Saturday, September 24, 2011

ပြုပြင်ပြောင်းလဲရေးလုပ်တာ ပြည်သူကျေနပ်ဖို့သာ အဓိက

By ဦးကျော်ဇံသာ  ကြာသပတေး, 22 စက်တင်ဘာ 2011


မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာဟာ နိုင်ငံတကာက နှစ်သက်ဖို့ထက် ပြည်သူလူထုက ကျေနပ်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောလိုက်ပါတယ်။ AIPA ခေါ် အာဆီယံ ပါလီမန်များ ညီလာခံကို တက်ရောက်ရင်း ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေတဲ့ ဦးခင်အောင်မြင့်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဗွီအိုအေ မြန်မာပိုင်းတို့ ဆက်သွယ်မေးမြန်းခန်း တစိတ်တပိုင်းကို တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဟာ အလားအလာကောင်းတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောပါတယ်။

ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းသစ်ဖောက်လုပ်မှု ဒေသရှိထိုင်းစစ်တပ်ဘဝင်မကျ

အာကာ - September 22nd, 2011 လွတ်လပ်သော မွန် သတင်းအေဂျင်စီ

 ထားဝယ်ရေနက်ဆိပ်ကမ်း၏ အစိတ်အပိုင်းတခု ဖြစ်သည့် ထားဝယ်-ကန်ချနပူရီ အဝေးပြေးကားလမ်းသစ်ဖောက်လုပ်နေမှုသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးကို ထိပါးနိုင်သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် စီမံကိန်း နှောင့်နှေးအောင် ဝိုင်းဝန်း စဉ်းစားပေးစေလိုကြောင်း ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ လက်အောက်ခံ ထောက်လှမ်းရေးအဖွဲ့က ပြောသည်။
ကန်ချနပူရီခရိုင်၌ အခြေစိုက်သည့် ထိုအဖွဲ့က စက်တင်ဘာလ ၁၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ အရာရှိအချို့နှင့် ထိုင်း-မြန်မာနယ်စပ် တနေရာ၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
“ထိုင်းစစ်တပ်က ဒီလမ်းကို သဘောမကျဘူး။ လမ်းဟောင်း ရှိတယ်။ ဒီလမ်းကို အားလုံးပိတ်ပြီး လမ်းသစ်ဖွင့်တယ်။ မြန်မာတွေ နယ်စပ်ရောက်ရင် ထိုင်းတွေအတွက် နစ်နာစရာတွေ ရှိတယ်။ ဒါ့ကြောင့် ကျနော်တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဒီစီမံကိန်း နှောင့်နှေးအောင် ဝိုင်းစဉ်းစားပေးပါလို့ ထိုင်းစစ်တပ်က ကျနော်တို့ကို ပြောတယ်” ဟု တွေ့ဆုံရာတွင် ပါဝင်သည့် မွန်ပြည်သစ်ပါတီဝင်တဦးက ပြောသည်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေး အမေရိကန် သတိထား စောင့်ကြည့်


မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့နေရပြီ ဆိုပေမဲ့ ဒီအပြောင်းအလဲတွေက အချိန်မရွေး နဂိုလမ်းကြောင်းဘက်ကို ပြန်လှည့်သွားနိုင်တာမို့ နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က နယူးယောက်မြို့ ကုလသမဂ္ဂရုံးမှာ   သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအ၀င် အပြောင်းအလဲတွေ လက်တွေ့ ဖော်ဆောင်ဖို့ လိုသေးတာကြောင့် မြန်မာအစိုးရကို ဆက်ပြီး ဖိအားပေးသွားမယ်လို့လည်း ဆိုပါတယ်။