“အဘတို့ ကော့မှူးမြို့နယ်လေးက ရန်ကုန်တိုင်းမှာ အသေးဆုံးနဲ့
ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ်လေးပါ။ အခု ဒေါ်အောင်ဆန်းစုကြည်ကြောင့်
ကမ္ဘာသိမြို့လေး ဖြစ်တော့မှာကို ဂုဏ်ယူပါတယ်” ဟု ဝမ်းသာဂုဏ်ယူစွာ
ပြောလိုက်သော အဘဦးချို၏ စကားသံတို့မှာ အသက် (၇၀) အရွယ်နှင့် မလိုက်အောင်
တက်တက်ကြွကြွ ရှိလွန်းလှသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်
တရားဝင်ပါတီအဖြစ် ရပ်တည်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင်
ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ကြားဖြတ် ရွေးကောက်ပွဲတွင်
လစ်လပ်မဲဆန္ဒနယ်များ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အဆိုပါ ကြားဖြတ်
ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွံ့ဖြိုးမှုအနည်းဆုံး
မြို့နယ်မှ ဝင်ရောက် အရွေးချယ်ခံမည်ဟု NLD ပါတီမှ သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းနောက်တွင် အတည်မပြုသေးသော်လည်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမည်ဆိုသည့် သတင်းများ
ထွက်ပေါ်နေသည့်အတွက် ကော့မှူးမြို့နယ်ရှိ ပြည်သူများမှာ ဝမ်းသာ
ဂုဏ်ယူနေကြသည်။
အိပ်မပျော်အောင် ဝမ်းသာကြ
“ဒေါ်အောင်ဆန်းစုကြည်
ကော့မှူးကနေ အရွေးချယ်ခံမယ်လို့ ကြားလိုက်ရတော့ အရမ်းဝမ်းသာတာ၊
ဦးတို့မိသားစုတင် ဝမ်းသာတာ မဟုတ်ဘူး။ ကော့မှူးကသူတွေ အားလုံး ဝမ်းသာကြတာ။
ဒီသတင်းကြားပြီး ဝမ်းသာလို့ အိပ်မပျော်တဲ့သူတွေ ရှိတယ်။ သတင်းပျံ့တာလဲ
အရမ်းမြန်တယ်။ ကော့မှူးကနေ အမေစု အရွေးခံမယ်ဆိုတာ မသိတဲ့သူ မရှိဘူး။
ကော့မှူးဒေသခံ တစ်ဦးဖြစ်သူ ဦးမြင့်သိန်းက ကော့မှူးပြည်သူများ၏
ခံစားချက်ကို ပြောသည်။ “ကော့မှူးမှာ အန်တီစု အရွေးခံမယ်လို့
ကြားကြားချင်းမှာ အရမ်းဝမ်းသာပြီး ရင်ထဲမှာ ဆို့နေတယ်။ အံ့သြပြီးတော့
အရမ်းဝမ်းသာတယ်။ အန်တီစုကို တစ်ခါပဲ တွေ့ဖူးသေးတော့ ထပ်ပြီး တွေ့ချင်တယ်”
ဟု ရေခဲချောင်းရောင်းသူ မတင်ဇာအိက မျက်ရည်များဝဲကာ သူ၏ ဝမ်းသာမှုကို
ပြောပြသည်။
သမိုင်းတွင်မည့် ကော့မှူး
ဒေါ်အောင်ဆန်းစုကြည်သည်
နိုင်ငံတကာမှ လေးစားရသော ကမ္ဘာသိပုဂ္ဂိုလ် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်
ကိုယ်စားလှယ်အဖြစ် အရွေးခံခြင်းသည် ကော့မှူးမြို့နယ်အား ကမ္ဘာမှ
သိရှိသွားသကဲ့သို့ မြန်မာ့သမိုင်းတွင်လည်း မှတ်တမ်းဝင်မည် ဖြစ်ကြောင်း
အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးအောင်မင်းက “ကော့မှူးပြည်သူ
တစ်ယောက်အနေနဲ့ ဝမ်းသာ ကြိုဆိုတာထက် အရမ်းကို ဂုဏ်ယူနေတာပါ။ တကယ်သာ
ဒေါ်စုအရွေးခံမယ်ဆိုရင် ကော့မှူးလဲ သမိုင်းဝင် ဖြစ်သွားမယ်။ ဒါဟာ
