Tuesday, December 6, 2011

ကျောင်းသား ၇၀၀ ကျော်ကို သင်ကြားပေးသည့် ဘုန်းတော်ကြီးသင်ကျောင်း ရပ်တည်ရန်ခက်ခဲ

မိဘမဲ့ကလေးများနှင့် ဆင်းရဲ နွမ်းပါးသော ကလေးငယ် ၇၀၀ ကျော်ကို ပညာသင်ကြားပေးလျက် ရှိသော အင်းစိန်မြို့နယ် မြို့သစ် (က/ခ)ရပ်ကွက်ရှိ သာသန ဟိတကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ကျောင်းတည်နေရာ ပြဿနာအချို့ကြောင့်  ဆက်လက်ရပ်တည်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ရှိရာနေရာကို ဖောင်တော်ဦးဘုရားကြီး၏ ဂေါပကအဖွဲ့က ဘုရားဝတ္တကမြေ အဖြစ် သတ်မှတ်ပြီး ကျောင်းကိုဖယ်ရှားပေးရန် ပြောဆိုမှုများ ရှိလာသောကြောင့် ထိုသို့ ကျောင်းဆက်လက်ရပ်တည်ရန်နှင့် ကျောင်းသား ၇၀၀ ကျော်တို့ ဆက်လက် ပညာသင်ကြားခွင့်ရရန် အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
“ဒီကျောင်းကို  ၁၉၉၃ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ စတည်ထောင်တုန်းကတော့ ဓနိမိုး၊ ထရံကာကျောင်းလေးပါပဲ။ နောက် ကျောင်းဆောက်ဖို့အတွက် ဆိုပြီးတော့ သစ်တောနဲ့ မီးသတ်က ပေါင်းပြီးတော့ မီးသတ်ရေကန် အဟောင်းတစ်ခုကို လှူခဲ့တယ်။ အဲဒါကြောင့် ၁၉၉၆ ခုနှစ်မှာ ကန်ကို ဖို့ပြီး သွပ်မိုးပျဉ်ကာ ကျောင်းလေး ဆောက်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းဖြစ်တော့ ကျောင်းက ပျက်စီးသွားခဲ့တယ်။ အဲဒီမှာ ရှိုင်းဟုတ်ကုမ္ပဏီထံကနေ နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းဖို့ အလှူ ခံရရှိခဲ့တယ်။ ကျောင်းသားဦးရေကလည်း အရမ်းများလာတော့ နှစ်ထပ်ကျောင်းနဲ့မှ အဆင်ပြေမှာမို့လို့ ပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျောင်းနေရာကို ဘုရားဝတ္တကမြေအဖြစ် သတ်မှတ်လိုက်ပြီဆိုပြီး နေရာဖယ်ပေးဖို့ ပြောလာခဲ့တယ်။ အဲဒါကြောင့် အလှူရှင်ကလည်း နှစ်ထပ်ကျောင်း မဆောက်လှူတော့ဘဲ သံကူကွန်ကရစ် တစ်ထပ်ကျောင်းပဲ ဆောက်လုပ် လှူဒါန်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျောင်းကိုရွှေ့ပေးဖို့ ပြောနေတော့ ဘုန်းကြီးလည်း အခက်တွေ့နေရ တယ်။ ကျောင်းသားလေးတွေရဲ့ ပညာရေးအတွက်လည်း မကောင်းပါဘူး၊၊ ကျောင်းသားမိဘတွေလည်း စိတ်မကောင်း ဖြစ်နေကြရပါတယ်” ဟု ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ၀ါယာမက မိန့်ကြားပါသည်။ ပရဟိတကလေးများနှင့် မိဘမဲ့ကလေးများကို ဘုန်းတော်ကြီးကျောင်းတွင် ဘွဲ့ရသည်အထိ ပညာသင်ပေးကြောင်း သိရသည်။
Eleven Media Group

အိန္ဒိယ လေ့လာရေးခရီး ပါတီများ ရေရေရာရာ မသိသေး

ကိုပေါက် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၀၅ ရက် ၂၀၁၁


ဒီဇင်္ဘာ ၁၁ ရက်နေ့တွင် စတင်မည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာလွှတ်တော်မှ ကိုယ်စားလှယ်များ၏ အိန္ဒိယနိုင်ငံ လေ့လာရေးခရီးစဉ်အား ပါတီအများစုထံ ယနေ့တိုင် တရားဝင်အကြောင်းကြားခြင်း မရှိသေးကြောင်း ပါတီများက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး အပါအ၀င် မြန်မာလွှတ်တော်မှ ၂၆ ဦးပါ လေ့လာရေးအဖွဲ့တခု အိန္ဒိယနိုင်ငံသို့ သွားရောက် လည်ပတ် မည့် အကြောင်း တဆင့်စကားသာ ကြားသိရသေးသော်လည်း တရားဝင် ဖိတ်ကြားထားခြင်း မခံရသေးကြောင်း ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

