Tuesday, October 25, 2011

ရခိုင်တွင် မုန်တိုင်းကြောင့် ထောင်ချီသော စိုက်ခင်းများ ပျက်စီးကာ လူသေဆုံးမူလည်း ရှိခဲ့

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလျှံသဖြင့် ထောင်ချီသော စပါး စိုက်ခင်းများ ပျက်စီးကာ လူအသေအပျောက်များ လည်းရှိ ကြောင်း သတင်း ရရှိသည်။
မုန်တိုင်း တိုက်ခတ် အပြီး အောက်တိုဘာလ ၂၀ ရက်နေ့က လေးမြို့မြစ်ရေ လျှံတက်လာပြီး မှည့်စပြုနေပြီ ဖြစ်သော ထောင်ချီသော စပါးစိုက်ခင်းများကို ဖုံးလွှမ်း သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

" မင်းပြားမြို့နယ်က ပန်းမြောင်းကြီးချောင်း တလျှောက်နဲ့ ဖုံသာချောင်း တလျှောက် စပါး စိုက်ခင်းတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ ဖုံသာချောင်းနဲ့ အနီးတ၀ိုက်မှာ ဆိုရင် ဧက ၅၀၀၀ လောက် ရေနစ် ခံခဲ့ရတဲ့ အတွက် စပါး စိုက်တွေ အကုန်လုံး ပျက်စီး ကုန်ပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦး ကပြောသည်။

တခြား လေးမြို့ မြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းတွင် တည်ရှိသော စပါးစိုက်ခင်း အများ အပြားလည်းပျက်စီး သွားကြောင်း သိရသည်။

ပန်းမြောင်းမြို့ အထက် လေးမြို့မြစ် ချောင်းဖျားတွင် အနည်းဆုံး လူပေါင်း ၁၀ ကျော် သေဆုံးခဲ့သည်ဟု ပန်းမြောင်းဈေးမှ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

" ရေတွေ ပေါက်ကျလာတဲ့ အတွက် လေးမြို့မြစ် အထက်ပိုင်း လူးချောင်း၊ ၀က်ချောင်း၊ ရွှေလောင်ချောင်း ဘက်မှာ လူပေါင်း ၁၀ ကျော် သေဆုံးတယ်လို့ ကြားရပါတယ်။ အဲဒီနေ့က မိုးက အရမ်းရွာပြီး ရေတွေ လျှံတက်လာတဲ့ အတွက် ရေတွေထဲ ပါသွားပြီ လူတွေသေသွားတာ ဖြစ်ပါတယ်။ အလောင်း နှစ်လောင်း သုံးလောင်းတောင် အောက်ဘက်ထိ မျှောပါလာတာကို တွေ့ရပါတယ်" ဟု ပြောသည်။

ပန်းမြောင်းဘက်တွင် စပါးစိုက်ခင်းများ အကြီးအကျယ် မပျက်စီးသော်လည်း ကိုင်းခင်းများ ပျက်စီးသွားသဖြင့် တောင်သူများ အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သူက ဆက်ပြောသည်။

" ကျွန်တော်တို့ဘက်မှာတော့ မြစ်ရေ ပေါက်ကျလာတဲ့ ကိုင်းခင်းတွေ တော်တော် ပျက်စီး သွားပါတယ်။ စိုက်ထားတဲ့ မြေပဲ၊ ငရုတ်၊ နှမ်း၊ ၀ါစတဲ့ စိုက်ခင်းတွေ အကုန်လုံး ရွှံ့နွံတွေ နစ်သွားခဲ့ပါတယ်။ လုံးဝပျက်စီး သွားတဲ့ အတွက် ကိုင်းသမားများ အထူးနစ်နာသွားပါတယ်" ဟု သူက ပြောသည်။

အလားတူ မင်းပြားမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော မင်းတပ်၊ ညောင်ခြုံ၊ ကွမ်းချောင်းနှင့် ဥသတောင် စသည့် ကျေးရွာများတွင်လည်း မှည့်စပြုသော စပါး စိုက် ဧက ၁၀၀ ကျော်ခန့်ကို ရွှံ့နွံ များဖုံးလွှမ်းသွား သဖြင့် ပျက်စီးသွားကြောင်း ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်ကြားသည်။

" မုန်တိုင်းနဲ့ မိုးရွာတော့ တောင်က မြေတွေပါ ပြိုကျပြီး စပါး စိုက်ခင်းတွေကို ဖုံးလွှမ်းသွားတာ။တချို့နေရာ တွေမှာ ဆိုရင် စပါးသီးတွေ အကုန်လုံး ကြွေကျသွားခဲ့တယ်။ လူတွေက အကုန်လုံး ဒုက္ခ ဖြစ်နေတယ်။ အစိုးရပိုင်းက ကူညီတာ ဘာမှ မရှိသေးဘူး။ ရွာသားတွေတော့ ရခိုင်ပါတီဆီ စာတင်ထားပါတယ်" ဟု ဆရာတော် မိန်းကြားသည်။

