Monday, November 14, 2011

တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

  

ရန်ကုန် (မဇ္ဈိမ) ။         ။ လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် လွတ်လပ်သန့်ရှင်းမှု မရှိသေးဟု ဆိုရမည် ဖြစ်ကြောင်း တနင်္လာနေ့မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တနှစ်တာကာလအတွင်း ဖြစ်စဉ်များအပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ တရားစီရင်ရေး မဏ္ဍိုင် လွတ်လပ်သန့်ရှင်းမှု ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်းကြောင့် သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် မရှိဟု ဆိုရမည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုအများသိနေတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲ
ရောက်သွားတာ လွတ်လပ်ပြီး၊ တရားမျှတပြီး၊ သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင် မရှိလို့ပါပဲ။” ဟု သူက ပြောသည်။
nldnewex1
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ အမေးကို ဖြေကြားနေစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ဥပဒေစိုးမိုးရေးအတွက် လွတ်လပ်၊ သန့်ရှင်းသည့် တရားစီရင်ရေးမဏ္ဍိုင် ရှိရေးသည် တိုင်းပြည်အတွက် အရေးကြီး
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုရှိသည့် နိုင်ငံများတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ စီးပွားရေးအရ ရင်းနှီးမြှုတ်နှံမှုများ ဖိတ်ခေါ်လိုပါက တရားဥပဒေ စိုးမိုးရေး ရှိအောင် ဦးစွာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမတို့နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှ အခြေခံပီး အင်မတန်မှ အရေးကြီးတယ်လို့ မြင်တာက ဥပဒေ စိုးမိုးရေး ကိစ္စ။ လူ့အခွင့်အရေး ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသား ကိစ္စပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဥပဒေ စိုးမိုးရေး မရှိရင် စိတ်ချနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတာ ဥပဒေ စိုးမိုးမှု ရှိတဲ့နိုင်ငံတွေမှာ မရှိပါဘူး။”

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သာမက ဒီမိုကရေစီ လိုလားသူ အားလုံး၏ ရည်မှန်းချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
နောက်ဆုံး ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံရေး အကျဉ်းသား ၅၉၁ ယောက် ရှိကြောင်း ပြောဆို သွားသည်။

“တချို့စာရင်းတွေမှာ ၂၀၀၀ လောက်ရှိတယ်။ အဲ့ဒီအပြင်က ရတဲ့ စာရင်းတွေကို ကျမတို့ တတ်နိုင်သလောက် လိုက်ပီး စုံစမ်းတော့ စာရင်းတွေထဲမှာပါတဲ့ အကျဉ်းသားတချို့ဟာ လွတ်သွားတာ ကြာပြီဆိုတာ တွေ့ရပါတယ်။ ကျမတို့ အားလုံးတော့ တိတိကျကျ မစုံစမ်း နိုင်သေးပါဘူး။ ကျမတို့ ၅၉၁ ယောက်လို့ သတ်မှတ်ထားတာ
သေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်တဲ့ လူတွေ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
nldnewex4
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အပြီး မြင်တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတိုးတက်မှုကို လိုလားသူဟု သူမအနေဖြင့် ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပြီး ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုကြောင်း အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၏ ပြောဆိုမှုအပေါ် အပြုသဘောဆောင်သည့် ပြောဆိုမှုဟု သူမက ဆိုသည်။

“ကျမတို့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ တရားဝင်မှု တရားမဝင်မှုကို ဘားမား ဂေဇက်ထဲမှာ ထည့်ပြီးသားဆိုတော့
မေးခွန်းထုတ်စရာ မရှိပါဘူး။ အခုလွှတ်တော်ဥက္ကဌက ဒီလို ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုတယ် ဆိုတာ ကောင်းပါတယ်။ ဒါ နိုင်ငံရေး လှုပ်ရှားမှုမှာ အားလုံး ပိုပြီးတော့ ပါဝင်လာအောင် ဦးတည်ပြောတယ်ဆိုတာလဲ ထင်ရှားပါတယ်။ သမိုင်းမှာ ဝင်တာပဲ ရှိပါတယ် ထားခဲ့တယ်ဆိုတာ မရှိပါဘူး။
ကျမတို့ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ သမိုင်းဝင်ခဲ့တာပါပဲ။” ဟု သတင်းစာ ရှင်းလင်းပွဲတွင်
ပြောဆိုခဲ့သည်။

