Friday, March 9, 2012

ဖက်ဒရယ်ဖြင့် အုပ်ချုပ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆိုမှုအပေါ် CPP ကြိုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအား ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် အုပ်ချုပ်သင့်သည်ဟု တိုင်းရင်းသား လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့်အပေါ် ချင်းတိုးတက်ရေးပါတီ – CPP က ကြိုဆိုသည်။
“ဖက်ဒရယ်ဆိုတဲ့ စကာလုံးက ကြောက်စရာ ကောင်းတဲ့ စကားလုံး မဟုတ်ဘူး။ တိုင်းရင်းသားတွေ ကလည်း ကျမလေ့လာရသလောက်ဆို ဘယ်သူမှ ပြည်ထောင်စုကနေ ခွဲထွက်ချင်တဲ့စိတ် မရှိကြဘူး။ ကျမတို့နိုင်ငံမှာ လိုအပ်လို့ရှိရင် ဖက်ဒရယ်နဲ့ အုပ်ချုပ်ရင် ပိုသင့်တော်မယ်လို့ ဒေါ်စု ပြောတယ်။ အဲဒီလိုပြောတဲ့အပေါ် ကြိုဆိုပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် CPP ပါတီ အတွင်းရေးမှူး ပူးဇုန်လှယ်ထန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှမ်း၊ ရခိုင်၊ ချင်း၊ ပလောင်၊ ပအို့ဝ်၊ ၀၊ ဖလုံ စဝေါ်စသည့် ပါတီများမှ လွှတ်တော် ကိုယ်စားလှယ်များ ယခုလ ၆ ရက်နေ့ မနက်ပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး ကြားဖြတ်ရွေး ကောက်ပွဲ အရေးနှင့် တိုင်းရင်းသားအရေးတို့ ပြောဆို ဆွေးနွေးခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဖက်ဒရယ်ဆိုတာက ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုစ နစ်ကို ဆိုလိုတယ်လို့ပဲ ကျနော် နားလည်တယ်။ ဒါကတော့ ကျနော်တို့ တိုင်းရင်းသားတွေ အားလုံးရဲ့ မျှော်လင့်ချက် ပဲလေ။  သူပြောတာကို အားလုံးက ကျေနပ် ကြတာပေါ့”ဟု ဖလမ်းမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ပူးဇုန်လှယ်ထန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် စစ်မှန်သော ပြည်ထောင်စု ထူထောင်လိုခြင်းကြောင့် ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သွားရောက်ခဲ့သည့် ကချင်ပြည်နယ် နမ္မတီးမြို့ခရီးစဉ်တွင် ထုတ်ဖော်ပြောဆိုထားသည်။

“အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းရင်း တခုကတော့ ပြည်ထောင်စုကို ထူထောင်ချင် လို့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓါတ်ကို ပြန့်ပွားစေချင်လို့ ဖြစ်ပါတယ်”ဟု ဒေါ်အောင် ဆန်းစုကြည်က နမ္မတီးဟော ပြောပွဲတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားဟူသည့် စကားလုံးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ဗမာဆိုတာလည်း တိုင်းရင်း သား တခုပါပဲ။ ဆိုတော့ မင်းတို့ တိုင်းရင်းသားတွေဆိုတဲ့ စကားလုံး မသုံးသင့်ဘူး။ ကျနော်တို့ ကျမတို့ တိုင်းရင်းသားတွေဆိုတဲ့ စကားလုံး သုံးသင့်တယ်လို့ သူ့အမြင်ကို ကျနော်တို့ကို ပြောတယ်”ဟု ပူးဇုန်လှယ်ထန်းက ဆက်ပြောသည်။

မြန်မာပြည်၌ လက်ရှိ အသုံးပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အခွင့်အာဏာပေးအပ်ထားမှု အလွန် နည်းပါးကြောင်း ပူးဇုန်လှယ်ထန်းက ဝေဖန်ပြောဆို သည်။

