Saturday, December 24, 2011

NLD ပါတီ မှတ်ပုံတင် လျှောက်လွှာ တင်သွင်း


ဓာတ်ပုံ ASSOCIATED PRESS
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပါလီမန်အဆောက်အဦးမှာ တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၁)
နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါပြီ။ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နေပြည်တော်ကိုသွားပြီး ဒီနေ့ သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်မှာ လက်မှတ်ထိုး မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ လွှတ်တော်နှစ်ရပ်တို့ရဲ့ ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
လူအများစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်လွှာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တင်လိုက်ပါပြီ။ ပါတီမှတ်ပုံတင်ဖို့ ဆောင်ရွက်စရာတွေ ဆောင်ရွက်နေတဲ့ အချိန်တွင်းမှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးဖြစ်တဲ့အကြောင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ခုလိုပြောပြပါတယ်။
“ကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း တိုင်းပြည်အကျိုးရှိဖို့၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်ဖို့၊ ဒါတွေကို သူ့ရဲ့တာဝန်လည်းဖြစ်တယ်၊ သူ လုပ်မယ် ဆိုတဲ့အကြောင်းလည်း ပြောပါတယ်။ တိုင်းပြည် တိုးတက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် မြန်ဆန်မယ် ဆိုတဲ့ဟာကိုလည်းပဲ အိုင်ဒီယာကိုလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပနိုင်မလဲ ဆိုတာရယ်၊ နောင် လိုအပ်တဲ့အခါမှာ မသိတာ၊ မရှင်းလင်းတာတွေကို မေးမြန်းဖို့ တွေ့ဆုံခွင့်၊ ဒါတွေကိုပြောပါတယ်။ ဒါကို ကော်မရှင်ဥက္ကဋ္ဌကလည်း လက်ခံပါတယ်။”
အဲဒီတော့ သူတို့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို သူတို့ အန်ကယ်တို့ကို ပြောလိုက်ပါလားရှင့်။ -
“မပြောပါဘူး။ သူ့အနေနဲ့ အဆိုပြုတင်ပြထားတာ ရှိတယ်။ ဒါက အတည်ပြုမှသာ သူ ပြောနိုင်မယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။”
ရွေးကောက်ပွဲလုပ်ရင် လွတ်လွတ်လပ်လပ် မျှမျှတတဖြစ်အောင် လုပ်ဖို့ကိုလည်း NLD ဘက်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ်လို့ လွှတ်တော်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မကြာခင် ရက်ပိုင်းကပဲ ပြောထားတာရှိတဲ့အတွက် တွေ့ဆုံတဲ့အခါမှာရော ဘယ်လိုမြင်ရသလဲလို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ အားလုံးစိတ်ထဲ တရားမျှတမှု၊ တိုင်းပြည် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ သူ့စိတ်ထဲရှိတာတွေကိုလည်း သူ ရှင်းပြတယ်။”
နေပြည်တော်မှာ ပါတီမှတ်ပုံတင် လျှောက်လွှာတင်တဲ့ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် တွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် မေးတာတွေကို ဖြေခဲ့တယ်လို့ ဦးခင်အောင်မြင့်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဓိကလုပ်နေတဲ့ လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် ပိုပြီး အားရှိတယ်လို့လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
နေ့ချင်းပြန် နေပြည်တော်သွားတဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့လည်း သီးခြားတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ စာရေး အကြောင်းကြားတဲ့အတွက် တွေ့တာဖြစ်ပြီး တစ်နာရီကျော်လောက် ဆွေးနွေးဖြစ်ကြတာနဲ့ ပတ်သက်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ခုလို ပြောခဲ့ပါတယ်။
“ဒီနေ့တွေ့ဆုံတဲ့အခါမှာလည်း လွှတ်တော်ရေးရာနဲ့ ပတ်သက်ပြီး သိချင်တဲ့အချက်တွေကို သူ မေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြေကြားပေးပါတယ်။ အဲဒီနည်းတူပဲ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မေးတာရှိပါတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ရှင်းပြခဲ့ပါတယ်။”
ပြည်သူ့လွှတ်တော် ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင်ကပဲ အိန္ဒိယနိုင်ငံက ပါလီမန်ဒီမိုကရေစီစနစ်၊ အစိုးရအုပ်ချုပ်ရေးစနစ်တွေကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေ တွေ့ဆုံမှုဟာ ပထမဆုံး တရားဝင်တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။
နေ့လည်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်ကြည်၊ ဦးစိုးသိန်းနဲ့ ဦးသိန်းဌေးတို့နဲ့ နေ့လည်စာအတူ စားခဲ့ကြပါတယ်။

လွတ်လပ်ရေးနေ့တွင် စီတန်းသွားလာခွင့်မရ


ကို​ထွေး

ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ ပါတီရုံးကနေ စုဝေးစီတန်းပြီး လွတ်လပ်ရေး ကျောက်တိုင် အလေးပြုမယ့်​ အစီအစဉ်ကို သက်ဆိုင်ရာက ခွင့်မပြုဘူးလို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ ​ ​ခေါင်းဆောင်တဦးဖြစ်တဲ့​ ​ဒေါ်သန်းသန်းနုက “အဲလိုဆိုရင် စီတန်းမသွားဘူး။ ဟိုမှာ တခါ သွားပြီးတော့ ဆုံကြမယ့် ပေါ့။ အဲလို လုပ်ပြန်တော့လည်း၊ လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ရဲဌာနက တခါခွင့်မပြုဘူး။ သူတို့က ဘာဖြစ်လို့လဲ​ ဆိုတော့ စီတန်း သွားဖို့ ဟာက ဥပဒေက​ ​ပြဋ္ဌာန်း​ ​ပြီးပြီပေါ့။ ဒါ​ပေမယ့် နည်းဥပဒေဆိုတာက ထွက်မလာ​သေးဘူးတဲ့။ ဒါကတော့​ ​အကြောင်းပြချက်​ပေါ့လေ​ ​အဲဒါကြောင့်​ သွားလို့မရဘူး”​ လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီရုံးဟာ မင်္ဂလာတောင်ညွန့်​ ​မြို့နယ်မှာရှိပြီး လွတ်လပ်ရေး​​ကျောက်တိုင်က​ ​ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ​မှာ ရှိတဲ့အတွက် မင်္ဂလာတောင်ညွန့်ရဲစခန်းနဲ့​​ကျောက်တံတားရဲစခန်းကို ခွင့်ပြုချက်​ ​တောင်းတာပါ။