“ကျနော်လည်း တဆင့် ခံပဲ ကြားနေ ရပါတယ်။ အတိ အကျတော့ မသိ ပါဘူး။ အမျိုးသား လွှတ်တော် ကတော့ မပါ ဘူးဗျ။ ပြည်သူ့လွှတ်တော် ကလည်း ကျနော်တို့ ပါတီ ကတော့ မကြားဘူး” ဟု ပြောသည်။

လွှတ်တော်နှစ်ရပ်တွင် ဒုတိယ အင်အားအကြီးဆုံး ပါတီဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကလည်း ဤခရီးစဉ်နှင့်ပတ်သက်၍ မကြားသိရသေးကြောင်း ပါတီဗဟိုကော်မတီဝင် ဦးဟန်ရွှေက ပြောသည်။

“ကျနော်တော့ မကြားပါဘူး။ ကျနော်တို့လွှတ်တော်ကိုယ်စားလှယ်တွေလည်း လွှတ်တော်က ပြန်လာတဲ့အခါ ဒီအကြောင်းနဲ့ပတ်သက်လို့ ပြောတာဆိုတာ မရှိပါဘူး” ဟု ပြောသည်။ ကမ္ဘောဒီယားနိုင်ငံတွင် စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များညီလာခံသို့ တစည ပါတီမှ ဦးမန်းမောင်မောင်မြင့် လိုက်ပါခဲ့ဖူး။

အမျိုးသားဒီမိုကရေစီအင်အားစု NDF နှင့် အမျိုးသားဒီမိုကရေစီ ပါတီသစ်တို့မှ လွှတ်တော်ကိုယ်စားလှယ်များလည်း ခရီးစဉ်ကိစ္စ ရေရေရာရာ မသိကြရသေးပေ။

“သွားမယ်လို့ပဲ သတင်းကြာတာပါ။ ကျနော်တို့ပါတီက ဘယ်သူမှ မပါဘူးဗျ။ အကြောင်းမကြားသေးပါဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဦးဆောင်လိမ့်မယ်။ တိုင်းရင်းသားထဲကတော့ ပါမလား မသိဘူး” ဟု NDF ပုဇွန်တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင် က ပြောသည်။

ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင်လည်း ဤခရီးစဉ်နှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အား တရားဝင် အသိပေး ခဲ့ခြင်းမရှိကြောင်း ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP မှ ကွန်းဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနုဝါက “ဦးရွှေမန်း သွားမယ်ဆိုတာပဲ သိတယ်။ ဘယ်နှစ်ယောက်ပါမယ်၊ ဘာကိစ္စသွားမယ်ဆိုတာ မသိဘူးရှင့်။ တရားဝင် လွှတ်တော်အစည်းအဝေးမှာ လည်း ပြောတာမရှိပါဘူး” ဟု ပြောသည်။

အဆိုပါခရီးစဉ်တွင် ဦးရွှေမန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်များအနေဖြင့် အိန္ဒိယ သမ္မတ မစ္စပရာဘာပတေး Pratibha Patil ၊ ဒုသမ္မတ ဟာမစ်အန်ဆာရီ Hamid Ansari ၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း Manmohan Singh ၊ အာဏာရ ညွှန့်ပေါင်းအဖွဲ့ဥက္ကဋ္ဌ မစ္စက် ဆိုနီယာဂန္ဓီ Sonia Gandhi အပြင် အတိုက်အခံခေါင်းဆောင်များဖြစ်ကြသည့် အောက်လွှတ်တော်မှ Sushma Swaraj နှင့် အထက် လွှတ်တော်မှ Arun Jaitley တို့နှင့်ပါ တွေ့ဆုံမည်ဖြစ်သည်။

ထို့ပြင် ပါလီမန် အမတ်သစ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် အိန္ဒိယ ပါလီမန်လေ့လာရေးနှင့်သင်တန်းဗျူရို BPST သို့လည်း သွားရောက်လေ့လာကြမည်ဖြစ်ပြီး ခရီးစဉ်မှာ ဒီဇင်္ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း အိန္ဒိယ PTI သတင်း ဌာနတွင် ရေးသားဖော်ပြထားသည်။

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရသစ်လက်ထက်တွင် အိန္ဒိယနိုင်ငံသို့ စက်တင်္ဘာလအတွင်းက ကုန်သွယ်ရေးဝန်ကြီး ဦးဝင်းမြင့် လာရောက်ခဲ့ကာ အောက်တိုဘာလလယ်တွင် သမ္မတ ဦးသိန်းစိန်က ၀န်ကြီး ၁၃ ဦးအား ဦးဆောင်ကာ လေးရက်ကြာ လာ ရောက်ခဲ့သေးသည်။

ယခု လာရောက်မည့် သူရဦးရွှေမန်းမှာ ၂၀၀၈ အခြေခံဥပဒေပါ အာဏာပိုင်အဖွဲ့အစည်းတခုဖြစ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

နိုဝင်္ဘာ ၂၉ ရက်နေ့က ပြည်သူ့လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးလှမြင့် ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် သူ့သမ္မတနိုင်ငံသို့ ထွက်ခွါသွားပြီး အဖွဲ့ဝင်အဖြစ် RNDP မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်လည်း လိုက်ပါသွားကြောင်း သိရသည်။