ယခုကဲ့သို့ ရေကြီးပြီး စိုက်ခင်းများ ပျက်စီးသွားသော်လည်း အာဏာပိုင်များက တစုံတရာ လာရောက် စစ်ဆေးခြင်း၊ မေးမြန်းခြင်းးများ မရှိသေးကြောင်း သိရသည်။ မုန်တိုင်းငယ်သညည် ရခိုင်ပြည်နယ် မြောက်ပိုင်း ကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ၀င်ရောက် ဖြတ်ကျော်စဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့ မြစ်ရေ မကြုံစဖူး လျှံတက်ခဲ့ကြောင်း သိရသည်။

ဒေါ်စုနှင့် အမေရိကန် ကိုယ်စားလှယ် တွေ့

 မြန်မာနိုင်ငံသို့နှစ်ရက် ကြာ ရောက်ရှိနေသော အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့ နေ့လည်က တွေ့ဆုံ ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အမေရိကန် ဒုသံအမတ်ကြီးနေအိမ်တွင် မွန်းလွဲ နှစ်နာရီမှစတင်ကာ မိနစ် ၉ဝ ကြာ ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဟုတ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တွေ့ဆုံတာမှန်ကြောင်း ထုတ်ပြန်ဖို့ပါပဲ။ တခြားထုတ်ပြန်စရာကျနော့် မှာ မရှိပါဘူး” ဟု ပြောသည်။

dasskanddelmischel
အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမအကြိမ်တွေ့ဆုံစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ဤဆွေးနွေးမှုနဲ့ပါတ်သက်၍ သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းသမားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံမှုနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်၊ မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့တားမြစ်မှုများ ရုတ်သိမ်းရန် အချိန် မကျသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည် က Wall Street Journal အား ပြောကြားလိုက်ပြီး နောက်တရက်အကြာတွင် မစ္စတာမစ်ချဲလ် မြန်မာနိုင်ငံသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခြင်းဖြစ်သည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell စက်တင်္ဘာလအတွင်းက ပထမအကြိမ် လာရောက်ခဲ့စဉ်က NLD ခေါင်းဆောင်များအပြင် အခြား နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခုကသုတ် ကရက် ခရီးစဉ်တွင်တွေ့ဆုံ နိုင်ခြင်းမရှိခဲ့ပေ။

မကြာမီက လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများကလည်း မစ္စတာ ဒဲရစ်မစ်ချဲလ်ထံ လိပ်မူ၍ အမေရိကန် သံရုံးမှတဆင့် စာတစောင် ရေးသားပေးပို့ခဲ့သေးသည်။

အင်္ဂါနေ့ နံနက်က ပေးပို့လိုက်သောစာတွင် အဓိကအားဖြင့် တောင်းဆိုချက် သုံးချက် ပါဝင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် စမ်းချောင်းကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

“ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရန်၊ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကြေညာပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအပြင် တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံး၊ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်ဆိုတဲ့ အချက်သုံးချက်” ဟု ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၃၄ ယောက် အနက် အချိန် အခက်အခဲကြောင့် ၅၅ ယောက်သာ ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

ဤတောင်းဆိုချက်များအား အမေရိကန် ကိုယ်စားလှယ်ထံသို့ ပေးပို့ရသည့် အကြောင်းနှင့် ပတ်သက်၍ ကိုကိုကြီး က “လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်၊ နိုင်ငံတကာအသိုင်း အဝိုင်းကို ဝင်ဆံ့ချင် တယ် ဆိုရင် ခုနပြောတဲ့ အချက် သုံးချက်က မဖြစ်မနေ ဖြေရှင်းရမှာပါ။ အဲဒီထဲကမှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အချက်ကို မပြေလည်ဘဲနဲ့ နိုင်ငံရေးပြဿနာ ပြေလည်မယ်လို့ ကျနော်တို့က မယူဆပါဘူး။ အဲဒီအတွက် ဒီအစိုးရကိုရော၊ ဒီအစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ကိုရော တိုက်တွန်းတောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဒဲရစ်မစ်ချဲလ်သည် ၎င်း၏ နှစ်ရက်ကြာ ဒုတိယ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများ အနက် နိုင်ငံရေးအကျဉ်းသား များ ထပ်မံ လွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများအတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ၃၇ ယောက်အနက် ၎င်းအပါအဝင် ခုနှစ်ယောက်သာ လွတ်မြောက်လာသေးကြောင်း ကိုကိုကြီးက ပြောဆိုသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသား ၁၈ဝဝ ခန့် ကျန်ရှိနေသေးပြီး ၎င်းအနက် ၁၂၂ ဦးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွား လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရောက်ရေးအသင်း AAPP မှတ်တမ်းများတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်မှ လျှက်တပျက်ဂျာနယ် နဲ့ ဦးအောင်ဆန်းဦး ကို တရားစွဲဆိုပြီ


တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကို ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်လျှက်ရှိသော တရားမအမှုကို မော်နီတာဂျာနယ်တွင် မမှန်မကန် ရေးသား ဖော်ပြခဲ့သောကြောင့်ဟု သိရှိရပြီး၊ (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့  တက်ရောက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဦးအောင်ဆန်းဦးအား မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်မှ အင်တာဗျူးမေးမြန်းရာတွင် လက်ရှိ ရင်ဆိုင်လျှက်ရှိသော တရားမအမှုမှာ ဦးအောင်ဆန်းဦးဘက်မှ အနိုင်ရဖွယ်ရှိသည်ဟု အဓိပ္ပါယ်ရသော အဖြေကို ဦးအောင်ဆန်းဦးမှ ဖြေကြားခဲ့ပြီး၊မော်နီတာဂျာနယ်တာဝန်ခံ အယ်ဒီတာဖြစ်သော မြတ်ခိုင်မှဂျာနယ်တွင် ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသည်...။
သို့ရာတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သောမြတ်ခိုင်မှ ယင်းကိစ္စမှာ မိမိနှင့်လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။ တရားရုံး၏ အဆုံးအဖြတ် အမိန့်ချမှတ်ခြင်း မရှိသေးသော အမှုကို ကြိုတင်ခန့်မှန်း ရေးသားပြောဆိုခဲ့ကြသော ဦးအောင်ဆန်းဦး၊ မော်နီတာဂျာနယ် ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ) ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ် ၊လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်တို့အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ကြောင်း သိရှိရပါသည်။ ယင်းအမှုကို ၂၀၁၁ခု ၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် လက်ခံရန်သင့်၊ မသင့်ကြားနာမည်ဟု သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု  သိရှိရပါသည်။

ပြည်သူ့သတင်းထောက်... 
သတင်း---ဒီမိုဝေယံ

ပဲခူးတိုင်းအတွင်းရှိထောင်များသို့ ဇာဂနာ သွားရောက်

ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၄၊ ၂၀၁၁
သာယာဝတီထောင်ရောက် ဇာဂနာနှင့်မိတ်ဆွေများ


ဇာဂနာနှင့် မိတ်ဆွေများက ပဲခူးတိုင်းအတွင်းရှိထောင်များသို့ ယမန်နေ့က သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားတို့အတွက် အလှူအတန်းများ ပြုလုပ်ခဲ့ကြကြောင်း ဇာဂနာfacebook တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။


"သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်အဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်မျာ.." ဟု ဇာဂနာက ရေးထားသည်။

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ on October 25, 2011

အမေရိကန် နိုင်ငံ အပါ အဝင် အနောက် နိုင်ငံ များ၏ ဒဏ် ခတ်ပိတ်ဆို့ မှုများ မရုပ် သိမ်းမီ မြန်မာ အစိုးရ အနေဖြင့် အပြောင်း အလဲ များစွာ လုပ်ရန် လိုသေးကြောင်း မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံ မေးမြန်း ခန်းတွင် ပြောဆို လိုက်သည်။

ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။

ဂျပန်နိုင်ငံထုတ် မိုင်အိနိချိ သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့ HOLIDAY - 4 မြန်မာပြန်


အားလပ်ရက် -၎


ကျွန်မ ပုဂံသွားရောက်ခဲ့တဲ့နေ့များကို ရေးသားနေစဉ် အဲဒိရှေ့ဟောင်းမြို့တော်မှာလုံးဝမကြားဘူးတဲ့ ဝမ်းနည်းကြေကွဲဘွယ်ဖြစ်ရပ်ဆိုးတခုဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီးတ ယောက်ကို မော်တော်ဆိုင်ကယ်တက္ကစီမောင်းသမားက သတ်ဖြတ်လိုက်ခြင်းဟာ တစိမ်းတရံစာများ အပေါ် ပျူငှာစွာဆက်ဆံတယ်လို့ နာမည်ကြီးနေတဲ့အသိုင်း အဝိုင်းရှိ လူအများကို တုန်လှုပ်ခြောက်ခြား စေခဲ့ပါတယ်။ ဒီ ရာဇဝတ်မှုဟာ တုန်လှုပ်ခြောက်ခြားမှုလှိုင်းကိုရိုက်ခတ်လိုက်ပါတယ်။ “ ဒီလိုဖြစ်ရပ် ဆိုးဟာ ဒီနေရာမှာ တခါမျှမဖြစ်ခဲ့ဘူးပါဘူး၊ ကျွန်တော်တို့တော့ နားကိုမလည်နိုင်ပါ။ ကျွန်တော်တို့ဟာ ဒီလိုလူစားတွေ မဟုတ်ကြပါ။ ကျွန်တော်တို့ဟာ အလွန်ကိုရှက်မိပါတယ်။”လို့ အခင်းဖြစ်ပွါးရာ ညောင် ဦးဒေသခံ အမျိုးသားတဦးက ကျွန်မတို့ကိုယ်စား ပြောကြားပေးလိုက်ပါတယ်။


လူသတ်တရားခံကို ဖမ်းမိလိုက်ပြီး ဥပဒေကြောင်းနဲ့အညီဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါပေမင့် အမျိုးသမီးငယ်ကတော့ ပြန်လည်အသက်ရှင်လာမှာ မဟုတ်တော့ပါ။ သူမကိုသိခဲ့သူများနဲ့ချစ်ခင်ခဲ့သူ များကို ကျွန်မတို့က အထူးကြေကွဲဝမ်းနည်းကြောင်းစကား ပါးရမှာပါ။