ကော့မှူးပြည်သူ တစ်ယောက်အတွက် အင်မတန် ဂုဏ်ယူစရာ ကောင်းတယ်လို့ ခံစားရတယ်”
ဟု ပြောသည်။ မဲပေးဖို့ ပြန်လာမယ် အဆိုပါ သတင်းကြောင့် လက်ရှိ
ကော့မှူးမြို့နယ်တွင် နေထိုင်သူများသာမက အလုပ်အကိုင်ကြောင့်
အဝေးရောက်နေသူများနှင့် တစ်နယ်တစ်ကျေးသို့ ပြောင်းရွှေ့သွားသူများကပင်
ဝမ်းသာနေကြကြောင်း ကော့မှူးမြို့နယ် တရားရုံးလမ်း၌ နေထိုင်သူ အငြိမ်းစား
ကျောင်းအုပ်ဆရာမကြီးက ပြောသည်။ ယင်းက - “ပြည်မှာ အလုပ်သွားလုပ်နေတဲ့
ကောင်လေး မောင်မောင်မြက BBC နားထောင်ပြီး ကော့မှူးကနေ ဒေါ်အောင်ဆန်းစုကြည်
အရွေးခံမယ်လို့ သိတာနဲ့ ချက်ချင်းအိမ်ကို ဖုန်းဆက်တာ သူအရမ်းဝမ်းသာတဲ့
အကြောင်းနဲ့ ဒေါ်စုကို မဲထည့်ဖို့ ကော့မှူးကို ပြန်လာခဲ့မယ်။ သူ့အတွက်
မဲစာရင်း ပေးထားပါလို့ ပြောတယ်။ မဲဆွယ်စည်းရုံးရေး လုပ်ရင်လဲ သူကိုယ်တိုင်
ပါဝင်ချင်လို့ ကော့မှူးကို ပြန်လာတော့မယ်လို့ ဖုန်းဆက်ပြောတယ်။
နောက်တစ်ယောက်က ဆရာမကြီး သူငယ်ချင်း ကျောင်းဆရာကြီး သူက အခု ဝမ်းတွင်းမှာ
နေတာ။ သူကလဲဖုန်းဆက်ပြီး ဝမ်းသာကြောင်းနဲ့ အခုလထဲမှာ ကော့မှူးမှာလုပ်မယ့်
ဆရာကန်တော့ပွဲကို သူလာမယ် ပြောတယ်။ ဆရာမကြီးတို့ကိုလဲ ဒေါ်စုအတွက် ဒေသခံတွေ
ဝိုင်းဝန်းလုပ်ဆောင်ပေးပါလို့ ဖုန်းဆက် ပြောတယ်” ဟု တစ်ဆင့် ပြန်လည်
ပြောပြသည်။
မဲမထည့်ခဲ့သူများ မဲထည့်တော့မည်
“ဒေါ်အောင်ဆန်းစုကြည်လို
တိုင်းပြည်ကို အကျိုးပြုနိုင်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်နိုင်တဲ့
ပုဂ္ဂိုလ်ကို ဦးတို့မိသားစုတင်မကဘူး၊ ကော့မှူး ပြည်သူလူထု အားလုံးက
မဲပုံထည့်ဖို့ ဆန္ဒရှိနေကြတယ်” ဟု ကော့မှူးမြို့နယ်ဒေသခံ ဦးမြင့်သိန်းက
ပြောသည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဆန္ဒမဲ မထည့်ဖြစ်ခဲ့သော
အဘွားဒေါ်တင်၊ ဦးခင်ဇော်နှင့် ဦးအောင်မင်းတို့က မိသားစုလိုက်
မဲသွားထည့်ရန် ဆန္ဒရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရမည်ဖြစ်၍
ဝမ်းသာကြည်နူး မိသည်ဟု ဆိုကြသည်။ “ဒေါ်စုဆိုရင်တော့ အဘွားကိုယ်တိုင်
မဲသွားထည့်မယ်” ဟု အသက် (၆၃) နှစ်အရွယ် အဘွားဒေါ်တင်က ပြောသည်။
နိုင်စေချင်တယ်
“ကော့မှူးက
ပြည်သူတွေရဲ့ဆန္ဒက ဒေါ်အောင်ဆန်းစုကြည်ကို ပွတ်ကာသီကာလေး နိုင်တာထက်
မဲအပြတ်အသတ်နဲ့ နိုင်စေချင်တယ်။ ကော့မှူးကနေ ကျိန်းသေအရွေးခံရင်
စည်းရုံးရေး ဆင်းတာကအစ ဘယ်နေရာကမဆို လုပ်ဆောင်ပေးဖို့ အဆင်သင့်
ဖြစ်နေကြပါပြီ။ မဲမသမာမှုတွေ မရှိအောင် ပြည်သူလူထုက ပူးပေါင်းပြီး
ကြိုတင်ပြင်ဆင်ဖို့လဲ ဆန္ဒရှိကြတယ်” ဟု ဦးမြင့်သိန်းက ပြောသည်။ တစ်နေ့လုပ်
တစ်နေ့စား ဈေးသည်ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အတွက် မဲဆွယ်စည်းရုံးရေး
လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်လိုကြောင်း မတင်ဝါဝါငြိမ်းက ပြောသည်။
ယင်းက “အန်တီစုအတွက်ဆိုရင် မဲဆွယ်တာပဲဖြစ်ဖြစ်၊ တခြား ဘာပဲခိုင်းခိုင်း
လုပ်ပေးဖို့ အဆင်သင့်ပဲ။ ကျွန်မတို့နိုင်တဲ့အားနဲ့ ဝင်ပါချင်တယ်။
အန်တီစုကို အမေတို့ လက်ထက်ကတည်းက လေးစားပြီး ကြိုက်တာ။ ကြည်ညိုလွန်းလို့
အိမ်မှာတောင် ပုံတွေ ကပ်ထားပါတယ်” ဟု ပြောသည်။
ကော့မှူးသာမက နိုင်ငံပါ တိုးတက်မည်
“ဒေါ်စုက
ကမ္ဘာ့ခေါင်းဆောင်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ပါ။ ဒီပုဂ္ဂိုလ်ကို မဲပေးလိုက်ရင်
အဘတို့မြို့နယ်လေးကို ပစ်မထားဘူးလို့ ယုံကြည်တယ်။ စီးပွားရေး၊ လူမှုရေး
အစစအရာရာ တိုးတက်လာမယ်လို့ ယုံတယ်။ ဒေါ်စု လွှတ်တော်ထဲ ရောက်သွားရင်
မြန်မာ့နိုင်ငံရေးလဲ အများကြီး တိုးတက်လာမယ် ထင်တယ်” ဟု ဦးချိုက
သူ့အမြင်ကို သုံးသပ်ပြောသည်။ “ကော့မှူးက ဖွံ့ဖြိုးရေး အရမ်းနိမ့်ကျတယ်။
စီးပွားရေးအနေနဲ့ လက်လုပ်လက်စား သာသာပဲ ရှိတယ်။ အလုပ်အကိုင်
အခွင့်အလမ်းဘာမှ မရှိတော့ မဖွံ့ဖြိုးဘူး။ အစိုးရသစ် လက်ထက်မှာလဲ
ထူးထူးခြားခြား ဘာမှ မပြောင်းလဲဘူး။ သမားရိုးကျ လမ်းပြင်တာလောက်ပဲ ရှိတယ်။
ဒေါ်စုသာဆိုရင် ကော့မှူးဖွံ့ဖြိုးလာမယ်လို့ ယုံတယ်။ သူ့ကို ယုံလို့
သူ့စကားကို ယုံလို့ပြောတာပါ။ ပြည်သူကို သူ့အသက်ထက် တန်ဖိုးထားတာကို
လေးစားတယ်။ သူ့မှာ ဘွဲ့တွေရရ မရရ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ကို
လေးစားတယ်။ သူ့ကို ယုံတယ်” ဟု အဘဦးခင်ဇော်က ဒေါ်အောင်ဆန်းစုကြည်ကြောင့်
ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်း သူ့အမြင်ကို
ပြောသည်။
အတည်ဖြစ်ဖို့ ဆုတောင်းနေတယ်
ဒေါ်အောင်ဆန်းစုကြည်
ကော့မှူးမြို့နယ်မှ အရွေးချယ်ခံမည်ဆိုခြင်းက ကော့မှူးပြည်သူများအတွက်
ဝမ်းသာဂုဏ်ယူစရာဖြစ်ပြီး ကော့မှူးမြို့နယ် ဖွံ့ဖြိုးစည်ပင်ရန် အတွက်လည်း
မျှော်လင့်ချက် ရောင်ခြည်တစ်ခု ဖြစ်နေသည်။ “အနိုင်ရခဲ့တဲ့ ပါတီက
လုပ်ပေးသင့်တာ လုပ်ပေးပေမယ့် ဒေသဖွံ့ဖြိုးလာအောင်တော့ အပြည့်အဝ
လုပ်ပေးနိုင်တာ မတွေ့ရဘူး။ ဒေါ်စုကတော့ လုပ်ပေးနိုင်လိမ့်မယ်လို့
ယုံကြည်တယ်။ စီးပွားရေး တိုးတက်လာအောင် လုပ်ပေးရင် နိမ့်ကျနေတဲ့ ပညာရေး၊
ကျန်းမာရေး ကဏ္ဍတွေပါ အဆင်ပြေသွားမယ်” ဟု ကော့မှူးမြို့နယ် သာသနာ့
နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဦးသောင်းရွှေကသူ၏ ထင်မြင်ချက်ကို ပြောသည်။ “၂၀၁၀
ရွေးကောက်ပွဲမှာ NLD မပါခဲ့ဘူး။ အဲဒီတုန်းက ကျွန်တော် တစညကို မဲပေးခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ တစည မဲဆွယ်တုန်းက အနိုင်ရရင် ကော့မှူးမှာ
