Wednesday, November 30, 2011

မြန်မာ အမေရိကန်ဆက်ဆံရေးအပေါ် တရုတ်အမြင်

(ဗီအိုအေ)By ကိုအောင်လွင်ဦး

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အထိ မြန်မာအစိုးရက အနောက်နိုင်ငံတွေနဲ့ နီးစပ်ဖို့ ကြိုးပမ်းနေတာကို ကြိုဆိုပေမဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကိုတော့ အထိခိုက်ခံနိုင်မှာ မဟုတ်တဲ့အကြောင်း တရုတ်အစိုးရပိုင် သတင်းစာရဲ့  ဆောင်းပါးတစောင်မှာ သတိပေး ရေးသားထားပါတယ်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတဦး မြန်မာနိုင်ငံသွားမယ့် ခရီးစဉ်ဟာ သံတမန် မဟာမိတ် ဆက်ဆံရေးတွေမှာ တရုတ်နိုင်ငံထက် အမေရိကန်နဲ့ ပိုမို နီးစပ်မှု ရှိလာ စေရေး ကြိုးပမ်းမှုအဖြစ် ပြောဆိုချက်တွေလည်း ရှိလာနေတယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းစာမှာ ဒီကနေ့ပဲ ရေးသားလိုက်တာပါ။

ဒါပေမဲ့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Hong Lei ကတော့ အနောက်နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေးတွေဟာ တိုးတက်ဖို့ လိုအပ်သလို၊ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုတွေ အတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာအစိုးရရဲ့ အဓိက မဟာမိတ်အဖြစ် အများက မြင်နေကြတဲ့ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်အဖြစ် တက်လာမယ့်သူလို့ အများက ခန့်မှန်းနေကြတဲ့ လက်ရှိ ဒုသမ္မတ ရှီဂျင်ပင်း (Xi Jinping) နဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ ဒီတပတ် အစောပိုင်း တရုတ်နိုင်ငံမှာ တွေ့ဆုံရာမှာတော့ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးမြှင့်ဖို့ တရုတ်အစိုးရဘက်က ကမ်းလှမ်းခဲ့ပါတယ်။

ဒေသတွင်းမှာ တရုတ်နိုင်ငံရဲ့ သံတမန်ရေး သြဇာ ကြီးထွား လာနေတာကို တန်ပြန်သွားနိုင်ဖို့ အမေရိကန်က ကြိုးပမ်းနေတယ်လို့ အများက ခန့်မှန်းနေပေမဲ့လည်း အမေရိကန် အစိုးရအနေနဲ့ တရုတ်နိုင်ငံဟာလည်း မဟာမိတ်တိုင်းပြည် တခုဖြစ်တာကြောင့် ဒီလိုရည်ရွယ်ချက်မျိုး မရှိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ၀န်ကြီးကလင်တန် ခရီးစဉ် မစမီ မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇ ​တွေ့​ဆုံ

ဦးတေဇ
  November 30, 2011 by မင်းလွင်   
မြန်မာစီး ​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေထဲမှာ စစ်အဏာရှင်​ဟောင်း​ ဦး​သန်း​ရွှေရဲ့​ မိသား​စုနဲ့​ ရင်နှီး​ကျွမ်း​ဝင်သူလို့​ လူသိများ​တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇဟာ ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်​နေအိမ်နဲ့​ နီး​စပ်သူ​တွေဆီက သိရပါတယ်။
ဒီ​တွေ့​ ဆုံမှုနဲ့​ ပတ်သက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​နေနဲ့​ တရား​ဝင် အတည်ပြုချက်မ​ပေး​ပါဘူး​။ အ​မေရိကန်နဲ့​ ဥ​ရောပ နိုင်ငံ​တွေက ဦး​တေဇနဲ့​ သူရဲ့​ ကုမ္ပဏီဖြစ်တဲ့​ ထူး​ထ​ရေး​ဒင်း​နဲ့​ ဆက်စပ် ကုမ္ပဏီ​တွေကို စီး​ပွား​ပိတ်ဆို့​ ဒဏ်ခတ်ထား​ပါတယ်။
အ​မေရိကန် နိုင်ငံခြား​ဝန်ကြီး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မ​တွေ့​ဆုံခင် ရက်ပိုင်း​အလိုမှာ အခုလို့​ ဦး​တေဇက ​ဒေါ်​အောင်ဆန်း​စုကြည်ဆီ သွား​ရောက်​တွေ့​ဆုံခဲ့​တာ ဖြစ်ပါတယ်။

ရွှေတိဂုံ တနေ့ ခြောက်ကြိမ် ဗုံးရှာ

ရန်ကုန် (မဇ္ဈိမ) ။        ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သွားရောက်မည့် နေရာတခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေး အစီအစဉ်များ အထူးတိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက်ကြိမ်ခန့်အထိ ပြုလုပ်နေကြောင်း ဂေါပက အဖွဲ့ဝင်တဦးက ပြောသည်။

ဒီဇင်ဘာ ၁ ရက်နေ့၌ ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ လုံခြုံရေးအတွက် အမေရိကန်သံရုံးနှင့် စစ်ဘက်အရပ်ဘက် ထောက်လှမ်းရေးများ သာမက ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ကပါ လုံခြုံရေးအတွက် အားဖြည့် အစီအစဉ်များ ချမှတ်ထားသည်ဟု ဆိုသည်။

