ပုသိမ်ဆိပ်ကမ်းအား
မြန်မာကျပ်ငွေ ၂.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၃သန်း)ခန့် အကုန်အကျခံ၍
ပြုပြင်ကာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် ရင်းနှီးမြုတ်နှံမည့် အစီအစဉ်အား
မြန်မာဧရာမွန် ကုမ္ပဏီမှ ပြောကြားကြောင်း ဒေသတွင်း သတင်းမီဒီယာ
တစ်ခုဖြစ်သော မြန်မာတိုင်းစ်က ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်အား မြန်မာဧရာမွန် ဆိပ်ကမ်းနှင့် မြစ်ကြောင်းများ
ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ
ဦးစိုးမောင်မြင့်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
ကုမ္ပဏီအနေဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ပုသိမ်ဆိပ်ကမ်းအား တစ်လလျင်
အမေရိကန်ဒေါ်လာ ၁၂၀၀၀ ဖြင့် ငှားရမ်းခွင့် လျောက်ထားကြောင်း၊ ၀န်ကြီးဌာန၏
ခွင့်ပြုချက်ရယူကာ စက်တင်ဘာလ ၁ရက်နေ့ မှ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ
ပုသိမ်ဆိပ်ကမ်း၏ အဓိကဖြစ်သော င၀န်မြစ်ကြောင်းအား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်
ရေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် ဖြစ်နိုင်ခြေ ရှိ၊မရှိ
ကနဦး လေ့လာမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ဆိပ်ကမ်းကို ၁၉၉၅ ခုနှစ် အထိ ဧရာဝတီတိုင်း၏ အဓိကဆန်ပို့ရာ
နေရာတစ်ခုဖြစ်ပြီး တန်ချိန် ၇,၀၀၀ မှ ၁၀,၀၀၀ အထိ တင်နိုင်သော သင်္ဘောများသည်
ဟိုင်းကြီးကျွန်းမှတစ်ဆင့် ဆိပ်ကမ်းသို့ ၀င်ထွက်နိုင်ခဲ့သော်လည်း
နောက်ပိုင်းတွင် သောင်ထွန်းခြင်း ကြောင့် ယနေ့အချိန်အထိ အပြည်ပြည်ဆိုင်ရာ
ကုန်တင်သင်္ဘောများ ၀င်ထွက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဩဂုတ်လက ပုသိမ်ဝဲဒေါင့် ဆိပ်ကမ်းမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်များတင်ပို့စဉ် ။ Photo:Ministry of Commerce
ထို့ကြောင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ထွက်ကုန်များကို ရန်ကုန်မှ တစ်ဆင့်
တင်ပို့ရသောကြောင့် ကုန်ကျစရိတ် ပိုမိုသည့်အပြင် ပြည်ပဝင်ငွေသည်
ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် ဝင်ရောက်သောကြောင့် ဧရာဝတီတိုင်း ဒေသကြီး
အနေဖြင့် အကျိုးအမြတ်လည်း လျော့နည်းသွားကြောင်း၊ ပုသိမ်မှ တိုက်ရိုက်
တင်ပို့နိုင်ပါက အကျိုးအမြတ်ကို တိုက်ရိုက်ခံစားရမည် ဖြစ်ကြောင်း
ဦးစိုးမောင်မြင့်က ဆိုပါသည်။
အဆင့်မြင့်ဆိပ်ကမ်းဖြစ်ပေါ်လာရေးအတွက် မြစ်ကြောင်းထိန်းသိမ်းရေး
လုပ်ငန်းများအား မြန်မာဧရာမွန် ဆိပ်ကမ်းနှင့် မြစ်ကြောင်း များဖွံ့ဖြိုးမှု
ကုမ္ပဏီမှ အဓိကတာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး ဆိပ်ကမ်းလုပ်ငန်းများ
လည်ပတ်ရေးအတွက် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ မြန်မာနိုင်ငံဆိုင်ရာ
ကိုယ်စားလှယ် Ever Flow River ကုမ္ပဏီ နှင့်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကမ်း အဆင့်မြှင့်တင်ရန်အတွက် ကုန်သွယ် ရေကြောင်းရရှိရန် ပမ္မ၀တီ
မြစ်ဆုံမှ ၀ဲဒေါင့်ဆိပ်ကမ်းအထိ ၄၆ ကီလို မီတာ နေရာ ခုနစ်ခု၌ သောင်တူးခြင်း
လုပ်ငန်းများကို ဒီဇင်ဘာလအတွင်း စတင်သွားမည် ဖြစ်သည်။ င၀န်မြစ်၏
ရေစူးအနက်မှာ သောင်တူးပြီးပါက ၈ မီတာအထိ ရှိလာနိုင်မည်ဖြစ်ရာ တန်ချိန်
၅,၀၀၀ အထက် သင်္ဘောများ ၀င်ထွက် သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆိပ်ကမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေ ပမာဏမှာ
ကျပ် သိန်းပေါင်း၂၇,၀၀၀ ကုန်ကျမည်ဖြစ်ရာ စီးပွားရေး တွက်ခြေကိုက်မှုနှင့်
ပတ်သက်၍ ဆိပ်ကမ်းအနေဖြင့် တစ်မက်ထရစ်တန် ကုန်ချိန်အတွက် ကုန်ကိုင်တွယ်ခ
ကျပ် ၆,၆၀၀ ရနိုင်သဖြင့် တစ်လ လျှင်ဆန် တန်ချိန် နှစ်သောင်း တင်နိုင်ပါက
တွက်ခြေ ကိုက်နိုင်ကြောင်း၊ သောင်တူးရာမှ ရရှိလာသော သဲများကိုလည်း
မော်လ်ဒိုက်၊ စင်္ကာပူ စသော သဲဈေးကွက်များတွင် ရောင်းချနိုင်ရန်
ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း သိရသည်။
ဧရာဝတီဒေသ အနေဖြင့် တစ်နှစ်ကို ဆန်တန်ချိန် ငါးသိန်းလောက်
တင်ပို့နိုင်စွမ်းရှိသောကြောင့် ၎င်းတန်ချိန်ပမာဏကို ကိုင်တွယ်နိုင်မည့်
ဆိပ်ကမ်းနှင့် တန်ချိန်တစ်သောင်း တင်နိုင်သော သင်္ဘောများ
ဝင်ထွက်နိုင်ဖို့လိုအပ်ကြောင်း၊ ထို့ပြင် International Container Yard
တစ်ခုနှင့် International Inland Terminal တစ်ခု လိုအပ်ကြောင်း၊
ဆိပ်ကမ်းနယ်မြေ သတ်မှတ်ချက်အတွင်းမှာ ပါဝင်သော မြေဧက ၁ ဒသမ ၅ ရှိသည့်
မြေကွက်လပ်သည် ကွန်တိန်နာ ၂၅၀ သိုလှောင်နိုင်စွမ်း ရှိသည့်အတွက်
လုံလောက်မှုရှိကြောင်း ဦးစိုးမောင်မြင့် က ပြောကြားပါသည်။
ပုသိမ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ အတွက်
အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရနိုင်သလို ဒေသဖွံ့ဖြိုးရေး
လုပ်ငန်းများတွင်လည်း အထောက်အကူ ပြုမှာဖြစ်ကြောင်း သိရပါသည်။
မြို့တော်ပုသိမ် သတင်းစဉ် |