အရာရာဟာ ထာဝစဉ်မရပ်တည်ပါ။ ဘယ်အရာမှ မတည်မြဲပါ။ ဒါဟာ ကျွန်ုပ်တို့ကို ဗုဒ္ဓက ဆုံးမပေး တာ နဲ့ ပုဂံကသင်ကြားပေးမှုပါ။ ယနေ့တိုင် မမှားပဲ သေချာနေတာက ထိန်းသိမ်းစောင့်ရှောက်ရမှာကို ကြိုးစားထိန်းသိမ်းစောင့်ရှောက်ရမှာပဲ ဖြစ်ပါတယ်။ ပုဂံရဲ့ မဝေးလှတဲ့အရပ်မှာ တနိုင်ငံလုံးက ဝိဉာဉ် များပူဇော်ရာဗဟိုဌာနဖြစ်တဲ့ မီးတောင်ဟောင်း ပုပ္ပါးတောင်ကလပ်ရှိပါတယ်။ ပုပ္ပါးရဲ့ နှစ်စဉ်ပွဲတော် ဟာ ယုံကြည်ကိုးကွယ်သူများကိုသာမက ဒီရိုးရာဓလေ့ကို လေ့လာဘို့ စိတ်အား ထက်သန်သူ သောင်းပေါင်းများစွာရှိတဲ့ ဧည့်သည်တွေကိုပါ ဆွဲဆောင်ပါတယ်။ ဒီရိုးရာဓလေ့ဟာ ပုဂံ ဘုရင်များ သူတို့အကြောင်းခြင်းရာများအပေါ် သေရေးရှင်ရေးရဲ့ နတ်ဘုရားများအဖြစ် ရပ်တည်ပူဇော်ခံကြတဲ့ အချိန်ကတည်းက စတင်ခဲ့တာပါ။


ရှေးဒဏ္ဍာရီအရ ဘုရင်အနော်ရထာလက်ထက်က တောင်တော်ပုပ္ပါးပေါ်မှာ ပန်းစားဘီလူးမ တ ယောက်ရှိခဲ့ပါသတဲ့။ ထူးခြားတဲ့တန်ခိုးများရှိတဲ့ တော်ဝင်ငယ်ကျွန်တယောက်ဟာ လူစွမ်းကောင်း ရဲ့လျင်မြန်မှုနဲ့ ပုဂံကလာပြီး ဘုရင်အနော်ရထာအတွက် ပန်းများလာစုဆောင်းခဲ့ပါတယ်။ မြော်လင့် ထားသလိုပါပဲ။ ဒီလူစွမ်းကောင်းဟာ မိမိကိုယ်ကိုတန်ခိုးနဲ့ လှပအောင်ဖန်ဆင်းထားတဲ့ဘီလူးမကို တွေ့မြင်သွားကာ ရည်ငံမိကြပါသတဲ့။ လူစွမ်းကောင်းနဲ့ဘီလူးမတို့ရဲ့ ပေါင်းသင်းမှုရဲ့အသီးအပွင့်က တော့ နောင်မှာ တောင်တော်ပုပ္ပါးကို စောင့်ရှောက်ကြရမဲ့နတ်ဝိဉာဉ်များဖြစ်လာမဲ့ ယောက်ျားအမွှာ ကလေးများဖြစ်ကြပါတယ်။


မီးတောင်ဟောင်းရဲ့ထိပ်အထိ စိတ်ဝင်စားဘွယ် ကျောင်းကန်တန်ဆောင်းများရှိနေတာကြောင့် ပွဲတော်ချိန်မဟုတ်ပေမဲ့လဲ ခရီးသွားတွေက ပုပ္ပါးကိုလာကြပါတယ်။ ကျွန်မတို့လဲ ပုပ္ပါးဘက်ကိုသွား ခဲ့ပါသေးတယ်။ တောင်ပေါ်တော့ မတက်ခဲ့ကြပါ။ တောင်ခြေမှာရှိတဲ့ အမျိုးသားပန်းခြံဥယျဉ်ကို သွားလည်ခဲ့ပါတယ်။ အသင့်အတင့်ဘတ်ချက်နဲ့ တည်ဆောက်ထားတဲ့ အသင့်အတင့်ဥယျဉ်ပန်းခြံပါ။ ဒါပေမင့် စိတ်အားထက်သန်ကာ တာဝန်ကျေပွန်လှတဲ့ဝန်ထမ်းရဲ့စိတ်ဓါတ်တွေကူးစက်မိတဲ့အလား ကျွန်မတို့လဲ စိတ်ဝင်းစားလျက် ပညာတွေရခဲ့ကြပါတယ်။

အမြင့်ပိုင်းဟာ ရာသီဥတု အထူးသာယာနေပါတယ်။ မီးတောင်မြေဟာ ရှားပါးတဲ့သစ်ပင်များနဲ့အပင် ငယ်များကို ထိန်းသိမ်းစိုက်ပျိုးဘို့ကောင်းပါတယ်။ နိုင်ငံခြားသစ်ခွများနဲ့ လိပ်ပြာများလဲ ပေါများလှပါ တယ်။ ဒီပန်းဥယျဉ်မှာ ဆေးဘက်ဝင်ဟင်းသီးဟင်းရွက်များနဲ့ ဘယဆေးပင်များကို အထူးစိုက်ပျိုး ပါတယ်။ ဒီပန်းဥယျဉ်ဟာ ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ သုတေသနပြုဘို့အတွက် စံပြဖြစ်ပါတယ်။ လေဟာအေးမြပါတယ်။ ကျယ်ဝန်းတဲ့သစ်သားကုန်းပတ်ပေါ်ကနေ မီးတောင်ရဲ့ အံ့မခန်းရှုခင်းကို ကျွန်မတို့ခံစားရသလို စိမ်းလန်းတဲ့ရှုခင်းကလဲ ရုက္ခဗေဒပညာရှင်များကို ဘဝင်ခိုက်ပီတိဖြစ်စေပါတယ်။