တက္ကသိုလ်ဖွင့်နိုင်အောင် လုပ်ပေးမယ်လို့ ပြောလို့ပါ။ ကြံ့ခိုင်ရေးက
အနိုင်ရသွားလို့ တက္ကသိုလ်လဲ ဖြစ်မလာခဲ့ဘူး။ ဒီက ကျောင်းသားတွေ အနေနဲ့
ကျောင်းသွားတက်ရတာ ခရီးဝေးသလို လမ်းက အရမ်းဆိုးပါတယ်။ ဒေါ်စုအနိုင်ရရင်
တက္ကသိုလ်ဖွင့်ပေးပါလို့ တောင်းဆိုချင်တယ်။ အနီးအနားက တွံတေး၊
ကွမ်းခြံကုန်း၊ ဒလ၊ ဒေးဒရဲနဲ့ ကျိုက်လတ်က ကျောင်းသားတွေလဲ အဆင်ပြေသွားမယ်”
ဟု ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ရုက္ခဗေဒ ပထမနှစ် ကျောင်းသား
မောင်ခန့်သူဝင်းက တက္ကသိုလ် ကျောင်းသားများ အခက်အခဲ ဖြစ်နေရသည်ကို ပြောသည်။
“ဒေါ်စုကိုယ်စားပြုတဲ့မြို့က သေးချင်သေးမယ်။ ဒါပေမဲ့ သူက နိုင်ငံတော်
တစ်ခုလုံးကို နောက်ဆုံးကမ္ဘာ့အဆင့်မှာ လုပ်ဆောင်နိုင်သူလို့ ယုံကြည်ထားတယ်။
ဒါကြောင့် ကော့မှူးမြို့နယ် တစ်ခုတည်းအတွက် မျှော်လင့်မထားဘူး။ တစ်ဆင့်ပြီး
တစ်ဆင့် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပြီးသားပါ။ ဒါကြောင့် ကော့မှူးကို
ကိုယ်စားပြုပြီး အရွေးချယ်ခံပါစေလို့ပဲ ဆုတောင်းနေတယ်” ဟု ဦးအောင်မင်းက
အပြည့်အဝ ဝမ်းမသာနိုင် ဖြစ်နေကြသည်ကို ပြောသည်။
အန်တီစုကို အမှန်တကယ် လာစေချင်တယ်
ကြားဖြတ်ရွေးကောက်ပွဲကြီးက
မကြာမီ လာချေတော့မည်။ မြန်မာတစ်နိုင်ငံလုံး အနေအထားအရ ၄၈ နေရာ လစ်လပ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ခြောက်နေရာ လစ်လပ်သည်။ ခြောက်နေရာစလုံးသည်
ပြည်သူ့လွှတ်တော် နေရာများဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ကော့မှူးမှ
ဝင်ပြိုင်အနိုင်ရခဲ့သော ဦးစိုးတင့်မှာ ယခုအခါ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏
ဒုတိယဝန်ကြီး တာဝန်ကို ယူနေပြီဖြစ်သည့်အတွက် ယင်းနေရာမှာ လစ်လပ်နေသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးတွင် ဝင်ရောက်ရွေးချယ်ခံရန်
ပြင်ဆင်နေကြောင်း မကြာသေးမီ ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။
ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်
အရွေးချယ်ခံမည်ဆိုသည့် သတင်းမှာ အတည် မပြုနိုင်သေးပေ။ သို့သော် ထိုသတင်းသည်
ကော့မှူးမြို့နယ် တစ်ခုလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်
လူကြီးအစ ကလေးအဆုံး အားလုံးက သိနေကြသည်။ အားလုံးက ဝမ်းသာကြသည်။
ဂုဏ်ယူကြသည်။ အမှန်တကယ်ဖြစ်လာဖို့ ဆုတောင်း နေကြသည်။ ဒေသဖွံ့ဖြိုးဖို့အတွက်
မျှော်လင့်ချက်များ ရှင်သန်လာသည်။ ကော့မှူးမြို့နယ်တွင် နေသော
အဘဦးချိုသည် သူနေသော မြို့နယ်လေးကို ကမ္ဘာသိမြို့လေး ဖြစ်လာတော့မည်ဟု
တွေးရင်း ဝမ်းသာနေရှာသည်။
အေးမြမြထွန်း၊ ဖြိုးညီညီဝင်း