အမေရိကန် ဝန်ကြီး လာရောက်ချိန်တွင် ဘုရားဖူးများကို ပိတ်ပင်ထားမည် မဟုတ်သကဲ့သို့ ပြည်တွင်း သတင်းထောက်များကို ဝန်ထမ်း ကတ်ပြားချိတ်ဆွဲ သတင်းယူခွင့် ပြုမှာဖြစ်သည်။ 
s2
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ခရီးစဉ်အတွင်း သွားရောက်မည့် နေရာတခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြုံရေး အစီအစဉ်များ အထူးတိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက်ကြိမ်ခန့်အထိ ပြုလုပ် (ဓါတ်ပုံ မဇ္ဈိမ)


ဟီလာရီကလင်တန်သည် ဒီဇင်ဘာ ၁ ရက်တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့နှင့် သီးခြားစီ တွေ့ဆုံမည်ဟု သိရပြီး ယင်းတွေ့ဆုံမှုများကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ တခုလျှင် ကိုယ်စားလှယ် တဦးကျစီ တက်ရောက်ခွင့်
ပေးထားသည်။

နေပြည်တော်သို့ လိုက်ပါ သတင်းယူမည့် သူများအား ပြန်ကြားရေးက ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ဓါတ်ပုံလေးပုံ တောင်းခံထားပြီး ယင်းတို့အနေဖြင့် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီထက် နောက်မကျစေဘဲ နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနသို့ သတင်းပို့ရမည် ဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန် တွေ့ဆုံမှု၌ လူဦးရေ ၅၀ သာ သတင်းယူခွင့် ပြုမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ အချို့သော တွေ့ဆုံမှုများတွင် ထိုင်ခုံ အကန့်အသတ်သာ ထားမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်

နိုဝင်ဘာ ၃ဝ ရက်
- ညနေ ၃ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိမည်

ဒီဇင်ဘာ ၁ ရက်
- မနက် ၉ နာရီတွင် နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံမည်။
- မနက် ၁၀ နာရီတွင် သမ္မတရုံးတွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်သည်။
- ယင်းနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေ့လည်စာဖြင့် ဧည့်ခံမည် ဖြစ်သည်။
- ယင်းနောက် မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နှင့် သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။
- ထို့နောက် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
- ညနေ ၄ နာရီတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး တဆက်တည်း ရွှေတိဂုံစေတီတော် သို့ သွားရောက်မည် ဖြစ်သည်။
- ချတ်ထရီယံ ဟိုတယ်တွင် ညအိပ် တည်းခိုမည် ဖြစ်သည်။

ဒီဇင်ဘာ ၂ ရက်
- နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်။
- ယင်းနောက် ကိုးမိုင်ရှိ ရှမ်းစာကြည့်တိုက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဌာနသို့ သွားရောက်ပြီး ရှမ်းအမျိုးသားများနှင့် တွေ့ဆုံမည်။
- မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် နိုင်ငံရေးသမားအချို့နှင့် တွေ့ဆုံမည်။
- ညနေ ၄ နာရီမှ ၅ နာရီအကြား ရန်ကုန်မြို့မှ လေကြောင်းဖြင့် ပြန်လည် ထွက်ခွာမည်။

ဝန်ကြီးကလင်တန် နေပြည်တော်ရောက်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနိုင်ငံ၊ နေပြည်တော်ဆီ ဒီကနေ့ ညနေပိုင်းက ရောက်သွားပါပြီ။ မြန်မာနိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက်ထားပေမဲ့ နောက်ထပ် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရလိမ့်ဦးမယ်လို့ သမိုင်းဝင် မြန်မာနိုင်ငံ ခရီးစဉ် မတိုင်ခင် တောင်ကိုရီးယား နိုင်ငံမှာရှိတဲ့အချိန် မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဘဲ အမေရိကန်-မြန်မာ ဆက်ဆံရေး ကိစ္စသက်သက်ပဲ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေကလည်း ပြောနေပါတယ်။

အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေဖို့အတွက် မြန်မာအစိုးရဘက်က လုပ်ဖို့လိုအပ်တဲ့ အပြောင်း အလဲ အတိအကျအသေးစိတ်ကို သူ့ရဲ့ သမိုင်းဝင် ခရီးစဉ်အတွင်း မြန်မာခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ အကြံပြု ပြောဆို သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ ပြောလိုက် တာပါ။

သူ့ရဲ့ခရီးစဉ်အပေါ် သတိနဲ့ အကောင်းမြင် မျှော်လင့်ထားပေမဲ့ အမေရိကန်ဘက်က တုန့်ပြန် လုပ်ဆောင်ချက်တွေ မလာခင်မှာ မြန်မာအစိုးရက နောက်ထပ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါလိမ့်မယ်လို့ မြန်မာနိုင်ငံဆီ မထွက်ခွာခင် တောင်ကိုရီးယားနိုင်ငံ မှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေး ညီလာခံတခုအတွင်း သတင်းထောက်တွေကို မစ္စစ်ကလင်တန်က ပြော ခဲ့ပါတယ်။

“သမ္မတ အိုဘားမားက ဘာလီကျွန်းမှာပြောခဲ့သလိုပါပဲ၊ လက်ရှိ တိုးတက်မှု အရိပ်အယောင်လေး တွေကနေ မြန်မာလူထုအတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲအတွက် လှုပ်ရှားမှုတခုဖြစ်လာအောင် လှုံ့ဆော်ပေး နိုင်လိမ့်မယ်လို့ ကျမတို့နဲ့ တခြားနိုင်ငံ အများအပြားက အတော်လေး မျှော်လင့်ထားကြတယ် ဆိုတာကတော့ သိသာထင်ရှား ပါတယ်။”

