Thursday, November 17, 2011

ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား



b33_24_1
ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ရောက်ရှိလာစဉ် ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးချင်၍ အမေ့အိမ် ပညာရေး အခမဲ့ပညာဒါန ကျောင်းအနီးဝန်းကျင်ရှိ ပြည်သူများ နံနက်အစောပိုင်း ကတည်းက ရောက်ရှိနေကြပြီး လာရောက်ကြည့်ရှုကြသည့် ပြည်သူလူထုမှာ ထောင်ကျော်သည်ကို တွေ့ရသည်။ ပြည်သူလူထုမှာ များပြားလှ၍  သတင်းထောက်များသည် အနီးကပ်ဓာတ်ပုံရိုက် သတင်းရယူရန်အတွက် လူအုပ်ကြီးကို မနည်းတိုးဝှေ့ကာ ရှေ့သို့ရောက်အောင် သွားခဲ့ရကြောင်း သတင်းတက်ရောက်ရယူသည့် သတင်းထောက်များက ပြောကြားခဲ့သည်။
ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်ဆိုသောကြောင့် ထောင်ကျော်ရှိသော ပြည်သူလူထုမှာ နေပူဒဏ်ကို ကြံ့ကြံ့ခံ၍ ထိုင်၍တစ်မျိုး၊ မတ်တပ်ရပ် တစ်ဖုံဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ထို့နောက် ပြည်သူလူထုသို့ စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူလူထုက လက်အုပ်တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။
b33_24_2
ထို့နောက် ပြည်သူလူထုသို့ စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူလူထုက လက်အုပ် တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ''နေပူထဲမှာ အကြာကြီး စောင့်နေရတဲ့အတွက် အားနာပါတယ်။ တောင်းပန်ပါတယ်။ အထဲမှာ ပြောစရာတွေက မပြီးသေးလို့ပါ။ ပထမဆုံးအားဖြင့် ကျွန်မတို့ကို ဒီလိုလာပြီးတော့ အားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လုပ် ရတဲ့ အလုပ်တွေက ပြည်သူတွေကို အားကိုးပြီး လုပ်နေရတဲ့အလုပ်ပါ။ အခုဒီမှာ အမေ့အိမ်ကျောင်းဆောက်တယ်ဆိုတာ ဒီကျောင်းဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အတွက် ဖြစ်ပါတယ်။ ကလေးတွေ ပညာတတ်မှ နိုင်ငံရဲ့ အနာဂတ် ကောင်းမွန်လာမှာပါ။ ကျွန်မတို့ ကလေးတွေကို ပညာသင်ပေးတယ်။ ပညာသင်ပေးတဲ့အခါကျရင် ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ပေးစေချင် တယ်။ ဒါမှ ပညာသင်ရတာပျော်မှ သူတို့ ပညာရမှာ။ ကျွန်မတို့ အမေ့အိမ်ကလေးကို ဖြစ်မြောက်အောင်လို့ ကူညီပေးတဲ့ ရပ်သူရပ်သားအားလုံးကို ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင် ပါတယ်။ ကလေးတွေကိုယ်စား သာမက ကျွန်မတို့နိုင်ငံကိုယ်စား ကျေးဇူးတင်ပါတယ်။ အရင်တုန်းကတော့ ဒီဖက်ကို လာမယ်လာမယ်နဲ့ မရောက်ခဲ့ပါဘူး။ ဒီကို မရောက်တာ တော်တော်ကြာသွားပြီ။ ၁၀ နှစ် လောက်ကတော့ တစ်ခါရောက်ဖူးပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ လူတွေလည်း အတော်များလာသလိုပဲ။
နောက် ၁၀ နှစ်မှာ ဘယ်လောက်တောင် များလာမလဲမသိဘူး။ ကျွန်မတို့ ပြည်သူတွေကို အရေအတွက်ထက် အရည်အချင်းပါ တိုးတက်စေ ချင်တယ်။   
အရည်အချင်းပါ တိုးတက်ဖို့ဟာ ပညာရေးနဲ့ စရမှာပဲဆိုပြီးတော့ ကျွန်မတို့ စလာတာပဲဖြစ်ပါတယ်။ တခြားကိစ္စတွေအတွက်လည်း ကျွန်မတို့ အများကြီး စဉ်းစားနေပါတယ်။ အခု ကျွန်မတို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးအတွက် ဘယ်လို ကြိုးစားရမလဲ။ အထူးသဖြင့် လက်လုပ်လက်စားလုပ်နေတဲ့ ပြည်သူတွေရဲ့ဘ၀ကို တိုးတက်အောင်လို့ ဘယ်လိုလုပ်ပေးမလဲလို့ ကျွန်မတို့ လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကူညီနိုင်မယ့် အဖွဲ့ အစည်းများ၊ ကူညီနိုင်မယ့်  အလှူရှင်များကို ကျွန်မတို့ တိုင်ပင်ဆွေးနွေးနေပါတယ်။ ကျွန်မတို့ကို အကြံဉာဏ်ပေးစရာ များရှိရင် ပေးနိုင်ပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းလာပြီးတော့ ပြောဖို့ခက်တယ် ဆိုပြီးတော့ ကျွန်မနားလည်ပါတယ်။ စုပြီးတော့ ကျွန်မတို့ကို ပေးချင်တဲ့အကြံဥာဏ်များကို ရေးပြီးတော့ ကျွန်မတို့ရုံးကတစ်ဆင့် ပေးလည်းရပါတယ်။ ဒါမှမဟုတ် ဒီကျောင်းဆရာတွေက တစ်ဆင့် ရေးပို့ရင် ရပါတယ်။  ကျွန်မတို့အနေနဲ့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ဘာရှိသလဲဆိုတာကို ပြောမှပဲ တစ်ခါတစ်လေ သိတဲ့အဆင့်မှာ ရှိပါတယ်။ တချို့ကိစ္စတွေ မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့ ဘယ်သူမှ ပြောပြဖို့ မလိုဘူးပေါ့။ တချို့ကိစ္စတွေကျတော့ ထင်ထင်ရှားရှား မရှိတဲ့အခါကျတော့  ကျွန်မတို့တွေအတွက် အသိပေးမှ သိမှာပါ။
b33_24_4
(ယင်းအချိန်တွင် ပြည်သူလူထုက သူတို့ဖက်ဆီသို့လှည့်၍ စကားပြောရန် ပြောဆိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမှု ခေတ္တရပ်သွားသည်။)
ကျွန်မတို့တွေ နောက်ကြလို့ရှိရင်လည်း သက်သက်ပြန်ပြီး လာဖို့ အစီအစဉ် ရှိပါတယ်။ တကယ်ကတော့ အမှန်ပြောရရင် ဒီနေ့က ပြည်သူတွေကို တွေ့ဖို့လာတာ မဟုတ်ပါဘူး။ ကျောင်းကိုလာပြီးတော့ ဗြိတိန်နိုင်ငံက လာတဲ့ ၀န်ကြီးကို ကျောင်းကို ပြဖို့လာတာပါ။ ၀န်ကြီးက ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဝန်ကြီးဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုးမှု အကူအညီတွေ လိုနေလဲလို့ ဆိုတာကို မြင်အောင်လို့ တွေ့အောင်လို့။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းတွေဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ တည်ထောင်ထားတဲ့ ကျောင်းတွေ ဖြစ်တယ်ဆိုတာကို လည်း မြင်အောင်လို့ ၊တွေ့အောင်လို့ ကျွန်မတို့ ခေါ်လာတာပါ။
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့နိုင်ငံမှာ ဆိုလို့ရှိရင် ပြည်သူတွေအားလုံးအတွက် ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခု ရှိစေချင်တယ်။ မိဘတွေရော၊ ကျောင်းသားတွေရော စိတ်ချမ်းသာစေမယ့် ပညာရေးစနစ် တစ်ခုကို ကျွန်မတို့ ထူထောင်ချင်တာ ဖြစ်ပါတယ်။  အခုအချိန်မှာ တစ်တိုင်းပြည်လုံးအတွက် မလုပ်နိုင်သေးပေမယ့် ကျွန်မတို့ တစ်နိုင်တစ်ပိုင် လုပ်နေတာပါ။ ဒါကြောင့်မို့လို့ ဒီလိုတစ်နိုင်တစ်ပိုင် လုပ်နေတဲ့နေရာမှာ အားတင်းဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ တစ်ကယ့်အင်အားတွေ ဖြစ်ပါတယ်ဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာ ဖြစ်ပါတယ်။
အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်တွေကို အားပေးစကားလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။  ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီကျောင်းသူကျောင်းသား၊ လူငယ်လေးတွေရဲ့ လက်ထဲမှာ ဖြစ်ပါတယ်။ ခုနက ကလေးလေးတွေနဲ့ စကားပြောကြည့်တယ်။ ဘာလုပ်ချင်တာလည်းဆိုတော့ ဆရာဝန်ဖြစ်ချင်တဲ့သူနဲ့။ သင်္ဘောသားဖြစ်ချင်တဲ့သူနဲ့။ ဆရာမကြီး လုပ်ချင်တဲ့သူနဲ့။ နိုင်ငံရေးလုပ်ချင်တဲ့သူနဲ့။ အမျိုးမျိုး ပေါ့နော်။ ကျွန်မက ပြောတယ်။ ဘာပဲလုပ်လုပ် ဆရာဝန်ပဲလုပ်လုပ်၊ သင်္ဘောသားပဲလုပ်လုပ်၊ နောက်ဆုံးကျတော့ နိုင်ငံရေးကို အခြေခံအားဖြင့် နားလည်ဖို့ လိုတယ်။  နိုင်ငံရေးနဲ့ ပြည်သူပြည်သားရေးဟာ နားလည်မှ ဒီနိုင်ငံရဲ့ အနာဂတ်ကို ကိုယ်ဖြစ်ချင်သလို ကိုယ်တည်ဆောက်လို့ရမှာ။ ကိုယ်က နိုင်ငံရေးကို နားမလည်သလို ရှိလို့ရှိရင် ကိုယ်လိုချင်တဲ့နိုင်ငံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ကျောင်းသူကျောင်းသားတွေကို အားလုံးကို ပညာသင်ပေးတဲ့တစ်ချိန်တည်းမှာပဲ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံဆိုတာ ဘာလဲ၊ နိုင်ငံသူနိုင်ငံ သားများရဲ့တာဝန် ဘာလဲဆိုတာကို တစ်ခါတည်း ကျွန်မတို့ သင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများမှာ တာဝန်ရှိတယ်ဆိုတာ ကို မမေ့စေချင်ပါဘူး။  အစိုးရမှာလည်း တာဝန်ရှိသလို နိုင်ငံသူနိုင်ငံသားများမှာလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီမိုကရေစီစနစ် လိုချင်တယ်လို့ ပြောနေတာဟာ အဲဒီစနစ်အောက်မှာဆိုရင် နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရကို ထိန်းချုပ်ထားနိုင်တယ်။  ကိုယ်လိုချင်တဲ့အစိုးရကို ပြည်သူတွေက ရွေးချယ်နိုင်ရမယ်။ ဒါကို ကျွန်မတို့ ဦးတည်တာပါ။ အားလုံး စဉ်းစားရင် သိမှာပါ။ လူတိုင်းကတော့   ကိုယ့်အတွက် ကိုယ်လုပ်ချင်ကြတာပဲ။ ပြီးတော့ ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမယ့် အစိုးရဆိုတာ ပြည်သူတွေရဲ့ သြဇာအာဏာအောက်မှာရှိတဲ့ အစိုးရပဲ ဖြစ်နိုင်တယ် ဆိုတာကို အားလုံးကို နားလည်စေချင်တယ်။
b33_24_5
အဲဒါကြောင့်မို့လို့ အခြေခံ နိုင်ငံရေး အသိစိတ်ဓာတ်ကို မွေးမြူကြပါ။ ကျွန်မတို့ ဒီနိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ဒီနိုင်ငံက ပြည်သူပြည်သားများ ဆင်းရဲခြင်းမှ လွတ်မြောက်ရေးအတွက်  လုပ်တဲ့အခါမှာ ၀ိုင်းဝန်း ကူညီကြပါလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာရပ်ခံပါ တယ်။ ဆုတောင်းပါတယ်''ဟု ပြည်သူလူထုသို့ ပြောကြားခဲ့သည်။
အမေ့အိမ် ပညာရေးကွန်ရက် အခမဲ့ပညာဒါနကျောင်းများ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ကျောင်း ဖွင့်လှစ်ထားပြီး အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းသားများကို သင်ကြားပေးနေသည်ဟု သိရှိရပါသည်။အမေ့အိမ် (လှိုင်သာယာမြို့နယ်)တွင် လက်ရှိသင်ကြားနေသည့် ကျောင်းသားဦးရေမှာ ငါးရာကျော်ရှိပြီး အခြေခံပညာ ကျောင်းချိန်ပြင်ပတွင် ကျူရှင်သဘောမျိုးဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်ဟု အမေ့အိမ် (လှိုင်သာယာ)ကျောင်းမှ ကိုငယ်က ရှင်းပြခဲ့ပါသည်။
''ကျွန်မတို့ ကလေးတွေ အကုန်လုံး ဒီကျောင်းမှာ ထားထားတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မပေးရဘူး'' ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
အမေ့အိမ်ပညာရေး ကွန်ရက်တွင် ရန်ကုန်မြို့အစွန်အဖျား၌ နေထိုင်လျှက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာရည်နိမ့်ကျနေသော ကလေးငယ်များ ပညာသင်ကြားနိုင်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ ဦးဆောင်၍ တည် ထောင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန်(၀န်ကြီး) H.E.Mr. Andrew John Bower Mitchell လည်း လာရောက်ကြည့်ရှု လေ့လာ ခြင်းဖြစ်သည်။
b33_24_3
ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန် (၀န်ကြီး)H.E.Mr. Andrew John Bower Mitchell ကလည်း ပြည်သူလူထုသို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သေးသည်။

