Tuesday, February 28, 2012

ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ

 ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"အယူခံလွှာကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ပလပ်လိုက်ပါတယ်။ ကိုယ်စားလှယ် လောင်းတွေကိုလည်း ဒီနေ့ ထုတ်ပြန်ခိုင်းလိုက်ပါပြီ။ ၃:၃ဝ လောက်က အန်ကယ်တို့ ထုတ်ပြန်ခိုင်းလိုက်ပြီ" ဟု ဦးကိုကို က ပြောသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွှာကို တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ အင်္ဂါနေ့တွင် ပလပ်လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဝင်ရောက်အရွေးခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ရွေးကောက်ပွဲ
ကော်မရှင်က အင်္ဂါနေ့တွင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ဦးတင်ရီ၏ ကန့်ကွက်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ကဒ် ရရှိထားသူ
ဖြစ်ခြင်း၊ ရရှိသည့် ဆုငွေများကို နိုင်ငံခြားဘဏ်များတွင် အပ်နှံထားခြင်း၊ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် နေထိုင်စဉ် အခွန်ငွေများကို မြန်မာသံရုံးသို့ ပေးဆောင်ခြင်းမရှိဘဲ ဗြိတိန်အစိုးရသို့သာ ပေးဆောင်ခြင်းတို့ကြောင့် နိုင်ငံခြားသား အကျိုးကျေးဇူးများကို ခံစားနေသူဖြစ်သည်ဟု စွပ်စွဲထားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်း
နေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ ပုဒ်မခွဲ (စ) တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်း
ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိရဟု ဖေါ်ပြထားသည်။

ဦးတင်ရီ၏ အထက်ပါ စွပ်စွဲချက်များများနှင့် ပတ်သက်၍ ခိုင်လုံသည့် သက်သေ အထောက်အထား မရှိခြင်းကြောင့် ကန့်ကွက်မှုကို ပယ်ချလိုက်ခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့တုန်းက အခွန်ငွေ မဆောင်ခဲ့ဘူးပေါ့။ အဲဒီလိုမျိုး သူပြောရုံနဲ့တော့ အန်ကယ်တို့က လက်မခံဘူး။ အထောက်အထား အခိုင်အမာ တင်ပြရမယ်။ အဲဒီလိုမျိုး မဆောင်ခဲ့တာကို ဘယ်မှတ်တမ်း မှတ်ရာတွေရှိသလဲ။ သက်ဆိုင်ရာ သံရုံးက စာရွက်စာတမ်း ပြလေ။ သူ ရအောင်ယူပြီး အန်ကယ်တို့ကို တင်လေ။ ဟိုစာစောင်ထဲမှာ ပါတာကိုကူး၊ ဒီက ကြားတာကို ထည့်ရေး၊ ဒါမျိုးဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထား မဟုတ်ဘူးလေ။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ တင်သွင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်" ဟု ဦးကိုကိုက
ပြောသည်။

ဦးတင်ရီသည် သူ၏ ကန့်ကွက်လွှာကို ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့သေးပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပယ်ချပြီးနောက် အယူခံကို တိုင်း ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြခဲ့ရာ တိုင်းရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်သည်။

ဦးတင်ရီ၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ တိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည်ကို တိုင်းရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကိုးကားကာ "ဒါ့ကြောင့် အန်ကယ်တို့က နောက်ထပ်တကြိမ်ကိုတော့ အန်ကယ်တို့က လက်မခံတော့ဘူး။ ရှေ့လုပ်ရမယ့် အလုပ်ကိုပဲ ဆက်လုပ်တော့မယ်။ ဒါနဲ့ အချိန်ကုန်မခံနိုင်တော့ဘူး" ဟု မဇ္ဈိမကို
ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဦးတင်ရီ၏ ကန့်ကွက်မှုကို လက်မခံနိုင်ကြောင်း တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။

"ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တယောက်ကို ဒီလိုကန့်ကွက်ခြင်းဟာ ပြည်သူလူထု မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးရာရောက်တယ်။ ဒီမိုကရေစီ အစဉ်အလာ
တွေကိုလည်း ပစ်ပယ်ရာရောက်တယ်။ နိုင်ငံရေး ဖြစ်စဉ်ကြီးကိုလည်း အားနည်းအောင် လုပ်ရာကျတယ်။ ဒါ့ကြောင့် ဒါကို ကျနော်တို့ လက်မခံဘူးလို့ ပြောတာပါ။" ဟု NDF မူဝါဒရေးရာကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန်အတွက် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ဝါးသင်္ခရွာတွင် သန်းခေါင်စာရင်း ဝင်ထားပြီးဖြစ်သည်။

 “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာ ကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်
နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု သတင်းမီဒီယာများကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,ဝဝဝ ခန့် ရှိသည့်အနက် ၂ဝ၁ဝ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်း အရေအတွက်မှာ ၈၃,ဝဝဝ ခန့် ရှိကြောင်း သိရှိရသည်။
 ချင်းမိုင် (မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ
by Yangon Press International on Saturday, 25 February 2012 at 08:25 ·
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက
ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။
ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။
အဲဒါတွေက
၁- KIA က ဘာလို့ဖြစ်လာတာလဲ
၂ – ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။
ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။
ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊
ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။
ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ
မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊
ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊
အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။
၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။
ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊
ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊
အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။
အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊
ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။
အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။
ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။
အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ
“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့
“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။
YPI

ဒီမိုကရေစီလမ်းကြောင်းနှင့် ကိုက်ညီမှု မရှိသည့် ဧည့်စာရင်း တိုင်ကြားခြင်း ဥပဒေကို ဆက်လက် ပြဌာန်း


ခတ္တာနွန်

ဧည့်စာရင်း တိုင်ကြားခြင်း ဥပ ဒေကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပ ဒေတွင် ဖေဖော် ဝါရီလ ၂၄ ရက်နေ့က ပြည်သူ့ လွှတ်တော်၌ အတည်ပြု ခဲ့သည်။

ယင်း ဥပဒေပါ အခန်း (၉) ပုဒ်မ ၁၇ / (က) (ခ) တွင် မိမိ အိမ်ထောင်စု စာရင်းဝင် မဟုတ် သူက ညဉ့်အိပ် ညဉ့်နေ ဧည့်သည် အဖြစ် လာရောက် တည်းခိုခြင်း၊ မိမိထံ လာရောက် တည်းခိုသော ဧည့်သည် ပြန်လည် ထွက်ခွာ သွားခြင်း တို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေး ရွာ အုပ်ချုပ် ရေးမှူးထံ သတ်မှတ် ချက်နှင့် အညီ တိုင်ကြားရန် တာဝန်ရှိ သည်ဟု ၂၅ ရက် နေ့ထုတ် မြန်မာ အစိုးရ သတင်းစာ များတွင် ယင်း ဥပဒေ ကိုဖေါ်ပြ ခဲ့သည်။

“အခုလို ဒီဥပ ဒေကို ထည့်သွင်း ထားလိုက်ခြင်း အားဖြင့် ကျနော် တို့နိုင် ငံမှာ ငြိမ်းချမ်း သာယာ နေပြီ ဆိုတဲ့ အခြေ အနေမျိုး မရှိသေး ဘူး ဆိုတာကို ဖော်ပြ နေသ လိုဖြစ် နေပါတယ်” ဟု မြန်မာ နိုင်ငံ ရှေ့နေများ ကောင်စီမှ ဦးမျိုး (ဥပဒေ ရေးရာ သုံးသပ်ရေး ဌာန) က ပြောသည်။

မိမိတို့နိုင်ငံ ငြိမ်းချမ်း၍လွတ်လပ်နေပြီဟု ယုံကြည်လျှင် ယင်းကဲ့သိုသော ဥပဒေအား ပြဌာန်းရန် မလိုကြောင်း ဦးမျိုး (ဥပဒေ) က ဆက် ပြောသည်။