အမေရိကန်ဘက်က တုန့်ပြန် လုပ်ဆောင်ချက်လို့ မစ္စစ်ကလင်တန်က ပြောခဲ့တာဟာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကိစ္စ ဖြစ်ဖွယ်ရှိပါတယ်။ ဒဏ်ခတ် အရေးယူမှု တွေကို ပြန်ပြီးရုပ်သိမ်းဖို့ အကဲဖြတ် သုံးသပ်ရမယ့် အဆင့်ထိ မရောက်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက အစောပိုင်းကတည်းကိုက ပြောထားတာပါ။

ဒီခရီးစဉ်အတွင်း လူ့အခွင့်အရေးကိစ္စ၊ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားဆိုင်ရာတွေမှာ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ သံသယရှိ ထားတဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အကန့်အသတ် ထားဖို့ကိစ္စ၊ တရုတ်တို့ သြဇာ ကြီးထွားလာနေတာကို အမေရိကန်နဲ့ မဟာမိတ်တွေက စိုးရိမ်နေတဲ့ ဒေသတခုမှာ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု လျော့သွားစေဖို့ စတဲ့ အကျိုးအမြတ် တွေရလာစေဖို့ အိုဘားမားအစိုးရက တွက်ချက် လုပ်ဆောင်နေပုံရှိပါတယ်။

ဒါပေမဲ့လည်း ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာအကြား ဆက်ဆံရေးနဲ့ ဘာမှ မပတ်သက်ဘဲ မြန်မာနိုင်ငံ ပြည်တွင်းရေး အခြေအနေကသာ အဓိကဖြစ်တယ်လို့ အင်္ဂါနေ့ကလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာ့ခ် တုန်နာ (Mark Toner) က ပြောခဲ့ပါတယ်။

“၀န်ကြီးကလင်တန်ရဲ့ အခု မြန်မာခရီးစဉ်ဟာ တရုတ် ဆက်ဆံရေးနဲ့ မပတ်သက်ပါဘူး။ သမ္မတ အိုဘားမား ပြောခဲ့သလိုပါပဲ၊ မြန်မာခေါင်းဆောင်မှုအတွင်းမှာ တိုးတက်မှု ပြိုးပြိုးပျပျ မြင်နေရတဲ့ အချိန်မှာ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့ ကြိုးပမ်းတာပါ။ မြန်မာနိုင်ငံဟာ အပြုသဘော လားရာဘက်ကို ဦးတည် ပြုပြင်ပြောင်းလဲမှုတွေ ပိုလုပ်လာဖို့ မြန်မာ အာဏာပိုင်တွေကို ဖြောင်းဖျ ဆွေးနွေးနိုင်မလားဆိုတာ အခု ကျနော်တို့ရဲ့ ထိစပ် ဆက်ဆံရေး မူဝါဒနဲ့ ဆောင်ရွက်ကြည့်တာဖြစ်ပါတယ်။ တရုတ်ဆက်ဆံရေးနဲ့ မပတ်သက်ပါဘူး။”


တရုတ်တို့ကလည်း မြန်မာနိုင်ငံနဲ့ အနောက်နိုင်ငံတွေအကြား ဆက်ဆံရေးတိုးတက်အောင် လုပ်တဲ့ကိစ္စကို ကြိုဆိုတယ် ဆိုပေမဲ့ တရုတ်အကျိုးစီးပွားကို ထိခိုက်ပြီး မလုပ်ဖို့တော့ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ မြန်မာ နိုင်ငံအပေါ် တရုတ်က သြဇာလွှမ်းမိုးနေတာကို ထိန်းညှိဖို့ ရည်ရွယ်ချက်လည်း ပါတယ်ဆိုတဲ့ သုံးသပ်ချက်တွေကို တရုတ်တို့ ကိုယ်တိုင်ကလည်း သတိပြုမိနေပါတယ်။