ဦးသန်းရွှေ အိမ်မှာ စာဖတ်နေသည်

ခင်ဦးသာ on November 17, 2011


ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး ဟောင်း သန်းရွှေသည် ၎င်း၏ နေအိမ်၌ စာဖတ်ခြင်းဖြင့် အေးချမ်းစွာ နေထိုင်လျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။

“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြောဆိုကြောင်း Wall Street Journal တွင် ယနေ့ ဖော်ပြထားသည်။

ဦးသန်းရွှေသည် သူ၏ လူရင်းများ ဦးဆောင်သည့် လက်ရှိအရပ်သား အစိုးရအား နောက်ကွယ်မှ လမ်းညွန်နေသည်ဟူသော သုံးသပ်ချက်များ ထွက်ပေါ် နေခြင်းနှင့်ပတ်သက်၍ Wall Street Journal က မေးမြန်းခြင်းကို ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၈ လခန့်က စစ်အစိုးရမှ အရပ်သားအစိုးရသို့ အပြောင်းအလဲ ပြုလုပ်သည့်ကာလတွင် ဦးသန်းရွှေ အနားယူသွားသည်ဟု ဆိုသော်လည်း စစ်ဝတ်စုံဖြင့် ရိုက်ကူးထားသည့် သူ၏ဓာတ်ပုံများကို မကြာသေးမီ ကာလကအထိ အစိုးရရုံးများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့ရသည်။

အစိုးရနှင့် ဦးသန်းရွှေ၏ လက်ရှိ ဆက်စပ်မှုအခြေအနေအကြောင်း မေးမြန်းသည့် မေးခွန်းကို ဦးကျော်ဆန်းက ရှင်းရှင်းလင်းလင်း ဖြေဆိုထားခြင်း မရှိပေ။

Wall Street Journal အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က နေပြည်တော်တွင် ၀န်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်းချမှတ်နိုင်ခြင်းသည်ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍လည်း မြန်မာအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ၀န်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် တံတားများဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက်ပါဘူး” ဟု ဆိုသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း မကြာသေးခင်က ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း၊ တရုတ်ကုမ္ပဏီ အများ အပြား မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသကဲ့သို့ တခြားနိုင်ငံ၊ တခြားလူမျိုးများ လာရောက် လုပ်ကိုင်လျှင်လည်း ယခုကဲ့သို့ ၀ိရောဓိမျိုး ဖြစ်ပေါ်နိုင်သည်ဟု ၀န်ကြီးက ဆိုသည်။

“တရုတ်ဆိုပြီး အခွင့်အရေးပေးတာ မရှိပါဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲ လာလုပ်လုပ် တူညီတဲ့ အခွင့်အရေး ပေးမှာပါ” ဟု ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

နတ်မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သော ရဟန်းတော် အသတ်ခံခဲ့ရဖွယ်ရှိ

နိရဉ္စရာ(သတင်း)


မြန်မာ-ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်းမှ ယမန်နေ့က အလောင်း ဆယ်ယူရရှိခဲ့သော ရဟန်းတော်မှာ အသတ် ခံခဲ့ရဖွယ်ရှိကြောင်း ရဲစစ်ချက်က ဖေါ်ပြသည်ဟု သိရသည်။

