Friday, December 9, 2011

ဆင်ဖြူ(သို့)ပုံမှန်မဟုတ်သောဆင်

ကျွန်တော်တို့ငယ်ငယ်လူကြီးတွေပုံပြင်ပြောလို့နားထောင်ရင်၊ရာဇဝင်အကြောင်းပြောလို့နားထောင်ရင်
ရှေးရှေးတုန်းက ဘုရင်ကြီးတပါးမှာဆင်ဖြူတော်အဆွယ်စုံတဲ့ဆင်ဖြူတော်ကြီးရှိသတဲ့
လို့ဆိုလိုက်ယင်ခလေးဘဝကဆင်ဖြူဆိုတာမမြင်ဘူးတော့်စိတ်ကူးနဲ့ပုံဖေါ်ရတယ်။ခလေးအတွေးရဲ့အာရုံထဲမှာလည်း
ဒီဆင်ကြီးကိုအထင်ကြီးစိတ်တွေတဖွားဖွားပါပဲ။ဘုရင်ကပိုင်တာကိုး။ထိုလိုဆင်မျိုးကိုဘုရင်မှပိုင်ဆိုင်ခွင့်ရတာကိုး။
၊သဘာဝရဲ့ပုံ
မှန်ကိုဆန့်ကျင်ပြီးဖြစ်နေတာကိုရှေးလူကြီးများရဲ့အယူအဆက၊သာမန်ထက်ပိုထူးခြားတယ်လို့ယူဆကြပါတယ်။။
သာမန်ထက်ဆိုတဲ့နေရာမှာကောင်းသောဖက်နဲ့မကောင်းသောဖက်နှစ်မျိုးကရှိနေမှပါ။ဘယ်ဖက်မှာပိုမိုထူးခြားပါသနည်း။
လူ၊တရိစ္ဆာန်(သို့)သတ္တဝါများတွင် ပုံမှန်ကျမ်းမာရေးမဟုတ်သောလူမျိုးများကိုတွေ့ဘူးပေလိမ့်မည်။
အသေးစိတ်အချက်အလက်များကိုမဖေါ်ပြနိုင်သောလည်း၊တကိုယ်လုံးခရုသင်းစွဲသလိုဖြူစွတ်နေသော၊ပုံမှန်အသား
ဖြူပုံမျိုးမဟုတ်သောသူများကိုတွေ့ကြုံဘူးကြပေလိမ့်မည်။ထိုသူများသည်မျက်နှာမျက်စိအနည်းငယ်မှေးသယောင်
လက္ခဏာရှိသည်။မျက်တောင်များလည်းဖြူဖွေးနေတာကိုတွေ့ဘူးလိမ့်မည်။ထိုသူများသည်လူဖြူများမဟုတ်ပေ။ကျမ်းမာ
ရေးချို့ယွင်းချက်ကြောင့်ထိုသို့ဖြစ်ရခြင်းပင်။ဒီနေရာတွင်အဆိုတော်ဘိုဖြူကို(ဆိုင်းထီးဆိုင်)သီချင်းများကိုပြန်ဆိုယင်း
နာမည်ရလာသူလူဖြူတော်မဟုတ်ပေ။ကျမ်းမာရေးချို့ယွင်းချက်ပင်။
ဘုရင်းရူးရူး၊ရဟန်း၊ရှင်လူ၊တိုင်းသူပြည်သားများကိုသတ်ဖြတ်သူငသန်းရွှေ

ဆိုလိုယင်းနှင့်ပြောချင်သည်မှာဟိုးယခင်ဘုရင်များသဘာဝအရ ဆင်သတ္တဝါသည် အမဲနှင့်ညိုညစ်သောအရောင်ရောနေသောသတ္တဝါဖြစ်သည်။ဆင်အကောင်ရေပေါင်းများစွာတွင်ထိုအရောင်များသာ
ပိုင်ဆိုင်ကြသည်။အထက်ပါဓါတ်ပုံကိုကြည့်ပါဆင်ဖြူတော်လို့ဆိုပါတယ်။လက်ရှိအစိုးရ နအဖ(စစ်တပ်အစိုးရသန်းရွှေ လက်ထက် အရူးထခဲ့ပါတယ်။သီရိလင်္ကာနိုင်ငံကို တိုင်းပြည်ပိုင်ဆင်နှစ်ကောင်လက်ဆောင်ပေးခဲ့ပါတယ်။လက်ရှိရာထူးမှအနားမယူခင် တနှစ်အတွင်းလောက်ကပါ။ သီရိလင်္ကာတိုင်းပြည်မှလည်းလက်ဆောင်ပြန်ပေးခဲ့ပါတယ်။ဘာမှန်းပြည်သူတွေမသိလိုက်ရပါ။သူ့အိမ်ပိုင်လုပ်လိုက်ပါတယ်။
ဆင်ဖြူတော်ကိုပြန်ဆက်ပြောရလျှင်၊တိုင်းပြည်အမောက်ကမဖြစ်အောင် လုပ်၊အုပ်ချုပ်မှု့စောက်သုံးမကြတာကို ကျမ်းမာရေးမပြည့်စုံတဲ့ဆင်ကိုတွေ့တာနဲ့ တိုင်းပြည်ကို ရောချတတ်တဲ့မင်းဆိုးမင်းညစ်များရဲ့လုပ်ရပ်များပါ။
ဆင်ဟာဆင်ပါပဲ။ ဆင်အဖြူရောင်မှာအတောင်မပါပါဘူး။ဒီဆင်တွေ အကောင်တရာမှာတကောင်ပါလို့ကြိုက်တဲ့သူရှိယင်ဈေးကောင်းရယုံပါပဲ။သူများတိုင်းပြည်များမှာ သဘာဝတရိစ္ဆာန်များကိုတန်ဖိုးထားပါတယ်။အဖြူအမဲမခွဲပါဘူး။ မြန်မာပြည်မှ ဘုရင်ရူးများကတော့အဖြူအမဲခွဲခြားတတ်ပါတယ်။သတိထားကြပါ။


အကြီးအကဲ၏ ယတြာနှင့်အာဏာ အပိုင်း(၃) နိဂုံး (ကဗျာဆရာ နေရဲနီ)

တိုင်းပြည်ကိုလုပ်ချင်တာလုပ်ခဲ့ပြီးဘာမှမဖြစ်သူများ

 

ဒီမိုဝေယံမှ-


အကြီးအကဲ၏ ယတြာနှင့်အာဏာ အပိုင်း(၃)နိဂုံး
 (ကဗျာဆရာ နေရဲနီ)

ကာလာမတို့တဆင့်စကား
ကြားကာမျှဖြင့်လည်း မယုံကြလင့်
ဘိုးဘွားစဉ်ဆက် လက်ခံလာသောကြောင့်
ဟူ၍လည်း မယုံကြလင့်
ကောလဟလဖြင့်လည်း မယုံကြလင့်
သင်ထားသောစာနှင့် ညီညွတ်သည်ဟုလည်း မယုံကြလင့်
မိမိကြံစည်ထားသော အကြံဖြင့်၍လည်း မယုံကြလင့်
အထောက်အထား ရှိ၍လည်း မယုံကြလင့်
ဝါဒတူယုံမျှဖြင့်လည်း မယုံကြလင့်
ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏
စကားဖြစ်သောကြောင့်လည်း မယုံကြလင့်
ဆရာ့စကားဖြစ်သောကြောင့် ဟူ၍လည်း မယုံကြလင့်
ကိုယ်တိုင်ကြုံတွေ့ သိမြင်ခံစားပြီးမှသာလျှင် ယုံကြည်ကြပါ ဟူ၍
မြ၀တီရုပ်မြင်သံကြား စတင်ထုတ်လွှင့်စဉ်က
အေးစန္ဒာကြည် မည်သော အမျိုးသမီးတယောက်၏
ကြည်လင်ချိုမြသော အသံဖြင့်
အထက်ပါ ကာလာမသုတ်တရား အကျဉ်းချုပ်ကို
ည၈နာရီသတင်းပြီး တိုင်ကြားနေရ၏။

ပြည်သူပြည်သား အပေါင်းတို့သည်လည်း
နေမြင့်လေ အရူးရင့်လေ ဆိုဘိသကဲ့သို့
အုပ်ချုပ်သောအစိုးရမင်းတို့၏အကြာင်းကို
ကြာကြာဝါးလေ ခါးမှန်းသိလေ ဖြစ်လာသောအခါ
ထိုကာလာမသုတ္တန်သည်လည်း မြ၀တီရုပ်မြင်သံကြားမှ
ကယ်သူမဲ့နေသော ရေနစ်သူကဲ့သို့
ဖြေးဖြေးချင်းစုန်းစုန်း မြုပ်လေတော့သည်။
ကန်တော်ကြီး လှေသဘင်ပွဲတော်မှ
ရှေးမှီနောက်မှီ ဇာတ်မင်းသားကြီးက
ဝတ်စုံပြည့်ဖြင့် မျက်မှန်တပ်ကာ
ချီးကျူးထောမနာပြုသော ရတုပိုဒ်စုံကို ဆိုလေသောအခါ
ဤလောကဇဗ္ဗူတွင် ငါမှငါတကားဟု အထင်ရှိလေ၏။
ရွှေဘုန်းတော်တိုးပါလို့ ရွှေမိုးတွေရွာ ဟူသော
ဘုန်းတော်ဘွဲ့ကို ကြားရပြန်လေသော်
မယ်မယ်ဘုရား မမဘုရားဟူသော အသုံးအနှုန်းနှင့်တကွ
ရောက်လေရာရာတွင် ကြီးကြီးငယ်ငယ် ရွယ်တူပါမကျန်
လက်အုပ်ချီ၍ အရိုအသေပေးကြရသည်။
သမီးတော်တို့ ညောင်းညာ၍
တိုင်းမှူးကတော်တို့က ခြေဆုပ်လက်နယ် ပြုကြရသည်လည်းရှိ၏။
အိမ်တော်သို့ လာသမျှ လူအားလုံး မည်သူမဆို
ကြမ်းပြင်၌ကျုံ့ကျုံ့ထိုင်ကာ ခစားကြရသည်။
အခမ်းအနား ဟူသမျှတို့၌လည်း
ဇနီးမယား၊သမီးများနှင့် တကွ
မျောက်မူးလဲပါမကျန် မြေးများ၏ နောက်တော်ပါးက
ဗိုလ်ချုပ်ကြီးများမှာ မျက်နှာငယ်စွာ ကျုံ့ကျုံ့ယုံ့ယုံ့ ထိုင်ကြရရှာ၏။