“အိန္ဒိယမှာဆို မီဇိုရမ်ပြည်နယ်က ၀န်ကြီးချုပ်ကို သူတို့ရဲ့ ပါလီမန်ကနေ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဥပဒေပြုခွင့်နဲ့ လုပ်ပိုင်ခွင့်တွေက အများကြီးပဲ။ ကျနော်တို့ဆီမှာတော့ ပြည်နယ်တွေကို စုစည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုလို့ ပြောလို့မရသေးဘူး”ဟု သူက ပြောသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၈ ခုသာ ရှိသည့်အတွက် ယင်းပမာဏမှာ အစိုးရအား ပြောင်းလဲနိုင်သည့် အရေအတွက် မဟုတ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အတွင်း ၀င်ရောက်လာပါက အပြောင်းအလဲများစွာကို ဦးဆောင်လုပ်ကိုင်သွားနိုင်မည်ဟု ပူးဇုန်လှယ်ထန်းက ဆက်ဆိုသည်။

လယ်သမားများအတွက် လယ်သမားသမဂ္ဂလိုအပ်နေကြောင်း လယ်သမားများ ပြောဆို


by Myit Makha Mediagroup on 9 Mar, 2012


၂၀၁၂ခုနှစ် မတ်လ ၉ရက် နံနက် ၁၁နာရီ ၀န်းကျင်တွင် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်မှ လယ်သမား ၁၀ဦးကျော်သည် လယ်သမားများနစ်နာနေခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက် ပေးသော သမဂ္ဂမရှိခြင်းကြောင့် အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း လယ်သမားများထံမှ သိရှိရသည်။
 
“ကျွန်တော်တို့ လယ်သမားတွေမှာ အစုအဖွဲ့မရှိတဲ့အတွက် ကျွန်တော်တို့တွေမှာ အခက်အခဲတွေ ရှိတယ် ဘာလဲဆိုတော့ ကျွန်တော်တို့လယ်သမားတွေ ဘယ်လိုအခက်အခဲပြသာနာဖြစ်ဖြစ် ဘယ်သူမှ ဖြေရှင်းပေးမဲ့သူမရှိဘူး အဲ့ဒါကြောင့် လယ်သမားသမဂ္ဂဖွဲ့စည်းပေးလိုတယ် နိုင်ငံတော် သမ္မတကနေပြီးတော့ သမဂ္ဂဖွဲ့စည်းခွင့်ကို လက်မှတ်ထိုးတယ်ဘာညာ ဒါပေမဲ့ သက်ဆိုင်ရာ ဌာနကို မေးကြည့်တော့ ကျွန်တော်တို့ဆီ မရောက်သေးဘူးလို့ပြောတယ် ကျွန်တော်တို့အခက်အခဲတွေကို ဖြေရှင်းပေးစေလိုတယ်” ဟုဝေါမြို့နယ် ဖိုးစိန်ရပ်ကွက်မှ ဦးမိုးဝေက ပြောသည်။
 
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ဖိုးစိန်ရပ်ကွက်မှ လယ်သမားအများစုသည် စပါးစိုက်ပျိုးရာ၌ အသီးအပွင့် ပွင့်ချိန်တွင် ရေလုံလောက်မှု မရရှိခြင်းကြောင့် စပါးပင်များ ပျက်ဆီးခြင်း ၊ ပဲစိုက်ပျိုးရာတွင်လည်း ငမြောင်တောင်ပိုးကြောင့် ပဲခင်း ပျက်ဆီးခြင်းများကြောင့် လယ်သမားများအနေဖြင့် ရှေ့ရေးအတွက် စိုးရိမ်ပူပန်ခြင်းများ ရှိနေကြောင်း သိရှိရသည်။
 