ကော့ဘဇားမြို့ရှိ ရင်ခွဲရုံတွင် ထားသော ရဟန်းတော် အလောင်းကို ကိုယ်တိုင် သွားရောက်ကြည့်ရှု့ပြီး ဓါတ်ပုံရိုက်ခဲ့သူ နိရဉ္စရာ ကော့ဘဇား သတင်းထောက် ကိုထွန်းထွန်းမှ သူမြင်တွေ့ရသော အခြေအနေကို ယခုလို ပြောသည်။

" လည်ပင်းကို သင်္ကန်းနဲ့ ချည်ထားတယ်။ နောက်ကျောမှာလည်း ဒဏ်ရာတွေ တွေ့ရတယ်။ လက်မှာလည်း တွေ့ရတယ်။ လည်ပင်းကို သင်္ကန်းနဲ့ ရစ်သတ်ပြီး ရေထဲကို ပစ်ချလိုက်တာ ဖြစ်ပုံရတယ်။ ရဲကလည်း အသတ်ခံရတယ်ဆိုပြီး သံသယ ဖြစ်နေပါတယ်" ဟု ပြောသည်။

ဘင်္ဂလာရဲ အဖွဲ့မှ အဆိုပါ ရဟန်းတော်မှာ ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း နတ်ကျောက်ဆရီ မြို့နယ်တွင် ကျောင်းထိုင်နေသော ဆရာတော် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက ဖြစ်ပုံရကြောင်း ပြောဆိုသည်ဟု ကိုထွန်းထွန်းက ပြောသည်။

" လက်မောင်းတွေမှာ မင်ထိုးထားတဲ့ အတွက် မြန်မာနိုင်ငံဘက်က ဖြစ်ဖို့များတယ်။ ရဲကတော့ အခု နတ်ကျောက်ဆရီကို စုံစမ်း နေတယ် လို့ သိရပါတယ်။ မြန်မာဘက်က လာရောက် ကျောင်းထိုင်တဲ့ ဆရာတော်လို့ ပြောနေကြပါတယ်။ အလောင်းကို ခွဲဖို့ လုပ်နေတယ်။ ဒါကြောင့် တိကျတဲ့ ဆရာဝန် ရဲ့ အစီရင်ခံစာ ထွက်မလာသေးပါဘူး" ဟု သူက ပြောသည်။

အလောင်းကို ယခုအချိန်ထိ ဆေးစစ်ခြင်း မရှိသေးကြောင်းနှင့် များမကြာမှီ ခွဲစိတ်ပြီး စစ်ဆေး သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ဒေသခံ ဗုဒ္ဓဘာသာများမှ အဆိုပါ ဆရာတော် အလောင်းအား ဆေးစစ်ပြီးပါက သဂြိင်္ုလ်ရန် အတွက် စီစဉ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်ကပြည်သူလူထုရဲ့ရင်ဖွင့်သံများ


