Tuesday, November 1, 2011

မိုက်ကယ်ပိုစနာ လူထုခေါင်းဆောင် နှင့် တွေ့ဆုံမည်


အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှာ နိုဝင်ဘာလ ၂ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ် ရောက်ရှိလာမည်ဟု သိရှိရပါသည်။ 

မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့ လာရောက်သည့် သတင်းကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ပြန်ကြားဌာနမှ အတည်ပြုပြောဆိုခဲ့ပါသည်။ 

မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့သည် နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ကာ ရန်ကုန်မြို့တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ  လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအရာရှိ နှစ်ဦးမှာ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တွေ့ဆုံမည့်နေ့ရက်ကို မသိရှိရသေးကြောင်း ဦးခွန်သာမြင့်က ပြောဆိုခဲ့ပါသည်။ ထို့အပြင် အရာရှိနှစ်ဦးသည် အမျိုးသားဒီမိုကရေစီအင်အားစု (NDFနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ထိုသို့ တွေ့ဆုံဖြစ်ပါက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးနှောင့်နှေးနေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက်နေ့တွင် နှစ်လအတွင်း ဒုတိယအ ကြိမ် လာရောက်ခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း တတိယအကြိမ် ထပ်မံလာရောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်လာရောက်စဉ်က အချိန်နှစ်ရက်ကြာမြင့်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခဲ့ကာ   ခရီးစဉ်နှင့် ပတ်သက်သော အကြောင်းအရာများကို သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ပေ။ 

အမေရိကန် အရာရှိနှစ်ဦးသည် နိုဝင်ဘာလ ၄ရက်နေ့တွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။     

အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အဖြစ် တတိယအကြိမ်လာရောက်ခဲ့ပြီး အဆိုပါနေ့မှာပင် နေပြည်တော်သို့ သွား ရောက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံ ခဲ့ပါသည်။ 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေလေ့လာမှု ပြုလုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးကိစ္စရပ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉ရက် နေ့အထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖြေထွက်နိုင်ဖွယ် ရှိနေပါသည်။

သတင်း ---Eleven Media Group

နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်


ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး
လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲအမှီ ပါတီမှတ်ပုံတင်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စရပ်ကို  နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြီးနောက် ထွက်ရှိလာမှသာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခဲ့ပါသည်။ 

မူလက ပြဌာန်းထားသော နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်ထားပါသည်။ ထိုပြင်ဆင်ချက်များမှာ ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိဟု ပြင်ဆင်လိုက်သည့် နည်းတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ''ထိန်းသိမ်း စောင့်ရှောက်ရမည်''ဟူသော စကားရပ်အား ''လေးစားလိုက်နာရမည်'' ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။ 

ထိုသို့ ပြင်ဆင်မှုအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး ဥပဒေမူကြမ်းကို သမ္မတရုံးသို့ ပေးပို့ထားကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီးသည်နှင့် ဥပဒေအတည်ဖြစ်လာမည် ဖြစ်ပါသည်။


သတင်း----Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ ဒုတိယအကြိမ် ဖိတ်ကြားခံရ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေပြည်တော် 
ရောက်ရှိစဉ်က နယ်စပ်ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး ၊ သမ္မတအကြံပေး ဦးမြင့် 