ရဲစခန်းက ခွင့်မပြုတဲ့အတွက် ပါတီရုံးချုပ်ကနေ လွတ်လပ်ရေးပန်းခြံကို စီတန်းမသွားတော့ဘဲ လွတ်လပ်ရေးပန်းခြံမှာလူစုပြီး လွတ်လပ်ရေးနေ့အခမ်းအနားပွဲ ကျင်းပခွင့်ရဖို့ မြို့တော်ဝန်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ စည်ပင်သာယာကို တင်ထားတယ်လို့​ ​ဒေါ်သန်းသန်းနုက​ ​ပြောပါတယ်။

“စည်ပင်ကလည်း ပြန်လာပြီ၊ အဲဒီရဲဌာနတွေကလည်း ပြန်လာပြီ။ စည်ပင်က ပြန်လာ တယ်ဆိုတာက မြို့တော်ဝန်ဆီက ပြန်လာတာနဲ့ အတူတူပေါ့။ အဲသလိုပဲ ယူဆရတယ်။ အဲဒီထဲကို ၀င်ခွင့်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာပေါ့။ ကျမတို့ကလည်း အများပြည်သူထဲပါတာပဲ။ ဒါပေမယ့် ဘယ်လိုထုတ်ခဲ့လိုက်လဲတော့မသိဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာဆိုတော့ ကျမတို့သွားပြီး အလေးပြုဖို့ ပါတီအနေနဲ့ လုပ်လို့မရဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေရဲ အခွင့်အရေးအဖြစ် ပေးထားပြီး ဖြစ်သလို လက်ရှိအာဏာရ အစိုးရကလည်း ဥပဒေပြဋ္ဌာန်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့တုန်းကလည်း ဒလမြို့နယ်က တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးအဖြစ် ၀င်အရွေးခံခဲ့ဖူးတဲ့ ဦးဝင်းချို ခေါင်းဆောင် တဲ့အဖွဲ့က တင်ပြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကိုလည်း အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။

မြန်မာလျှပ်စစ်အကြောင်း ခပ်ပါးပါးလေးပြောပြမယ်

လျှပ်စစ်ဝန်ကြီးဇော်မင်း ဧရာဝတီဆည်စီမံကိန်းကိုတည်ဆောက်ချင်ဇောနဲ့ပြည်သူတွေကိုမြန်မာပြည်မှာလျှပ်စစ်တွေပိုလျှံနေတယ်
လို့လွယ်ကူစွာလိမ်လည်ပြောဆိုခဲ့ပါတယ်။မြန်မာပြည်မှာတိုင်းပြည်နောင်ရေးအရှည်ကိုစဉ်းစားတည်ဆောက်ခဲ့
တဲ့စီမံကိန်းများဟာပြည်သူများနောင်ရေးအတွက်ဖြစ်မလာ၊အကျိုးမရှိပဲ၊လက်ရှိစည်မံကိန်းများကိုတည်ဆောက်
သောတာဝန်ယူသောအသိုင်းအဝိုင်းများက  ပြည်သူပိုင်ငွေကြေးများကိုသာအလွှဲသုံးခဲ့ကြပါတယ်။(ပြည်သူ့အော်သံ)မှတ်ချက်။
လျှပ်စစ်အကြောင်းလေး နည်းနည်း ရေးဦးမယ်။ လက်ရှိမှာ ကျွန်တော်ဟာ လျှပ်စစ်ဌာနက ၀န်ထမ်းဖြစ်ပေမယ့် ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ပါဘူး။ ဒါကြောင့် ခုရေးမှာက အစိုးရသတင်းစာတွေ ရုပ်သံတွေက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်များကိုပဲ ပြောမှာပါ။ လျှပ်စစ် အင်ဂျင်နီယာ မဟုတ်သူများအတွက် ရည်ရွယ်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ် အသုံးဆုံး ဒေသက ရန်ကုန်ဖြစ်ပါတယ်။ 600MW လောက်သုံးပါတယ်။ ဒုတိယ မန္တလေးပါ။ 120MW လောက်သုံး ပါတယ်။နေပြည်တော် 50MW တောင်ကြီး25MW မုံရွာ 15MW စသည်ဖြင့် အခြား မြို့ကြီးတွေလည်း ရှိပါတယ်။ အိမ်ထောင်စု အနေနဲ့ ခွဲပြောရင် ရန်ကုန်တိုင်းဒေသကြီးမှာ သုံးအိမ်မှာ နှစ်အိမ် မီးရပါတယ်။ ၆၆% ဆိုပါတော့။ ဒုတိယက ကယားပြည်နယ်ပါ သူက ၃၅%နှုန်းလောက်ရှိပါတယ်။ နာမည်ကျော် ဘီလူးချောင်းစက်ရုံကြီးကျေးဇူးကြောင့်ပါ။ ပြီးတော့ ပြည်နယ်ကလည်း သေးတော့ မီးရတဲ့ အိမ်များတာပါ။ သူတို့နောက်မှာ အစဉ်လိုက် နေပြည်တော်ဒေသ ၃၄% မန္တလေးတိုင်းဒေသကြီး ၃၃% စသည်ဖြင့်ရှိပါတယ်။ ထူးဆန်းတာ တစ်ခုက တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ မီးအရအနည်းဆုံးက ဧရာဝတီတိုင်းပါ ၁၀%ကျော် လေးပဲရှိပါတယ်။ သူက လူဦးရေများပြီး မြစ်ချောင်း များလို့ ဖြစ်ပါလိမ့်မယ်။ ချင်းပြည်နယ်တောင်မှ ဧရာဝတီရဲ့ အထက်မှာ ရှိပါတယ်။ နောက်တစ်ခု ကြားဖြတ်ကျွန်တော့်အမြင်လေး ပြောရရင် ရှမ်းပြည်နယ်ဟာ အိမ်ထောင်စုတွေရဲ့ ၃၀%လောက်ပဲ မီးရတယ်ဆိုပါတယ်။ သူက ပြည်နယ်တိုင်း၁၄ခုမှာ အဆင့်လေးမှာပါ။ ဒါဟာ ရှမ်းတစ်ပြည်နယ်လုံးကို ပြောထားလို့ ဖြစ်ပါလိမ့်မယ်။ ရှမ်းရှေ့ ရှမ်းတောင် ရှမ်းမြောက် ပြန်ခွဲရင်တော့ ရှမ်းတောင်က ကယားပြည်နယ်ထက် မီးရတဲ့နှုန်းသာမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တောင်ကြီးခရိုင်တစ်ကြောမှာ မီးမရတဲ့ရွာနဲ့ မီးရတဲ့ရွာဆိုရင် မီးရတဲ့ရွာက ပိုများပါတယ်။ လွိုင်လင်ခရိုင်ဆိုရင်လည်း မီးရတဲ့နှုန်းမြင့်ပါတယ်။ ကျောက်ဆည်နဲ့ ကပ်ရက် ရွာငံမြို့ဆို မြန်မာပြည်တစ်ပြည်လုံး မီးပျက်တောင် သူက တစ်ခါတစ်လေ မပျက်ပါဘူး။ ကင်းတားစက်ရုံက မီးကို တိုက်ရိုက်ယူထားတာမို့ပါ။ ရှမ်းတောင်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်သက်သက်ပါ။