တိုင်းရင်းသား အရေးကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများအပေါ် လွန်စွာ စိုးရိမ်မိကြောင်း၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရန် ရိုးသားပွင့်လင်းပြီး အမြင်ချင်း ဖလှယ်နိုင်မည့် တွေ့ဆုံ
ဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျမတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။” ဟု သူက ပြောသည်။

တနှစ်တာအတွင်း တိုးတက်မှုများ ရှိသော်လည်း လုံလောက်ပြီ၊ ကျေနပ်ပြီဟု မဆိုနိုင်ကြောင်းနှင့် တိုးတက်မှု ရှိမရှိဆိုသည်ကို ကဏ္ဍအလိုက် ခွဲခြား ကြည့်ရှုရန်လိုကြောင်း ပြောဆိုပြီး သတင်းမီဒီယာလောက ဖွံဖြိုးလာမှုနှင့် သတင်းထောက် အရေအတွက် များပြားလာမှုအပေါ် ဥပမာ ပေးသွားသေးသည်။

“တိုးတက်မှုတွေအကြောင်းပြောရင် အားလုံးခြုံပြောမယ့် အစား တခုချင်း တခုချင်း ကြည့်စေချင်တယ်။ ဥပမာ- တချို့က ပြောကြတယ် ဖန်ခွက်က တဝက်လိုနေလား၊ တဝက်တောင် ရှိတယ်ပြောမလား၊ တဝက်ပဲ ရှိတယ်
ပြောမလားပေါ့။ ကျမတို့က တဝက်ရှိတာတွေ တဝက်မရှိတာတွေထက် တိတိကျကျ ဘာရှိတယ် ဘာမရှိဘူးပဲ ကြည့်စေချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြောကြားသွားခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းဌာနများအပြင် နိုင်ငံခြား သတင်းဌာနများမှ နိုင်ငံခြားသား သတင်းထောက်များ ၁၀၀ ကျော် လာရောက် သတင်းယူခဲ့သည်။

ထိုစဉ်တွင် ရန်ကုန်မြို့ ဆိပ်ကမ်းသာမြို့နယ်တွင် တက်ကြွလှုပ်ရှားသူ လူငယ် Togetherness Education Network က “ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နိုင်ငံရေး” ဆိုသော စကားဝိုင်းတခု ပြုလုပ်ခဲ့ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ကိုသားသားက ပြောသည်။

အသက် ၁၇ နှစ်နှင့် ၂၃ နှစ်ရှိ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အပါအဝင် လူငယ် ၃၀ ကျော် တက်
ရောက်ခဲ့ပြီး ဆွေးနွေးမှုတွင် အန်အယ်ဒီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးတို့လည်း ပါဝင်ခဲ့သည်။

အပြောင်းအလဲ တခုဖြစ်စေနိုင်သော အန်အယ်ဒီ မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်
နေ့တွင် ပါတီဌာနချုပ်တွင် ဗဟိုအစည်းအဝေးခေါ်ကာ ဆုံးဖြတ်မှာ ဖြစ်သည်။

ဥပဒေစိုးမိုးမှုရှိရေး အလွန်အရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


 
ဥပဒေစိုးမိုးမှုရှိရေးကိစ္စဟာ အင်မတန်အရေးကြီးတယ်လို့ မြင်ကြောင်း တနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို အခြခံပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်​ ​ဒေါ်အောင်ဆန်းစုကြည်က​ ​ပြောကြားလိုက်ပါတယ်။