တို့နဲ့ အတူတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် ကျင်းပမည့် ဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။ ယခု သီတင်းပတ် အစောပိုင်းတွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ကျင်းပမည့် နိုင်ငံပေါင်း ရှစ်နိုင်ငံပါဝင်သော Myanmar First Forum on Green Economy and Green Growth အမည်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ပြည်သူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် Green Economy Green Growth အဖွဲ့က ကြီးမှူးသော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လည်း တက်ရောက်လိမ့်မည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များသာမက အခြား အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်မျာလည်း တက်ရောက်လိမ့်မည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အောက်တိုဘာလ ၂၇ ရက်တွင် နိုင်ငံတော်က ဥပဒေပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း ၄င်းတို့၏ ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေးကိစ္စကို ဆုံးဖြတ်မည်ဟု ၂၈.၁၀.၂၀၁၁ ရက်က ပြောကြားခဲ့သည်။ NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက NLD ပါတီ ပြန်လည်မှတ်ပုံတင်ဖြစ်ပါက ယခုနှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါလီမန်ကို ကိုယ်စားပြုကောင်း ပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။ သူက “သူလုပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အနေနဲ့ ပြောရရင် သူ့ကို အဲဒီလို လုပ်စေချင်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမေရိကန် ဝန်ကြီး မိုက်ကယ် ပို့စနာ တောင်ဒဂုံမှာ HIV လူနာများနဲ့ စောင့်ရှောက်ပေးနေသူ ဒေါ်ဖြူဖြူသင်း တို့ကို သွားရောက်တွေ့ဆုံ


 အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ အရာရှိများသည် နိုဝင်ဘာ ၁ ရက်နေ့ (ယနေ့) ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် ကမ္ဘောဇ၂ လမ်းရှိ HIV လူနာများနှင့် တာဝန်ယူ စောင့်ရှောက်နေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်းထံ သွားရောက်တွေ့ဆုံခဲ့စဉ်
 

တရုတ်နယ်စပ်တွင် သျှမ်းပြည်နယ် အစိုးရ အခွန်ကောက်ခံမှု စတင်

သျှမ်းပြည်နယ်အစိုးရ အတွက် တရားဝင်အခွန် ကောက် ခံခြင်းကို တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင်အဝင်အထွက်ဂိတ်တစ်ခုဖြစ် သည့် ဆင်ဖြူ ဂိတ်တွင်နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ကစတင် လိုက် ကြောင်း သိရသည်။
ရဲ ၊ စည်ပင်သာယာ ၊ စိုက်ပျိုးရေး ၊ အကောက်အခွန်နှင့် လဝက စသည့် ဋ္ဌာနစုံပါဝင်သည့် ၀န်ထမ်းများက ကုန် ပစ္စည်း တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ အခွန်ငွေအဖြစ် ကောက်ယူကြောင်း မူစယ်မြို့ အုပ်ချုပ်ရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
MM-Chiina_Border
“ဒီနေ့မနက်ပိုင်းမှာ စကောက်နေပြီ အခွန်ကတော့ ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း ကောက်မယ် ” ဟု မူစယ်မြို့ အုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးကဆိုသည်။

ယခင်မူစယ်မြို့နယ် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ ရံပုံငွေအတွက် အခွန်ကောက်ခံနေသော ဆင်ဖြူဂိတ်တာဝန်ကျ ဝန်ထမ်း များနှင့် ပြည်နယ်အစိုးရအတွက် အခွန်ကောက်ယူမည့်ဝန်ထမ်းများအကြားယနေ့နံနက်ပိုင်းက ပြဿနာ ဖြစ်ပွားခဲ့ သေး ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်တွင်း၌ တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှု့


သမ္မတဦးသိန်းစိန် အစိုးရအာဏာရယူပြီးနောက် အင်းစိန်အကျဉ်းထောင်တွင်း၌ တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှုနဲ့ အချက်အလက်များ
မြန်မာနှိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ထုတ်ပြန်ချက်
မိုးမခ၊ နိုဝင်ဘာ ၁၊ ၂၀၁၁
(အစာငတ်ခံဆန္ဒပြမှု ၃ ကြိမ်)
      အင်စိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ၂၆.၁၀.၂၀၁၁နေ့ မှစတင်သည့် အစာငတ်ခံဆန္ဒ ပြမှုသည် သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ

NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီး လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆနေကြသလို တဘက်ကလည်း ဒီအချိန်မှာ ပြန်ပြီး မှတ်ပုံတင်လိုက်ရင် မြန်မာ့ဒီမိုကရေစီပန်းတိုင်က ပိုပြီးများ ဝေးကွာသွားလေမလား ဆိုပြီး စိုးရိမ်မှုတချို့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်က ပြင်ဆင်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေ ထွက်လာရင် ပါတီ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ယတိပြတ် ဆုံးဖြတ်မယ်ဆိုပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်တာပါ။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းရဲ့ သဘောထား အမြင်က ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

တရုတ်-မြန်မာ ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မည်

နိုင်ငံပိုင်ရုပ်သံလိုင်းများအဖြစ် ထုတ်လွှင့်ပြသလျက်ရှိသာ MRTV-4၊ Sky Net ရုပ်သံလိုင်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရုပ်သံလိုင်း တစ်ခုဖြစ်သည့် CCTV ရုပ်မြင်သံကြားတို့မှ ပူးပေါင်း၍ CCTV International ရုပ်သံလိုင်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြားတွင် စတင် ပြသနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ မြန်မာ-တရုတ် ပူးပေါင်း၍ ပြန်ကြားရေးလုပ်ငန်း ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မပာာဗျူပာာမြောက် ဆက်ဆံရေးအခြေအနေသို့ ရောက်ရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောင်အနာဂါတ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ပြန်ကြားရေးကဏ္ဍတွင် ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး ယခုထက် ပိုမို၍ ရင်းနှီးပွင့်လင်းမှုရှိသည့် ဆက်ဆံရေးကို တိုးပွားလာနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြည်ပနှင့် ပူးပေါင်း၍ ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လိုက်သည့်အတွက် ကမ္ဘာနှင့်အဝန်း ဖြစ်ပျက်လျက်ရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်တော့မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်း၍ ထုတ်လွှင့်သည့် CCTV International ရုပ်သံလိုင်းတွင် CCTV-4၊ CCTV-News၊ CCTV-9 Documentary ရုပ်သံလိုင်းတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အခပေး၊ အခမဲ့ ကြည့်ရှုခွင့်ရသော ရုပ်သံလိုင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်း.. yangonchronicle