သာလွန်မင်း ကောင်းမှုတော်စေတီ တည်သည်ကို နမူနာယူ၍
တရုပ်ပြည်မှ စွယ်တော်ကို ပင့်ပြီးသကာလ
စွယ်တော်စေတီတို့ကို ရန်ကုန်၊ မန္တလေးတို့၌ တစ်ဆူစီတည်သော်
စွယ်တော်နှစ်ဆူ အရွယ်တူ
ပြည်သူလည်းမွဲ တပ်လည်းကွဲ ဟူသော တဘောင်ပေါ်ခဲ့လေသည်။
ဤတဘောင်သည်ကား သွေးထွက်အောင်မှန်၏။
ထောင်ထောင်ရှိ၍ မျက်စေ့စပါး မွှေးစူးလှသော တိုင်းမှူးတို့ကို
ဝန်ကြီးဟူသော ရာထူးအချွန်ဖြင့်ပင့်ကာ
ဖြေးဖြေးချင်း တသုတ်ပြီး တသုတ်ရှင်းခဲ့သည်။
တစ်ဖန် ရာဇဂဟဓဇရာဇာ မည်သော
ဆင်ဖြူတော်ဟု သမုတ်လေသော သတ္တ၀ါ ပေါ်ထွန်းပြန်ရာ
တရားသောမင်း အုပ်ချုပ်လေသောကြောင့်
တိုင်းပြည်သာယာ ၀ပြောမည့် နိမိတ်ဟူ၍
ပြည်သူတို့အား မျက်မှန်စိမ်းတပ်ကာ
တိုင်းပြည်အား မဟာအ၀ီစိငရဲတည်းဟူသော
တရုပ်လက်သို့ တွန်းပို့ခဲ့လေသည်။
ကျေးဇူးမကင်းသော တပည့်အား ပေါက်ဖေါ်တို့က
ကော်ဇောနီခင်း၍ ကြိုလေသော် မနာလို ၀န်တိုစိတ်နှင့်တကွ
မိမိကုလားထိုင်ကို ကိုင်လှုပ်မည်စိုးရိမ်ရကား
ဒူးရင်းသီးအား အခွံမနွှာဘဲ ပါးစပ်ဖြဲ၍ အတင်းသွင်းသကဲ့သို့
ဝန်ကြီးချုပ်ဟူသော ရာထူးအချွန်ဖြင့်ပင့်ကာ
မကြာမြင့်မီပင် ထောက်လှမ်းရေးတရွာလုံးကိုမြေလှန်၍
နရသိန်စံနန်းတော်သို့တဖွဲ့လုံးတွန်းပို့ခဲ့လေသည်။

ဟိုအတန်း မီးလောင်သော် ဆူဆူညံညံနှင့်
ပြေးကြလွှား ကြဆိုဘိလေသကဲ့သို့
လူတကာ မျက်မုန်းကျိုး၍ အော့နှလုံးနာသည့်
M.I ရွာကို မြေလှန်ပြီးသကာလ ခေါင်းဆောင်နှင့်တကွ
တဖွဲ့လုံးကို ထောင်နန်းတော်သို့ အတင်းတွန်းပို့၍ စံစေသော်
အချို့သည်ကား သွေးပျက်၍ အနိစ္စရောက်ကြ၏
အချို့သည်ကား စီးပွားပျက်၍ ဒုက္ခရောက်ကြရ၏
အချို့သည်ကား စိတ်ပျက်၍ ရူးသွပ်ကြရ၏။
အချို့သည်ကားမိမိပို့ခဲ့သော သူက အတွင်းမှ နေ၍အပြုံးဖြင့် ဆီးကြိုလေသော်
ငါထင်သလို မဟုတ်ပါလားဟူ၍ နောင်တကြီးစွာရလျှက်
ရင်တွင်း၌ မီးဝင်လောင်သကဲ့သို့ အနေအထိုင် ခက်ရလေ၏။

ကောင်းကင်ယံ၌ သောကြာကြယ်သည် လနှင့်နီးသော်
တိုင်းပြည်ပျက်မည့် အတိတ်နိမိတ်ဟူ၍
ခေတ်အဆက်ဆက်က နက္ခတ်ဆရာတို့ လက်ခံလာသည်ကိုပင်
တိုင်းပြည်သာယာဝပြောပေလိမ့်မည်ဟူ၍
ဓာတ်ပုံနှင့်တကွ သတင်းစာတွင် ဖေါ်ပြလေသော်
တတိုင်းတပြည်လုံးက လူ့ကလိမ်ခြုံ လူလိမ်ကြီးဟူ၍
ပြုံးစေ့စေ့နှင့်မှတ်ချက်ပြုကြ၏။

တပ်မတော်သာအမိ တပ်မတော်သာအဖ
ဟူသော ဆောင်ပုဒ်အောက်၌
အဘ ဟူသည်မှာအမေ့လင်မဟုတ်
အထက်အရာရှိအား လက်အောက်ငယ်သားတို့က
စားဖားကြီး ဟူ၍စိတ်တွင်းမှ မှတ်ချက်ပြုကာ
ရာထူးအဆင့်ဆင့် ဖား၍ခေါ်ကြသော မြန်မာဝေါဟာရအသစ်ဖြစ်၏။
တရုပ်ပြည်သို့ သွားဖန်များသော်
ပြည်ပအားကိုး ပုဆိန်ရိုး ဟူသောစာသားသည်လည်း
သတင်းစာ ရုပ်မြင်သံကြား ရေဒီယိုတို့မှ
ပျောက်ချင်းမလှ ပျောက်ခဲ့လေပြီ။
ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည် ဟူသော ကြွေးကြော်သံအောက်၌
အချင်းချင်းစားခွက်လုကြ၍ ခွက်စောင်းခုတ်ကြသည်မှာ
လျင်သူစား အ သူခံ ဦးသူဆော်
လက်နှေးသည်ရှိသော် ကုလားထိုင်ပျောက်၍ နရသိန်စံကြရသည်လည်းရှိ၏။
စက်မှုစွမ်းအားခေတ်ကျော်လွှားဟု
ဆိုင်းဘုတ်ကြီးများ ထောင်ထားသော စက်ရုံတို့မှ
တူရွင်း ပေါက်တူး ဂေါ်ပြား ပုဆိန် တင်းပုတ် အစရှိသော
ကျောက်ခေတ် အသုံးအဆောင်တို့ကို ထုတ်လုပ်ဖြန့်ဖြူး၏
နိုင်ငံအ၀ှန်း သစ်တောစွမ်းဖြင့် စိမ်းလန်းစေရမည်ဟု
မာန်ဖီကာကြုံးဝါးသော အသံအောက်၌
တချိန်သောအခါက အမြဲစိမ်းသစ်တောတို့ဖြင့်
ကမ္ဘာ့အလည်၌ ၀င့်ဝင့်ထည်ထည် ဂုဏ်ယူလောက်သော
ရိုးမတောတို့သည်ပင် တစပြင်အဖြစ်
အကျည်းတန်စွာ ငိုညည်းနေကြလေပြီ။
သမုဒ္ဒရာရေကိုတခွက်ချင်းခပ်၍သွန်သော်ကုန်နိုင်စရာရှိ၏
န အ ဖ လက်ထက်အပြောနှင့် အလုပ်မညီသော
ခါးတောင်းကျိုက်တခြား တင်တခြားတို့ကို
လက်ညှိုးထိုးပြသော် ကုန်နိုင်မည် မဟုတ်ပေ

ဝန်ထမ်းအပေါင်းတို့သည်လည်း
အထက်ဖား အောက်ဖိ ငါ့ဖို့ကြည့် ဟူသော
ဖ သုံးလုံးကိုကြေညက်ကြရလေသည်။
အဖားတော်ရမည်။ ဆွေမျိုးတော်ရမည်။ ပညာတော်ရမည်။
စသော တော် သုံးတော်နှင့်လည်းပြည့်စုံကြရ၏။
မုသာဝါဒကို ကျမ်းကျေ၍
မလိမ့်တပတ်ညစ်နည်းကိုလည်း
တဖက်ကမ်းခတ်တတ်ကျွမ်းကြရသည်။
နောက်ဆုံး၌ကား လူရိုး ဟူသည်
သုဿန်၌သာ ရှိလေတော့၏။

ပိဋကတ်တော်ကို ထုံးလိုမွှေ ရေလိုနှောက်နိုင်သော ဆရာတော်တို့က
တရားတော်နှင့် အညီဟောပြလေသော်
သင်္ကန်းချွတ်၍ နရသိန်ကျောင်းတော်၌ သီတင်းသုံးကြရ၏
မမှန်သည်ကို လုပ်ဇာတ်ခင်း၍
ကြမ်းပိုးကိုလိပ်ဖြစ်အောင် ချဲ့ကား၍
န အ ဖ အလိုတော်ကျဟောနိုင်ပြောနိုင်သောကိုယ်တော်တို့သည်ကား
ကားကြီးကားငယ်အသွယ်သွယ်နှင့်တကွ
ရွတ်ဖတ်၍မဆုံးနိုင်သောဘွဲ့အသီးသီးရကြ၏။
ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ယတြာအရာ၌တဖက်ကမ်းခတ်
တတ်ကျွမ်းသောကိုယ်တော်တို့သည်ကား
ကိုးကွယ်သည့်ပုဂ္ဂိုလ်ဘုန်းမီးနေလတောက်ပသည်ရှိသော်
သူလည်းတန်ခိုးထွား၏။
တပည့်အရာကျ၍ကုလားထိုင်ပျောက်သော်
သူလည်းပလ္လင်ပျောက်ကာစုန်းစုန်းမြုပ်ရလေတော့သည်။
ဆင်ဖြူတော်ပေါ်ခဲ့သည်မှာလည်း ဆယ်နှစ်ကျော်ခဲ့လေပြီ။
ထပ်၍ထပ်၍လည်းပေါ်ခဲ့လေပြီ။
နာဂစ် ဂီရိ အစရှိသောအမျိုးမျိုးသောလေမုန်တိုင်းဘေး
ကျိုင်းတုံ ငလျင်ဘေးပခုက္ကူရေဘေး
ဈေးများ ရပ်ကွက်များကို မကြာခဏလောင်သောမီးဘေး
ဆင်းရဲတွင်း နက်လေသော စားစရာမရှိသည့် အငတ်ဘေး
လယ်သိမ်း၊ ယာသိမ်းဆိုင်ခန်း အသိမ်းခံရသောမင်းဘေး
ပြည်ပတွင် ရောင်းစားခံရပြီး ပြန်လာသည့်အခါပါလာသည့် အေ ဟူသောရောဂါဘေး
အစရှိသော ဘေးအပေါင်းတို့ကိုလည်း မြန်မာပြည်သူပြည်သားတို့
တနင့်တပိုး ခံစားခဲ့ကြရပြီးပြီ။
ဆင်ဖြူတော်တို့သည်လည်း ဆက်၍ဆက်၍ ပေါ်နေဆဲပင်
မြန်မာပြည်သူတို့၏ ဆင်းရဲတွင်းသည်လည်း ဆက်၍ဆက်၍ နက်၍နေဆဲပင်။