မြန်မာနဲ့ မြောက်ကိုရီုးယား နိုင်ငံအကြား ဆက်ဆံရေးကိစ္စကတော့ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါဝင်မယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ အရှိန်အဟုန် ကောင်းလာစေဖို့ အမေရိကန်ဘက်ကရည်ရွယ်တယ်လို့လည်း မာ့ခ် တုန်နာက ပြောပါတယ်။
“နိုင်ငံရေးပါတီတွေ အတွက် ဒီမိုကရေစီ အခွင့်အရေး ပိုမိုရရှိစေဖို့၊ နိုင်ငံရေးပါတီတွေ အားလုံး နိုင်ငံရေးမှာ ပါဝင်ပတ်သက်ဖို့ရဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာဖို့ ကိစ္စ ရပ်တွေဟာ အမေရိကန် ပြည်ထောင်စုရဲ့ လိုလား စိုးရိမ်ချက်တွေဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံ ရောက်နေပြီဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်အသီးသီးနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးရာတာဝန်တစ်ခုကို ရနိုင်ဖွယ်ရှိနေဟု သတင်းထွက်ပေါ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီကြားဖြတ်ရွေးကောက် ပွဲဝင်ပြီးနောက် နိုင်ငံခြားရေးရာနှင့် ပတ်သက်သော တာဝန်ကြီးတစ်ခုကို ပေးအပ်ခြင်းခံရနိုင်ဖွယ်ရှိနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုသံများကြားရသည်။ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်၊ ပြောဆိုသံများမှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေးရာနှင့် ပတ်သက်သော တာဝန်ကြီးတစ်ခုကိုရလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုနေကြပြီး သမ္မတကြီး၏ နိုင်ငံရေးအကြံပေးအဖွဲက ခေါင်းဆောင် ဦးကိုကိုလှိုင်က 'ဒေါ်အောင်ဆန်းစုအနေနဲ့ ပါတီပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်၊ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာမယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ပြည်သူ့လွှတ်တော်က တာဝန်ထမ်းဆောင်ခွင့်ရလာမှာဖြစ်ပါတယ်။ သူရဲ့ အရည်အချင်း၊ နိုင်ငံတကာ ဝင်ဆံ့မှုတွေနဲ့ ထိုက်တန်တဲ့ နေရာကို အပေးခံရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုတာဝန်လဲဆိုတာတော့ မသိရပါဘူး။ ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်" ဟု ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးရာနဲ့ ပတ်သက်တာပဲ တန်တာလားလို့ မေးချင်ပါတယ်။ သူရဲ့စွမ်းဆောင်ရည်နဲ့ တန်ဖိုးက ဒါ့ထက်ပိုနေရင်ရော၊ ကျွန်တော်တို့ ပါတီပြန်ဝင်တာက လွှတ်တော်ထဲကို အရောက်သွားဖို့ ဝင်တာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အချက်သုံးချက်ကိုပဲ အဓိကထားပြီး လွှတ်တော်ထဲကို ပြန်ဝင်မှာဖြစ်ပါတယ်။ အဲဒါတွေကတရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးဆိုတာပါပဲ" ဟု NLD ၏ ပြောရေးဆိုခွင့်ရသူ ဦးအုန်းကြိုင်က ပြောကြားသည်။

"ဒေါ်စုက နိုင်ငံတကာအတွေ့အကြုံ ကြွယ်ဝတယ်။ ဆက်ဆံရေးကောင်းတယ်၊ နိုင်ငံတကာကလည်း ထောက်ခံတယ်၊ လေးစားတယ်။ နိုဘယ်လ်ဆုရှင်လည်းဖြစ်တယ်။ တကယ်အသိအမှတ်ပြုပေးရင် ကောင်းတာပေါ့။ ကျေနပ်စရာကောင်းတယ်။ တိုင်းပြည်ရဲ့ အကျိုးအတွက် သူ့ကိုဘယ်လိုသုံးမလဲ။ သူ့ရဲ့ အရည်အချင်းကို သုံးတတ်ဖို့လိုပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်က မှတ်ချက်ပြုပြောကြားသည်။

ထိပ်တန်းအတွေးအခေါ်ရှင်များတွင်မြန်မာပြည်မှဒေါ်အောင်ဆန်းစုကြည်ပါဝင်

ဝါရှင်တန်အခြေစိုက် Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမား ၁၀၀ ရွေးချယ်ရာတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်း ဖော်ပြလိုက်သည်။
“အာဏာရှင်အုပ်ချုပ်မှုအောက်မှ မြန်မာပြည် ရုန်းထွက်နိုင်ပြီ ဆိုပါက ထိုဖြစ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအရ ပါးနပ်လိမ္မာမှု နှင့် ကြံ့ကြံ့ခံရပ်တည်လှုပ်ရှားမှုကြောင့် ဖြစ်ပေလိမ့်မည်” ဟု ယခုလထုတ် Foreign Policy မဂ္ဂဇင်းတွင် ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမည်ကို မဂ္ဂဇင်း၏ ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများစာရင်း အမှတ်စဉ် ၃၁ တွင် တွေ့ရသည်။
အာရပ်နွေဦးတော်လှန်ရေး ခေါင်းဆောင်များဖြစ်သည့် အီဂျစ်နိုင်ငံမှ Mohamed ElBaradei and Wael Ghonim တို့ကို အမှတ်စဉ် ၁ တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၁၁ တွင် ရှိနေသည်။
Foreign Policy မဂ္ဂဇင်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီအရေးအတွက် အနှစ် ၂၀ ကျော် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ထိုကာလအတွင်း ထိန်းသိမ်းခံရသည့် ကာလ ၁၅ နှစ် ရှိခဲ့သည်ဟု ရေးထားသည်။
ယမန်နှစ်က အချုပ်အနှောင်မှ ပြန်လွတ်လာသော်လည်း ဒီမိုကရေစီရေး ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း၊ နှစ် ၅၀ နီးပါး စစ်အုပ်ချုပ်မှုအောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှေ့သို့ တက်လှမ်းနေပုံ ရှိကြောင်း ဖော်ပြထားသည်။
အစိုးရသစ်၏ သမ္မတ ဦးသိန်းစိန်သည် စာနယ်ဇင်းချုပ်ကိုင်မှုများ ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို လွှတ်ပေးခဲ့ကြောင်းလည်း Foreign Policy မဂ္ဂဇင်းက မှတ်ချက်ပြုထားသည်။

တိုင်းပြည်တွင်လုပ်ချင်တာလုပ်ပြီးဟန်မပျက်နေနိုင်သူများ(အပိုင်း၂)

