Monday, January 23, 2012

ကြံ့​ခိုင်​ရေး​ပါတီ စည်း​ရုံး​ရေး​တွင် နိုင်ငံ​တော်ပိုင်ပစ္စည်း​များ​ကို သုံး​စွဲ

(သတင်း) မင်းလွင်

လက်ရှိ အာဏာရ ပြည်​ထောင်စု ကြံ့​ခိုင် ဖွံ့​ဖြိုး​ရေး​ပါတီဟာ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ အတွက် စည်း​ရုံး​ရေး​ ခရီး​ တွေမှာ နိုင်ငံ​ တော်ပိုင် ပစ္စည်း ​တွေကို သုံး​စွဲပြီး​ တော့​ ​ငွေ​ကြေး​ နဲ့​လည်း​ စည်း​ရုံး​ တာ​တွေ ရှိတယ်လို့​ ​ကျောက်ပန်း​တောင်း​ ​ဒေသခံ​ တွေက ​ပြောပါတယ်။

အာဏာရ ပြည်​ထောင် စုကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး ​ပါတီဟာ အခု ရက်ပိုင်း ​အတွင်း​မှာ ​ကျောက်ပန်း​တောင်း ​မြို့​ကို ပါတီ စည်း​ရုံး​ရေး​ ခရီး​စဉ်​ တွေမှာ နိုင်ငံပိုင် အ​ဆောက် အဦ​တွေကို သုံး​စွဲခဲ့​ တယ်လို့​ ဆိုပါတယ်။

မန္တ ​လေး​တိုင်း​ ဒေသကြီး​ လွှတ်​တော် ကိုယ်စား​ လှယ်​တွေ ဖြစ်ကြတဲ့​ ဦး​ဌေး ​အောင်​ကျော်နဲ့​ ဦး​ရဲမြင့်​ အောင်တို့​ဟာ ​ကျောက်ပန်း​ တောင်း​မြို့​ မြို့​မ ကွက်သစ် အစိုး​ ရပိုင် မူလတန်း​ ကျောင်း​မှာ အစည်း​အ​ဝေး​ လုပ်​ဆောင် တာနဲ့​ ပတ်သက်ပြီး​တော့​ ​ဒေသခံ ကို​အေး​ခိုင်က ခုလို ​ပြောပါတယ်။

“ကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက မဲဆွယ်စည်း​ရုံး​ဖို့​အတွက် ​ကျောက်ပန်း​တောင်း​မြို့​ကို ​ရောက်လာပြီး​တော့​ မြို့​မကွက်သစ်ရပ်ကွက်မှာ ရပ် ကွက် ဥက္ကဋ္ဌကို ​ခေါ်ပြီး​တော့​ လူ​တွေစုခိုင်း​ပါတယ်။ ​နေရာက​တော့​ မြို့​မကွက်သစ်မြို့​က မူလတန်း​ကျောင်း​ အစိုး​ရပိုင်​ကျောင်း​မှာ ကျင်း​ပကြပါတယ်။ စည်း​ရုံး​ရေး​လုပ်ပါတယ်။ ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​ ပါတီအ​နေနဲ့​ အစိုး​ရပိုင် အ​ဆောက်အဦမှာ လုပ်ခွင့်​မရှိပါဘူး​။ ဘယ်ပါတီမဆို ​ရွေး​ကောက်ပွဲဥပ​ဒေအရ လုပ်ခွင့်​မရှိပါဘူး​။ လက်ရှိ အာဏာပိုင် အဖွဲ့​အစည်း​ကလူ​တွေကို အသုံး​ချပြီး​တော့​ စည်း​ရုံး​ရေး​ လှုပ်ရှား​နေတာပါ။”