အန်အယ်လ်ဒီပါတီ ပြန်လည်တည်​ထောင်ခွင့်​အဖွဲ့ဝင်များ​ စစ်​ဆေး​ခံ​နေရ

december 9, 2011 by မင်းလွင်  
အန်အယ်လ်ဒီပါတီ ပြန်လည်တည်​ထောင်ခွင့်​ရဖို့​အတွက် ​လျှောက်ထား​ခဲ့​တဲ့​ ၂၁ ဦး​ပါ အဖွဲ့​ဝင်​တွေကို နယ်​မြေခံသတင်း​တပ်ဖွဲ့​နဲ့​ စုံစမ်း​စစ်​ဆေး​ရေး​(စစစ) အဖွဲ့​ဝင်​တွေက စစ်​ဆေး​နေတယ်လို့​ သိရပါတယ်။
မ​​ကွေး​ တိုင်း​ သတင်း​တပ်ဖွဲ့​က လာ​ရောက် စစ်​ဆေး​သွား​တာနဲ့​ ပတ်သက်ပြီး​ ပထမ ၂၁ ဦး​ထဲမှာ ပါဝင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မ​ကွေး​တိုင်း​က ​ဒေါ်ခင်​စော​ဌေး​က အခုလို ​ပြောပါတယ်။
“အန်တီကို စစ်တာ​တော့​ ဒီဇင်ဘာ ၁ ရက်နဲ့​ ၂ ရက်​လောက်က။ မ​ကွေး​တိုင်း​ကကို ဆင်း​လာတာ။ ရဲသတင်း​ အထူး​တပ်ဖွဲ့​လို့​ ​ခေါ်မှာ​ပေါ့​။ ​နောက်ပြီး​တော့​ စသုံး​လုံး​က သပ်သပ်။ ပြည်ထဲ​ရေး​လက်​အောက်ကလို့​ ​ပြောတယ်။ နှစ်ဖွဲ့​လာတယ်။ သူတို့​က ရဲနဲ့​ မဆိုင်ဘူး​တဲ့​။”
၂၁ ဦး​ အဖွဲ့​ဝင်​တွေရဲ့​ နိုင်ငံခြား​က အ​ထောက်အပံ့​ခံရတာ ရှိသလား​ ဆိုတာကိုလည်း​ အဓိက စစ်​ဆေး​တယ်လို့​ အစစ်​ဆေး​ခံရတဲ့​ ​ဒေါ်ခင်​စော​ဌေး​က ​ပြောပါတယ်။
“အန်တီတို့ ​ကိုလည်း​ ကိုယ်​ရေး​ရာဇဝင် လာစစ်တယ်​လေ။ အဓိက သူတို့​လိုချင်တဲ့​ အချက်က မူး​ယစ်​ဆေး​ဝါး​နဲ့​ ကင်း​လွတ်သလား​၊​ နိုင်ငံခြား​အဖွဲ့​တွေက ​ထောက်ပံ့​မှု ခံရသလား​၊​ အန်ဂျီအို (အစိုး​ရမဟုတ်​တော့​ အဖွဲ့​အစည်း​) ​တွေနဲ့​ ဆက်သွယ်သလား​၊​ ဒါ​တွေ အဓိက ထား​တာ​လေ။ ​နောက်ပြီး​ အန်တီတို့​ကို ဘာသင်တန်း​တွေ တက်​သေး​လဲ၊​ ဘာလဲ​ပေါ့​။ သူတို့​က နိုင်ငံခြား​က အသင်း​တွေကို တရား​မဝင် အဖွဲ့​အစည်း​လို့​ သတ်မှတ်တာကိုး​။ သူတို့​က ကိုယ်​ရေး​ရာဇဝင်​တွေကို ယူသွား​တာ​ပေါ့​။ ယူပြီး​တော့​ အန်တီတို့​ ဓာတ်ပုံနဲ့​ ယူသွား​တယ်။ အန်တီတို့​ကလည်း​ ရိုး​ရိုး​သား​သား​ လုပ်တဲ့​သူဆို​တော့​ ​ပေး​တယ်​လေ။”
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ ချုပ်က​နေ ပါတီပြန်လည်တည်​ထောင်ခွင့်​ရဖို့​ ​လျှောက်ထား​ရမှာ တိုင်း​နယ် ပြည်နယ်က လူငယ်နဲ့​ အမျိုး​သား​သမီး​တွေကို အဓိကထား​ပြီး​ စုစု​ပေါင်း​ ၂၁ ဦး​နဲ့​ နိုဝင်ဘာလ ၂၄ ရက်​နေ့​က ဖွဲ့​စည်း​ခဲ့​ပါတယ်။
အဲဒီ ၂၁ ဦး​ကို ဥပဒအရ လွတ်ကင်း​မှသာ နိုင်ငံ​ရေး​တည်​ထောင်ခွင့်​ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က ခွင့်​ပြုမယ်လို့​ သိရပါတယ်။

တရုတ်ရေနံပိုက်လိုင်း စီမံကိန်းမှာ ပါဝင်တဲ့ နော်ဝေ အစိုးရကို ရွှေဂက်စ် ရှုတ်ချ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ သတိပေးချက်ကို မျက်ကွယ်ပြုလိုက်တဲ့ နော်ဝေ အစိုးရရဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။
Photo: Shwe Gas Movement
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
နော်ဝေ အစိုးရရဲ့ အငြိမ်းစား ပင်စင်ရံပုံငွေတွေကို ရခိုင်ပြည်နယ်မှာ တရုတ် အစိုးရပိုင် CNPC ကုမ္ပဏီ တည်ဆောက်နေတဲ့ ရေနံနဲ့ ဓါတ်ငွေပိုက်လိုင်း စီမံကိန်းမှာ ရင်းနှီး မြှုပ်နှံမယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပံ့ပိုးပေးရာ ရောက်လိမ့်မယ် ဆိုပြီး နော်ဝေ ကျင့်ဝတ်ကောင်စီ အဖွဲ့က သတိပေး တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နော်ဝေ အစိုးရ ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒီသတိပေးချက်ကို လက်မခံဘဲ တရုတ် CNPC ကုမ္ပဏီ လက်အောက်ခံ ပတ်ထရို ချိုင်းနား (Petro China) ကုမ္ပဏီမှာ အမေရိကန် ဒေါ်လာ သန်း (၉၀) ထည့်ဝင် မြှုပ်နှံ မယ်လို့ အခု သီတင်းပတ် အတွင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့် နော်ဝေ အစိုးရရဲ့ လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ကူညီ အားပေးရာ ရောက်နေပြီး၊ အရှက် သိက္ခာ ကင်းမဲ့စေတယ်လို့ ရွှေဂက်စ် (Shwe Gas) လှုပ်ရှားမှု အဖွဲ့က ဒီဇင်ဘာလ (၈) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ တရုတ်ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြေသိမ်းမှု၊ နေရာ အဓမ္မပြောင်းရွှေ့မှု၊ လုပ်အားပေး ခိုင်းစေမှု၊ ထင်ရာမဲ့ ဖမ်းဆီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတဲ့ အတွက် ဒီရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းသွားအောင် နည်းလမ်းမျိုးစုံနဲ့ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ လည်း ရွှေဂက်စ် လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ကိုဝမ်းအောင်က ပြောပါတယ်။ နော်ဝေအစိုးရရဲ့ ပင်စင်ရံပုံငွေကို ရခိုင်ကမ်းလွန်က ရွှေသဘာဝ ဓါတ်ငွေ့ ထုတ်လုပ်ရေး လုပ်ကွက်မှာ ပါဝင် လုပ်ကိုင်နေတဲ့ ကိုးရီးယား အခြေစိုက် ဒေ၀ူး အင်တာနေရှင်နယ်၊ ကိုးဂတ်စ် (KOGAS) ကုမ္ပဏီ၊ ပေါ်စကို (Posco)နဲ့ အိန္ဒိယ ဂေးလ် (GAIL) ကုမ္ပဏီတွေမှာလည်း ထည့်ဝင်ထားတယ်လို့ သိရပါတယ်။ 
 
RFA

ဦးတေဇ အီးယူကိုတရားစွဲတာ နိုင်မလား

( တေဇ- ပြည့်ဖြိုးတေဇ)

**ဦးတေဇသား အီးယူကို တရားစွဲတာ တရားပြိုင်ရှေ့နေက ထောက်ခံပြီ**


ရန်နောင် (ဗဟိုတရားရုံးရှေ့နေ)

ကိုပြည့်ဖြိုးတေဇ

နိဒါန်း

စစ်အစိုးရနဲ့ပေါင်း စီးပွားရေးအကျိုးအမြတ်တွေ ရယူနေတယ်ဆိုပြီး
အီးယူဒဏ်ခတ်ထားတာကို မကျေနပ်တဲ့အတွက် ဦးတေဇရဲ့သား ကိုပြည့်ဖြိုးတေဇက အီးယူ
နာမယ်ပျက်စာရင်းက သူ့အမည် ဖယ်ရှားပေးရေးအတွက် လန်ဒန်က အင်္ဂလိပ်
ရှေ့နေတွေငှားပီး အီးယူကို တရားစွဲခဲ့ပါတယ်။


ဒါပေမဲ့ အောက်ရုံး(General Court) က ပယ်ချထားတဲ့ စီရင်ချက်ကို ပလပ်ပေးဖို့
အထက်ရုံး European Court of Justice (ECJ) မှာ အယူခံထားဆဲအချိန်မှာ ECJ
တရားရုံးဆိုင်ရာ အမြဲတန်း ဥပဒေရေးရာ အကြံပေးရှေ့နေ Advocate General တဦးက
ထောက်ခံပီး တရားသူကြီးထံ တင်ပြအကြံပေးထားပါတယ်။ မကြာခင် ECJ တရားရုံးကနေ
စီရင်ချက် ချတော့မှာ ဖြစ်ပါတယ်။

အမှုနောက်ခံအကျဉ်း

ဒီအမှုနဲ့ပတ်သက်ပီး ဖခင်ဖြစ်သူ ဦးတေဇက နိုင်ငံခြားငွေ အမြောက်အများ
အကုန်ခံပီး လန်ဒန်မြို့ရှိ နာမယ်ကြီး ရှေ့နေကုမ္ဗဏီ Carter-Ruck ကို
ငှားပါတယ်။ အမှုကို ပထမ ဥရောပ လပ်ဇင်ဘတ်မြိုမှာ ရှိတဲ့ အီးယူ အောက်ရုံး
General Court တရားရုံးကို ဦးတေဇငှားထားတဲ့ အင်္ဂလိပ် ရှေ့နေတွေက
ဦးတိုက်လျှောက်ထားပါတယ်။

ဦးတေဇငှားသည့် လန်ဒန်ရှေ့နေကုမ္ပဏီ

General Court တရားရုံး

General Court ဆိုတာ European Court of Justice တရားရုံးကြီးနဲ့ တွဲထားပေမဲ့
လွတ်လပ်တဲ့ တရားရုံးတခုဖြစ်ပီး လပ်ဇင်ဘတ်(Luxembourg) နိုင်ငံမှာ
အခြေစိုက်ပါတယ်။ မြန်မာနိုင်ငံ အောက်ရုံးသဘောမျိုးမို့ (အတိအကျမဟုတ်သည့်တိုင်
ဖတ်ရလွယ်အောင်) အောက်ရုံးလို့ ယာယီ သုံးပါမယ်။ Court of First Instance
လို့အရင်ကခေါ်တဲ့ General Court တရားရုံးကို အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံက
တရားသူကြီး တဦးကျစီနဲ့ စုစုပေါင်း တရားသူကြီး ၂၇ ဦးနဲ့ ဖွဲ့စည်းထားတာ
ဖြစ်ပါတယ်။ ဒါပေမဲ့ ECJ လို အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General
တွေ ခန့်မထားပါဘူး။

ဦးတေဇ

ဥပဒေရေးရာ အကြံပေးရှေ့နေကြီး Advocate General ဆိုတာ

Advocate General ဆိုတဲ့ ဥပဒေအကြံပေး ရှေ့နေတွေဟာ အထူးသဖြင့် ဥရောပတရား
စီရင်ရေးစနစ်မှာ အရေးပါသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ
တရားရုံးအမြဲတန်းအဖွဲ့ဝင်တွေဖြစ်ပေမဲ့ တရားသူကြီး မဟုတ်သလို
တရားရုံးတွေမှာ အမှုသည်ကို ကိုယ်စားပြုသူတွေလဲ မဟုတ်ပါ။ တရားစွဲလက်စ
အမှုတွေနဲ့ ပတ်သက်ပီး တရားသူကြီးတွေကို ဥပဒေရေးရာ အကြံပေးရသူတွေ ဖြစ်ပါတယ်။
ရာဇ၀တ်မှုနဲ့ တရားမမှုတွေမှာ အစိုးရရှေ့နေပုံစံမျိုးတာဝန်လဲ ယူကြပါတယ်။