မြန်မာပြည်လျှပ်စစ်ရဲ့ ၇၀%ကျော်ကို ရေအားကထုတ်ပါတယ်။ ၂၀%နှုန်းလောက်ကို သဘာဝဓာတ်ငွေ့ကထုတ်ပြီးတော့ ၈%က ရေနွေးငွေ့စက်ရုံတွေက ရပါတယ်။ အခြားနည်းတွေက ၁%အောက်မှာပဲ ရှိပါသေးတယ်။ အားနည်းချက်လာပါပြီ။ မီးသုံးပါတယ်ဆိုတဲ့ ရန်ကုန်နား တစ်ဝိုက်မှာ တစ်မြို့လုံးစာကို စက်ရုံတစ်ခုတည်းက နေပေးဖို့ စက်ရုံလောက်လောက်လားလား မရှိပါဘူး။ မန္တလေးဆိုရင် သူ့သုံးတာရဲ့ ငါးဆလောက် ထုတ်ပေးမယ့် ရဲရွာစက်ရုံက မိုင် ၄၀ လောက်မှာ ရှိနေပါတယ်။ တောင်ကြီးဆိုရင် ကျိုင်းတောင်း၊တီကျစ်၊ ဇော်ဂျီ စတဲ့ စက်ရုံတွေ ရှိပါတယ်။ နေပြည်တော်ဆို လည်း သူသုံးတာရဲ့ ငါးဆကျော် ထုတ်နိုင်တဲ့ ပေါင်းလောင်းစက်ရုံက ၁၁မိုင် အကွာမှာ ရှိပါတယ်။ အကြောင်းရင်းကတော့ ရေအားလျှပ်စစ်ရဲ့ သဘာဝအရ တောထဲမှာပဲ ရှိတာပါ။ ဒါကြောင့် တောနက်နက်နဲ့ ဝေးတဲ့ ရန်ကုန်ဟာ မီးရဖို့ အတွက် လိုင်းအရှည်ကြီးတွေ ဆွဲရပါတယ်။ လိုင်းရှည်ရင် ဆုံးရှုံးမှုများတာ ထုံးစံပါပဲ။ ဒါကြောင့် ရန်ကုန်ကို လျှပ်စစ် 100MW ရောက်ဖို့ ကျွန်တော့စိတ်ထင် 125MW လောက်ပို့ပေးမှ ရပါလိမ့်မယ်။ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကလည်း 300MW လောက်ပဲ ထုတ်နိုင်တာပါ။ ရန်ကုန်သုံးတာရဲ့ တစ်ဝက်ပဲ ရှိပါတယ်။ ၀မ်းသာစရာကတော့ ရန်ကုန်နားမှာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးရုံဆောက်ဖို့ ကိုရီးယားက လာပြီးဆွေးနွေးနေတာ သတင်းဖတ်လိုက်ရပါတယ်။ MW 500 ကျော်ရှိပြီး ဒလမှာ ဆောက်မှာ လို့သိရပါတယ်။ နောက်ပြီး ထန်းတပင်မှာလည်း 375MW ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်နေသံ ကြားပါတယ်။

စဉ်းစားစရာတစ်ခုပေါ်လာပါပြီ။ ရန်ကုန်လူဦးရေက ၆သန်းပါ။ လက်ရှိလျှပ်စစ်သုံးနေတာ 600MW။ စင်ကာပူလူဦးရေက ၄သန်းခွဲပါ။ လက်ရှိလျှပ်စစ်သုံးနေတာက 11000MW တောင်ရှိပါတယ်။ အဲတော့ မြန်မာပြည်သာ စီးပွားရေးတိုးတက်လာခဲ့ရင် လျှပ်စစ် အသုံးက ဆတိုးနဲ့ ကိုတက်လာမယ့် သဘောရှိပါတယ်။ စက်မှုလုပ်ငန်းတွေ များလေ လျှပ်စစ်သုံးတာများလေ ဖြစ်လာမှာဆိုတော့။ ရန်ကုန်အတွက် အနည်းဆုံး  MW 10000 လောက် ရအောင် အစီအစဉ်လေး ဘာလေးရှိရင် သိပ်ကောင်းမှာပါ။ ဗြုန်းခနဲ မဟုတ်ဘူး ဆယ်နှစ် (သို့မဟုတ်) ဆယ့်ငါးနှစ် အတွင်းပေါ့။ ထားပါလေ။ ဒါတွေက လူကြီးတွေလုပ်ပါလိမ့်မယ်။

