Thursday, January 5, 2012

မီးဘေးဒုက္ခသည်များ နေရာရွှေ့ရမည်

ခင်ဦးသာ on January 5, 2012


မကြာမီ ပြန်လည် ဖွင့်လှစ် တော့မည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် စာသင်ကျောင်း တချို့တွင် ခိုလှုံနေသော မီးဘေး ဒုက္ခ သည်များ နေအိမ်သို့ ပြန်ကြရန် ဒေသခံ အာဏာပိုင် တို့က အင်္ဂါနေ့ မှစ၍ ဖိအား ပေးနေ ကြောင်း သိရသည်။

“နေအိမ်တွေ (ပြင်ဆင်ရှင်းလင်းတာ) မပြီးစီးသေးဘဲ ပြန်ခိုင်းနေတော့ စိတ်ညစ်နေကြရတယ်၊ မီးလောင်တဲ့နေရာက မီးငြိမ်းသွားပေမယ့် တချို့နေရာတွေက အခုထိ မီးခိုတွေ ထွက်နေတုန်း၊ စနစ်တကျ ရှင်းလင်းမှု မရှိသေးပါဘူး” ဟု ဒုက္ခသည် တဦးက ဧရာဝတီကို ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားအပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများ၊ နေအိမ် ပျက်စီးသွားသူများသည် မင်္ဂလာတောင်ညွန့်ရှိ မဟာဝိဇယရာမ ဘုန်းကြီးကျောင်း၊ အထက (၇)၊ အမက (၂၄) တို့တွင် ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် သွားရောက် ခိုလှုံခဲ့ကြသည်။

ဒုက္ခသည် တချို့အား နေအိမ် ပြန်ခိုင်းသည်မှာ မှန်ကန်သော်လည်း နေစရာ လုံးဝမရှိသူများအား ကယ်ဆယ်ရေး စခန်းများတွင် စောင့်ရှောက်ပေးထားကြောင်း မဟာဝိဇယရာမ ဆရာတော်ထံမှ သိရသည်။

“အတင်းအကျပ် ပြန်ခိုင်းတာတော့ မဟုတ်ပါဘူး၊ တချို့ကလည်း အိမ်ရောက်သွားရင် ပစ္စည်း မရမှာ စိုးရိမ်တဲ့ အတွက် မပြန်ချင်ဘဲ စခန်းမှာ နေချင်ကြတယ်” ဟု ဆရာတော်က ဧရာဝတီသတင်းဌာနကို မိန့်သည်။

စာသင်ကျောင်းများ ဖွင့်လှစ်တော့မည် ဖြစ်၍ စာသင်ကျောင်းမှ ဒုက္ခသည် တချို့ကို ဘုန်းကြီးတွင် နေထိုင်ရန် စီစဉ်ပေးထားကြောင်း၊ အာဏာပိုင်များကလည်း တတ်အားသရွေ့ ကူညီပေးကြောင်း ဆရာတော်က မိန့်သည်။

ယာယီ ကယ်ဆယ်ရေး စခန်းများတွင် စီမံခန့်ခွဲမှု အားနည်းနေကြောင်း ဒုက္ခသည်များက ပြောသည်။

“ကွန်တိန်နာတွေနဲ့ လာလှူထားကြတဲ့ ပစ္စည်းတွေ အခန်းထဲမှာပဲ လှောင်ထားတယ်၊ တခုမှ မပေးဘူး၊ သူတို့ ပြောတာက နေအိမ်တွေ ပြန်ကြပါ၊ ပြီးရင် စာရင်းနဲ့ အတိအကျ ပေးမယ်လို့ အကြောင်းပြတယ်” ဟု ဒုက္ခသည် အမျိုးသမီး တဦးက ဆိုသည်။

လှုဒါန်းထားသည့် သောက်ရေသန့်ဘူးများကို သိမ်းဆည်း သိုလှောင်ထားသဖြင့် ဘုံဘိုင်မှ ရေကိုသာ သောက်နေကြရသည်ဟု ဒုက္ခသည်တချို့က ပြောသည်။

အလှူခံပစ္စည်းများကို အာဏာပိုင်တို့က ကောင်းမွန်စွာ သိမ်းဆည်းထားသည်ဟု ဆိုသည်။

“ပစ္စည်းတွေ မပေးတာလည်း စနစ်တကျ ပြန်လည် ဝေငှပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်” ဟု မဟာဝိဇယရာမ ဆရာတော်က မိန့်ကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန် ဂိုဒေါင်အုပ်စုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်က မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၁၇ ဦး သေဆုံးခဲ့ကာ ၈၀ ကျော် ဒဏ်ရာရသွားကြောင်း အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ အိမ်ထောင်စုပေါင်း ၂၂၆ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ဆိုသည်။