“စပါးစိုက်တော့ အသီးအပွင့် ပွင့်ချိန်ရောက်တဲ့အခါလဲကျရော ရေကလုံလောက်မှုမရှိတော့ဘူး ကျွန်တော်တို့မြို့နယ်က တိမ်ကောတဲ့အတွက် ရေကလိုသလောက်မရနိုင်ဘူးလေ အဲ့အတွက် မြေသြဇာကြဲတော့ စပါးက ဘာမှတော့ သိပ်မဖြစ်တော့ဘူး ဒါပေမဲ့ ပဲပြောင်းစိုက်တော့ ငမြောင်တောင်ပိုးကြောင့် ရိတ်သိမ်းစရာတောင် မလိုတော့ဘူး အကုန်ပြောင်တာ အဲ့အတွက် ဘယ်လိုပိုးသတ်ဆေးမျိုးသုံးလို့မှ မရဘူး” ဟု ပဲခူးတိုင်းဒေသကြီးမှ လယ်သမားတစ်ဦးဖြစ်သူ ဦးကျော်လွင်က ပြောသည်။
 
ငမြောင်တောင်ပိုးကြောင့် ပဲစိုက်ခင်းပျက်ဆီးခြင်းများ ဖြစ်ပေါ်နေပြီး အဆိုပါ ပိုးအတွက် ပြည်တွင်းပိုးသတ်ဆေးဖြင့် သတ်၍ မရနိုင်ဘဲ ပြည်ပမှ ငါးနှစ်ကောင် တံဆိပ်ပိုးသတ်ဆေးဖြင့်သာ ရနိုင်သော်လည်း တရားမ၀င်ဆေးသုံးစွဲခြင်းဖြင့် အရေးယူခြင်း ခံရနိုင်ခြင်းကြောင့် ပြည်တွင်းတွင် ငမြောင်တောင်ပိုးအား အမှန်သေစေနိုင်သော ပိုးသတ်ဆေး ထုတ်လုပ်ပေးသင့်ကြောင်း လယ်သမားများထံမှ သိရှိရသည်။
 
“ငမြောင်တောင်ပိုးကို သေစေတဲ့ ပိုးသတ်ဆေးက ပြည်ပကလာတဲ့ ငါးနှစ်ကောင်ဆိုတဲ့ တံဆိပ်နဲ့ဟာက သေတယ် ဒါပေမဲ့ ဈေးကြီးတယ် အဲ့ဒါကိုသုံးရင်လဲ တရားမ၀င်တဲ့ ပိုးသတ်ဆေး ၊ မှတ်ပုံမတင်ထားတဲ့ ဆေးသုံးတယ်ဆိုပြီး ခြိမ်းခြောက်ခံရတာတို့ အရေးယူခံရတာတို့ ဖြစ်လာမှာဆိုးလို့ ကျွန်တော်တို့လဲ သိပ်မသုံးရဲဘူး အဲ့ဒါကြောင့် ပြည်တွင်းမှာပဲ ထုတ်တဲ့ ငမြောင်တောင်ပိုးကို သေစေနိုင်တဲ့ ပိုးသတ်ဆေးကို ထုတ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ခမည်းကြီးကျေးရွာမှ ကိုသောင်းထွေးက ပြောသည်။
 
လယ်သမားအများစုမှာ စပါးစိုက်ပျိုးချိန်တွင် ရေအလုံအလောက်မရရှိခြင်းကြောင့် စပါးပျက်စီးဆုံးရှုံးခြင်း ၊ ပဲစိုက်ပျိုးရာတွင်လည်း ငမြောင်တောင်ပိုးကြောင့် ပဲစိုက်ခင်းပျက်ဆီးခြင်းများ ဖြစ်ပေါ်နေခြင်းများကြောင့် စိုက်စရိတ်ချေးငွေအတွက် ပြန်လည် ဆပ်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
 
အဆိုပါ ကိစ္စရပ်များကို ဖြေရှင်းပေးမည့် လယ်သမား သမဂ္ဂတစ်ရပ်ဖြစ်ပေါ်ရေး နှင့် လယ်သမားများ၏ အခက်အခဲများကို လွှတ်တော်အတွင်းတွင်လည်း ဆွေးနွေးပေးနိုင်ရန် မျှော်လင့်ကြောင်း သိရှိရသည်။