ချီဖွေမြို့ကဈေးသည်တွေကတော့ အရင်တုန်းက ကုန်ပစ္စည်းပေါ်မူတည်ပြီး တစ်နေ့ကို သောင်းဂဏန်းဝန်းကျင်ရောင်းချခဲ့ရပြီး အခုချိန်တွင် တစ်နေ့ ၅ထောင်ဖိုးမရောင်းရတော့လို့ မိသားစုစားဝတ်နေရေးခက်ခဲလာကြောင်း တခြားစီးပွားရေးလုပ်ငန်းလုပ်ဖို့ငွေအရင်းအနှီး မရှိလို့အခက်အခဲများဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောဆိုနေကြပါတယ်။
ကာမိုင်းမြို့က မြို့ခံတွေကတော့ ကေအိုင်အေအဖွဲ့ဟာ လူမျိုးရေးအကြောင်းပြပြီး
စစ်ပွဲဖြစ်အောင်လုပ်နေကြောင်း ကချင်းတိုင်းရင်းသားမျိုးနွယ်စုတွေကိုလည်း တအိမ်ထောင် ၁ ယောက် ကေအိုင်အေ တပ်ဖွဲ့အတွင်းသို့ အတင်းဝင်ခိုင်းနေလို့ မိသားစုအသက်အန္တရာယ် ခြိမ်းခြောက်နေလို့ စိတ်မပါပေမဲ့ ကေအိုင်အေ ခိုင်းတဲ့အတိုင်းလုပ်နေရကြောင်း စစ်ပွဲများအား ကာလရှည်ကြာမဖြစ်စေလိုဘဲ အချိန်ကြာလာတာနဲ့ ဒေသခံလူထုရဲ့ လူမှုရေး စီးပွားရေး တဖြည်းဖြည်းကျပ်တည်းလာကြောင်း ရင်ဖွင့်သံကိုကြားခဲ့ရပါတယ်။
မိုးကောင်းကမြို့လူထုကတော့ ကေအိုင်အေမှာ စစ်ရေးကျွမ်းကျင်သူ မရှိသလောက်ရှားပါးကြောင်း လက်ရှိမှာကေအိုင်အေ တပ်ဖွဲ့ဝင်တွေကျဆုံးတာများနေကြကြောင်း မြို့ပေါ်မှာမိုင်းခွဲဖို့ လာတဲ့ ကေအိုင်အေစစ်သားတွေမှာလည်း မကျွမ်းကျင်လို့ ကိုယ့်မိုင်းနှင့်ကို ပေါက်ကွဲသေဆုံးနေကြကြောင်း ပြောနေကြပါပြီ။
တနိုင်းက စက်လှေသမားတွေကတော့ စက်လှေဂိတ်မှာ စက်လှေအစီး ၇၀၀ လောက်ရှိလို့ အလှည့်ကျထွက် စနစ်လုပ်ထားတာကြောင့် စက်လှေတစ်စီးသာပိုင်တဲ့ ပိုင်ရှင်များဟာ နှစ်လလျှင်တစ်ကြိမ်သာ ထွက်ဖို့အလှည့်ကျပြီး ပိုက်ဆံတတ်နိုင်သူများမှာ အင်ဂျင်မပါတဲ့ စက်လှေ ၇ စီးကနေ ၁၀ စီးထိ စာရင်းသွင်းပြီး လိုင်းပြေးနေကြကြောင်း  သတ်မှတ်ချက်နှင့်ကိုက်ညီတဲ့ စက်လှေ၂ စီးလောက်နဲ့အစားထိုးပြေးဆွဲနေကြောင်း ကျန်တဲ့စက်လှေများဟာဟန်ပြသာ လိုင်းပြေးဆွဲနေတာကို မကျေမနပ်ပြောနေကြပါတယ်။

အကျဉ်းသားများ မလွှတ်ပေးခြင်းသည် အစိုးရ မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်းကိုပြ- SNLD ဆို

သျှမ်းခေါင်းဆောင်အပါအဝင်နိုင်ငံရေးအကျဉ်းသား တချို့အား လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးဘဲ ထောင် ပြောင်းရွှေ့ ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရ သည် မိမိစွမ်း ဆောင်မှု အားကိုယုံကြည်စိတ်ချမှုမရှိ ၍ ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်  SNLD ကပြောသည်။
KTO_UATA__and_ZNC_GS_with_USA_Abas
အမေရိကန်သံအမတ် ၂ ဦးနှင့်တွဲရိုက်ထားသည့် CRPP မှ ဦးအေးသာအောင်၊ ZNC အထွေထွေအတွင်း ရေးမှူးနှင့် SNLD ဥက္ကဌ ခွန်ထွန်းဦး (ဓါတ်ပုံ- Free Hkun Htun Oo, Free Shan State Leaders and Political Prisoners in Burma Facebook)

“ ဦးသိန်းစိန်အစိုးရဟာ သူ့အရည်အချင်းကို သူယုံကြည်စိတ်ချလို့မရသေးတဲ့အခြေအနေမှာရှိတယ်လို့ မြင်ပါ တယ်။  တိုင်း ရင်းသားခေါင်းဆောင် ၊ ကျောင်းသားခေါင်းဆောင်၊ သံဃာ့ခေါင်းဆောင် တွေလွတ်မြောက် လာပြီး  တရားမျှတမှုမရှိ၊ ဥပဒေနဲ့မကိုက်ညီတဲ့ အစိုးရရဲ့လုပ်ရပ်တွေကို ထောက်ပြခဲ့ရင် လူထုအုံကြွမှု ထပ်မံဖြစ်ပွါးမှာ စိုးလို့။ အဲ့အချိန်မှာ လူထုကို ထိန်းချုပ်နိုင်စွမ်း မရှိမှာစိုးလို့  နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်မပေးရဲတာဖြစ်တယ် ” ဟု SNLD ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကသျှမ်းသံတော်ဆင့် အား ပြောသည်။

KTOသျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအား ကချင်ပြည်နယ် ပူတာအိုအကျဉ်း ထောင်မှ နိုဝင်ဘာ ၁၆ ရက်က မြစ်ကြီးနားအကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်၏။ ထိုမှတဆင့်ရန်ကုန်မှ ၁၇၅ မိုင်သာဝေး သည့် တောင်ငူထောင် သို့ပြောင်း ရွှေ့မည်ဖြစ်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြော၏။  ကလေး ထောင်၌ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ အပြောင်းအရွှေ့ရှိခဲ့သော် လည်း SNLD အထွေ ထွေအတွင်းရေးမှူး စိုင်းညွှန့်လွင် ကိုတော့ ထောင်ပြောင်းသည့်သတင်းမကြားရဟု ဆို၏။

၈၈ ကျောင်းသားခေါင်းဆောင် မနီလာသိန်းကိုလည်း သရက်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ လိုက်ပြီး ကျိုင်တုံထောင်ရှိ ကိုမင်းကိုနိုင်ကိုမူ ယနေ့ နေ့ခင်းပိုင်းက ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မှလာသော သတင်းများအရသိရသည်။

“တကယ်တော့ လူထုတရပ်လုံးနဲ့ တကမ္ဘာလုံး သူ့အပေါ် ယုံကြည်စိတ်ချစေချင်တယ်ဆိုရင် ဦးသိန်းစိန်အစိုးရ ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်တော့ပေးသင့်တယ်။ ဒီဟာကိုတောင်မှ မလုပ်ပေး နိုင် ဘူးဆိုရင်၊ တိုင်းရင်းသားတွေနဲ့  ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ  အစိုးရအပေါ်ထားတဲ့ယုံကြည်မှုနဲ့ အမျိုးသား ရင်းကြားစေ့ရေးဆိုတာတွေဟာ လုံးဝလမ်းစမမြင်ဘူး” - စိုင်းလိတ်ကပြောသည်။

ယခုကဲ့သို့ ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အား မိသားစုနှင့်သိပ်မဝေးသည့်နေရာသို့ ပြောင်းရွှေ့ထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးစားတိုက်တွန်းပေး မှုကြောင့်ဟုလည်း ပြောနိုင်ကြောင်း စိုင်းလိတ် ကပြောသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကအဖြစ် မြန်မာနိုင်ငံ တာဝန်ယူရန် အာဆီယံခေါင်းဆောင်များ သဘောတူ

asean_banner





KTTAsean-Myanmar1711111-1 ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အာဆီယံခေါင်းဆောင်များ သဘောတူညီ လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘာလီ၌ Eleven Media Group သို့ပြောကြားခဲ့သည်
မြန်မာနိုင်ငံအား ၂၀၁၄ခုနှစ် အာဆီယံဥက္ကဌ အလှည့်ကျတာဝန်အတွက် အာဆီယံ ခေါင်းဆောင်များက သဘောတူလိုက်ခြင်းကို  ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောဆိုခဲ့ပြီး ထိုသို့ရရှိလိုက်ခြင်းအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့်
လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

"အခု ၂၀၁၄မှာ အာဆီယံဥက္ကဋ္ဌရာထူးအတွက် အားလုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အခုလို အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင် တယ်ဆိုတာဟာ မြန်မာနိုင်ငံဟာလည်းပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီးတော့ မိမိတို့မှာလည်း
တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံက တာဝန်သိတတ်တဲ့ အနေနဲ့ ဒီတာဝန်ကို
ထမ်းဆောင်ခွင့်ရတာဟာ ၀မ်းသာစရာပါ။ ဒါ့အပြင် ဒီလိုထမ်းဆောင်ခွင့် ရတာဟာ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာရော၊ နိုင်ငံတကာမှာ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာပါ မြန်မာနိုင်ငံက ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ကိုင်ဆောင်ရွက်လို့ ရမှာပါ"ဟု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောပါသည်။

"ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ  အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အများကြီး ပြောင်းနေတယ်။ အသွင်သဏ္ဍာန်အရ ကြည့်ရင် တပ်မတော်အစိုးရကနေပြီးတော့မှ ဒီမိုကရေစီအစိုးရ ဖြစ်ခဲ့တယ်။ အနှစ်သာရ အားဖြင့် ကြည့်ရင် ဟိုးအရင်တုန်းက အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တယ်။ ယနေ့အခါမှာ အခြေခံဥပဒေနဲ့ အုပ်ချုပ်တယ်။ အခြေခံဥပဒေနဲ့ အညီ ပေါ်ပေါက် တည်ဆောက်ပြီးဖြစ်တဲ့ လွှတ်တော်တွေ အစိုးရအဖွဲ့တွေ၊တရားစီရင်ရေး အဖွဲ့တွေကို ဖွဲ့စည်း ပေးပြီးတော့ ကနေ့အခါမှာ ဒီမိုကရေစီဖောင်ဆောင်ရေး၊ လူ့အခွင့်အရေး၊  အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကို ပြုပြင်ပြောင်းလဲ ပြီးတော့ ဆောင်ရွက်နေတယ်"ဟု ဦးကျော်ဆန်းက သတင်းထောက်များကို ပြောခဲ့ပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ရင်း ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်များနှင့် အညီ ဆောင်ရွက်ပါက မကြာမီအချိန်တွင်
မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပနှင့် သဟဇာတဖြစ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။

"အာဆီယံဥက္ကဋ္ဌ ရာထူးလည်း တစ်ဖက်က ဆောင်ရွက်မယ်။ တစ်ဖက်ကလည်း တိုင်းပြည်ကို ဒီမိုကရေစီ စနစ်နဲ့အညီ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ မကြာတဲ့ကာလအတွင်းမှာ ပွင့်ပွင့်လင်းလင်းရှိတဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာနဲ့ရော ကိုယ့်ပြည်တွင်းမှာပါ သဟဇာတဖြစ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ"ဟု ဦးကျော်ဆန်းက ပြောကြားခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူ ထောက်ခံခဲ့ပြီး ဖြစ်သော်လည်း ယနေ့ နံနက်ပိုင်းအချိန်က ဖီလစ်ပိုင်သမ္မတ အကွီနို အာဆီယံထိပ်သီးဆွေးနွေးပွဲသို့  တက်ရောက်ရန် နောက်ကျခဲ့ခြင်း၊  ဩစတြေးလျပါလီမန်တွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် စကားများကြောင့် မြန်မာနိုင်ငံအား အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ပေးရေးကိစ္စရပ်မှာ နှောင့်နှေးစရာများ ဖြစ်လာနိုင်ကြောင်း သတင်းထောက်များအကြား သုံးသပ်မှုထွက်ပေါ်ခဲ့ပါသည်။
အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၁၇ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့ သော အာဆီယံထိပ်သီးမျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ
ခေါင်းဆောင်များက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။
DSC_0903
သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်

" ၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်ပါပြီ။ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော့်ကို ပြောပါတယ်။  တရားဝင်ကြေညာမှုကိုတော့ အာဆီယံခေါင်းဆောင်တွေက ပြောပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ထို့အပြင် ယခုကဲ့သို့ အာဆီယံဥက္ကဋ္ဌ တာဝန် ရရှိခဲ့ခြင်းသည် အစိုးရအဖွဲ့က ရရှိလိုက်ခြင်းမဟုတ်ဘဲ  မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကြီးတစ်ခုလုံးက ရရှိလိုက်ခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

"တကယ်တန်း မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို ရလိုက်တယ်ဆိုတာ မြန်မာ အစိုးရက ရတာမဟုတ်ပါဘူး။ မြန်မာပြည်သူလူထုနဲ့ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံကြီး တစ်ခုလုံးက ရလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အများကြီးပဲ ဂုဏ်ယူပါတယ်"ဟု ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ရရှိရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  အာလုံးဝိုင်းဝန်ကြိုးစားရန် ပြောဆိုကြောင်းလည်း ဦးကိုကိုလှိုင်က ပြောပါသည်။

"သမ္မတကြီးကတော့ ဒီဥစ္စာ တာဝန်တွေပိုကြီးလာပြီပေါ့။ အားလုံးပိုပြီး ကြိုးစားလုပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်"ဟု ဦးကိုကိုလှိုင်က ပြောပါသည်။