မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်
တို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး
နေအိမ်၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၃၀
မိနစ်တွင် နေပြည်တော်မှ ရောက်ရှိလာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၄၅
မိနစ်တွင် ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပေ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က အတွေးအခေါ် အမြင်
အယူအဆများကို ဖလှယ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံသို့ မလာမီအချိန်က ထိုင်းနိုင်ငံတွင် ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသော ကားကို တွေ့ရစဉ်
မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်
စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲထိပ်သီး အစည်းအဝေး (4th GMS Summit) ကို
တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ယခုကဲ့သို့
တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့် ရင်လတ်ရှင်နာဝပ်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသည့် ထိုင်းနိုင်ငံ၏ ပထမဆုံး
ဝန်ကြီးချုပ် ဖြစ်လာခဲ့သလို အရှေ့တောင်အာရှနိုင်ငံများထဲမှ
ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသည့် ၀န်ကြီးချုပ်လည်း
ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော ကား မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်၌
ပြုလုပ်ခဲ့သော ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ မိနစ်အနည်းငယ်
ဓာတ်ပုံရိုက်ကူးခွင့်ကို TBS ၊ AP ၊ Reuters စသည့် နိုင်ငံခြားသတင်း
ဌာနများနှင့် မြန်မာတိုင်း(မ်)တို့မှ ရ ရှိခဲ့ပြီး ရိုက်ကူးခွင့်မရခဲ့သော
သတင်းထောက်များသည် ရန်ကုန်မြို့ရှိမြန်မာ နိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်သို့ လာရောက်သော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်တို့၏
ယာဉ်တန်းများကိုသာ ရိုက်ကူးခဲ့ရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ၀န်ကြီးချုပ် တာဝန်
စတင်ထမ်းဆောင်ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သေးသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်
အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