ပုဂံကို ဘယ်နှစ်ခေါက်ပဲလာလာ အသစ်အဆန်းတွေကိုတွေ့ရမှာကိုရော၊ စေတီပုထိုးများရဲ့မြို့တော်ရဲ့

ဆွဲဆောင်မှုကိုဖမ်းစားမဲ့ မှော်ပဉ္စလက်ကိုတွေ့ရမှာကိုပါ ပုဂံမှာစတည်းချတဲ့လေးရက်အချိန်ဟာ သင့် ကိုအမှတ်ရစေမှာပါ။ သူ့ရဲ့ရိုးရာအနုပညာများနဲ့လက်မှုပညာများ၊ ခြင်းလုပ်ငန်း၊ အိုးထိန်းသည်လုပ်ငန်း၊ ယွန်းထည်လုပ်ငန်း တွေဟာလဲ ဆွဲမက်စရာကောင်းပြီး အသုံးဝင်စရာများဖြစ်ကြပါတယ်။ ပုဂံဟာ မြန်မာ့ယွန်းပညာရဲ့ ရေခံမြေခံအရပ်ပါ။ နည်းပညာဟောင်းများကို ထိန်းသိမ်းထားလျက်ပါ။ ဒါပေမင့် နည်းပညာသစ်များကို ဖန်တီးဘို့ လိုအပ်ချက်ကိုလဲ သတိထားရှေ့ရှုနေကြပါတယ်။ တိုင်းတပါးက နည်းပညာကို ဆည်းပူးလို စိတ်ရှိနေကြပါတယ်။ အကြီးဆုံးယွန်းထည်လုပ်ငန်းဆိုင်ပိုင်ရှင် အမျိုးသမီး ဟာ မြန်မာ့ယွန်းပညာအတွက် တိုးတက်အောင်ကြံဆောင်နိုင်မဲ့နည်းလမ်းများကို ဂျပန်မှာသွားလေ့လာ ပါတယ်။

သမိုင်းပညာရပ်၊ ဆောက်လုပ်ရေးပညာရပ်၊ အနုပညာ နဲ့ သဘာဝအလှအပများကို ပုဂံက များစွာပေး လျက်ပါ။ ဒါပေမင့် အရေးကြီးဆုံးက သူရဲ့ဌာနေပြည်သူများပါ။ ဂုဏ်ယူရတဲ့ မြို့တော်ဟောင်းရဲ့ဌာနေ များရဲ့ လိုက်လျောညီထွေတဲ့ ညင်သာသိမ်မွေ့မှုနဲ့ ပျူငှာဖော်ရွေ မှုတွေ၊ သူတို့ရဲ့ချစ်စရာကောင်းတာ တွေဟာ အံ့မခန်းစရာပါပဲ။

တနေ့ခင်းမှာတော့ ကျွန်မတို့ နေ့လည်စာအတွက် “သာရဘ - ၃” စားသောက်ဆိုင်ကိုသွားခဲ့ပါတယ်။ သစ်ပင်များအရိပ်အောက်မှာ ခင်းကျင်းထားတဲ့ ရှည်လျားတဲ့ စားပွဲများနဲ့ထိုင်ခုံရှည်များရှိပေမင့် မြို့ရဲ့ အကောင်းဆုံးစားသောက်ဆိုင်များအနက် တခုပင်ဖြစ်ပါတယ်။ “သာရဘ - ၁”ဟာလဲ ဒီအဆင်အပြင် အတိုင်းရှိခဲ့ဘူးပါတယ်။ အခုတော့ မူလနေရာကနေ ရွေ့သွားခဲ့ပါပြီ။ သစ္စာရှိဖောက်သည်များကတော့ အခြားသစ်ပင်များအောက်မှာ ပြန်လည်ထွက်ပေါ်လာတဲ့ “သာရဘ - ၂” ဆီ ဦးတည်သွားကြပါတယ်။ “သာရဘ - ၂”လဲ ရွှေ့ပြောင်းသွားပါတယ်။ ဖောက်သည်ဟောင်းများက “သာရဘ - ၃”ကိုပဲ စွဲစွဲမြဲမြဲ အလေးထားအားပေးလျက်ရှိနေပါတယ်။