ပေါက်ကွဲမှုများမှာ ဂိုဒေါင်တခုအတွင်း ဗမာယမ်းစိမ်း အပါအ၀င် ပရဆေးအိတ် မျိုးစုံ မီးလောင်ရာမှ ဓာတ်ပြုသွားခြင်းကြောင့် ဖြစ် ကြောင်း၊ ပေါက်ကွဲမှု ပြင်းထန်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများအပြားမှ နေအိမ်တိုက်တာများ တုန်ခါသွားပြီး ပုဇွန်တောင်ချောင်းအတွင်း ရေယာဉ်များလည်း ထိခိုက်မှု ရှိခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။

ဒုက္ခသည်များအတွက် ဒုသမ္မတ စိုင်းမောက်ခမ်း၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)၊ ဒေါ်အောင်ဆန်းစုကြည်၊ အနုပညာရှင်များ အပါ အ၀င် တသီးပုဂ္ဂလိက အလှုရှင်များကလည်း သွားရောက် လှုဒါန်း အားပေးခဲ့ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ဝေဖန်သုံးသပ်မှုများ

ဇန်န၀ါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အင်းစိန်ထောင် အပြင်ဘက်မြင်ကွင်းမှ တွေ့ရစဉ်
သမ္မတဦးသိန်းစိန်၏ အစိုးရသစ် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက် ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးက အမိန့် အမှတ် ၁/၂၀၁၂ ကို ဇန်န၀ါရီလ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး'' (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ နိုင်ငံတော်သမ္မတသည် ၁၃၇၃ ခုနှစ်ပြာသိုလဆန်း ၉ ရက် (ခရစ်နှစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်)မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်-

  • (က) သေဒဏ်ချမှတ်စေခြင်းခံရသူများအတွက် ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)သို့ ပြောင်းလဲကျခံစေရန်လည်းကောင်း။
  • (ခ)ထောင်ဒဏ်နှစ်(၃၀) အထက် (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသည့် အကျဉ်းသားများမပါ)အား ထောင်ဒဏ်(၃၀)နှစ် သို့ လျော့ပေါ့ကျခံစေရန် လည်းကောင်း။
  • (ဂ) ထောင်ဒဏ်နှစ်(၂၀)အထက်မှ ထောင်ဒဏ်နှစ်(၃၀)အထိ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ်နှစ် (၂၀)သို့ လျော့ပေါ့ကျခံစေရန် လည်းကောင်း။
  • ထောင်ဒဏ်နှစ်(၂၀) အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ကျခံနေသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန် လည်းကောင်း။
(ပုံ) သိန်းစိန်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'' ဟု အမိန့်ထဲတွင် ဖော်ပြထားသည်။ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများအား ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်မှစတင်ကာ ပထမအသုတ်အဖြစ် ကျား၊မ ပေါင်း ၁၂၀ ၀န်းကျင်၊ ဒုတိယအသုတ်အဖြစ် ကျား ၂၀၀ ၀န်းကျင်၊ တတိယအသုတ်အဖြစ် ကျား ၁၀၀ ၀န်းကျင်နှင့် စတုတ္ထအသုတ်အဖြစ် ကျား ၅၀ ၀န်းကျင် စသည့်ဖြင့် အသုတ်လိုက် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်းမှ လွှတ်ပေးခဲ့သည့် စုစုပေါင်းအကျဉ်းသားဦးရေမှာ ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။ အဆိုပါ လွတ်မြောက်လာသူများထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ သုံးဦးပါဝင်ကြောင်း သိရသည်။
ပထမတစ်ဦးဖြစ်သူဦး ကြည်သန်း(၈၈)နှစ်သည် ၂၀၀၇ ခုနှစ်တွင် ထောင်ဒဏ် ၉ နှစ်ကျခံခဲ့ရသူဖြစ်ပြီး ၄ နှစ် အယူခံနိုင်ခဲ့ရာထောင်တွင်း၌ ၄နှစ် ၄လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တာဝန်ခံဖြစ်ကာ ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူ ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရပြီး  ထောင်တွင်း၌ ၁ နှစ် ၃လနေခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူအချို့ လွတ်မြောက်လာသော်လည်း ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မပါဝင်ခဲ့ပေ။ ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့်  .  .  .
အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ အများစုမှာ ဆေးမှု၊ လိမ်လည်မှု၊ လောင်းကစားမှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း သိရှိရသည်။