 ဒီမိုဝေယံမှ

ယတြာနှင့်အာဏာ အပိုင်း(၂) (ကဗျာရှင် နေရဲနီ)


ယတြာနှင့်အာဏာ အပိုင်း(၂)
(ကဗျာရှင် နေရဲနီ)

ဂဏန်း ပုတ်သင်
ကိုင်းပင် လိပ်မျိုး
နွားသိုး ခွေးအ
ဤခြောက်ဝ အ နာယကဂုဏ်။

ဂဏန်းသည် တည့်တည့်မသွား။ 
ဘေးတိုက်သွား၏။
ငါတည်းဟူသောမာနနှင့် 
လက်မတထောင်ထောင်ရှိလှ၏။

ပုတ်သင်သည်
ရာသီအလိုက်  အရောင်ပြောင်းတတ်၏။
မှန်သည်မှားသည်။သင့်သည် မသင့်သည်။ မစဉ်းစား။
နေရာတိုင်းမှာ ခေါင်းတညိတ်ညိတ်ရှိ၏။
ကိုင်းပင်သည် မားမားမတ်မတ်မရှိ။
လေယူရာယိမ်း၏။ ဆိတ်ခလောက်နှင့် ဆင်တူ၏။
သို့သော် သူတပါးအပေါ်၌ 
စိုးမိုးအုပ်ချုပ်လိုသော ဆန္ဒအမြဲရှိ၏။

လိပ်သည်
လေးတုန့်နှေးကန်စွာသွားလာတတ်၏။
ယက်လေသမျှဝမ်းဗိုက်အောက်သို့သွင်း၏။
ရလေသမျှငါ့ဥစ္စာချည်းဟုထင်၏။
တစ်ကိုယ်ကောင်းဆန်လွန်းသောကြောင့်
ကိုယ့်ဘက်ကိုယ်ယက်သောလိပ်ဟုပင်စကားပုံပြုကြ၏။

နွားသိုးသည်
ရှူးရှူးရှဲရှဲနှင့် ဒေါသထွက်လွယ်၏။
မြင်သမျှနွား ငါ၏ပြိုင်ဘက်ဟုထင်၏။
မိန်းမမြင်သော် ကြိုးပြတ်အောင် ရုန်းသောကြောင့်
နွားသိုးကြိုးပြတ်ဟု ခိုင်းနှိုင်းပြောဆိုကြ၏။

ခွေးအသည်
သူတပါးအူသံကြားသော်လိုက်၍အူ၏။
အူသော်လည်းဘာမှအရာမထင်။
ကျိုးကြောင်းရှိမရှိကို မစဉ်းစား။
မိမိအူသံဘယ်သို့ ရှိသည်ကိုမသိ။

ဤသို့ဖြင့် အထက်ပါအချက်တို့မှ 
တပါးပါးဖြင့်သော်လည်းကောင်း
အားလုံးဖြင့်သော်လည်းကောင်း ညိစွန်းခဲ့သော်
ဤသူကိုခေါင်းဆောင် မတင်သင့်ဟူ၍
နောင်လာနောက်သား ပြည်သူအများတို့အား
ရှေးမြန်မာပညာရှိတို့ လမ်းညွှန်ပြခဲ့ကြသည်။

မှန်ကင်းထိပ်ဖျား၌လင်းတနားသကဲ့သို့
ငါသည်ယခုအခါ၌ အထွဋ်အထိပ်သို့ရောက်ခဲ့ပြီ
နေရာတိုင်း၌ငါ့လက်ရာထင်စေရမည်ဟူ၍
ဘ၀င်လေပင့်သော် ဦးစွာပထမ ပုဂံမှစ၏။

သမိုင်းအမွေအနှစ်ဟူသည် အလွန်တန်ဘိုးကြီး၏။
ရှေးမူလက်ရာကို မည်သို့မျှမပျက်သင့် ဟူ၍
Tayza Hotel
ကမ္ဘာ့အရပ်ရပ်မှတားဆီး ကန့်ကွက်နေသည့်တိုင် ပုဂံဘုရားများကြားတွင်
ဟင်္သာကြားဗျိုင်းနားသကဲ့သို့ ပုဂံမျှော်စင်ကိုဆောက်၏။
နံရံဆေးရေးပန်းချီတို့ကို ဖျက်၍ ရွှေဆေးသုတ်၏။
ရှေးလက်ရာ စေတီပုထိုးတို့ကိုဖျက်၍
ခေတ်လက်ရာဖြင့်အသစ်တည်၏။

သဘာဝကပေးသော အလှတရားဖြစ်သည့်
ဧရာဝတီမြစ်ဆုံ၏ အလှသည်လည်း ပျက်စီးခဲ့လေပြီ။
မသူတော်တို့က ကိုယ်ကျိုးရှာမြှောက်ပင့်၍
ပေးသောအကြံအစည်ကို
မှားသည်မှန်သည်မစဉ်းစား။