သစ်ပင်များရဲ့အရိပ်အောက်ကစားပွဲခုံများပေါ်က ထမင်းတနပ်ဟာ လူတွေဘာကြောင့် ဒီဆိုင်ရဲ့အစား အစာနဲ့ ဧည့်ဝတ်ကျေပွန် ဖော်ရွေမှုကို နှစ်သက်မက်မောနေရတယ်ဆိုတာကို သဘောပေါက်စေပါ တယ်။ ငွေကျပ် သုံးရာ(အမေရိကန် ၅၀ ဆင့်ထက်နည်းတဲ့ငွေ)နဲ့ ထမင်းမောက်မောက် တပန်းကန်၊ ချဉ်ပတ်၊ ခရမ်းချဉ်သီးအနှစ်ဖျော်ရည်စပ်စပ်၊ နှမ်းဖျော်ရည်ပြစ်ပြစ်၊ ငချဉ်၊ဟင်းသီးဟင်းရွက်အဖြုန်း စတဲ့ အရံဟင်းပွဲ ၅ ပွဲ ၆ ပွဲကိုအကြိုက်စားနိုင်ပါတယ်။ သာမန်စားသုံးသူတယောက်အတွက် လုံ လောက်တဲ့ ထမင်းတနပ်ဖြစ်ပါတယ်။ အသားနဲ့ငါးဟင်းပန်းကန်များကို စားပွဲများပေါ်မှာတင်ထား ပါတယ်။ အသားတုံး၊ ငါးတုံးများကို ကိုယ်ယူသလောက်ရှင်းရပါတယ်။

ပုဂံမှာနေခဲ့ရတဲ့ ကျွန်မရဲ့ရက်အနည်းငယ်ခရီးကို စာတအုပ်အဖြစ်ရေးနိုင်ပေမင့် ဒီအချိန်မှာရပ်နား လိုက်ပါ့မယ်။ အချက်အပြုတ်ဆိုင်ရာထက် ပိုကောင်းတဲ့ဘယ်လိုမှတ်ချက်ပေးရမှာပါလဲ။ ဒါကြောင့်ကျွန်မ ရိုးရိုးလေးပဲပြောပါ့မယ် - “သာရဘ ၃”ရဲ့ ရိုးစင်းတဲ့ သာယာကြည်နူးမှုကို သင် လာ ရောက်ပြီး အရသာခံကြည့်ကြပါ။ မြန်မာနိုင်ငံမှာ အားလပ်ရက်အဖြစ် ကိုယ်တိုင် လာရောက်ခံစား ကြည့်ပါ - လို့။

ဒေါ်အောင်ဆန်းစုကြည်
၂၀၁၁-၁၀-၂၃ (မိုင်အိနိချိ၊ ဂျပန်)
( ဂျပန်နိုင်ငံထုတ် မိုင်အိနိချိနေ့စဉ်သတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Holiday-4 ကို ပြန်ဆိုပါ သည်)
မောင်မောင်လှကြိုင်