အမြင့်ဆုံး အီးယူတရားရုံးဖြစ်တဲ့ ECJ ခေါ် ဥရောပတရားရုံးဟာ အီးယူအဖွဲ့ဝင် ၂၇
နိုင်ငံက တရားသူကြီး၂၇ ဦးနဲ့ဖွဲ့ထားပီး ဒီတရားရုံးကို စောစောကပြောတဲ့
Advocate General ဆိုတဲ့ရှေ့နေ ၈ ဦးက ဥပဒေရေးရာ အကြံပေးနေတာ ဖြစ်ပါတယ်။

အောက်ရုံးမှာ နှစ်ဘက်ကြားနာ

တရားလို ကိုပြည့်ဖြိုးတေဇဘက်က ရှေ့နေများအဖြစ် ဗြိတိသျှရှေ့နေတွေဖြစ်တဲ့ D
Anderson, M. Lester နဲ့ G. Martin တို့ ၃ ဦးက လိုက်ပါဆောင်ရွက်ပါတယ်။
တရားပြိုင်တွေကတော့ အီးယူကောင်စီအပြင် အင်္ဂလိပ်အစိုးရ၊
မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တို့ ပါဝင်ပါတယ်။

နှစ်ဘက်လျှောက်လဲရာမှာ ကိုပြည့်ဖြိုးတေဇဘက်က

-ဒဏ်ခတ်ထားတဲ့ အီးယူနာမယ်ပျက်စာရင်းကနေ သူ့နာမယ်ကို ဖယ်ထုတ်ပေးသင့်ကြောင်း၊

-သူနဲ့ ပတ်သက်တဲ့ အီးယူ ဒဏ်ခတ်ထားတဲ့ စည်းမျဉ်းသတ်မှတ်ချက်တွေကို
ပယ်ဖျက်ပေးသင့်ကြောင်းနဲ့

-တရားရုံးစရိတ်တွေကို အီးယူကောင်စီက ပေးဆောင်စေသင့်ကြောင်း
လျှောက်ထားခဲ့ပါတယ်။
( ပြည့်ဖြိုးတေဇ)

တရားပြိုင် အီးယူကောင်စီကလဲ တရားရုံးကနေ ကိုပြည့်ဖြိုးတေဇ
လျှောက်ထားချက်ကို ပယ်ဖျက်သင့်ကြောင်း၊ တရားရုံးစရိတ်အတွက်
ကိုပြည့်ဖြိုးတေဇကို ပေးဆောင်ရန်အမိန့်ချသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ထူးခြားချက်က ကိုပြည့်ဖြိုးတေဇလျှောက်ထားချက်ကို တရားရုံးက
ပယ်ချသင့်ကြောင်း အဓိက တရားပြိုင်မဟုတ်တဲ့ အင်္ဂလန်နဲ့
မြောက်အိုင်ယာလန်အစိုးရတွေက လျှောက်လဲခဲ့ပြီး ဥရောပ ကော်မရှင်ကလဲ
ကိုပြည့်ဖြိုးတေဇ လျှောက်လဲချက်ကို ပယ်ချသင့်ကြောင်း၊ တရားရုံးစရိတ်တွေကို
ကိုပြည့်ဖြိုးတေဇကသာ ကျခံစေသင့်ကြောင်း လျှောက်ထားခဲ့ပါတယ်။

ဒီနေရာမှာ အင်္ဂလန်အစိုးရ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တို့က
အယူခံရုံးမှာ intervenor (Intervener လို့လဲ သုံးပါတယ်) အနေနဲ့
လျှောက်လဲခဲ့တာဖြစ်ပါတယ်။ အဓိကအချက်ကတော့ အမှုတခု စီရင်ချက်ကြောင့် တရားလို
တရားပြိုင်မဟုတ်တဲ့ နိုင်ငံ အဖွဲ့အစည်းတွေရဲ့ အခွင့်အရေးကို
ထိခိုက်မဲ့အလားအလာရှိတယ်လို့ ယူဆရင် intervenor အနေနဲ့
လျှောက်ထားခွင့်ပေးထားတဲ့ သဘော ဖြစ်ပါတယ်။

ရှည်လျားတဲ့ ဥပဒေကြောင်းဆိုင်ရာ နှစ်ဘက်လျှောက်ထားမှုတွေ ကြားနာအပြီးမှာ
လပ်ဇင်ဘတ် အီးယူ အထွေထွေ တရားရုံးကနေ စီရင်ချက်ချပါတယ်။

စီရင်ချက်မှာ -

-ကိုပြည့်ဖြိုးတေဇ လျှောက်ထားချက်ကို ပယ်ချကြောင်း၊

-တရားရုံးစရိတ်နဲ့ ပတ်သက်ပီး ကိုပြည့်ဖြိုးတေဇ စရိတ်အတွက်
သူကိုယ်တိုင်ကျခံရမှာဖြစ်သလို အီးယူကောင်စီရဲ့ တရားရုံးစရိတ်တွေလဲ
ကျခံပေးရမှာဖြစ်ကြောင်း၊

-အင်္ဂလန်အစိုးရ မြောက်အိုင်ယာလန်အစိုးရနဲ့ ဥရောပကော်မရှင်တွေကတော့ သူတို့
တရားရုံးစရိတ်ကို သူတို့ဘာသာ ကျခံစေဆိုပီး ၂၀၀၉ ခု မေလ ၁၉ ရက်နေ့က
အမိန့်ချခဲ့ပါတယ်။

ဦတေဇ မိသားစု

ကိုပြည့်ဖြိုးတေဇဘက်က အယူခံတက်ပြီ

လပ်ဇင်ဘတ် အထွေထွေ တရားရုံး စီရင်ချက်ကို မကျေနပ်တဲ့ ကိုပြည့်ဖြိုးတေဇ
ရှေ့နေတွေက ၂၀၀၉ ခု ဇူလိုင် ၂၇ ရက်မှာ လပ်ဇင်ဘတ်ရှိ အမြင့်ဆုံး
အီးယူတရားရုံးဖြစ်တဲ့ European Court of Justice (ECJ) ကို အယူခံဝင်ပါတယ်။

European Court of Justice ဆိုတာဘာလဲ

European Court of Justice (ECJ) ဆိုတာ အီးယူဥပဒေရေးရာတွေနဲ့ ပတ်သက်ပြီး
အီးယူမှာ အမြင့်ဆုံး တရားရုံုးုဖြစ်ပါတယ်။ လပ်ဇင်ဘတ်မှာ အခြေစိုက်ပါတယ်။
ECJ တရားရုံးကြီးမှာ အီးယူ ၂၇ နိုင်ငံက တရားသူကြီး တဦးကျစီ စုစုပေါင်း
တရားသူကြီး ၂၇ ဦး ပါဝင်ပါတယ်။

တရားရုံးအမြဲတန်းအဖွဲ့ဝင် ဥပဒေအကြံပေး Advocate General ရှေ့နေကြီး ၈ ဦးကလဲ
တာဝန်ပေးတဲ့အမှုအတွက် ဥပဒေရေးရာ ထင်မြင်ချက် အကြံပေးချက်တွေကို
တရားသူကြီးတွေထံ တင်သွင်းရပါတယ်။

ကိုပြည့်ဖြိုးတေဇဘက်က အဓိက အယူခံ လျှောက်ထားတာကတော့-

-အီးယူ General Court အောက်တရားရုံးက စီရင်ချက်ကို ပလပ်ပေးဖို့၊

-ကိုပြည့်ဖြိုးတေဇနှင့် ပတ်သက်တဲ့ ၂၀၀၈ခု ဖေဖော်ဝါရီ ၈ ရက် အီးယူဒဏ်ခတ်မှု
စည်းမျဉ်း ၁၉၄/၂၀၀၈ ပါ စည်းနှောင်ထားမှုများကို ပျက်ပြယ်ကြောင်း
ကြေငြာပေးရန်နဲ့

-အီးယူတရားရုံးချုပ် အယူခံစရိတ်နဲ့ အီးယူ General Court
တရားရုံးစရိတ်တွေကို ဥရောပကောင်စီက ကျခံစေဖို့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီးဥပဒေအကြံပေးရှေ့နေကြီးက ကိုပြည့်ဖြိုးတေဇကို ထောက်ခံပြီ

ဒါပေမဲ့ ၂၀၁၁ ခုနှစ် ပီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာတော့ ECJ တရားရုံးရဲ့
အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီးတဦးဖြစ်တဲ့ Advocate General မန်ဂိုးဇီးက
ကိုပြည့်ဖြိုးတေဇ ရှေ့နေတွေဘက်က အယူခံလျှောက်လဲချက်တွေကို
ထောက်ခံဆွေးနွေးထားတဲ့ ဥပဒေရေးရာ ထင်မြင်သုံးသပ်ချက်ကို ECJ တရားရုံးမှာ
တင်သွင်းပါတယ်။

ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးရဲ့
ထောက်ခံချက်တွေကတော့-
-ကိုပြည့်ဖြိုးတေဇအပေါ် အီးယူ General Court ကဆုံးဖြတ်ထားတဲ့ စီရင်ချက်ကို
ပယ်ဖျက်ပေးသင့်ကြောင်းအပြင် ကိုပြည့်ဖြိုးတေဇနဲ့ ပတ်သက်တဲ့ အငြင်းပွားနေတဲ့
အီးယူဒဏ်ခတ်မှု စည်းမျဉ်းတွေထဲက ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးဆိုင်ရာ
စည်းနှောင်မှုတွေကို ပယ်ဖျက်ပေးသင့်ကြောင်း ဖော်ပြထားပါတယ်။

-အီးယူဒဏ်ခတ်မှုဆိုင်ရာ ဥပဒေ အသက်ဝင်မလာခင် မိမိအမည် ဒဏ်ခတ်စာရင်းမှာပါကြောင်း
ကြိုတင်အကြောင်းကြားမှုမရှိတဲ့ပြင်
ဒီအကြောင်းခုခံပြောဆိုနိုင်အောင် မည်သည့် ကြားနာခွင့် အခွင့်အရေးကိုမျှ
ကိုပြည့်ဖြိုးတေဇ မရခဲ့ပါကြောင်းလဲ
မန်ဂိုးဇီးက ထောက်ပြထားပါတယ်။

-ကိုပြည့်ဖြိုးတေဇအနေနဲ့ သူ့အမည် အီးယူဒဏ်စာရင်းမှာ မပါခင်ကဖြစ်စေ
ပါပြီးနောက် ဘယ်လိုအကြောင်းကြောင့် သူ့ကို အီးယူဒဏ်ခတ်စာရင်းမှာပါသလဲ
နောက်ဆက်တွဲ မေးတဲ့အချိန်မှာဖြစ်စေ သူ့နာမယ်ကို ဘာအကြောင်းကြောင့် ခုလို
ဒဏ်ခတ်စာရင်းမှာ ထဲ့သွင်းထားသလဲ ဆိုတာလဲ သိခွင့်မရခဲ့ပါ။