ကျိုးကြောင်းဆီလျော်၏ မဆီလျော်၏သူမသိ။
အရှင်မွေး၍ နေ့ချင်းကြီးဆိုသကဲ့သို့ မြစ်ချောင်းတို့၌
ဆည်တို့ကို အပေါ်ယံသဘောမျှသာ တိုင်းထွာ၍
အလျင်အမြန် ဆောက်လေသောအခါ
မိုးအခါရေများ၍ ဖောက်ချရသဖြင့်
စိုက်ထားသမျှ ပျက်စီးရ၍ လယ်သမားတို့ ဘ၀ပျက်ရ၏။
နွေအခါ ရေမလာသောကြောင့်
စိုက်ထားသမျှ အလဟဿဖြစ်ရ၍ စီးပွားပျက်ကြရ၏။
လယ်သမားတို့ဒုက္ခနှင့် နပန်းလုံးရလေသောကြောင့်
မြို့ရွာတို့၌ ဆန်ရေစပါးရှားပါးကြကုန်၏။

ပြည်သူပြည်သားတို့သည်ဒုက္ခနှင့်နပန်းလုံးနေပါမှ
ငါ၏ကုလားထိုင် ခိုင်မြဲပေလိမ့်မည် ဟူ၍သဘောထားကာ
လုပ်အားပေးကို မလပ်စေရ။
ပေါ်တာကြေး ကင်းကြေးကို တိုး၍ကောက်၏။
တို့လို့တန်းလန်းနှင့် ရှေ့ဆက်မရသော စီမံကိန်း တို့သည်လည်းရှိ၏။
ဒရောသောပါး ခုဆောက်ခုပျက်ရသော
လမ်းတံတားတို့သည်ကား အများအပြား။
ယတြာချေ၍ တည်သောဘုရား၌
ဖား၍ဆောက်သော ၀န်ကြီး၏တန်ဆောင်းအတွက်
ဌာနဆိုင်ရာဝန်ထမ်းတို့က
လစာမှ နုတ်ဖြတ်၍ အလှူငွေထည့်ဝင်ကြရ၏။

စီမံကိန်းတခုကျလျှင် ၀န်ကြီးသည်
ဒေါ်လာရပေတော့မည်ဟုသဘောပိုက်ကာ
ငတ်နေသောသတ္တ၀ါ မစင်ပုံတွေ့သကဲ့သို့
အူမြူးမတတ် ရှိလှ၏။
လက်အောက်ငယ်သား တို့သည်လည်း
အရိုးအရင်း ကိုက်ရပေတော့မည်ဟု
အထင်ရှိကာကြိတ်၍ ပျော်ကြ၏။
ဤသို့ဖြင့်အထက်မှ စ၍အောက်ခြေတိုင်အောင်
ဖင်နုတ်ခေါင်းနုတ်ဖြင့်
တကယ်လုပ်ကြလေသောအခါ
အရည်အသွေး မမှီ၍သော်လည်းကောင်း
အတိုင်းအထွာ မှား၍သော်လည်းကောင်း
အကြောင်းအမျိုးမျိုးပြပြီး
သဲထဲရေသွန် အဖြစ်ရောက်ကာ
ပျက်စီးခြင်းဖြင့် နိဋ္ဌိတံ၍
ပြည်သူ့ဘဏ္ဍာသည်သာ ဆုံးရှုံးရပြီး
ပြည်သူသည်သာဒုက္ခရောက်ကြရ၏။

ဖားရှာသောသူသည် အကောင်ကြီးကြီးကိုတွေ့လျှင်
အသားပေါ၍ အရသာရှိလှသောကြောင့်အလွတ်မပေး။
ကိုယ်ကျိုးရှာအတ္တသမား ဖား၍စားသော သူတို့သည်လည်း
စားကောင်းသော ဖားကြီးကြီးကိုတွေ့သော်
အမှန်တရားကို ပြည်သူ့မျက်နှာထောက်၍
မကြောက်မရွံ့ပြောဆိုရဲသော
အဖွဲ့အစည်းတို့ကို အပြစ်ရှာလက်ညှိုးထိုးကာ
မိမိတို့၏အခွင့်အလမ်းကို ရအောင်ယူ၏။
ထို့ကြောင့်ခေတ်ပျက် သူဌေးတို့ကား
န အ ဖ လက်ထက်တွင် ရိုက်သတ်၍မကုန်။

ကျွန်တော်တို့ ဥက္ကဌကြီးက
တိုင်းပြည်တိုးတက်ရေးကို အမြဲစဉ်းစားနေတာပါ ဟူ၍
မကြာသေးသောကာလက ဘ၀ပြောင်းရလုဆဲဆဲ
ဘောင်းဘီဝတ်တစ်ယောက်၏ ပြောသံကိုကြားလိုက်ရ၏။
မုန်ယိုနေသော ဆင်၏၀မ်းဗိုက်အောက်သို့
ရောက်ခဲ့သော သတ္တ၀ါသည်အနံ့ရ၍ မော့ကြည့်မိသော်
အကယ်၍များ ပြုတ်ကျလာခဲ့လျှင် ဟူသောအတွေးဖြင့်
ဆောင့်ကြောင့် ထိုင်၍လည်ဆန့်ကာ မျှော်လေဘိသကဲ့သို့
အကြီးအကဲ၏ မေတ္တာနှင့်ကြီးမားလှသော ကရုဏာတော် ဟူ၍လည်း
တစ်ယောက်သော အယ်ဒီတာ၏
ကားပါမစ်ကို သော်လည်းကောင်း
G S M ဖုန်းကိုသော်လည်းကောင်း မျှော်ကိုး၍ရေးသော
အော့နှလုံးနာ၍ ရွံရှာဖွယ်ကောင်းသော
ဆောင်းပါးတစ်ပုဒ် အကြောင်းကို
မကြာမြင့်မီကာလက ဖတ်လိုက်ရသေး၏။