မန္တလေးကတော့ လျှပ်စစ်ကံကောင်းနေပါတယ်။  မန္တလေးနားမှာ ရေမြေသဘာဝ အရ ရဲရွာစက်ရုံလာဆောက်တယ်။ လျှပ်စစ်က 790MW တောင်ထွက်တယ်။ နောက် ဟိုးဖက် မူဆယ်နားမှာ ရွှေလီ-၁ စက်ရုံဆောက်တယ်။ မြန်မာပြည်အောက်ပိုင်းကို ပို့ဖို့ မန္တလေးနားက ဖြတ်သွားရတယ်။ နောက်ပြီး ဆည်တော်ကြီးတို့ ကင်းတားတို့လို စက်ရုံ အသေးလေးတွေ လည်း ရှိသေးတယ်။ နောက်ပြီး ကျွန်တော့်အထင် မန္တလေးက နိုင်ငံတကာ မြို့တော်ဖြစ်ဖို့ သဘာဝက အခြေအနေ မပေးပါဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင်တော့ ရပါတယ်။ ဖြစ်လည်း ဖြစ်နိုင်တယ်။ သို့သော် ရန်ကုန်လိုတော့ ပင်လယ်ဆိပ်ကမ်းမရှိပါဘူး။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတယ် ဆိုရင်တောင်မှ ရန်ကုန်တို့ ထားဝယ်တို့ ကျောက်ဖြူတို့ မှာလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးကြီး တွေ မန္တလေးကို ၀င်ဖို့နည်းပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းလောက်ပဲ အားကိုးလို့ ရမှာပါ။ ပြောချင်တာက မြန်မာပြည်ကြီး ဗြုန်းခနဲ ဖွံ့ဖြိုးလာရင်တောင်မှ မန္တလေးကတော့ သူ့နှုန်းနဲ့သူ ပဲ တိုးတက်ပါလိမ့်မယ်။ လျှပ်စစ်အသုံးကလည်း တအိအိပဲ တက်လာပါလိမ့်မယ်။ နည်းနည်းပါးပါး တိုးနှုန်းမြန်လာတာတော့ ရှိမှာပေါ့လေ။