-အီးယူဒဏ်ခတ်စာရင်းမှာ အမည်ဖော်ပြထားတဲ့ ကုမ္ဗဏီ မန်နေဂျင်းဒါရိုက်တာ
ဦးတေဇရဲ့သား အဖြစ်သာ ဖော်ပြထားပြီး အခြား မည်သည့်အချက်မျှ ဖော်ပြမထားပါလို့
Advocate General မန်ဂိုးဇီးက သုံးသပ်ထားပါတယ်။

ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး မန်ဂိုးဇီးရဲ့ ဥပဒေရေးရာ သုံးသပ်ချက်
နိဂုံးပိုင်း

-အငြင်းပွားနေတဲ့ အီးယူဒဏ်ခတ်မှု စည်းမျဉ်းဆိုင်ရာ ဥပဒေအခြေခံအရ မှားယွင်းတဲ့
ဥပဒေကို အခြေခံထားတာ ဖြစ်တဲ့အတွက် အီးယူတရားရုံး General Court ရဲ့
စီရင်ချက်ကို ပလပ်သင့်ပါသည်။

-ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ရေးဆိုင်ရာနဲ့ပတ်သက်ပီး မည်သည့်အတွက်
ထိန်းချုပ်ရသည်ဆိုသည့် အကြောင်းပြချက် ဖော်ပြရန်တာဝန်ကို အီးယူကောင်စီဘက်က
ချိုးဖောက်ခဲ့သည်။

-ကိုပြည့်ဖြိုးတေဇ မည်သို့မျှပြုပြင်ပြောင်းလဲရန် တတ်နိုင်စွမ်းမရှိသည့်
မိသားစုဝင်တဦးဖြစ်ရုံမျှနှင့် ပြင်းထန်သည့်အကျိုးဆက်များကို
ကိုပြည့်ဖြိုးတေဇက ခံရမည်ဆိုသည်မှာ တရားမျှတမှု မရှိပါ။

-အီးယူက ဒဏ်ခတ်လိုတဲ့ တတိယနိုင်ငံအစိုးရတခုရဲ့ စီးပွားရေးပေါ်လစီကနေ
အကျိုးအမြတ်ရနေတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရွယ်ရောက်တဲ့ သားးသမီးတွေကို
မိဘတွေကြောင့်ဆိုတဲ့ အကြောင်းတခုတည်းထဲနဲ့ ပစ်မှတ်ထား ဒဏ်ခတ်တာမျိုး
မလုပ်သင့်ပါ ဆိုပီး ထောက်ခံ သုံးသပ်ထားတာ ဖြစ်ပါတယ်။

ကိုပြည့်ဖြိုးတေဇ အယူခံတာ နိုင်တော့မလား

ECJ တရားရုံးရဲ့ စီရင်ချက် မချမှတ်သေးတဲ့အတွက် ကိုပြည့်ဖြိုးတေဇ
အယူခံထားတဲ့အမှု နိုင်ပီလို့ မပြောနိုင်သေးသလို အနိုင်ရဘို့များတယ်
နည်းတယ်လို့လဲ မပြောသင့်သေးဘူးလို့ မြန်မာရှေ့နေကြီးတဦးက မှတ်ချက်ပေးပါတယ်။
ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးက
ကိုပြည့်ဖြိုးတေဇ အယူခံထားတဲ့အမှုကို ထောက်ခံထားတဲ့အဆင့်သာ ရှိပါသေးတယ်။

ကိုပြည့်ဖြိုးတေဇအမှုနဲ့ပတ်သက်တဲ့ ECJ တရားရုံးရဲ့ ဥပဒေအကြံပေးရှေ့နေ
Advocate General မန်ဂိုးဇီးရဲ့ ဥပဒေရေးရာ သဘောထားတွေဟာ ECJ တရားရုံးရဲ့
စီရင်ချက်နဲ့ စည်းနှောင်ထားခြင်းမရှိပါလို့ ကိုပြည့်ဖြိုးတေဇငှားထားတဲ့
လန်ဒန်ရှေ့နေရုံး ၀က်ဆိုက်ကလဲ မှတ်ချက်နဲ့ ဖော်ပြထားပါတယ်။

ဒါပေမဲ့ တာဝန်ပေးထားတဲ့ အမှုတခုအတွက် တရားရုံးကို ဥပဒေရေးရာ ဖြေရှင်းချက်
အဆိုပြုတင်ပြရတာဟာ ECJ အမြဲတန်း ဥပဒေအကြံပေးရှေ့နေကြီး Advocate General
တွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်လို့လဲ ဖော်ပြထားပါတယ်။
ခုအခါ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကိုပြည့်ဖြိုးတေဇဟာ အီးယူဒဏ်ခတ်စာရင်းမှာ
သူ့အမည်စပါတဲ့အချိန် ၂၀၀၃ ခုနှစ်က အသက် ၁၆ နှစ်သာရှိပါသေးတယ်။

ဒါပေမဲ့ ၂၀၀၅ ခုနှစ် ပိုင်ဆိုင်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေမှာ
ဖော်ပြထားတာက အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသား ကလေးတွေကိုသာ
ဒဏ်ခတ်စာရင်းမှာ အီးယူကောင်စီက ထည့်ရမယ်လို့ ပြဌာန်းထားတာကို ECJ အမြဲတန်း
ဥပဒေအကြံပေးရှေ့နေကြီး Advocate General မန်ဂိုးဇီးက သူ့ရဲ့ ဥပဒေရေးရာ
သုံးသပ်ချက်မှာ ထောက်ပြပါတယ်။

ခုလို အီးယူက ဒဏ်ခတ်ရတာကလဲ မြန်မာနိုင်ငံက စစ်အစိုးရကို ဦးတည်တာဖြစ်ပီး
အခြေခံ လူ့အခွင့်အရေးတွေကို လေးစားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

လန်ဒန်က Carter-Ruck ရှေ့နေကုမ္မဏီကြီးကနေ ကိုပြည့်ဖြိုးတေဇကိုယ်စား
အီးယူကို တရားစွဲတာက အီးယူအဖွဲ့အစည်းတွေဟာ ကိုပြည့်ဖြိုးတေဇရဲ့
ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့အတွက် ဥပဒေအာဏာမရှိဘူးဆိုတဲ့
အချက်ပေါ်မှာ အခြေခံပီး ကိုပြည့်ဖြိုးတေဇနဲ့ ပတ်သက်တဲ့
ပိုင်ဆိုင်မှုထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းတွေကို ပယ်ဖျက်ရေးနဲ့
အငြင်းပွားနေတဲ့ အီးယူစည်းမျဉ်းတွေဟာ ကိုပြည့်ဖြိုးတေဇကို မျှတတဲ့
ကြားနာခွင့်မျိုးရနိုင်မဲ့အခြေခံ လု့အခွင့်အရေးကို
ချိုးဖောက်တဲ့အချက်စတာတွေပေါ် အခြေခံခဲ့တာ ဖြစ်တယ်လို့ Carter-Ruck
ရှေ့နေကုမ္မဏီကြီးက ယူဆပါတယ်။

သုံးသပ်ချက်

မြန်မာစစ်အစိုးရအပေါ် အီးယူကဒဏ်ခတ်တဲ့နေရာမှာ စစ်ခေါင်းဆောင်ပိုင်းနဲ့
စစ်အစိုးရအဖွဲ့ဝင်တွေသာမက နောက်ပိုင်းမှာ စစ်အစိုးရနဲ့ စီးပွားဆက်ဆံပြီး
အကျိုးအမြတ်ရှိသူတွေပါ ဒဏ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

သားဖြစ်သူကို အီးယူက ဒဏ်ခတ်တာ မကျေနပ်တဲ့အတွက် မြန်မာလူမျိုး
မိဘလုပ်ငန်းရှင်တဦးက အီးယူတရားရုံးအဆင့်ဆင့်ထိ အီးယူကိုတရားစွဲဆိုတာ ဒါ
ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အများအားဖြင့် စစ်အစိုးရနဲ့ စီးပွားဘက်နေတဲ့ မိဘတွေရဲ့လုပ်ငန်းတွေမှာ
သားသမီးအများစု ပါဝင်ပတ်သက်လေ့ရှိပေမဲ့ ကိုပြည့်ဖြိးတေဇဟာ
အီးယူဒဏ်ခတ်တဲ့အချိန်မှာ အသက်မပြည့်သေးတဲ့အရွယ်ဖြစ်နေခြင်း၊ မိဘလုပ်ငန်းနဲ့
ဆက်စပ်လုပ်ကိုင်ခြင်းမရှိတာကို သက်သေပြနိုင်ခြင်းစတဲ့ ခြွင်းချက်တွေပေါ်
အခြေခံပြီး လူ့အခွင့်အရေးနစ်နာမှု ရှုထောင့်ကနေ ကိုပြည့်ြုဖိုးတေဇငှားထားတဲ့
လန်ဒန်ရှေ့နေတွေက အီးယူကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။

ကိုပြည့်ဖြိုးတေဇအမှုအတွက် ဖခင်ဖြစ်သူ ဦးတေဇက နိုင်ငံခြားငွေ အမြောက်အများ
အကုန်ခံပြီး အင်္ဂလိပ်ရှေ့နေတွေငှား တရားစွဲနိုင်ခဲ့တဲ့အချက်၊ ငှားထားတဲ့
လန်ဒန်ရှေ့နေကုမ္ပဏီ Carter-Ruck ကလဲ ကိုပြည့်ဖြိုးတေဇအမှုနဲ့ အလားတူ အမှုဖြစ်တဲ့
ယာဆင်းကာဒိ နဲ့ ECJ စီရင်ထုံးအမှုအတွက် လိုက်ပါခဲ့တုံးက ECJ တရားရုံး
တရားသူကြီး ၂၇ ဦးအနက် ၁၄ဦး (ထက်ဝက်ကျော်) ကို အောင်အောင်မြင်မြင်
အယူခံဝင်နိုင်ခဲ့တဲ့ စီရင်ထုံးကိုပါ ကိုးကားခဲ့တဲ့ အတွေ့အကြုံတွေကလဲ
အီးယူဆန်ရှင်ကို အာခံဖို့ အင်အားဖြစ်ခဲ့တာ တွေ့ရပါတယ်။

နောက်ဆုံး ECJ တရားရုံးရဲ့ ဥပဒေအကြံပေးရှေ့နေ Advocate General
မန်ဂိုးဇီးကနေ တရားလို ကိုပြည့်ဖြိုးတေဇဘက်က ရှေ့နေတွေ
အယူခံထားတဲ့အချက်တွေကို ထောက်ခံပြီး ECJ တရားရုံး တရားသူကြီးထံ တင်ပြပေးရတဲ့ထိ
တိုးတက်လာတာ ဖြစ်ပါတယ်။
ဦးတေဇကို ယခင်စစ်အစိုးလက်ထက် စစ်ခေါင်းဆောင်တွေ အကျိုးစီးပွားအတွက်
လုပ်ကိုင်ပေးရာက ခေတ်ပျက်သူဌေးဖြစ်လာသူလို့ အီးယူနဲ့ အများပြည်သူက မြင်ကြပေမဲ့
ဦးတေဇက သူ့သားကို အီးယူဒဏ်ခတ်မှုကနေ လွတ်မြောက်အောင် ဥပဒေကြောင်းနဲ့ အီးယူကို
တရားစွဲနိုင်ခဲ့တာဟာ မြန်မာရှေ့နေတွေ လေ့လာထိုက်တဲ့ နိုင်ငံတကာ
ဥပဒေအတွေ့အကြုံတခု ဖြစ်ပါတယ်။