ကြံ့​ခိုင်​ရေး​ပါတီဟာ နိုင်ငံ​တော်ပိုင် အ​ဆောက်အဦ​တွေကို အသုံး​ပြု​နေသလို မဲဆွယ်စည်း​ရုံး​ရေး​တွေမှာ ​ငွေ​ကြေး​ ​ထောက်ပံ့​ပေး​မယ် ဆိုပြီး​ ​ကျေး​ရွာ​တွေမှာ ​ပြောဆိုတာ​တွေ ရှိတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မကြာခင် ကျင်း​ပ​တော့​မယ် စစ်ကိုင်း​တိုင်း​ဒေသကြီး​ ပုလဲမြို့​နယ် ပြည်သူ့​လွှတ်​တော် မဲဆန္ဒနယ်အတွက် ပြန်ကြား​ရေး ​ဝန်ကြီး​ ဦး​ကျော် ဆန်း​ နဲ့​ ကိုယ်စား​ လှယ်​လောင်း​ ဦး​ဌေး​နိုင်ဟာ မဲဆွယ် စည်း​ရုံး​ရေး​တွေ လုပ်ခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောကြပါတယ်။

အဲဒီခရီး​စဉ်မှာ ပုလဲမြို့​နယ်က ​ကျေး​ရွာ​တွေ ရွာငယ်​တွေ အတွက်ဆိုရင် ကျပ် ၅ သိန်း​၊​ ရွာကြီး​တွေအတွက် ကျပ် ၁၀ သိန်း​ ​ထောက်ပံ့​မယ် လို့​ ကတိပြု ​ပြောပြီး​တော့​ ​ငွေမရရှိခဲ့​ဘဲ လက်ခံရရှိ​ကြောင်း​ကို ဓာတ်ပုံရိုက် မှတ်တမ်း​ယူတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ပါကစ္စတန် သမ္မတဇာဒါရီ တွေ့ ဆုံမည်

ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီ ဇာဒါရီ။
ဓာတ်ပုံ Reuters
မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည့် ပါကစ္စတန် သမ္မတ အဆစ်ဖ် အာလီဇာဒါရီ သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်နဝါရီလ ၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နေ့လည် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ညနေတွင် တရားဝင် သတင်းထုတ်ပြန် လိုက်သည်။

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)

ရဲမင်းထွန်း
ဇန်န၀ါရီ ၂၃၊ ၂၀၁၂

ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ၀မ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစားသူတွေမြင်တော့ မုဒိတာပွားပါ သည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။

မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံ ဘုန်းရခြင်း၊ ရုပ် ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် .... ...

● နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်
ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ် (၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊ ဗိုလ်မှူးအောင်ရင် (လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့် အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင် (လသာ) ကို လက်နက်ကိုင်စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံ ဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို.... “ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို လေးနှစ်ပဲချမှာလို့” စေတနာဗလပွနဲ့ လာသင်ပေးတယ်ဗျ။

ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကိုပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ် လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော် ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေဝတ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက် တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကိုကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ဆန္ဒပါ။

သူတို့ထဲက အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကိုအမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘ ကြီးတွေက သနားမှာပါ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ရယ်လိုက်တာ မှတ်မိ ပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ်ထုတ်ပြီး မီးညှိပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့် ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။

အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့်လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး ၀င်ခဲ့ရတဲ့အရသာလေး မှတ်မိ သေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ.... ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင်လုပ်ရတယ်ဟဆိုပြီး ကြံဖန်ပြီးဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာ တွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူမျှပုံက“ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သောလှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား” တဲ့။ ကျနော်က “မရှိပါ” လို့ ဖြေတော့ .... “ဟေ” တဲ့ ။