ယင်းဥပဒေပါ အခန်း (၁၁) ပုဒ်မ ၂၇ အရ ဧည့်စာရင်းတိုင်ကြားခြင်းမပြုပါက အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြစ်ဒဏ်အဖြစ် ကျပ်ငါး ထောင် ထက်မပိုသော ငွေဒဏ်နှင့်၊ ခုနစ်ရက်ထက်မပိုသော ထောင်ဒဏ်ကျခံရမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“ကိုယ့်နိုင်ငံ လွတ်လပ်ရေးမရခင် ကိုလိုနီခေတ်ကတည်းက မြို့ပြဆိုင်ရာအုပ်ချုပ်ရေး အက်ဥပဒေအရ ဧည့်စာရင်းမတိုင်ရင် အပြစ်ဒဏ် ပေးတာတို့ ထောင်ချတာတို့လုပ်ခဲ့တာပဲ၊ အခုလွတ်လပ်ရေးရပြီးကိုယ့်နိုင်ငံ အေးချမ်းနေပြီဆိုတဲ့အခြေအနေကို ပြနိုင်လောက်တဲ့ ဥပဒေ မျိုး မဟုတ်ဘူး” ဟု ဦးမျိုး (ဥပဒေ) မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီမှ သုံးသပ်သည်။

တစ်ခြားသော ဒီမိုကရေစီနိုင်ငံများတွင် ဧည့်စာရင်းတိုင်ကြားခြင်းဥပဒေမရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံသို့ချီတက်နေပြီဟုပြောဆိုနေပြီး ယင်းကဲ့သို့ ဥပဒေတစ်ရပ်အဖြစ် ထည့်သွင်းဖော်ပြထားခြင်းကို နားမလည်မိကြောင်းလည်း သူကဆက်ပြောသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခန့်အပ်သည့်ပုံစံနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ ဗြောင်မဲ ပေး၍ ရွေး ချယ် သွားရန်အဆို ရှုံးနိမ့်ခဲ့သည်။

ဧည့်စရင်းတိုင်ကြားခြင်းဥပဒေသည် အင်္ဂလိပ်ကိုလိုနီလက်ထက် ၁၉၀၇ ခုနှစ်ကတည်းမှပြဌာန်းခဲ့ပြီး ယခု ကာလ အထိပြုပြင် ပြောင်းလဲ မှုမရှိဘဲ ဆက်လက်အတည်ပြုထားခြင်းဖြစ်သည်။

ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို


တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက  ပြောသည်။


“ အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်” ဟု ၎င်းကဆိုသည်။



ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို  ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။



 

ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ


ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။



ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊  ထို့ကြောင့် တိုင်ကြားစာတွင်  တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား  လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။

“ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။


တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။

တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း  ၁၈၆၂  ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။

ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။

ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင်  ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။

ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။        ။

ရွှေညဝါ ဆရာတော်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ဘုရား ထီးတော် တင်ပွဲ


ရွှေညဝါဆရာတော်နှင့် ၈၈ မျိုးဆက်ကျောင်းသားတွေ၏ ဘုရားထီးတော် တင်ပွဲ
ရွှေညဝါ ဆရာတော် ဦးပညာသီဟ ကိုယ်တိုင် ဦးစီးပြီး သီရိမင်္ဂလာ ရာပြည့် မော်ကွန်း စေတီတော် မြတ်ကြီးရဲ့နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ထီးတော်တင် အလှူမင်္ဂလာ အခမ်းအနားကို
မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ဘုရားကုန်းကျေးရွာ ရွှေဒါးကုန်းအုပ်စုမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ကျင်းပ ပြုလုပ်ခဲ့ရာမှာ ဒီအခမ်းအနားကို ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင်တွေ ကိုဝင်းမော် ဦးဆောင်တဲ့ ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေ တက်ရောက် ခဲ့ကြပါတယ်။

လူ ထောင်နှင့်ချီ အားပေးခဲ့ကြသည့် ပန်းပဲတန်း အန်အယ်ဒီ ရုံးခန်းသစ် ဖွင့်ပွဲ

ပန်းပဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းသစ်ဖွင့်ပွဲ
ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ် ၂၈ လမ်းနဲ့ မောင်ထော်လေးလမ်းကြားမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ရုံးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းက
ကျင်းပ ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်များဖြစ်တဲ့ နာယက ဦးတင်ဦးနဲ့ ဟံသာဝတီ ဦးဝင်းတင်တို့က တက်ရောက် ဖွင့်လှစ် ပေးခဲ့ကြပြီး ပန်းပဲတန်းမြို့နယ်မှ
ပြည်သူများ ထောင်နှင့်ချီ တက်ရောက် အားပေး ခဲ့ကြပါသည်။