ရန်ကုန်မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာကန့်သတ်ခဲ့




  w75_25 အောက်တိုဘာလ ၃၀ ရက် နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စင်ဝင်အောက်တွင် ဗုံးတွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့တော်ခန်းမရှေ့ အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာ ကန့်သတ်ခဲ့ကြောင်း သိရှိရသည်။ မြို့တော်ခန်းမရှေ့မျက်နှာစာရှိ မဟာဗန္ဓုလလမ်းပေါ်နှင့် ဆူးလေဘုရားလမ်းထောင့်တွင် ညနေ ၆ နာရီအချိန်ခန့်မှ စတင်၍ ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များကာရံ၍ လူများ၊ ယာဉ်များဖြတ်သန်းသွားလာမှုများကို တားမြစ်ကန့်သတ်ခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ မျက်မြင်တွေ့ရှိ သူများက ဆိုသည်။
''ညနေ ၆ နာရီကျော်လောက်ကတည်းက မြို့တော်ခန်းမရှေ့နဲ့ ဘေးနေရာအချို့မှာ ရဲတွေကာရံထားပြီး လမ်းပိတ်လိုက်တာကို တွေ့ရ တယ်။ ပထမဘာဖြစ်လို့ လမ်းပိတ်လိုက်တာမှန်း မသိဘူး။ ဈေးရောင်းတဲ့ ဘက်ကိုပဲ အာရုံရောက်နေတယ်။ အဲဒါနဲ့ မေးကြည့်လိုက်တော့ မြို့တော်ခန်းမထဲက စင်ဝင်အောက်မှာ ဗုံးတွေ့လို့ လမ်းတွေပိတ်ထားပြီး  မြို့တော်ခန်းမခြံဝန်းထဲမှာလည်း လူတွေအများကြီးပဲ ရှာဖွေမှုတွေလုပ်နေတာကို လှမ်းတွေ့နေရတယ်။ ၇ နာရီ ၅ မိနစ်လောက်မှာတော့ မြို့တော်ခန်းမထဲက ပေါက်ကွဲသံတစ်ခုကြားလိုက်ရတယ်။ ကြားရ တဲ့အသံလောက်က ကားဘီးပေါက်တဲ့ အသံလိုပါပဲ၊ အရမ်းအပြင်းကြီး မဟုတ်ပါဘူး'' ဟု မြို့တော်ခန်းအနီးတွင် ဈေးရောင်းချသူတစ်ဦးက သူ၏တွေ့ကြုံမှုများကို ပြောပြခဲ့သည်။
ထို့နောက် ည ၈ နာရီ ၂၅ မိ နစ်အချိန်ခန့်တွင် မြို့တော်ခန်းရှေ့အနီးသို့ မီးသတ်ကားနှစ်စီးရောက်ရှိလာပြီး ည ၈ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သဲများတင်ဆောင်လာသည့် ကားတစ်စီးလည်း ရောက်ရှိလာခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့သည်။
''၈ နာရီ ၂၅ မိနစ်လောက်မှာ မီးသတ်ကားနှစ်စီး လာတယ်။ မီးသတ်တပ်ဖွဲ့ဝင်အချို့ မီးသတ်ရင်ဝတ်တဲ့ ၀တ်စုံတွေ ၀တ်ထားပါတယ်။  နောက် ၁၀ မိနစ်လောက်အကြာမှာ  သဲတွေတင်လာတဲ့ ကားတစ်စီး ခန်းမနားထဲကို ၀င်သွားတယ်။ပြီးတော့အထဲမှာ သဲအိတ်တွေချပြီး ဖို့နေတာကို အပြင်က လှမ်းမြင်လိုက်ရတယ်။ ည ၉နာရီနဲ့ ၅ မိနစ်လောက်မှာတော့ မြို့တော်ခန်းမထဲကနေ နောက်ထပ်ပေါက်ကွဲသံတစ်ခု ထပ်ကြားလိုက်ရတယ်။
ပေါက်ကွဲသံကတော့ နည်းနည်းတော့ပြင်းတယ်။ ကျွန်တော်ဆူးလေဘုရားလမ်းပေါ်မှာ ရပ်နေတဲ့သူတောင် နည်းနည်းခါသွားသလို ခံစားလိုက်ရတယ်။ ပေါက်ကွဲသံ ကြားလို့ လူတွေအများကြီး အုံဝိုင်းလာတယ်'' ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ ရသူတစ်ဦးလည်း ပြောပြခဲ့သည်။
''မြို့တော်ခန်းမထဲမှာ ဗုံးကိုမပေါက်ကွဲခင် တွေ့ခဲ့တာလို့ ပြောတယ်။ ဒါနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှာဖွေမှုတွေလုပ်ပြီး ဗုံးတွေကို အန္တရာယ်မရှိအောင် ဖောက်ကွဲခဲ့တယ်လို့ သိရတယ်''ဟု မြို့တော်ခန်းမအနီးတွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ည ၉ နာရီခွဲအချိန်ခန့်တွင်မူ ပေါက်ကွဲစေနိုင်မှုနှင့်ပတ်သက်၍ အန္တရာယ်ကင်းရှင်းသည်ဟု သတ်မှတ်လိုက်ပြီးနောက် အနီးပတ်ဝန်းကျင်တွင် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာမှုများကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်းလည်း အနီးပတ်ဝန်းကျင်တွင် သွားလာနေသူများက ပြောကြားခဲ့သည်။

ဗေဒါစာဖတ်ခန်းဖွင့်ပွဲ

Daw Aung San Suu Kyi and large crowd attend opening of Bayda Institute Library. (photo: mizzima)

သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသမီးတဦးက လုံခြုံရေး လူငယ်များကြားမှ ပန်းပေးနေသည်ကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းများတွင် ပညာရေးနှင့် ပက်သက်ပြောဆိုလေ့ရှိပြီး စာဖတ်ခန်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ အချို့ကို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်း ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုနေသူများကြားတွင် တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဗေဒါကျောင်းသည် စွယ်စုံရ လေ့ကျင့်ရေးစင်တာ တခုဖြစ်ပြီး ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ကျောင်းနေရာ မကြာခဏ ရွှေ့ပြောင်းခဲ့ရသည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော NLD ဥက္ကဌ ဦးတင်ဦးကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
သတင်း/ဓါတ်ပုံ -- Facebook မဇ္ဈိမ

နိုဝင်ဘာ ၁၄ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ခွင့်ရရှိရန် ၇၅ရာခိုင်နှုန်းမျှော်လင့်ထားကြောင်း ကိုဇာဂနာပြောဆို


၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် အကျဉ်းထောင်အသီးသီးတွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရန် ၇၅ ရာခိုင်နှုန်းခန့် မျှော်လင့်ထားကြောင်း မောင်သူရ (ခေါ်) ဇာဂနာမှ ပြောဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေလွတ်မှာပါ ၇၅ ရာခိုင်နှုန်းလောက်တော့ ကျွန်တော်မျှော်လင့်ထားပါတယ် တကယ်လွတ်လာရင် ၁၀၀ ရာခိုင်နှုန်းပေါ့လေ လာမယ့် နိုဝင်ဘာ၁၄ရက်နေ့ ပြန်လည်လွတ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာသည် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ဆယ့်လေးရက် အကြာတွင် နိုင်ငံရေးသည် အနုပညာနှင့် ဆက်နွယ်နေခြင်းကို ပေါ်လွင်စေရန်အတွက် လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ကျင်းပရခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကားများရုံတင်သောနေ့တွင်လည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ကိုဇာဂနာမှ ဆက်လက်ပြောပြသည်။

“ကျွန်တော်တို့အခု လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်တဲ့လူတွရဲ့ ကားတွကိုရုံတင်တဲ့အခါမှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အဲ့ရုံထဲမှာလာကြည့်ကြမှာလေ။ တစ်ယောက်မှ ထောင်ထဲမှာ ရှိတော့မှာမဟုတ်ဘူး။ အကုန်လွတ်လာပြီ အဲ့အချိန်လောက်ဆို ကျွန်တော်ပြောတာက ဒီပွဲမတိုင်ခင်မှာ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လွတ်လာပြီး လာကြည့်ကြမှာပါ” ဟု ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာက ပြောသည်။

ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာသည် ပေါင်းတည်ထောင်၊  နတ်တလင်း  နှင့် ပြည်ထောင် များသို့ သွားရောက်ကာ ယုံကြည်ချက်ဖြင့် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား သွားရောက်၍ အလှူငွေပေးအပ်ခြင်းနှင့် အနုပညာရှင်များမှ ၀ိုင်းဝန်းကူညီသော ထောက်ပံ့သော စာစောင်များနှင့် အ၀တ်အထည်များကို လှူဒါန်းပေးခဲ့ပြီး နိုဝင်ဘာလ တစ်ရက်နေ့တွင်လည်း အခြားသော ထောင်များသို့ သွားရောက် ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
အောက်တိုဘာ ၃၁၊ ရန်ကုန်မြို့။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့အား မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ မစ္စတာ ဗီဂျေးနမ်ဘီယာ ရောက်ရှိလာခြင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားခဲ့ရာတွင် ဗီ ဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံခရီးစဉ် သည်ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၂၀၁၀ပြည့်နှစ်မှ စတင်ပြီး  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ် မေလတွင် ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။ ထိုသို့လာရောက်စဉ်က နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။
အိန္ဒိယ နွယ်ဖွားဖြစ်သူ မစ္စတာဗီဂျေးနမ်ဘီယာသည် ၂၀၀၇ခုနှစ် ဇန်န၀ါရီလမှစတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀၁၀ ခု၊ ဇန်န၀ါရီလတွင် ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီ ရာထူးက နှုတ်ထွက်ခဲ့ပြီး နောက်မစ္စတာဂမ်ဘာရီ၏ နေရာကို ဆက်လက်တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရာဇာလီအစ္စမေးလ်နှင့် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီတို့က တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မစ္စတာဗီဂျေးနမ်ဘီယာက် တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်းက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး  Mr.Marty Natalegawa  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့်ပတ်သက်ပြီး အချက်အလက် ရှာဖွေလေ့လာမှုပြုလုပ်ရန် လာရောက်ခဲ့ပါသည်။
အောက်တိုဘာလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Mr.Derek Mitchell က  မြန်မာနိုင်ငံသို့ အချိန်နှစ်လအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။
ထို့ပြင် Mr.Derek Mitchell သည် နိုဝင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိမြောက်ခရီးစဉ် လာရောက်မည်ဟု သတင်းထွက်ပေါ်လျှက်ရှိပြီး အတည်ပြုချက် မရရှိသေးပေ။ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်မည့် Mr.Derek Mitchell  ၏ ခရီးစဉ်သည် လေး ရက်ကြာမြင့်နိုင်ကြောင်း သိရှိရကာ Mr.Mitchell နှင့်အတူ အမေရိကန်လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Michael Posner လည်း လိုက်ပါလာမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေပါသည်။

သတင်း---Eleven Media Group

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည် လည်ပတ်မည်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အမေရိကန်၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချဲလ် နှင့်လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Michael Posner မိုက်ကယ်ပေါ့စနာတို့ မြန်မာပြည်သို့ နိုဝင်ဘာလ ၁ ရက်နေ့တွင်အလည် အပတ်ရောက်ရှိမှာ ဖြစ်သည်။
dasskanddelmischel1
အမေရိကန်၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချဲလ် (ဓါတ်ပုံ မဇ္ဈိမ)


ယခုခရီးစဉ်မှာ မစ္စတာ ဒဲရစ်မစ်ချဲလ်၏ နှစ်လအတွင်း တတိယမြောက် ခရီးစဉ် ဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုတိယဝန်ကြီးလည်းဖြစ်သော မိုက်ကယ်ပေါ့စနာ၏ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ် သည်။

“မနက်ဖြန် ၁၁ နာရီမှာ သံရုံးမှာ တွေ့ဖို့ ချိန်းထားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ -  NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ကန်အဆင့်မြင့် အရာရှိများ၏ လေးရက်ကြာ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှာဖြစ်သည်။  တွေ့ဆုံမှုတွင် NDF ပါတီနှင့်အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ - တစည၊ ဒီမိုကရက်တစ်ပါတီ -DPM တို့နှင့်လည်း ပါဝင်မည်ဟု သိရသည်။

NDF အနေဖြင့် တွေ့ဆုံမှုအတွင်း တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ သဘောထားအား မေးမြန်းသွားမည်ဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကို ကျနော်တို့လည်း ပြောမှာပါ။ ငြိမ်းချမ်းရေးက အရေးကြီးတာကို။ငြိမ်းချမ်း ရေးရမှပဲ စီးပွားရေး ကိစ္စက လုပ်လို့ရမှာကိုး” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍လည်း ထည့်သွင်း မေးမြန်း သွားမည်ဟု NDF က ဆိုသည်။

အမေရိကန်အစိုးရမှာ မြန်မာနိုင်ငံအား တဖက်တွင် စီးပွားရေး ပိတ်ဆို့မှုဆက်ထားကာ တဖက်တွင် တွေ့ဆုံ ဆွေးနွေးရေး ဟူသော မူဝါဒဖြင့် ဆက်ဆံနေခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေးနှင့် ပြည်တွင်းစစ်ကြောင့် ဒုက္ခ ရောက်နေသူ များအား နိုင်ငံတကာ အကူအညီများ ထိရောက်စွာပေးပိုင်ခွင့် ပြုလုပ်ရန်တို့ကို ကန့်သတ် ချက်များအဖြစ် အမေရိကန် က ချမှတ်ထားသည်။