အီးယူဒဏ်ခတ်စာရင်းမှာ ကိုပြည့်ဖြိုးတေဇလို အသက်မပြည့်ဘဲ မိဘလုပ်ငန်းနဲ့
မပတ်သက်ဘဲ ဒဏ်ခတ်ခံရသူ သားသမီးတွေရှိခဲ့ရင် ဦးတေဇလို အီးယူအပေါ်
တရားစွဲခွင့်ရှိပေမဲ့ ဦးတေဇလို နိုင်ငံခြားငွေအမြောက်အများ အကုန်ခံ
တရားစွဲနိုင်ဖို့ မလွယ်ပါ။

ဦးတေဇ တရားစွဲတဲ့အမှု နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အီးယူဒဏ်ခတ်မှု ဥပဒေမှာ
အားနည်းချက်တွေ ဥပဒေယိုပေါက်တွေ ရှိနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

အီးယူဒဏ်ခတ်စာရင်းကို ပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီး
ဦးအောင်သောင်းအပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါ
ဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား
အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊
ဦးအောင်သောင်းရဲ့သားလဲဖြစ် အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒု
ဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊
ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊
ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်း မိသားစုပိုင်တဲ့
အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ
ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊

ဒါကြောင့် ဦးအောင်သောင်းဟာ ဦးတေဇလို ငွေတတ်နိုင်တဲ့တိုင်အောင် ဦးတေဇလို
အီးယူကို တရားစွဲရင် ဦးအောင်းသောင်းဖြစ်စေ သူ့သားသမီးတွေဖြစ်စေ
ရှုံးဖို့သေချာနေပါတယ်။

--
**ခင်ရတနာ Facebook**

ကချင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်၊ ပြည်သူများ ထပ်မံတိမ်းရှောင်

နော်နိုရင်း

ကချင်ပြည်နယ် ၀ိုင်းမော်၊ မံစီနဲ့ မိုးမောက်မြို့နယ်တွေမှာ အစိုးရတပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ ကချင်လူမှုအဖွဲ့တွေက ပြောပါတယ်။

ဒီဇင်ဘာလဆန်းပိုင်းကစပြီး ဒီ မြို့နယ်သုံးခုအတွင်းက ကေအိုင်အို ထိန်းချုပ် နယ်မြေတွေမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာပါ။

အစိုးရတပ်က ကချင်လွတ်မြောက်ရေး တပ်မတော်ထိန်းချုပ်နယ်မြေတွေကို တိုက်ခိုင်နိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ဒီရက်ပိုင်း ၀ိုင်းမော်မြို့နယ် ဆဒုံနဲ့ ကန်ပိုင်တီလမ်းပိုင်းမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတာလို့ ကချင်ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကချင်ဒေသခံတဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲအခြေအနေတော့ ဆဒုံး-ကန်ပိုက်တီပေါ့။ ဆဒုံး-ကန်ပိုက်တီလမ်းပေါ့။ အရင်က စစ်ပွဲစဖြစ်တဲ့နေရာ။ တန်တာအနီးတ၀ိုက်ပေါ့။ ဆီလုန်- တန်ကာအနီး မိုးမောက်မြို့နယ်ပေါ့။ အဲဒီနေရာတွေ နောက်ပြီးတော့ ၀န်းကြီး၊ နမ့်ခန်းဘက်ပေါ့။ အဲဒီနေရာလေးတွေမှာ ဖြစ်နေတယ်။ ခုနကပြောတဲ့ ၀ိုင်းမော်မြို့နယ်၊ စတုန်းဒေသရယ်။ မရမ်ဘက်မှာ မိုးမောက်မြို့နယ်တ၀ိုက်ရယ်။ မန်ဆီမြို့နယ်တ၀ိုက်ရယ်။ အဲဒီဘက်မှာ လူတွေက ဒုက္ခတွေရောက်နေတယ်။”

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညတုန်းက ၀ိုင်းမော်မြို့ ခလရ ၅၈ တပ်ရင်းအင်အား ၂၀၀ လောက်က ဆဒုံး-ကန်ပိုက်တီဒေသကို စစ်ကြောင်းထိုးခဲ့သလို တနင်္လာ မနက်ပိုင်းမှာလည်း နောက်ထပ်စစ်အင်အား ၃၀၀ ကျော်ဟာလည်း အဲဒီ ဒေသဘက်ကို ထပ်ပြီး ချီတက်ခဲ့တယ်လို့ ပြောပါတယ်။

စစ်ကြောင်းနဲ့အတူ ရိက္ခာ၊ လက်နက်ခဲယမ်း သယ်ဆောင်တဲ့ စစ်ကားတန်းများ၊ ၀န်တင်မြင်းနဲ့ လားတွေလည်း ပါရှိကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ပြောပါတယ်။

ဒီလို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတက်သွားပြီး နောက်ပိုင်း စစ်ကြောင်းချီတက်ရာတလျှောက် ၀ူထောဘွမ် (Wuhtau Bum) ဒေသမှာ တိုက်ပွဲတွေ ဒီနေ့အထိ ဆက်ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်ကျဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။ ကချင်သတင်းဌာနရဲ့ ဖော်ပြချက်အရ ၀ူထောဘွမ် (Wuhtau Bum) ၀န်းကျင်မှာ အစိုးရတပ်နဲ့ ကချင်တပ်တို့ ၇ ရက် ဆက်တိုက် ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က ၃၀၀ ကျော် ကျဆုံးကြောင်း ဖော်ပြထားပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့လည်း ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက အခုလို ပြောပါတယ်။

“ဒီဇင်ဘာလ ၁ ရက်နေ့ကနေပြီးတော့ မနေ့က ၈ ရက်အထိ ကျနော်တို့ ရထားတဲ့ သတင်းအရတော့ တိုက်ပွဲပေါင်း အားလုံး ၆၇ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်တဲ့တိုက်ပွဲတွေကလည်း ပြင်းပြင်းထန်ထန် ဖြစ်တဲ့ တိုက်ပွဲတွေပါ။ အထူးသဖြင့် တပ်မဟာ ၃ ဒေသခွင်ပါ။ တပ်မဟာ ၃ ဒေသခွင်မှာ တပ်ရင်း ၁၄၊ ၁၅ ဒေသတွေမှာ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ တပ်ရင်း ၃ ဒေသ ၀ူထောဘွမ် ဒေသမှာလည်း တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ၀ူထောင်ရဲ့ တပ်ရင်း ၃ နေရာကို ရဖို့အတွက် သူတို့ တပတ်လောက်ရှိပြီ။ စစ်ကြောင်း ၃ ကြောင်းနဲ့ ၀င်ထိုးတာ။ တပ်မဟာ၎ ဒေသမှာလည်း တပ်ရင်း ၃၄ ရယ်၊ ၃၆ ရယ်၊ ၃၈။ အဲ့ဒေသတွေမှာလည်း တိုက်ပွဲပြင်းထန်တယ်။ ဖြစ်တဲ့ တိုက်ပွဲတိုင်းက ပြင်းထန်တယ်ပြောလို့ရတယ်။”

ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံလူထုတွေ တရုတ်နယ်စပ်ဘက်ကို အမြောက်အမြား ထွက်ပြေး ခိုလှုံနေကြပါတယ်။ ကေအိုင်အို ထိန်းချုပ်နယ်မြေထဲကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် သုံးသောင်းခွဲ ရှိနေပြီလို့ ဦးလနန်းက ပြောပါတယ်။

ဒ့ါအပြင် တောတွင်းမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ ရှိနေသေးသလို တရုတ်ပြည်ဘက်ကိုလည်း သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ သွားရောက် ခိုလှုံတာတွေ ရှိတယ်လို့ ပြောပါတယ်။ တရုတ်ပြည်ဘက် ၀င်ရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေကို တရုတ်အာဏာပိုင်တွေက ပြန်လည်မောင်းထုတ် နေတယ်လို့လည်း ဦးလနန်းက ပြောပါတယ်။

ကေအိုင်အို ခေါင်းဆောင်တွေနဲ့ အစိုးရကိုယ်စားလှယ်တချို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က တရုတ်နိုင်ငံရွှေလီမြို့မှာ နှစ်ဖက် တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် တိုက်ပွဲပြင်းထန်လာတဲ့အပေါ် ဦးလနန်းက အခုလို ပြောပါတယ်။

“အစိုးရဘက်မှာ နှစ်ဖက်ဖြစ်နေတယ်လို့ ကျနော်တို့သတ်မှတ်လို့ရတယ်။ တချို့က အရပ်သားအစိုးရဆိုတဲ့ ၀န်ကြီး ဦးအောင်သောင်းတို့၊ ဦးသိန်းဇော်တို့ကနေ လိုက်လံပြီးတော့ တွေ့ဆုံတဲ့အဖွဲ့တဖွဲ့ရယ်။ နောက်ပြီးတော့ စစ်တပ်မှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေ၊ အဲဒီ ၂ ဖွဲ့က ဘယ်လိုမှ အဆင်မပြေဘူးလို့ မှတ်ယူလို့ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီတဖက်မှာ ဦးသိန်းဇော်၊ ဦးအောင်သောင်းတို့ အဖွဲ့ကနေပြီးတော့ တွေ့ဆုံဆွေးနွေးချိန်မှာ တဖက်မှာ စစ်တပ်တွေ အလုံးအရင်းနဲ့ ထပ်တိုးလာတာ၊ ဒါကို ကြည့်ခြင်းအားဖြင့် ၀န်ကြီးအဖွဲ့တွေ လိုက်လံပြီးတော့ တွေ့ဆုံဆွေးနွေးနေတဲ့ အပေါ်မှာ သူတို့ကို အသိအမှတ်ပြုပုံမရဘူး။ အခုလည်း ရှမ်းပြည်ဘက်မှာလည်း တပ်ရင်းစစ်အင်အားတွေ ပြန်ဝင်နေတယ်။ အင်အားအနည်းဆုံး ၆၀၀ လောက်ဖြစ်ပါလိမ့်မယ်။”

အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲရေးယူခဲ့တဲ့ ကချင်လွတ်လပ်ရေး တပ်မတော်ကို ပြီးခဲ့တဲ့ ၂၀၁၀ ကစပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းရာကနေ လက်မခံခဲ့အတွက် အခုနှစ် ဇွန်လဆန်းပိုင်းကစပြီး အစိုးရတပ်က ကချင်တပ်ဖွဲ့တွေကို စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံ ၅ သောင်းလောက် ထွက်ပြေး တိမ်းရှောင်နေကြရပြီး သူတို့ရဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံနေရတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခံရတာစတဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ကချင်လူမှုအဖွဲ့တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။

မြန်မာအမျိုးသမီး ၄ ဦး ရောင်းစားခံရ

သန်းထိုက်ဦး on December 9, 2011

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟာချိုင်ဒေသရှိ ပင်လယ်စာ ထုတ်လုပ်နေသော စက်ရုံ တရုံ၌ ရောင်းစားခံထားရသည့် မြန်မာအမျိုးသမီး ၄ ဦးကို ဗုဒ္ဓဟူးနေ့က ထိုင်းအာဏာပိုင်များ အကူအညီဖြင့် ကယ်တင်ခဲ့ကြောင်း လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ဆောင်ရွက်နေသူများက ပြောသည်။