အကယ်၍များ အဆိုပါနိုင်ငံတော်အကြီးအကဲ  ဆိုသူအား
တိုင်းသူပြည်သားတို့မည်၍မည်မျှချစ်သည်မုန်းသည်ကို
သိစေရန်အတွက်ခန်းမတစ်ခုအတွင်း၌စံနေပြီးသကာလ
ချစ်သောသူသည်ပန်းနှင့်ပေါက်၍
မုန်းသောသူသည်တံတွေးနှင့်ထွေးပါဆိုလျှင်
ကျေးဇူးမကင်းသောတပည့်လက်သားတို့ကြဲဖြန့်သော
ပန်းမွေ့ယာ၌သာစံနေတော်မူပြီး
မည်သူကမျှတံတွေးနှင့်ထွေးကြမည်မဟုတ်ပေ။

အကြောင်းသော်ကား အသို့တည်း
ခြေချောင်းတို့ ပျက်ကြွေနေသောကြောင့်
သဲကြိုးမပါသော ဆင်ကြယ်တဖက် မြင်းကြယ်တဖက်တို့ကို
တင်းပုတ်နှင့်တူသော ခြေထောက်အောက်၌
ကြိုးဖြင့်ခြည်နှောင်ပြီး သကာလ
ထော့နင်းထော့နင်းဖြင့် လျှောက်၍လာသော
ရွှဲရွှဲစို၍ ယင်တလောင်းလောင်း ရှိလှသော
သူတောင်းစား အနူတစ်ယောက်သည်
ငါသည်လည်း ပြည်သူပြည်သား တစ်ယောက်ဖြစ်သည်။
ငါ၌လည်းလူ့အခွင့်အရေးအပြည့်အ၀ရှိသည်။
ထို့ကြောင့်ငါ၏ဆန္ဒကို ထုတ်ဖေါ်ပြောဆိုပေအံ့ ဟုကြုံးဝါးကာ
လက်ချောင်းတို့ ကင်းမဲ့လျှက် ငရုတ်ကျည်ပွေ့နှင့်တူသော
သူ၏လက်မောင်းကို ဆန့်တန်းလျှက်လက်ညှိုးထိုးဟန်ပြုကာ
ငါသည်အတိတ်ကံ မကောင်းခဲ့လေသောကြောင့်
ယခုဘ၀၌ သူတောင်းစားဖြစ်ရ၏။
ငါ့အားတတ်နိုင်သမျှ ပေးကမ်းကြကုန်သော
ပြည်သူပြည်သား လူအများတို့သည်
ငါ၏ထမင်းရှင် ကျေးဇူးရှင်များဖြစ်ကြ၏
ထို့ကြောင့်ငါသည် ကျေးဇူးရှင်ဖြစ်သော ပြည်သူတို့အား
ဘယ်သောအခါမှ မပြစ်မှားခဲ့။
ဤသူသည်ကား ထိုသို့မဟုတ်
ပြည်သူနှင့်သံဃာကို သတ်၏။
ကျေးဇူးရှင်အား ကျေးဇူးမဲ့သော စကားကိုဆို၏။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့ ထွီကနဲထွေးလျှက် ထွက်သွားပေလိမ့်မည်။

ဘန်ကောက်မှပြန်ရောက်ပြီး
အေကိုက်ကာ အိပ်ယာထက်၌
ဘုံးဘုံးလဲနေသော ပြည့်တန်ဆာ လူထွက်သည်
အရိုးပေါ်အရေတင်လျှက် ရှိသောခန္ဓာကိုယ်ကို
ရှိသမျှအားအင်တို့ဖြင့် စုရုံးကာ တောင်ဝှေးကို အဖေါ်ပြု၍
ယိုင်နဲ့ယိုင်နဲ့ဖြင့် တလှမ်းချင်းလျှောက်၍လာပြီး
ခြောက်သွေ့နေသော နှုတ်ခမ်းဖျားမှ
လေသံမျှသောစကားတို့ဖြင့် ဤသို့ဆို၏။
ငါသည်ဤသူအုပ်ချုပ်သော တိုင်းပြည်၌
ကံဆိုးစွာဖြင့် လူလာဖြစ်ရ၏။
အရာရှိကတော်ကို ယုံမိလေသောကြောင့်
တဖက်နိုင်ငံသို့ လူကုန်ကူးခံရပြီး
ပြည့်တန်ဆာထက် ရာထူးမြင့်သော
ကမ္ဘာ့တန်ဆာအဖြစ်သို့ အတင်းအဓမ္မ သွတ်သွင်းခံခဲ့ရ၏။
ငါ၏အသွေးအသားတို့ကို အရင်းတည်၍
သူတပါးထံမှ အခကြေးငွေယူပြီးလျှင်
ဘာပြန်ပေးရမည်ကို ငါ့တာဝန်ငါသိ၏။
ထိုတာဝန်ကို ကျေပွန်စွာထမ်းခဲ့၏။
ငါ၏ကတိကိုဘယ်သောအခါမှမဖျက်ခဲ့၏။
ထိုသူသည်ကားဤသို့မဟုတ်။
လစာတည်းဟူသော ပြည်သူ့ထံမှအခကြေးငွေကိုယူပြိး
ပြည်သူတို့အား အမျိုးမျိုး လိမ်ညာလှည့်ဖျား၏။
အမှန်ကို ပြောဝံ့သောသူတို့အား မတရားညှင်းပန်းနှိပ်စက်၏။
အကြိမ်ကြိမ် ပျက်ခဲ့သောကတိတို့ကို
သူ၏ကိုယ်ခန္ဓာ၌ ထုံးတို့၍မှတ်ချေသော်
သူ၏ကိုယ်ကို ထုံးအိုး၌ နှစ်ရပေလိမ့်မည်။
ထို့ကြောင့်ငါ၏ တံတွေးသည် သူနှင့်မတန်ဟုဆိုကာ
အခြားတဖက်သို့  ထွီကနဲထွေးကာ ထွက်သွားပေလိမ့်မည်။
၅၇သန်းမျှသော ပြည်သူတို့သည်လည်း
ပြည့်တန်ဆာလူထွက်နှင့်သူတောင်းစားတို့၏
ဖြစ်အင်ကိုကြည့်ကာ
ဟင်း ဟူ၍သက်ပြင်းချကာ လှည့်ထွက်သွားပေကြလိမ့်မည်။