ကဲ... မီးဘာကြောင့်ပျက်ရတယ် ဆိုတဲ့ အကြောင်းလေး ပြောပါဦးမယ်။ မီးဘာလို့ ပျက်လဲ ဆိုတော့ မလာလို့ပေါ့ဗျာ။ အဲလို ဖြေတာ အရှင်းဆုံးဖြစ်မယ်ထင်တယ်။ အတည်ပြောပါ့မယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဓာတ်အားပေးစက်ရုံတွေက တောထဲမှာ။ အဲဒီကနေ မြန်မာပြည်အောက်ပိုင်းကို ပို့နေရတာ။ ဓာတ်အားထုတ်လုပ်မှုရဲ့  ငါးပုံနှစ်ပုံ(၄၀%)က မန္တလေးတိုင်းက ထုတ်တာပါ။ (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား) နောက် ၂၀%လောက်ကို ရှမ်းတောင်နဲ့ ကယားက ထုတ်ပါတယ် (လောပိတ၁ နှင့် ၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့်၂) ရန်ကုန်နားက သဘာဝဓာတ်ငွေ့စက်ရုံတွေက ၂၀%လောက်ထုတ်ပါတယ်။ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) ရှမ်းမြောက်က ၁၅%နှုန်း(ရွှေလီ-၁) နောက်ကျန်တာတွေက ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မွန် စတာတွေမှာ နည်းနည်းစီ ထုတ်ပါတယ်။
လျှပ်စစ်အသုံးကျတော့ ရန်ကုန်က ၄၅%နှုန်း မန္တလေးက ၁၀%ခန့် နေပြည်တော်က ၄%ခန့် သုံးပါတယ်။ အဲတော့ ရန်ကုန်မှာ သုံးဖို့ ဆွဲရတဲ့ လိုင်းတွေက ရွှေလီကနေ ဆို ရွှေလီ-မန်စံ-ရွှေစာရံ(မန္တလေးအနီး) ကနေတဆင့် ဘဲလင်း-သပြေ၀(မိတ္ထီလာအနီး) ဆက်သွား ပြီးတော့မှ သာစည်-ပျဥ်းမနား-တောင်ငူ-ကမာနတ်(ပဲခူးအနီး) ကနေပြီး ရန်ကုန်နားက ခွဲရုံတွေကို ၀င်ရပါတယ်။ ရဲရွာဓာတ်အားက ဘဲလင်းနဲ့ သပြေ၀မှာ လာပေါင်းပါတယ်။ ပေါင်းလောင်းဓာတ်အားက ပျဉ်းမနားမှာ လာပေါင်းပါတယ်။ လောပိတက ထုတ်တဲ့ ဓာတ်အားက သာစည်မှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းက လည်းကောင်း တောင်ငူမှာ လောပိတ-တောင်ငူဓာတ်အားလိုင်းကလည်းကောင်း တဆင့်လာပေါင်းပါတယ်။ အဲဒီမှာ ဘာရည်ရွယ်ချက်ရှိလို့ ရှိမှန်းမသိတဲ့ ကောင်တွေက လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲဒီမှာတင် ထုတ်သမျှလျှပ်စစ်က ရန်ကုန်ကို ဘယ်လိုင်းက စီးလို့ စီးရမှန်းမသိဖြစ်ကုန်ပါတယ်။ လိုင်းတွေရဲ့ သယ်ဆောင်နိုင်အားတွေ အသေးစိတ်ပြောရင် ရှုပ်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ သေချာတာကတော့ အဲဒီ လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေ အဖျက်ခံရတဲ့အတွက် ရန်ကုန် မီးမပျက်ဖို့ သေမလောက် လုံးပန်းနေရပါတယ်။ ရန်ကုန်မပျက်တောင် အနည်းဆုံး တောင်ငူနဲ့ ပဲခူးလောက်မှာ ပျက်ပါတယ်။ မန္တလေးတို့လို မြန်မာပြည်အထက်ပိုင်းမှာ ပျက်တာကတော့ ဓာတ်အားလိုင်းခပ်ငယ်ငယ်လေးတွေရဲ့ ယာယီအပြစ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မီးအမြဲလာဖို့(လုံးဝမပျက်ဘဲ လာဖို့) ကတော့ ဓာတ်အားပေးစက်ရုံတွေကို တိုးဆောက်ရမယ်။ ရေအားချည်းပဲ ကတော့ မဖြစ်ပါဘူး။ ရေအားပဲ ဆောက်ရင်တော့ ရန်ကုန်မှာ ခုလက်ရှိတောင် မလွယ်တာ။ နောင်လေးငါးနှစ် နှစ်ဆလောက် တက်လာမယ့် အချိန်ဆို လုံးဝ မလွယ်တော့ပါဘူး။ နောက်ဓာတ်အားလိုင်းတွေ သေချာတွက်ပြီးဆွဲရမယ်။ ဆွဲပြီးကာမှ ထုတ်ထားသလောက် မစီးနိုင်ရင် အလကားပါ။ နောက်ပြီး ဓာတ်အားဖြန့်ဖြူးရေး အပိုင်းမှာ သေသေချာချာ လုပ်ရပါမယ်။ သူများနိုင်ငံမှာ Technical Loss ဆိုတဲ့ စက်ပစ္စည်းတွေ ကြောင့်ပဲ ဆုံးရှုံးတာ။ ကျွန်တော်တို့ ဆီမှာ Non-technical Loss ဆိုတဲ့ လူကြောင့် ဆုံးရှုံးတာပါ တော်တော်များနေတယ်လေ။ အဲဒါလေးတွေ သေချာလုပ်ရပါမယ်။ နောက် အရေးကြီးတာတစ်ခုက ဓာတ်အားစနစ် တစ်ခုလုံးကို Frequency and Voltage Control သေချာလုပ်ဖို့လိုပါမယ်။ အရေးပေါ်မှ ဟိုခေါ်ဒီဆက်လုပ်နေရတဲ့ လက်ရှိစနစ်ကနေ ဓာတ်အားစနစ်ကြီး တစ်ခုလုံးကို တစ်နေရာတည်းက မောက်စ်ကလစ်ရုံနဲ့ ထိန်းနိုင်ဖို့ လုပ်နေကြပြီလို့ ထင်ပါတယ်။

ကဲ... ပြီးပါပြီ။ တော်တော်တော့ မျက်စိနောက်သွားမယ်ထင်တယ်။ စိတ်ဝင်စားရင် သေချာဖတ်ကြည့်ဗျာ။ နောက် ကျွန်တော့်ကို မေးပါ။ မသိရင် သိတဲ့သူကို ပြန်မေးပြီး ကျွန်တော်ဖြေပါ့မယ်။

(အပေါ်တွင် ဖော်ပြထားသော အချက်အလက် အများစုမှာ နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံများတွင်ဖော်ပြသမျှ အချက်အလက် အများစု ဖြစ်ပါသည်။ အချို့ အချက်အလက် များမှာ ခိုင်မာသော အဖွဲ့အစည်းတို့၏ ကွင်းဆင်းကောက်ယူထားသော အချက်အလက်များ ဖြစ်ပါသည်။ ထိုအချက်အလက်များမှာ သတင်းစာ၊ ရုပ်သံတို့တွင် ပါဝင်သေးခြင်းမရှိပါ။ ထို့ကြောင့် ထိုသို့ အချက်အလက်များကို အတိအကျဖတ်ဖူးသော်လည်း အနည်းငယ် မဆိုသလောက် ခန့်မှန်းချေ သဘောမျိုးသာ ရေးသားထားပါသည်။ သို့သော် ဤစာစုပါ အချက်အလက် များတွင် တက်တက်စင်အောင်လွဲသော အချက်လုံးဝမပါကြောင်း အာမခံပါသည်။)

ပေါက်ကျိုင်း
၂၃.၁၂.၂၀၁၁

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကင်ဂျုံအီ - ဘယ်သူက ပိုတော်သလဲ