ပြည်တော်ပြန် အတိုက်အခံများ

ယုံကြည်ချက်ဆိုတာဘာလည်း?လို့မေးချင်ပါတယ်။

စပ်ဟန်ယောင်ဝေ ၊ သီးလေးသီး ၊ ဦးတင်မောင်သန်း ၊ ဦးပီတာလင်းပင် ၊ ဒေါက်တာဇော်ဦး
ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတအဖြစ် တာဝန်ယူခဲ့သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏ အငယ်ဆုံးသား ဖြစ်ပြီး ၁၉၆၃ ခုနှစ်ကပင် ပြည်ပသို့ ထွက်ခွာသွားခဲ့သူ ဦးဟန်ညောင်ဝေသည် သမီးဖြစ်သူ နှင့်အတူ နှစ် ၅၀ ခန့်အတွင်း ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ယနေ့ ညနေပိုင်းက Air Asia လေကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှတစ်ဆင့် ရန်ကုန် မြို့တော်သို့ အလည်အပတ် ရောက်ရှိလာသည်ကို တွေ့ရသည်။ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၏ အကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည့် ဦးဟန်ညောင်ဝေသည် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ပရောက် မြန်မာ နိုင်ငံသားများကို မြန်မာ နိုင်ငံသို့ ပြန်လာပြီး တူညီသော ကိစ္စရပ်များတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ ပူးပေါင်းဆောင်ရွက် ကြရန် ဖိတ်ခေါ်ခဲ့ပြီးနောက် လူသိရှင်ကြား ပြည်တော်ဝင် လာခဲ့သူ ပြည်ပရောက် မြန်မာများအနက် ပဉ္စမမြောက် မြန်မာနိုင်ငံသားဖြစ်ပြီး ၄င်းနှင့် နီးစပ်သော သတင်းရပ်ကွက်ထံ The Voice Weekly၏ ဆက်သွယ် မေးမြန်းချက်အရ အလည်အပတ် လာရောက်ခြင်းသာ ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့တော်သို့ မရောက်ခင် နာရီပိုင်းအလို ၄င်းကိုယ်တိုင် ထုတ်ဖော် ပြောကြားချက်အရ ၄င်း၏ ယခုခရီးစဉ်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်ကြောင့် အဓိက လာရောက်ခြင်း ဖြစ်ကြောင်း၊ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ အဖွဲ့အစည်း တစ်ခုခု ကိုယ်စား စေ့စပ်ညှိနှိုင်းရန် သော်လည်းကောင်း၊ နိုင်ငံရေး ရည်ရွယ်ချက် တစ်ခုခု သော်လည်းကောင်း၊ အခြား ကြိုတင်ချိန်းဆို စီစဉ်ထားသည့် အကြောင်းကိစ္စ သော်လည်းကောင်း လုံးဝမရှိဘဲ မိမိ မွေးဖွားရာ ရန်ကုန်မြို့နှင့် မိဘ၊ ဇာတိမြေ ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အပန်းဖြေ အလည်အပတ် ခရီးသက်သက် လာရောက်ခြင်းသာ ဖြစ်ပြီး မိမိနှင့် တွေ့ဆုံရန် ဆန္ဒရှိသူ မည်သူနှင့်မဆို လိုလိုလားလား တွေ့ဆုံရန် အသင့်ရှိကြောင်း သိရသည်။ဦးဟန်ညောင်ဝေနှင့် သူ၏သမီး ဖြစ်သူတို့သည် ရန်ကုန် မြို့တော်တွင် နှစ်ရက်ကြာ နေထိုင်ကာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အခြားဒေသ အချို့သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၈ ရက် (သောကြာနေ့) နံနက်ပိုင်းတွင် အဲအေးရှား လေကြောင်းလိုင်းဖြင့် ဘန်ကောက် မြို့ တော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သော မိတ်ဆွေများက The Voice Weekly သို့ ပြောကြားသည်။၁၉၄၈ ဧပြီလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သော ဦးဟန်ညောင်ဝေသည် ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်တွင် အင်ဂျင်နီယာ ဘာသာရပ်ကို ၁၉၆၆ ၌ တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံ McGill University တွင် သတ္တုနှင့် တွင်းထွက်ဆိုင်ရာ ဘောဂဗေဒ ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ကို ၁၉၇၃ တွင် လည်းကောင်း၊ နိုင်ငံတကာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာ သိပ္ပံဘွဲ့ကို ၁၉၇၆ တွင်လည်းကောင်း အသီးသီး ရရှိခဲ့သည်။ထို့နောက် ဒေါက်တာစိန်ဝင်း ဦးဆောင်သော ပြည်ပရောက် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) ၏ အကြံပေး အဖြစ် ၁၉၉၁ ခုနှစ်တွင် စတင် တာဝန်ယူခဲ့ပြီး ၁၉၉၆ ခုနှစ်၌ နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။၁၉၉၇ တွင် ဥရောပ - မြန်မာရုံး (Euro Burma Office) ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာ ကူညီ ထောက်ပံ့ရေးအတွက် ဥရောပသမဂ္ဂနှင့် ဂျာမနီ Friedich Ebert Foundation တို့နှင့်အတူ လက်တွဲ လုပ်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် ဒီမိုကရက်တစ် မြန်မာ့အသံ၌ ဘဏ္ဍာရေး ဆိုင်ရာအရှုပ်တော်ပုံ တစ်ရပ် ပေါ်ပေါက်လာသည့် အချိန်တွင် ထိုသတင်းဌာန၏ ယာယီ အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်လွှဲပြောင်း ယူလိုက်သည်။နိုင်ငံတော် သမ္မတကြီး၏ ဖိတ်ခေါ်ချက်ကြောင့် ဦးဟန်ညောင်ဝေ အပါအဝင် သီးလေးသီး အငြိမ့်အဖွဲ့သားများ ဖြစ်ကြသည့် ဂေါ်ဇီလာ (မောင်မောင်ဇင်)၊ စိန်သီး (သန်းထွန်း)၊ ဇီးသီး(ဇော်နိုင်ထွေး)၊ ချောစုမျိုးနှင့် ဦးပီတာလင်းပင်တို့ ပြည်တော်ပြန်ဝင် လာခဲ့ကြပြီး စီးပွားရေး သုတေသီ ဒေါက်တာ ဇော်ဦးနှင့် ဒေါက်တာတင်မောင်သန်းတို့လည်း အလုပ်သဘော/ အလည်အပတ် လာရောက်ခဲ့ကြပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဟာပြည်သူခေါင်းဆောင်ဆိုတာပြည်သူတွေကရွေးချယ်ထားပြီးသား။

The Power of People မှ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူများသာမက တပ်မတော်သားများကပါ လှိုက်လှိုက်လှဲလှဲ ရင်တွင်းက ဆန္ဒအစစ်အမှန်တွေနဲ့  ပြည်သူ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ပေးခဲ့တယ်ဆိုတာ ရွှေမန်းတစ်ယောက် အတိတ်မေ့ရောဂါ ရှိနေရင်တော့ မပြောတတ်ဖူး။

















ရွှေမန်းတို့ ရဲ့  လွှတ်တော်က လက်ခံမှ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ ခေါင်းဆောင်ဖြစ်မှာ မဟုတ်ပါဖူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်သူလူထုရဲ့ ခေါင်းဆောင်ဆိုတာ၊ မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒအစစ်အမှန်ဆိုတာ ပိုပြီ သိချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ပြည်သူ့ ဆန္ဒခံယူပွဲတစ်ခု ဘာမှ အတားအဆီး မရှိဘဲ အနှောင့်အယှက် လိမ်လည်လှည့်ဖြား ပိတ်ပင်မှု မရှိဘဲ ဆောင်ရွက်ပေးကြည့်လိုက်ပါလား။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့ ခေါင်းဆောင်ဆိုတာ ပြည်သူပြည်သားတွေရဲ့  ပါးစပ်ဖြားက ထွက်ပေါ်လာမယ့် အသံ ဘ၀ဂ်ညံသွားစေရမယ်ဆိုတာ ရွှေမန်း သိဖို့ လိုတယ်။