နောက် မရင်ရင်အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ ဖြေတယ်။

တရားလိုလုပ်သူကထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီးထွက်ပြေးသည်မှစ၍ ကိုဘိုနီအောင်နှင့် အတူပေါင်း သင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား” မေးပြန်တယ်။
ကျနော်ကလည်း “မရှိပါ” ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့လူကလာပြီး “မင်းပေးထားတဲ့ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေးပြန်သွားမလား” လို့ ချိမ်း ခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ “ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံးပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့ ... ကျနော်တို့က “မရှိပါ” မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့်စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင်မသိတဲ့ တဖက်သတ်စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖောက်ဖတ်ပြီး အမိန့်ကိုချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်းပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုက်ပြတာ ပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ (ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင် လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ်စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။ မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ” လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့်ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်ကထိုင်ရင် လိုက်ထိုင်တယ်။ ထ ရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲလုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်း ကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံ အမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး .... “ယခုရုံးရှေ့ ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၎င်းတို့၏လွဲမှားသောအယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါ ဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ်စီမံချက်ပုဒ်မ ၅ (ည) နှင့် မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ (၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချ မှတ်ပေးမည်ဟုဆိုကာ ခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅ (ည) ၁၇ (၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍လည်းကောင်း၊ မရင်ရင်ကို ၅ (ည) ၁၇ (၁) ဖြင့် ထောင်ဒဏ် (၆) နှစ်ကျခံစေဟူ၍လည်းကောင်းချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲဆိုတော့ ကျနော် တို့ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး (၁၀) နှစ်လို့ ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင်ပြောပြတာက ဦးခင်ညွှန့်ရဲ့စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲ ထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင် (ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော်တို့ကို လည်း ငုတ်တုပ်ကလေးတွေထိုင်လျက် တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့်တဦးပါပဲ။ သူက ကျနော့်ကို ဒီလိုပြောတယ်ဗျ။ “မိုက် လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာအလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော်ပြန်ဖြေတော့ “အေး မင်း ဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးကလုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲ ကျမယ်လို့ ငါတို့ထင်တယ်ကွ”

“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “မင်းယုံကြည်ချက်တွေ မင်းစိတ်ဓာတ်တွေကို မေ့ လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံထိန်းသိမ်းပေးရတဲ့ဌာန” “မင်းအနေနဲ့ ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမစကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။

ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။ (မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။) ဒီလိုဆက်ဆံမှု အပြင် ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ။

● ၃ ဆောင်နှင့် ထောင်မှူးသိန်းမြင့်
အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေးဆက်ဆံမှုမပြုပါ)

(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)

ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွား တာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ “ထောင်ကျသွားပြီဖြစ်တဲ့မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာ မင်းနဲ့ဆိုင်တယ် မင်းအကြောင်း မင်းပြောရမယ်။ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး။ (အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်း ရှေ့ မြေပြင်မှာပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)

ပုံစံအော်ရင် ခေါင်းငုံထားရမယ့်အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့အကျဉ်းဦးစီးက အုပ် ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ... ဟုတ်ပြီလား” စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကိုမိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကိုဝတ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။

ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီ သက်ဝင်း (ခ) သံမဏိစိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့် (မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊ ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီ ဟ (ပြည်)၊ ကိုအေးကြည် (မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ ရပါတော့တယ်။ (ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊ ဖဆပလ ခေတ်သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ် (၃) ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင် တွေပါလို့ ပြန်ချေပဦးမှာလား။

ဆက်လက်ဖော်ပြပါမည်။

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သို့ အိတ်ဖွင့်ပေးစာ (၁)

(ကိုသန့်ဇော်)

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ခင်ဗျား …

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တယောက်အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူပြီး သည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ ရော ၀န်ကြီးချုပ်အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့ တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အ များကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်းမရှိဘဲ ထောင်သွင်းအကျဉ်းချထား တာကလည်း တခု အပါအ၀င် ဖြစ်ပါတယ်။

အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်း ထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ်ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီ တုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့ အ တွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊စီးပွားရေး၊ လူမှုရေး ဒုက္ခတွေဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။ ဒါ ဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန်ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။

မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတ ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။

ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တခု ဖြစ်ပါ တယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင် ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။

နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာ ကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအ တွက် တာဝန်ရှိပါတယ်။
အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

**ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း**
နေ့စွဲ။ ။ ၃၁၊ ၇၊ ၉၅
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည် ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုး သားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေကြသည်ဟု နောက်မှ သိရပါ သည်။

ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ်သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင်ပတ်သက်ခြင်းကို သိရှိသွား သဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရို ဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီးလာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အ စီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။