရှိရသည်။
ဝေးလံခေါင်သီဒေသ ၈၅ မြို့နယ်၌ တာဝန် ထမ်းဆောင်နေကြသော ၀န်ထမ်း ၃၇၈၁၇ ဦး၏ ဒေသ စရိတ်နှုန်းထားများကိုသာ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စတင်တိုးမြှင့်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ရေးကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှသာ ဆောင်ရွက်သင့်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဖေဖော် ၀ါရီလ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် တတိယပုံမှန် အစည်းအဝေး ၁၂ ရက် မြောက်နေ့အစီအစဉ်တွင် ပြောကြားခဲ့သည်။

အမျိုးသားစီမံကိန်းနှင့် ဘတ်ဂျက်ကို မူဘောင်သဘော ဆွေးနွေးဖို့ မိမိ လေ့လာတဲ့အခါ မသုံးသင့်တာတွေ လောလောဆယ် မလုပ်သင့်တဲ့ စီမံကိန်းတွေ ပါရှိနေကြောင်း တွေ့ရှိရပါတယ်။ အဲဒီလိုမလုပ်သင့်တဲ့ စီမံကိန်းတွေ ခဏဆိုင်းငံ့ ဆောင်ရွက်မယ်ဆိုရင် ဒီထဲကပေါ်ထွက်လာမယ့် ငွေများက မိမိတို့ အခက်အခဲဖြစ်နေတဲ့ ၀န်ထမ်းအသီးသီးအတွက် လစာကို ရာခိုင်နှုန်း တစ်ခုအထိ တိုးပေးနိုင်မယ်လို့ အကြမ်းဖျဉ်း သုံးသပ်တွေ့ရှိရပါတယ်  . . .
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းဝေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခ၊ လစာစရိတ်နှင့် ချီးမြှင့်ငွေများကို

NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အသံ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေ မိန့် ခွန်းပြောမည်

မတ်လ ၁၄ ရက် - အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အသံ ရေဒီယိုနဲ့  ရုပ်မြင်သံကြားကနေတဆင့် မြန်မာတနိုင်ငံလုံးကို မိန့်ခွန်းပြောပါမယ်။

မြန်မာနိုင်ငံ အပြောင်းအလဲ ဖြစ်ရန် နောက်ထပ် ၂ ဆ ကြိုးပမ်းရမည်ဟု ဗီဂျေနမ်ဘီးယား တိုင်းရင်းသား ခေါင်းဆောင်များကိုပြော

မြန်မာနိုင်ငံတွင် အပြောင်းအလဲ ဖြစ်ပေါ်နေသော်လည်း ယခုပြောင်းလဲနေသည်ထက် နောက်ထပ် ၂ ဆခန့် ကြိုးပမ်း ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားက တိုင်းရင်းသား ခေါင်းဆောင် များနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်ဟု သိရသည်။
vijay-nambiar-visits-burma
ယခုကဲ့သို့ ပြောဆိုခြင်းကို ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညနေ ၃နာရီခွဲတွင် ကုလသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး အစီ အစဉ် UNDP ရုံး၌တိုင်းရင်းသား ခေါင်းဆောင်များနှင့်  တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခြင်း ဖြစ်သည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောသည်။

" နမ်ဘီးယား ပြောတာက ဗမာပြည်မှာ အပြောင်းအလဲ ဖြစ်နေပြီ။ အဲဒီအပြောင်းအလဲကနေ တကယ့် စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်ဖို့အတွက် ၂ ဆ ကြိုးပမ်းဖို့လိုတဲ့အကြောင်း ပြောသွားတယ်။"

၎င်းအပြင် “ တွေ့ဆုံဆွေးနွေးရေးကနေ တဆင့် အပြောင်းအလဲဖြစ်ဖို့ဆိုတာကိုလည်း ပြောသွားတယ်။ ဒေါ် အောင်ဆန်းစုကြည် ရွေးကိုပွဲကိုဝင်လို့ လွှတ်တော်ကနေတဆင့် ကောင်းမွန်တဲ့ အပြောင်းအလဲတွေကို ဖြစ်နိုင် ဖို့ဆိုပြီးတော့ အကောင်းမြင်တဲ့ သဘောနဲ့ ဆွေးနွေးသွားခဲ့ပါတယ်။

ထိုတွေ့ဆုံဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SLND) ဥက္ကဌ ဦးခွန်ထွန်းဦး၊ ဇိုမီး အမျိုးသား ကွန်ကရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်နှင့် အတူ ကရင်တိုင်းရင်းသား ကိုယ်စားလှယ် နှစ်ဦးတို့ ပါဝင်သည်ဟု သိရသည်။

တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ဆွေးနွေးရာတွင် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရန် ဆွေးနွေးခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။

" မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းဖို့၊ အခု လုပ်နေတဲ့ အပစ် အခတ် ရပ်စဲ ရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ရှိနေသလို န၀တ၊ နအဖ ခေတ်တွေမှာလည်း ဆွေးနွေးခဲ့တာ တွေ ရှိပါတယ်။ ဒါပေမယ့် မအောင်မြင်ဘဲ ပျက်သွားတယ်။ ဘာကြောင့် ပျက်သွားရသလဲ ဆိုရင် တိုင်းရင်းသား တွေက မျှော်လင့် လိုလားနေတဲ့ နိုင်ငံ ရေးအရ ဖြေရှင်းဖို့ ပျက်ကွက်နေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ အခု လည်း အပစ်အခတ် ရပ်စဲရုံနဲ့ မပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးရုံနဲ့ မပြီး၊ နိုင်ငံရေး အရ ဖြေရှင်းဖို့လိုတယ်။ အဲဒီလို နိုင်ငံရေးအရ ဖြေရှင်းတဲ့ အခါမှာ ပင်လုံမူ၊ တန်းတူမူ၊ ပြည် ထောင်စုမူနဲ့ ဖြေရှင်းမှသာ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်ဖို့ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယား သည် မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ရောက်ရှိလာပြီး နိုင်ငံတော်သမ္မတအပါအ၀င် လွတ်တော် ဥက္ကဌများနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များကိုလည်း သွားရောက် လေ့လာခဲ့သည်။

၎င်းအပြင် ဗီဂျေနမ်းဘီးယားသည် တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး ညနေ ၅ နာရီတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား၏ ယခုခရီးစဉ် မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း စတုတ္ထအကြိမ်မြောက် မြန်မာ နိုင်ငံ ခရီးစဉ် ဖြစ်သည်။