 “အမေရိကန်နိုင်ငံက ကိုယ်စားလှယ်တွေ လာပြီးတော့ ထိတွေ့၊ ပြောဆို၊ ဆွေးနွေးသည်နှင့်အမျှ ကျနော်တို့ နိုင်ငံရဲ့ အနေအထား၊ အခြေအနေကို သဘောပေါက်လို့ရှိရင် ဒီဆန်ရှင်ဆိုတဲ့ လမ်းကြောင်းကလည်း တစတစ ပပျောက် သွားလိမ့်မယ်လို့  ယူဆထားပါတယ်” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရ ဦးဟန်ရွှေက ပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြောင်းလဲမှုများ ဖြစ်ပေးနေပြီဖြစ်ကြောင်း တစညအနေဖြင့် လက်ခံထားကာ တွေ့ဆုံမှု အတွင်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာများကို တင်ပြသွားမည်ဟု သိရသည်။

သို့သော် ဒီမိုကရက်တစ်ပါတီ (မြန်မာ) - DPM အနေဖြင့်မူ အစိုးရအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုလုပ်နေ သည်မှာ မှန်ကန်သော်လည်း ကြန့်ကြာမှုများ ရှိနေသေးကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသေးကြောင်းထောက်ပြပြောဆိုသည်။

ကန်အရာရှိများနှင့် တွေ့ဆုံပွဲသို့ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေ တက်ရောက်မည် ဖြစ်ကာ မည်သည့် ကိစ္စရပ်များ ဆွေးနွေး မည်ကို မသိရသေးပေ။

“အပြောင်းအလဲတခုတော့ လုပ်တော့ လုပ်နေတာပဲ။ လုပ်နေပေမယ့် တချို့ကိစ္စတွေမှာလည်း ကြန့်ကြာတယ်။ တချို့ ကိစ္စတွေမှာလည်း ပီပြင်မှု မရှိသေးဘူးပေါ့နော်။ အရင်တုန်းက နိုင်ငံရေးပါတီတွေကလည်း ကိုယ့် အလုပ်သမား သမဂ္ဂနဲ့ ကိုယ် ဖွဲ့နိုင်တယ်ပေါ့နော်။ လယ်သမားအစည်းအရုံးတွေ ဖွဲ့နိုင်တယ်။ အခုက အဲဒီမျိုးတွေ မရှိသေးဘူး။ မရှိသေးဘူး ဆိုတော့ ဒီမိုကရေစီပီပီပြင်ပြင်ကြီးတော့ မရှိသေးဘူး” ဟု DPM ပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောဆိုသည်။

ကန်အဆင်မြင့်အရာရှိများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားပြီး မည်သည့်နေ့ရက်တွင် တွေ့ဆုံမည်ဆိုသည်ကိုမူ မသိရသေးကြောင်း “ကျနော်တို့ကို တွေ့မယ်လို့တော့ ပြောထားပြီးပြီ။ ရက်ကတော့ မသတ်မှတ်ရသေးပါဘူး” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံစဉ်အတွင်း ဒီမိုကရေစီပြောင်းလဲရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးနှင့်လူ့အခွင့်အရေးကိစ္စ များကို ထည့်သွင်းပြောဆိုသွားမည်ဟု သိရသည်။

မစ္စတာ ဒဲရစ်မစ်ချဲလ်၏ မြန်မာနိုင်ငံသို့ နောက်ဆုံးအလည်အပတ်ရောက်ခဲ့သည်က အောက်တိုဘာလ ၂၄ရက် နေ့ တွင် ဖြစ်သည်။