အကျဉ်းကျခံနေရသူများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်  ဇန်န၀ါရီလ ၃ ရက်နေ့တွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှေ့သို့လာ ရောက်စောင့်ဆိုင်းသူများမှာ ယခင် လွတ်ငြိမ်းချမ်းသာခွင့်များ ကြေညာခဲ့စဉ်ကထက် နည်းပါးခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီး(စမ်းချောင်း)က ''ကျွန်တော့်သူငယ်ချင်းတွေ လွတ်လာမလားလို့ ကျွန်တော် ဇန်န၀ါရီ ၃ ရက်နေ့မှာ အင်းစိန်ထောင်ရှေ့မှာ လာစောင့်နေတာပါ။ ဦးကြည်သန်း၊ ဦးနိုင်ဦးအပါအ၀င် ၃ ယောက်လောက်ပဲ အင်းစိန် ကနေ လွတ်ပါတယ် နောက်ပြီး ကျောက်ဖြူ၊ ဘူးသီးတောင်၊ ရွှေဘို၊ သံတွဲ၊ ခန္တီး၊ သာယာဝတီ၊ မြစ်ကြီးနားမြို့နယ်ကထောင်တွေမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး လွတ်မြောက်တဲ့သူ မရှိဘူးဖြစ်နေပါတယ်။ စစ်ကိုင်းမှာ ကိုနေမိုးအောင်နဲ့ ပုသိမ်မှာ ကိုအောင်ထွန်းတို့ လွတ်တယ်လို့ သိရပါတယ်''ဟု ပြောကြားခဲ့သည်။
''ကျွန်တော်က ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်ကိစ္စနဲ့ပတ်သက်ပြီး အသင်းအဖွဲ့ဥပဒေပုဒ်မ ၇ နဲ့ ၅၀၅ ခ အရ ထောင်ဒဏ် စုစုပေါင်း ၉ နှစ် ကျခံခဲ့ရပါတယ်။ အဲဒီနောက် အယူခံဝင်ရာမှာ ၄ နှစ် လျော့ပေးခြင်းခံရပြီး စုစုပေါင်းထောင်ထဲမှာ ၄ နှစ် ၄ လ နေခဲ့ရပါတယ်။ ပထမလွတ်ငြိမ်းချမ်းသာ ခွင့်မှာ တစ်နှစ်လျော့ပေါ့ခွင့် ရရှိခဲ့ပါ တယ်။ ဇန်န၀ါရီလ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကနေ လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကျဉ်းသားဆိုလို့ ကျွန်တော်အပါအ၀င် ၃ ဦးပဲ ရှိတယ်လို့ သိရပါတယ်။ ထောင်ထဲမှာအများကြီး ကျန်နေသေးတဲ့အတွက် လုံးဝ စိတ်မကောင်းပါဘူး'' ဟု ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ဦးကြည်သန်းက ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံတစ်ဦးဖြစ်သူ ဦးသန်းနိုင်ဦးက ''ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံပါတဲ့ စာရွက်စာတမ်းတွေနဲ့အတူ မန္တလေးက ရန်ကုန်ကိုအလာမှာ ပုံနှိပ်စက္ကူဥပဒေ ပုဒ်မ ၁၇ အရ ၂၀၁၀ စက်တင်ဘာလ ၉ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ စုစုပေါင်းထောင်ဒဏ် ၃ နှစ်ကျခဲ့ပြီး ထောင်ထဲမှာ ၁ နှစ်နဲ့ ၃ လ နေခဲ့ရပါတယ်။ ကျွန်တော်လွတ်လာတော့ ကျန်တဲ့ကျွန်တော့်လိုလွတ်တဲ့လူ ဘယ်သူရှိသေးလဲလို့ မေးတဲ့အခါမှာ မပါဘူးလို့ ပြောခဲ့ကြတဲ့အတွက် အ ရမ်း ၀မ်းနည်းခဲ့ရပါတယ်။ ကျွန်တော်နဲ့ အတူနေခဲ့ရသူတွေကို ကျန်းကျန်းမာမာနဲ့ ကျွန်တော့်လို ပြန်ထွက်လာစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူအချို့ လွတ်မြောက်လာသော်လည်း ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ မပါဝင်ခဲ့ပေ။
၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့ တွင်ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့အပါအ၀င် အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၁ အရ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် ၆၃၅၉ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ကိုသူရ (ခ) ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဋ္ဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊မစုစုနွေးတို့ ပါဝင်ခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေးသည် မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွင်  အရေးကြီးသည့် ခြေလှမ်းများဖြစ်သဖြင့် ယင်းကဲ့သို့ထောင်များတွင် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအားလုံး ထပ်မံလွှတ်ပေးရေးကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်အပါအ၀င် နိုင်ငံတကာခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ ဂျာနယ် လစ်များက ဆက်လက်မျှော်လင့်လျက်ရှိနေသည်။
EMG