ကင်ဂျုံအီ သေဆုံးသွားတာ မျက်မှောက်ခေတ်မှာ ကမ္ဘာ့ အရက်စက်ဆုံး၊ လူထူး လူကြောင်၊ အထီးကျန်ဆန်ဆန်နေထိုင်တဲ့ အာဏာရှင်တယောက် ဇာတ်သိမ်းသွားတာပါပဲ။
မြောက်ကိုရီးယားလည်း မရေမရာ၊ မတည်မငြိမ် အခြေအနေ၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရင်ထက်ပိုလာနိုင်မလား စိုးရိမ်စရာ အခြေအနေတွေဖြစ်ပေါ်နေပါတယ်။  အာဏာရှင်တွေ ဒယိမ်းဒယိုင် ဖြစ်နေကြတဲ့ နှစ်တနှစ်ရဲ့ အဆုံးသတ်နိမိတ်ပုံလည်းဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်ကစလို့ အာဏာရှင်တွေ များများစားစား မြင်ကွင်းကနေ တယောက်ပြီး တယောက် ပျောက်ကွယ်သွားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ တူနီးရှားက ဘန်အာလီ၊ အီဂျစ်က မူဘာရတ်၊ လစ်ဗျားက ကဒါဖီတို့ရဲ့ ကျဆုံးခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။  ဆီရီးယားနဲ့ ဘာရိန်းမှာလည်း ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့ လူထုအုံကြွမှုတွေ မြင်ခဲ့ရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း တိုင်းပြည်ကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ လူကြီး အနားယူသွားပြီး၊ သူ့ကိုဆက်ခံတဲ့ နောက်တယောက်က ပြုပြင်ပြောင်းလဲရေးတွေကို စတင်လုပ်ဆောင်လာပါတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီး၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းတွေအပေါ်မှာ အကောင်းမြင်သူတွေရှိသလိုပဲ သတိနဲ့ စောင့်ကြည်သူတွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တောင် မကြားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်ထဲ ၀င်ဖို့ကလည်း လပိုင်းအတွင်းမှာ တကယ်ဖြစ်လာတော့မှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို သတ်သွားတာ သတင်းတွေအရဆိုရင် နှလုံးရောဂါဖြစ်ပါတယ်၊ လူထုဆန္ဒပြပွဲတွေမဟုတ်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားမှာ ချက်ချင်လက်ငင်း ထူးထူးခြားခြားအပြောင်းအလဲဖြစ်လာနိုင်ခြေမရှိပါဘူး။ ဒါပေမယ့် ကင်ဂျုံအီရဲ့ အနိစ္စသဘောကနေ တရားပြနေတာတွေတော့ ရှိပါတယ်။ ဥပမာအနေနဲ့ အာဏာရှင်တွေဟာ အားပျော့နေပြီး၊ ဒယိမ်းဒယိုင်ဖြစ်နေပြီး၊ ထာဝရမြဲတဲ့ အရာမဟုတ်ဘူးဆိုတဲ့ အနိစ္စတရားတွေပါပဲ၊ ဒါကို သံဝေဂယူပြီး အာဏာရှင်တွေအနေနဲ့ အချိန်ရှိတုန်း၊ ကိုယ့်မှာ ရွေးချယ်စရာရှိသေးတဲ့ အခြေအနေမှာ အာဏာကို စွန့်မလား၊ သို့မဟုတ် နိုင်မနိုင်သိမ်းမရဖြစ်ပြီး အာဏာာလက်လွှတ်သွားတာမျိုး အဖြစ်ခံမလား၊ ပထမနည်းလမ်းက ပိုကောင်းပါတယ်လေ။
မြောက်ကိုရီးယားနှင့် မြန်မာပြည်ဟာ အာရှမှာတော့ အပယ်ခံတိုင်းပြည်ချင်း အတူတူပါပဲ။ ကမ္ဘာ့အရက်စက်ဆုံး အစိုးရတွေ အုပ်ချုပ်တာချင်းလည်း တူပါတယ်၊ အစိုးရနှစ်ရပ်စလုံးဟာ ကိုယ့်ပြည်သူတွေအပေါ် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ တိုက်တွန်းထားကြပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူတွေကို ကျွန်သဖွယ် ကုန်ကူးမှုတွေမှာလည်း အစိုးရနှစ်ရပ်စလုံးဟာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် နေကြပါတယ်၊ နိုင်ငံရပ်ခြားမှာ သူတို့ အပ်နှံ့ထားတဲ့ ဘဏ်စာရင်းတွေလည်း ချိတ်ပိတ် ခံထားရတာချင်းလည်း တူပါတယ်။
စစ်တပ်ကျောထောက်နောက်ခံထားတဲ့ အစိုးရချင်းလည်း တူပါတယ်။ မြောက်ကိုရီယား စစ်တပ်က ကမ္ဘာပေါ်မှာ စတုထ္ထအကြီးဆုံးဖြစ်သလို၊ မြန်မာစစ်တပ်ကလည်း အရှေ့တောင် အာရှမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားက နျူးကလီးယား ပိုင်ဆိုင်ထားသလို၊ မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအကူအညီနဲ့ နျူးကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။
အစိုးရနှစ်ရပ်စလုံးဟာ တိုင်းပြည်စီးပွားရေးကို ဗုန်းဗုန်းလဲအောင် စီမံခဲ့ပြီး၊ ပြည်သူတွေ ငတ်ပြတ်နေတာကို လက်ပိုက်ကြည့်ခဲ့ကြပါတယ်၊ နိုင်ငံတကာ အကူအညီတွေကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ပြီး အုပ်ချုပ်သူတွေကျတော့ မသန့်ရှင်းတဲ့ စည်းစိမ် ချမ်းသာတွေကို စံစားနေကြပါတယ်။ ဒီလို အချက်တွေမှာ မြန်မာနှင့် မြောက်ကိုရီယား တူညီကြပါတယ်။