ဘုရားရှင်အား အကြိမ်ကြိမ်ပြစ်မှားခဲ့သော ဒေ၀ဒတ်သည်
နောင်တရပြီး ၀န်ချတောင်းပန်ရန် ဇေတ၀န်သို့ပြန်အလာ
လမ်းခုလတ်၌ မြေမြိုခံရ၏။
အဇာတသတ်သည် ဖခင်ကိုသတ်ပြီးနောက်
မိမိမွေးသော သားကမိမိခြေရာ နင်းမည်ကို
စိုးတထိတ်ထိတ်နှင့်ရှိလှသောကြောင့်ရင်ဝ၌ မီးစနှင့်ထိုးသကဲ့သို့
ပူပြင်းလှစွာသော ဝေဒနာကို နေ့ညဥ့်မပြတ် ခံစားရ၏။
ဘုရားရှင်၏ တရားတော်နှင့် တွေ့၍သက်သာရာ ရသော်လည်း
ဝဋ်နှင့်ငရဲမှကား ပြေးမလွတ်။
ပြည်သူကိုလည်း အမျိုးမျိုးနှိပ်စက်
ညှင်းပန်းသတ်ဖြတ်ခဲ့သည်။
မေတ္တာပို့၍ လမ်းလျှောက်လာသော
သံဃာတော်တို့အားလည်း ထိုနည်းနှင်နှင်။
အချင်းချင်းကိုလည်း ဘက်တူလျှင် ဗိုလ်မထားဘဲ ကြိုတင်ပြီး နှိပ်ကွပ်ခဲ့သည်။
တပ်မတော်၏ဖခင် တိုင်းပြည်၏ ကျေးဇူးရှင်ဖြစ်သော
ဗိုလ်ချုပ်အပေါ်၌လည်း ကျေးဇူးမဲ့တို့ကို ပြောဆိုခဲ့ပြုမူခဲ့၏။
အကုသိုလ်တရား  ကြီးမားလေသောအခါ
ညစဉ်အိပ်မပျော်ဘဲ အိပ်မက်ဆိုးတို့ကနှိပ်စက်၏။
ချစ်ကြည်ရေး ခရီးအကြောင်းပြကာ
ဗုဒ္ဓဂါယာသို့ ဘုရားဖူးထွက်၍ တရားထိုင်ကာဘုရားကု ကုကြည့်၏။ မရ။
ထိုမှတဖန်သီဟိုဠ်စူဠာမဏိစေတီသို့ သွားပြန်ရာ
လေယာဉ်ပေါ်မှ  ဆင်းဆင်းချင်းကိုလံဘိုဆေးရုံသို့ တန်းပြေးရ၏။
စေတီသို့အတက်ဇောချွေးတို့ပြန်လေသောကြောင့်လူတွဲ၍တက်ရ၏။
ဗေဒင်ဆရာတို့လည်း ငရဲနှင့်ဝဋ်ကို ကြောက်လေသောကြောင့်
ဗိုလ်တစ်ထောင်ဘုရားမှ စကားမပြောတတ်သော
မြနန်းနွယ်ဟူသော ကျောက်ရုပ်ကို အပြစ်ပုံချ၏။
ယခုတစ်ဖန်တပည့်ဖြစ်သူအား
တရုပ်ပြည်မှ စွယ်တော်ကိုပင့်စေပြီး
ဒေါ်လာ ကျောက်မျက်ရတနာနှင့် တကွဝတ်သော လက်စွပ်ကိုပါလှူပြန်၏။
အကယ်၍များ ထိုပစ္စည်းတို့အား ရောင်းချ၍ ရသောငွေတို့ဖြင့်
ပခုက္ကူရေဘေး၌ လှူဒါန်းခဲ့လေသော်
မရှိသည်နှင့် အသားကျနေသော ခွင့်လွှတ်တတ်သော
မြန်မာပြည်သူပြည်သား အပေါင်းက
အမြင်မှန်ရပေပြီ ဟုအထင်ရှိကာ သာဓုခေါ်ကြပေလိမ့်မည်။
ယခုသော်ကား ထိုသို့မဟုတ်
အနာတခြားဆေးတခြား ဖြစ်ခဲ့ရလေပြီတကား။

နေရဲနီ
ထိမိပြောင်မြောက်တဲ့ ကဗျာများ ပေးပို့ပေးတဲ့ ပင်တိုင်ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူး အထူး တင်ရှိပါသည်..။