ရွှေမန်းလိုမျိုး ကိုယ်ဖဲ ကိုယ်လိမ် ကိုယ့်အချိုးနဲ့  ကိုယ်အနိုင်ရတယ်ဆိုပြီး နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကြီးကို လိမ်လည်ပြဌာန်း၊ ကိုယ့်လူနဲ့ ကိုယ် ကောက်ရွေးခဲ့ရာကနေ ပေါ်ပေါက်လာတဲ့ လွှတ်တော်ကြီးမှာ မျက်နှာပြောင်တိုက်ပြီး အရှက်သိက္ခာမရှိ ထိုင်ခုံမှာ ထိုင်နေသူက “ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူများမှ ရွေးချယ်ပေးတဲ့အချိန်မှာ လွှတ်တော်မှ လက်ခံသွားမယ်” လို့  ပြောထွက်တာ ခွေးပါးစပ်က နတ်စကားထွက်တယ်လို့  ပြောရအောင်တောင် ညံ့ဖြင်းယုတ်မာသေးသိမ်လွန်းသူတစ်ယောက်ရဲ့  စကားမို့  ခွေးနဲ့ နှိုင်းရအောင်တောင် မတန်ဖူး ပြောရမှာ ဖြစ်ပါတယ်။

ပြည်သူတွေက တိုင်းပြည်ကို ဦးဆောင်အုပ်ချူပ်ဖို့ ဆိုပြီး ရင်တွင်းက စစ်မှန်တဲ့ ဆန္ဒတွေနဲ့  လှိုက်လှိုက်လှဲလှဲ တစ်ခဲနက် ရွေးချယ်တင်မြောက်ပေးခြင်း ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့ အစိုးရဖွဲ့ စည်းပြီး တိုင်းပြည်ရဲ့  ခေါင်းဆောင်အဖြစ် အာဏာမလွဲအပ်ပေးဘဲ ဗြောင် ကောက်ကျစ်ယုတ်မာခဲ့တာတွေကို ရွှေမန်းတို့  ကိုယ့်ကိုကိုယ် လူမှန်းသိသေးရင်တော့ နောက်နောင် ထပ်မပြောဖို့  လိုပါတယ်။

တရုတ်က မိမိနယ်နိမိတ်ထဲ မြန်မာစစ်သားများ သယ်ပို့ပေး


KNG(သတင်း)


ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) အား တိုက်ခိုက် ချေမှုန်း ရာတွင် ကူညီခြင်း အားဖြင့် တရုတ်က မြန်မာ စစ်သား များကို မိမိ နယ် နိမိတ် ထဲသို့ သယ်ပို့်ပေး နေသည်ကို အောက်တိုဘာ ၂၁ ရက်၊ သောကြာနေ့က မြင်တွေ့ ရကြောင်း မျက်မြင် သက်သေ များပြောသည်။

အဓိက တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ရွှေလီမှ မြန်မာနယ်စပ်မြို့ လွယ်ဂျေအနီး ဂျန်ခေါင်မြို့ဘက်သို့ တရုတ်စစ်ကား အစီး ၃၀ ဖြင့် မြန်မာအစိုးရစစ်သားများအား လျှို့ဝှက်တင်ဆောင်သွားကြသည်ဟုဆိုသည်။

စစ်ကား ၂ စီး သို့မဟုတ် ၃ စီးသာ တရုတ်စစ်သားများတင်ဆောင်ထားခြင်းဖြစ်ပြီး ကျန်စစ်ကားများတွင် မြန်မာစစ်သားများကို တင် ဆောင် ထားသည်ဟု မြင်တွေ့သူများက ပြောသည်။

KIA လက်ထဲ ကျရောက် သွားသော လွယ်ဂျေမြို့ အနီးမှ မြန်မာ အစိုးရ တပ်၏ ဂျန်မိုင် စခန်းနှင့် မော်ရွှေ စခန်း များကို ပြန်လည် တိုက်ခိုက် သိမ်းပိုက် လို၍ ယခု ကဲ့သို့ ပို့ဆောင်ခြင်း ဖြစ်နိုင်သည်ဟု နယ်စပ် စစ်ရေး လေ့လာ သူများ ပြောသည်။

ယခုလ အစောပိုင်းကတည်းက နယ်စပ်တစ်လျှောက်ရှိ KIA အခိုင်အမာစခန်းများအနီး တရုတ်စစ်သား ၂၀၀၀ ကျော်ကိုလည်း တပ်ချ ထားပြီးဖြစ်သည်။

ထို့အပြင် ဂျန်ခေါင်တွင် ညနေပိုင်း ၄ နာရီနှင့် ၆ နာရီကြား ထူးထူးခြားခြား နေ့စဉ် တရုတ်စစ်သားများ စစ်ရေးလေ့ကျင့်နေကြသည်ကို တွေ့မြင်နေရသည်ဟု မျက်မြင်သက်သေများပြောသည်။