ဒါပေမယ့် မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ၀ါဒဖြန့် ကြိုးစားခဲ့တာတွေရှိခဲ့ပါတယ်၊  ဥပမာအနေနဲ့ သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတာ၊ မင်းနေပြည်တော်လို့ အဓိပ္ပါယ်ရတဲ့ နေပြည်တော် မြို့တော်သစ်ကို တည်ဆောက်ခဲ့တာတွေမျိုးပါ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကင်ဂျုံအီရဲ့ ခြေဖျားကိုတောင် မမှီခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ အစိုးရအဖွဲ့ထဲမှာ နေရာရခဲ့ပါတယ်။ သူ့အချစ်တော် မြေးကလေး လမ်းသရဲဂိုဏ်းဆန်းဆန်းနေတာကို ဗိုလ်ချုပ်မှူးကြီးရာထူးက အကာအကွယ် ပေးနိုင်ခဲ့ပါတယ်၊ ဒါတွေဟာ သူ့မိသားစုအပေါ် ဗိုလ်ချုပ်မှူးကြီး ကာကွယ်နိုင်ခဲ့တာတွေသာ ဖြစ်ပါတယ်။
မြန်မာနှင့် မြောက်ကိုရီးယားကြားမှာ အသိသာဆုံးခြားနားချက်ကတော့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ကင်ဂျုံအီရဲ့ မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံပါလို့ ကြွေးကြော်ပြီး လက်တွေ့မှာ ဘုရင်စနစ်လို အုပ်ချုပ်နေတဲ့ နိုင်ငံပါ၊ လက်တွေ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ၊ ဥပမာ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ အဓမ္မလုပ်အားပေး၊ သတ်ဖြတ်မှုတွေကတော့ ထူးမခြားပါ။ အစိုးရနှစ်ရပ်စလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တာချင်းအတူတူလို့ စွပ်စွဲခံရပါတယ်။
ဒါပေမယ့် ကင်ဂျုံအီ အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထက်သာတာက လူတွေရဲ့ အတွေးအခေါ်ကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်၊ ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မအောင်မြင်ပေမယ့်၊ ကင်ဂျုံအီက အောင်မြင်ခဲ့ပါတယ်။
မြောက်ကိုရီယားမှာ အတိုက်အခံတွေ ဖွဲ့စည်းခွင့်လည်းမရှိ၊ တရားမ၀င်နည်းလမ်းနဲ့ မရှိပါဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေမရှိ၊ အတိုက်အခံလည်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် လည်းမရှိ၊ အန်အယ်ဒီလည်းမရှိ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့လည်း မရှိပါဘူး၊ မြောက်ကိုရီယားကို သွားမယ်ဆိုရင် သူစိမ်းတွေနဲ့ ရဲရဲတင်းတင်းစကားပြောရဲတဲ့ လူတယောက်ကို ရှာဖွေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပုန်လျှိုးဝယ်လျှိုးပြောမယ့် လူလည်းမရှိပါဘူး၊ လူတိုင်းလူတိုင်းဟာ တယောက်ကိုတယောက် အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။
မြောက်ကိုရီးယားကို သွားရင် အစိုးရက တွေ့စေချင်တဲ့ လူတွေနဲ့ တွေ့ရ၊ စကားပြောရမှာ ဖြစ်ပါတယ်။ လမ်းပေါ်က လူတွေကို သူတို့ စိတ်ရင်းတွေကို သိရဖို့ စကားပြောဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အစိုးရက လိုက်ပို့တဲ့ ကျောင်းတွေ၊ ဆေးရုံတွေဆီကို သွားရင်တော့ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေက မဟာခေါင်းဆောင်ကြီး ကင်အီဆွန်း၊ နဲ့ ချစ်လှစွာသော သူတို့ခေါင်းဆာင်ကြီး ကင်ဂျုံအီ ကောင်းကြောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောတာကို ကြားရမှာဖြစ်ပါတယ်၊ သူတို့ ဓာတ်ပုံတွေက အခန်းတိုင်း၊ နံရံတွေပေါ်ကနေ ခင်ဗျားကို စိမ်းစိမ်းကြိး စိုက်ကြည့်နေပါလိမ့်မယ်၊ သူတို့ နာမည်တွေကိုလည်း စာကြောင်း၊ သုံးကြောင်း၊ လေးကြောင်းတိုင်းမှာ မကြားချင်အဆုံး ကြားရပါလိမ့်မယ်။
ဖျော်ဖြေပွဲတခုကို သူတို့ပြလို့ လိုက်ကြည့်မယ်ဆိုရင်လည်း လယ်ကွင်းတွေ၊ စက်ရုံတွေဆီကို ကင်အီဆွန်နဲ့ ကင်ဂျုံအီတို့ သွားရောက် စစ်ဆေးနေတဲ့ ပုံတွေကို သံစုံတီးဝိုင်းကြီးရဲ့ အနောက်ဘက် ပိတ်ကားပေါ်မှာ အဆက်မပြတ်ပြနေပါလိမ့်မယ်၊ တင့်ကားကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်း၊ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့ ပြကွက်တွေ ဆက်တိုက် ပြနေပါလိမ့်မယ်။ ဒုံးကျည်တချက်ပစ်လိုက်တဲ့ တိုင်းမှာ ပရိတ်သတ်တွေအားလုံးက တခဲနက် လက်ခုပ်တီးအားပေးနေလိုက်ကြတာ ဂျော့အော်ဝဲလ်ရဲ့ ၁၉၈၄ ၀ထ္ထုထဲ ရောက်နေ သလားတောင် အောက်မေ့ရပါတယ်၊