  November 14, 2011 by ရွှေအောင်   
ရန်ကုန်၊ ရွှေဂုံတိုင်က​ ​အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ်ရုံးမှာ ဒီနေ့ပြုလုပ်တဲ့​ ​နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာနဲ့တွေ့ဆုံပွဲမှာ ခုလို ပြောကြားလိုက်တာပါ။
“ကျမတို့နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှာ အခြေခံပြီး အင်မတန်မှ အရေးကြီးတဲ့ကိစ္စတခုလို့ ကျမမြင်တာကတော့ ဥပဒေစိုးမိုးရေး ကိစ္စပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊​ ​ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဥပဒေစိုးမိုးရေး မရှိလို့ကတော့ ကျမတို့ဟာ သိပ်ခရီးရောက်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအကျဉ်းသား ဆိုတာလည်း ဥပဒေစိုးမိုးရေး ရှိတဲ့နိုင်ငံမှာ ရှိလေ့ရှိထ မရှိပါဘူး။ နောက် စီးပွားရေးနဲ့ ပတ်သက်လို့ ရင်းနှီးမြှုပ်နှံမှုတွေ တကယ်ပဲလာစေချင်တယ်ဆိုရင် ဒီမှာလည်း ဥပဒေစိုးမိုးရေးဆိုတာ လိုပါတယ်။ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားတဲ့သူတွေက ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိမရှိ​ ဆိုတာကို​ ​သေသေချာချာ ကြည့်ပြီးမှ သူတို့ရင်းနှီးမယ်၊ မရင်းနှီးဘူးဆိုတာကို ဆုံးဖြတ်မှာ​ ဖြစ်ပါတယ်။ ​နောက်ပြီးတော့ ကျမတို့နိုင်ငံတိုးတက်ရေးအတွက် လူတွေဟာ စိတ်လုံခြုံဖို့ဆိုရင် ဥပဒေစိုးမိုးရေးဆိုတာ ရှိရပါမယ်။ ဥပဒေစိုးမိုးရေးက ဘာပေါ်မှာ မူတည်လည်းဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိရမယ်။ တရားရေးမဏ္ဍိုင်ဟာ လွတ်လပ်ရမယ်။ သန့်ရှင်းရမယ်။ ဒီလို သန့်ရှင်းပြီးတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်မရှိလို့ကတော့ ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေးဆိုတာ ရှိနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ ကျမမြင်ပါတယ်။”
မီဒီယာတွေ့ဆုံပွဲ အဖွင့်စကား ပြောကြားရာမှာ အဖွဲ့ချုပ်မှတ်ပုံတင်၊ မတင်ကိစ္စကို နိုဝင်ဘာ ၁၈ ရက်ကျမှ ပြောမှာဖြစ်ကြောင်း၊ ဒီရက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်မယ်လို့ ကြားတဲ့အကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားဒေသတွေ မအေးချမ်းသေးဘဲ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စိုးရိမ်နေပြီး သူ့အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်မှာ သမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာမှာ ပါရှိတဲ့အတိုင်း တတ်နိုင်တဲ့နေရာက ၀င်ရောက်ဆောင်ရွက်ပေးမယ်လို့လည်း ဆိုပါတယ်။
မီဒီယာတွေ့ဆုံပွဲတက်ခဲ့တဲ့ ရန်ကုန်တိုင်မ်းမီဒီယာဂရုပ်ဖ်က အယ်ဒီတာ ကိုဒီမင်းက သတင်းသမားတဦးအနေနဲ့တော့ လိုချင်တဲ့သတင်းစကားမရဘူးလို့ ပြောပါတယ်။
“အမှန်တိုင်းပြောရရင်တော့ အထွေထွေပဲဖြေသွားတယ်။ သတင်းသမားတွေဘက်က ကြည့်ရင်တော့ ကျနော်တို့ သတင်းရဲ့တန်ဖိုးအရ ထွက်လာတဲ့အဖြေကတော့ မရှိဘူး။ ကျနော်တို့လိုချင်တဲ့ တော်တော်များများ သတင်းထောက်တွေလိုချင်တဲ့ သတင်းစကားကိုတော့ မရဘူး။ ကျနော်က သတင်းသမားဘက်က အဲလိုပဲမြင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်း တနှစ်ပြည့် မီဒီယာတွေ့ဆုံပွဲကို မွန်းလွဲတနာရီမှာ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖွင့်စကား ပြောကြားပြီးတဲ့နောက် ပြည်တွင်းပြည်ပ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဆက်လက် ဖြေကြားပါတယ်။
ပြည်တွင်းပြည်ပ ​ သတင်းဌာနတွေက သတင်းထောက် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး  အခုပြုလုပ်တဲ့ မီဒီယာတွေ့​ဆုံပွဲပြီးရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အလုပ်တာဝန်တွေ များလာတော့မှာဖြစ်လို့ ဒီနှစ်အတွင်း မီဒီယာနဲ့ သီးသန့်တွေ့ဖို့ အစီအစဉ် မရှိတော့ဘူးလို့ အဖွဲ့ချုပ်ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။