ကယ်တင်ထားသော အမျိုးသမီးများသည် အသက်၂၀ ကျော် အရွယ်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ရန် လတ်တလော ဘန်ကောက် မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ယာယီထိန်းသိမ်းထားသည်ဟု မဟာချိုင် အခြေစိုက် အလုပ်သမား အခွင့်အရေး မြှင့်တင် ရေးအဖွဲ့(LPN) မှ ဒါရိုက်တာ ဆွန်ဖွန် စခ၀ီက ဧရာဝတီသို့ ပြောသည်။

ယခင်လ အတွင်းက ထိုင်းနိုင်ငံ ချွန်ဘူရီမြို့နယ်တွင် ယင်း အမျိုးသမီးများ အပါအ၀င် ၃၉ ဦးခန့်သည် ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီး ခံရပြီးနောက် အချုပ်ကားဖြင့် နယ်စပ်သို့ ပြန်ပို့ရန်အသွား လမ်းခုလပ်တွင် လူပွဲစားများထံ ရောင်းစားခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

“ပွဲစားတွေနဲ့ အချိတ်အဆက်လုပ်ပြီး ထောင်ကား မောင်းတဲ့ ရဲတယောက်က အဲဒီ ၃၉ ယောက်ကို နယ်စပ်ကို မပို့ဘဲနဲ့ လမ်းမှာ ဖြတ်ပြီးတော့ လက်ပြောင်း လက်လွှဲလုပ်လိုက်တယ်”ဟု ဘန်ကောက်မြို့တွင် အလုပ်သမားအရေး ဆောင်ရွက်နေသော ကိုဖိုးခွား က ရှင်းပြသည်။

ထို ၃၉ ဦးထဲမှ အမျိုးသားများသည် ငါးဖမ်း လုပ်ငန်းများ၌ ရောင်းစားခံရပြီး အမျိုးသမီးတချို့မှာ ပင်လယ်စာ ထုတ်လုပ်နေ သော စက်ရုံသို့ ရောင်းစားခံရကြောင်း၊ တဦးလျှင် ဘတ်ငွေ ၁၁၀၀၀ ခန့်ဖြင့် ရောင်းစားခြင်းဖြစ်ကြောင်း၊ ရောင်းစားခံ အမျိုးသမီး များက အကူအညီ တောင်းခဲ့သောကြောင့် မဟာချိုင်ဒေသရှိ ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ သွားရောက်ကယ်တင်ခဲ့ခြင်း ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ထိုင်းအာဏာပိုင်များ၏ အဆိုအရ ထောင်ကားမောင်းသည့် ရဲဝန်ထမ်းနှင့် နယ်စပ်ရှိ ဖမ်းဆီးခံရသည့် မြန်မာ အလုပ်သမားများ ကို လက်ခံမည့် လူဝင်မှုကြီးကြပ် ရေးဌာန(လ၀က) အာဏာပိုင်များအကြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရသည်။

ပြီးခဲ့သော ဇွန်လအတွင်းက ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များနှင့် မြန်မာ အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများပူးပေါင်းပြီး လူကုန်ကူးသည့် အဖွဲ့တဖွဲ့ကို ဝင်ရောက်ဖမ်းဆီးကာ လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်ခဲ့သည်။

လွန်ခဲ့သည့် မတ်လ၂၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း လဗ်ဘူရီခရိုင် ဘန်ချာမြို့နယ်အတွင်းရှိ VAK နာနတ်သီး စက်ရုံမှ မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီးနောက် နယ်စပ်သို့ ပြန်ပို့ခံရသည့် ၂၁၆ ဦးထဲမှ ၉ ဦးအား ပွဲစား တဦးက ချွန်ဘူရီလှေဆိပ်၌ ရောင်းစားမှုဖြစ်ခဲ့သည်။

ထိုသို့ ရောင်းစားခံရသော မြန်မာနိုင်ငံသား ၉ ဦးသည် ကရင်ပြည်နယ် မြ၀တီမြို့မြေနီကုန်း ရပ်ကွက်မှ ဒေသခံများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ လူကုန်ကူး ခံရနေခြင်းသည် စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် ဖြစ်ကြောင်း ၀ါရှင် တန် အခြေစိုက် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။

ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများကို အကူအညီပေးနေသော World Vision အဖွဲ့ကလည်း အာရှနိုင်ငံများတွင် လူကုန် ကူးမှုများရှိသော်လည်း ထိုင်းနိုင်ငံတွင် အများဆုံးဖြစ်ကြောင်း ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေး နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့သည်။

ဘန်ကောက်မြို့အပါအ၀င် ထိုင်းနိုင်ငံ တ၀န်းတွင် မြန်မာပြည်သား အလုပ်သမား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်းထားကြသည်။

ဗိုလ်ကြီး​ဟောင်း​ ​နေမျိုး​ဇင်အမှု ​နေပြည်​တော်​ရောက်

နေသွင်


အင်း ​စိန်​ထောင်မှာ ကျန်း​မာ​ရေး​ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​နေမျိုး​ဇင်ရဲ့​ အမှုကို ​နေပြည်​တော်မှာ ပြင်ဆင်ချက်​လျှောက်ထား​လိုက်တယ်လို့​ သူ့​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင်ဒဏ် ၁၀ နှစ်ချခံထား​ရတဲ့​ ကို​နေမျိုး​ဇင်ရဲ့​ အယူခံကို ရန်ကုန်တိုင်း​ဒေသကြီး​ တရား​ရုံး​အမှတ် ၆ က ပယ်လိုက်ပြီး​နောက် ​နေပြည်​တော်ပြည်​ထောင်စု တရား​ရုံး​ချုပ်မှာ ဒီဇင်ဘာ ၇ ရက်​နေ့​က ပြင်ဆင်ချက် ​လျှောက်ထား​လိုက်တာပါ။

ဒီတခါ ပယ်ချခံရရင် ​နောက်ဆုံး​အဆင့်​ အယူခံတက်စရာပဲ ကျန်​တော့​တယ်လို့​ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

“ပထမဆုံး ​က အယူခံ၊​ အယူခံပြီး​ရင် ပြင်ဆင်မှု၊​ ပြင်ဆင်မှုပြီး​ရင် အထူး​အယူခံဆိုတာ ရှိ​သေး​တယ်။ ​နောက်ဆုံး​အဆင့်​က သုံး​ပါး​ထိုင်​ခေါ်တာ​ပေါ့​။ အဲဒီအဆင့်​ ကျန်​သေး​တယ်။ အဲဒါက အထူး​အယူခံ​ခေါ်တာ​ပေါ့​။ အဲဒါပြီး​ရင်​တော့​ ကုန်ပြီ။ အခုက ​နောက်တဆင့်​ကျန်​သေး​တယ်။”

ဗိုလ်ကြီး​ ဟောင်း​ဖြစ်တဲ့​ ကို​နေမျိုး​ဇင်ကို ပြီး​ခဲ့​တဲ့​ ဧပြီလက ဖမ်း​ဆီး​ခဲ့​ပြီး​တဲ့​နောက် ဩဂုတ်လအတွင်း​မှာ အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ​ထောင် ၁ဝနှစ် ချမှတ်ခဲ့​ပါတယ်။

ကို​နေမျိုး​ဇင်ကို ဖမ်း​ဆီး​တဲ့​အချိန်က​နေ တရား​ရုံး​မှာအမိန့်​ချတဲ့​အထိ သက်ဆိုင်ရာ အဆင့်​ဆင့်​ရဲ့​ လုပ်​ဆောင်ချက်​တွေ အား​လုံး​ မှား​ယွင်း​ခဲ့​တာ​တွေ​ကြောင့်​ လုံး​ဝ လွှတ်​ပေး​သင့်​တယ်လို့​ ​ရှေ့​နေ ဦး​လှမျိုး​မြင့်​က ​ပြောပါတယ်။

ကို​နေမျိုး​ဇင်ဟာ လွန်ခဲ့​တဲ့​ နှစ်လ​ကျော်က ​ထောင်ထဲမှာ ​ချော်လဲရာက​နေ ခါး​ရိုး​တ​ချောင်း​ ပဲ့​သွား​ပြီး​နောက် ​လော​လောဆယ် အင်း​စိန်​ထောင်တွင်း​က ​ဆေး​ရုံမှာ တက်​ရောက်​နေရပါတယ်။

ဒဏ်ရာက ​အောက်ပိုင်း​သေနိုင်တဲ့​ အ​ခြေအ​နေရှိတယ်လို့​ ဆရာဝန်​တွေက မှတ်ချက်​ပေး​တဲ့​အတွက် ကို​နေမျိုး​ဇင်ကို အပြင်​ဆေး​ရုံမှာ​ဆေး​ကုသခွင့်​ရဖို့​ မိသား​စုက သက်ဆိုင်ရာကို ​တောင်း​ဆိုထား​ပေမယ့်​ အခုထိ မရ​သေး​ပါဘူး​။

လွန်ခဲ့​တဲ့​တပတ်​ကျော်က ကို​နေမျိုး​ဇင်နဲ့​ သွား​တွေ့​ခဲ့​တဲ့​ မိခင်ဖြစ်သူ ​ဒေါ်ခင်သီက အ​ခြေအ​နေကို အခုလို ​ပြောပါတယ်။

“လူ ​လေး​ယောက်ထမ်း​ပြီး​တော့​ အန်တီတို့​တွေ့​တဲ့​အခန်း​ထဲကို လာထိုး​ထည့်​သွား​တယ်။ စား​ပွဲ ၂ လုံး​ဆက်ထား​ပြီး​တော့​။ စဖြစ်ကတည်း​က ​ဆေး​ကုသခွင့်​ပေး​မယ်ဆိုပြီး​ မ​ပေး​ဘဲနဲ့​ ဒီတိုင်း​ပဲထား​တယ်။ ​ဆေး​လည်း​ ဟုတ်တိပတ်တိ မဟုတ်ဘူး​။ အကိုက်အခဲ​ပျောက်​ဆေး​ပဲ တိုက်တယ်တဲ့​။ ကြာလာ​တော့​ အစာအိမ်ထိခိုက်သွား​ပြီတဲ့​။ မ​သောက်နဲ့​တော့​လို့​ ​ပြောခဲ့​တယ်။ လိမ်း​ဆေး​လေး​လိမ်း​ပြီး​ ကျန်း​မာ​ရေး​တော့​ ဂရုစိုက်​တော့​လို့​ မှာခဲ့​တယ်။”

ကို​နေမျိုး​ဇင်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်က​နေ ထွက်ပြီး​တဲ့​နောက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်လူငယ်​တွေ အများ​စုပါဝင်တဲ့​ ​သွေး​ကူညီ​ပေး​ရေး​ အဖွဲ့​မှာ ကူညီ​နေရင်း​ ဖမ်း​ဆီး​ထောင်ချခံခဲ့​ရတာပါ။

သိမ်းပိုက်ခံ လယ်ယာမြေများ ၅ နှစ်စာ ထွက်ရှိသီးနှံတန်ဖိုး၏ တဝက်သာ ရွှေရေနံ/ဂက်စ်စီမံကိန်းမှ လျော်ကြေးပေး

သတင်း-သျှမ်းသံတော်ဆင့်

တရုတ်ပြည် တင်ပို့မည့် ရေနံ၊ ဂက်စ်ပိုက် လိုင်းများ ဖြတ်သန်းမည့် သျှမ်းပြည် မြောက်ပိုင်း လယ်ယာမြေ ပိုင်ရှင် ဒေသခံ များအား ၅ နှစ် အတွင်း ထွက်ရှိမည့် သီးနှံဈေး နှုန်းနှင့် ညီမျှသည့် လျော်ကြေးငွေ ထက်ဝက် ပေးလျော် ခဲ့ကြောင်း သိရှိရ ပါသည်။