မြန်မာပြည်မှာတော့ ဒါမျိုးမရှိပါဘူး၊ သာမန်လူမပြောနဲ့ အစိုးရထဲက လူတွေတောင် ဘယ်သူမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကောင်းကြောင်း မပြောကြပါဘူး၊ လူတချို့ကတော့ အရင်းအနှီးကြီးကြီးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကောင်းတဲ့အကြောင်းကိုတော့ လူရှေ့သူရှေ့မှာ ပြောကြပါတယ်။ တော်တော်များများကတော့ တိုးတိုတိတ်တိတ်၊ အမြင်ကွယ်ရာမှာ ပြောပြပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအီ မကောင်းကြောင်း တစွန်းတစဖြစ်ဖြစ် တိုးတိုးစကား၊ ပေါက်ကြားသွားလို့ကတော့ ထောင်ချခံရဖို့ သေချာပါတယ်။ ကံဆိုးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။
မြောက်ကိုရီးယားမှာ နိုင်ငံရေးအကျဉ်းသား ၂ သိန်းရှိပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အဆတရာ လောက်ပိုများ ပါတယ်။ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတူတာက မြောက်ကိုရီးယားက နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို သိသိသာသာ အတိုက်အခံလုပ်လို့ ထောင်ချခံရတာ မျိုးမဟုတ်ပါဘူး။
ကင်ဂျုံအီရဲ့ ဓာတ်ပုံကို အကြည့်မတော်လို့၊ ဒါမှမဟုတ် တချိန်တုန်းက တောင်ကိုရီးယာနဲ့ အဆက်အသွယ်ရှိခဲ့ဖူးလို့ အစိုးရက ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ လူဖြစ်လာလို့ ၊ ဒါမှမဟုတ် သမ္မာကျမ်းစာကို လက်ဝယ်တွေ့ ရှိလို့ အဖမ်းခံရတဲ့ လူတွေပဲ များပါတယ်။ မြောက်ကိုရီးယားမှာ လူတယောက်အပြစ်ကျူးလွန်မိရင် မျိုးဆက် ၃ ဆက် ဒဏ်ပေးခံရမယ်ဆိုတဲ့ ပေါ်လစီ လည်းရှိပါတယ်၊
အခုတော့ ကင်ဂျုံအီရဲ့ သားဖြစ်တဲ့ ကင်ဂျုံအန်းကို ကြီးမြတ်သော ဆက်ခံသူ Great Successor’ လို့ ခေါ်ဝေါနေကြပါပြီ၊ ဒါပေမယ့် သူရဲ့ အာဏာအခြေခံက အားနည်းပါတယ်။ တကယ်ပဲ သူက ဆုံဖြတ်ချက်ချတဲ့ လူဖြစ်မလား၊ သို့မဟုတ် အာဏာပြိုင်တာတွေဖြစ်မလား၊ မသေချာပါဘူး။
ဒါပေမယ့် အကယ်၍ အခြေအနေ ဖရိုဖရဲဖြစ်ရင် အနာဂတ်ကို ခန့်မှန်းဖို့ ခက်ပါတယ်၊ ကင်ဂျုံအန်းရဲ့ ကံကြမ္မာကလည်း စိတ်ချရတဲ့ အခြေအနေမရှိပါဘူး။ မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေက ကင်ဂျုံအီ ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးကို ပို့ဖို့ စည်းရုံးဆော်သြနေကြပါတယ်။ ခုံရုံးမရောက်ခင်မှာပဲ အဖေဖြစ်တဲ့ ကင်ဂျုံအီ ကွယ်လွန်သွားပါတယ်၊ အသက် ၂၈ နှစ်ဝန်းကျင် သားဖြစ်တဲ့ ကင်ဂျုံအန်းအတွက် ကံမကောင်းလှပါဘူး။
ဒီအဖြစ်အပျက်တွေက မြန်မာပြည်အတွက် သင်ခန်းစာကတော့ သင်ခန်းစာတော့ အာဏာရှင်စနစ်ဟာ ရေရှည်မှာ ဘယ်လိုမှ အကျိုးမများနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ပြည်သူတွေက ဆန့်ကျင်အုံကြွလို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ အသက်အရွယ် ကြောင့်ဖြစ်ဖြစ် တခုခုဖြစ်လာရင် အာဏာရှင်တွေနဲ့ သူတို့ မိသားစုလုံခြုံရေးအတွက်လည်း ဘာအာမခံချက်မှ မရှိပါဘူး။
လူထုဆန္ဒကို လိုက်လျှောတဲ့ အာဏာရှင်တွေ၊ အချိန်မလွန်ခင်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးပြီး အာဏာလက်လွှတ်ပေးတဲ့ အာဏာရှင်တွေဟာ အသက်နဲ့ကိုယ် အိုးစားမကွဲ၊ သူတို့ မိသားစုတွေ အခြေမပျက်ဘဲ ထွက်တော်မူနန်းက ခွာနိုင်ခဲ့ကြပါတယ်၊ ဥပမာအနေနဲ့ တောင်အာဖရိက ဒီကလက်၊ ဆိုဗီယက်ပြညထောင်စုက ဂိုဘာ့ချော့ဗ်၊ အင်ဒိုနီးရှားက ဆူဟာတိုနှင့် ဟာဘီဘီတို့က ကြည့်ပါ။
ဒါကြောင့် ကင်ဂျုံအီရဲ့ အနိစ္စတရားက မြန်မာပြည်က သမတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်ဖို့၊ လက်တွေ့ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းနေပါတယ်၊
သမိုင်းစာမျက်နှာမှာတော့ ကင်ဂျုံအီဟာ လူသတ်သမား၊ နိုင်ငံတကာ ရာဇ၀တ်ကောင် ဟစ်တလာ၊ စတာလင် တို့နဲ့ တတန်းတည်းနေရာရသွားပါပြီး၊ နောက်ထပ် ထေ့ငေါ့ချင်စရာကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကင်ဂျုံအီ သေပြီး နောက်တရက်မှာ ချက်ကိုစလိုဗက်ကီးယားက လွတ်မြောက်ရေး ခေါင်းဆောင် ဗားကလက်ဟာဗယ်လ် အနိစ္စရောက်ပါတယ်၊ ဟာဗယ်လ်က ကင်ဂျုံအီကို ကမ္ဘာ့အဆိုးဆုံးအာဏာရှင်၊ လူသန်းပေါင်းများစွာရဲ့ အသက်ကို သတ်တဲ့ တရားခံ လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာပြည်က သမ္မတဦးသိန်းစိန်အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် အကူအညီပေးခဲ့တဲ့ ဒီကလက်တို့၊ ဂိုဘာ့ချော့တို့၊ ဟာဗီဗီတို့ အတန်းအစားထဲမှာ ပါချင်သလား၊ သို့မဟုတ် ကင်ဂျုံအီတို့ ဟစ်တလာတို့ လမ်းလိုက်မလား၊ ဘယ်လမ်းရွေးမလဲ ဆိုတာကတော့ ဘယ်လိုလူမျိုးကို အားကျသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
ညီစောလွင်