ပိုက်လိုင်း ဖြတ်မှာက ရခိုင် ကနေ မကွေးတိုင်း၊ မန္တလေး တိုင်း နဲ့ သျှမ်းပြည် နယ်ကို ဖြတ်ပြီး တရုတ်ပြည် ယူနန် ထဲကို သွယ်တန်း မှာလေ။ လျော်ကြေးက အခု အားလုံး မရ သေးဘူး။ နမ့်ခမ်းမြို့ နယ်ထဲက လယ်ယာ မြေပိုင်ရှင် တွေဘဲ လျော်ကြေး ရနေတာ” - ဟု ရွှေဂက်စ် လှုပ်ရှား မှုမှ ဂျက်စမင်းက ပြောပါသည်။

လယ်ယာမြေ သီးနှံအထွက်နှုန်း၊ တည်နေရာတို့ကိုကြည့်၍ လယ်ယာမြေလျော်ကြေးအတွက် ဈေးနှုန်း သတ်မှတ် ပေးခြင်းဖြစ်ပြီး ၅ နှစ်အတွင်းထွက်ရှိမည့် သီးနှံတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကိုသာ ပေးလျော်ခဲ့ကြောင်း၊ ကျန် တဝက်ကိုမူ မည်သည့် အချိန်တွင်ပေးလျော် မည်ကို ထပ်မပြောသေးကြောင်း နမ့်ခမ်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“အထွက်နှုန်းကောင်း၊ သီးနှံကြီးရင့်မှု ၊ မြို့ရွာနဲ့နီးရင် ၁ ဧက ကျပ် ၁၃၅ သိန်း(တရုတ်ငွေ ၁၀၅,၀၀၀ ယွမ်ခန့်ရှိ) ပေးလျော် တယ်။ ၅ နှစ်စာပေါ့နော်။ မြို့နဲ့ဝေးမယ် သီးနှံအထွက်ကောင်းတဲ့ လယ်ယာတွေဆိုရင် တစ်ဧက ကျပ်သိန်း ၁၀၀ ပေါ့။ မြို့ရွာနဲ့ ဝေးတဲ့ တောင် ကုန်းတောင်စောင်းတွေ ရှိုမြောင်ချိုင့်ဝှမ်းတွေမှာရှိ တဲ့လယ်တွေ ယာတွေဆိုရင်တော့ သီးနှံအထွက် ကောင်းကောင်း မကောင်း ကောင်း တစ်ဧက ကျပ်သိန်း ၆၀ ဘဲပေးမယ်။ လျော်ကြေးငွေတွေက ၅၀ ရာခိုင်နှုန်းဘဲပေးတာ။” - ဟု အဆိုပါ နမ့်ခမ်း ဒေသခံ အမျိုးသား က ဆက်လက် ပြောသည်။

နမ့်ခမ်းဒေသခံ ဝန်ထမ်းတဦးကလည်း ပိုက်လိုင်းဖြတ်သန်းမည့်လယ်ယာမြေမှထွက်ရှိသော သီးနှံလျော်ကြေး အတွက် - ဈေးနှုန်းx အထွက်နှုန်းx ကြီးရင့်မှုx ပျက်စီးမှုx လျော်ကြေးကာလ - ဟူ၍ ဖော်မြူလာဖြင့်ပေးမည်ဟု သတင်းထွက် နေ ကြောင်း ပြောသည်။

၎င်းနှင့်ပတ်သက်၍ ရွှေဂက်စ်မှ တာဝန်ရှိသူတဦးကလည်း - လယ်ယာမြေလျော်ကြေးပေးဆောင်ရန်ကျန် တဝက်မှာမူ တရုတ်ပြည် ပို့ဆောင်သည့် ဂက်စ်လုပ်ငန်းအောင်မြင်မှုအပေါ်မူတည်၍လုပ်ငန်းမအောင်မြင်ပါက လည်း ထပ်မံပေးလျော်ရန် အခြေအနေမရှိဟု ကုမ္မဏီဝန်ထမ်းများအသိုင်းအဝိုင်းမှ ကြားသိရကြောင်း ပြောသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ်းရွာနှင့် ကပ်လျက် တရုတ်ပြည်ဘက်ခြမ်း နောင်တောင်းရွာတွင်မူဂက်စ်ပိုက်လိုင်းဖြတ် သန်း မည့် လယ် ယာမြေ တစ်ဧက အတွက် ယွမ်ငွေနှစ်သိန်းခွဲ (မြန်မာငွေ ကျပ် သိန်း ၂၇၀ ကျော် နှင့်ညီမျှ) ပေးလျော်ကြောင်း၊ ထိုအပြင် အခြား နေရာရှိလယ်မြေကိုလည်း ပြန်လည်အစားထိုးပေးလျော်ကြောင်း၊ အစိုးရထံအခွန်ဆောင်စရာ လည်းမလိုတော့ ကြောင်း၊ အဆိုပါ မြေပိုင်ရှင်များအား ဂက်စ်ပိုက်လိုင်းနှင့်ပတ် သက်သော ဆောင်ရန်ရှောင်ရန်နှင့် ဆိုးကျိုး ကောင်းကျိုးကို တရုတ် အာဏာပိုင်များ ရှင်းလင်းပြောပြခဲ့ သော်လည်း မြန်မာနိုင်ငံဖက်တွင်မူ ရှင်းလင်းပြောပြခြင်း မရှိကြောင်း နောင်ခမ်းဒေသခံများက ပြောသည်။

“ကျမတို့ကို ဂက်စ်ပိုက်လိုင်းချပြီးသွားရင် အဲ့ပိုက်လိုင်းဘေးပတ်လည်မှာ ပြန်ပြီး သီးနှံစိုက်လို့ရတယ်လို့ပြော တယ်။ ဒါပေမယ့်ဘယ် လိုသတိထားရမယ်။ ဘယ်လိုအန္တရာယ်ရှိမယ်လို့တော့ မပြောပြဘူး။ နောက်ပြီး ၅ နှစ်ကျော်သွားရင်တော့ လယ်ယာမြေခွန် ပုံမှန် ပြန်ဆောင်ရမယ်လို့လဲပြောတယ်။ ကျမတို့နိုင်ငံတော်အစိုးရက ပြည်သူတွေကိုဂရုမစိုက်ဘူး။ တရုတ်လိုမဟုတ်ဘူး၊ နောင်ခမ်း (သျှမ်းပြည်ဘက်ခြမ်း) နဲ့ နောင်ခမ်း (တရုတ် ဘက်ခြမ်း) က ခြံစည်ရိုးဘဲခြားတာ လျော်ကျေးငွေက ထက်ဝက်ကွာနေပြီ” ဟု အဆိုပါ နောင်ခမ်းဒေသခံ အမျိုးသမီးကပြောသည်။

သျှမ်းပါတီတခုဖြစ်သော ကျားဖြူပါတီဝင်များကမူ ဗဟုသုတ ရှင်းလင်းပြောပြခဲ့သော်လည်း လယ်ပိုင်ရှင်များ အနေဖြင့် လျော်ကြေး လက်ခံခဲ့ပြီးဖြစ်သဖြင့် မည်သို့မျှ မကူညီနိုင်ကြောင်း၊ သျှမ်းအမျိုးသားများ မပါဝင်သော(နမ့်ခမ်းမြို့နယ်) ကြံ့ဖွံ့ပါတီလည်း လူထုကြုံ တွေ့ရသော အခက်အခဲကိုလုံးဝ ဖြေရှင်းပေးခြင်းမရှိကြောင်း နမ့်ခမ်းမြို့တွင်းရပ်ကွက်၌နေထိုင်သူ စီးပွါးရေးလုပ်ငန်းရှင် အမျိုးသားတဦးကလည်းပြောသည်။

၎င်းနှင့်ပတ်သက်၍ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ ဂျက်စ်မင်းက - “ ဒေသခံတွေက လျော်ကြေးကိုလက်ခံကြပြီလေ။ တချို့တောင်မှ အဲ့ ပိုက်ဆံတွေနဲ့ ကားတွေဘာတွေဝယ်စီးနေကြပြီဆိုတော့ ကျမတို့အနေနဲ့လဲ ထိထိရောက် ရောက် လုပ်ပေးနိုင်စွမ်းမရှိတော့ဘူး။ ကျမ တို့အဖွဲ့က အဲ့ဒီဒေသခံတွေကိုသွားပြောတယ်။ ကားဝယ်စီးရင် ၄-၅ နှစ် ၁၀ နှစ်ဆိုရင် အဲ့ကားပျက်စီးပြီပေါ့။ လယ်ယာခြံမြေ တွေက သားစဉ်မြေးဆက်လုပ်စားလို့ရတယ်။ ဘာလို့ အလဲခံသလဲပေါ့။ သူတို့က အဲ့ဒီအကြောင်းမစဉ်းစားမိဘူးတဲ့။ အဲ့လိုပညာပေး ဟောပြောပေးတဲ့သူလဲမရှိဘူးလေ” ဟု ပြောသည်။

အဆိုပါဂက်စ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းသည် ရခိုင်ပြည်မှ တရုတ်နိုင်ငံအထိ ၂၂ မြို့နယ်ဖြတ်သန်းမည်ဟု Shwe Gas အဖွဲ့က ဆိုပါသည်။ သို့သော် Earth Right International အဖွဲ့က ၁၈ မြို့နယ်ဖြတ်သန်းမည်ဟု ၎င်းတို့၏ အစီရင်ခံစာတွင်ဖော်ပြထား သည်။ သျှမ်းပြည်အတွင်း၌မူ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်းနှင့်မူဆယ် ၇ မြို့နယ်ကိုဖြတ်သန်းမည်ဖြစ် ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း၌မူ ၉ ရွာ လူ ၈၆ ဦး၏ လယ်ယာမြေကိုဖြတ်သန်း၍ပိုက်လုံးချနေသည်ဟု သိရသည်။ ၎င်းတို့သည် ဝိန်းကန်း ရွာ၌ ၄ ဦး၊ ဝမ့်မိုင်ရွာ၌ ၃ ဦး၊ နမ့်မ ၁၂ ဦး၊ ဟိုပုံ ၂၀ ဦး၊ လွယ်ကန် ၂ ဦး၊ နောင်တိန်းရွာ ၅ ဦး၊ နောင်မ ၃ ဦး၊ နောင်ခမ်း၂၉ ဦးနှင့် နမ့်ခမ်းမြို့အတွင်း ၈ ဦး တို့ဖြစ်ကြောင်း နမ့်ခမ်းဒေသခံကပြောသည်။

နမ့်ခမ်းဒေသခံများအတွက် လျော်ကြေးကိုမူ ပြီးခဲ့သည့် စက်တင်ဘာလကစ၍ ပေးနေသည်ဟုလည်း သိရပါသည်။

မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင်“တရုတ်အမျိုးသားရေနံကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) က ၂၀၁၀ ပြည့်နှစ်တွင် လုပ်ငန်းတာဝန် စတင်ခဲ့ပြီး လာမည့် ၂၀၁၃ ခုနှစ် အပြီး တည်ဆောက် မည်ဖြစ်သည်။

မြန်မာတွေဘာကြောင့်မချမ်းသာ တာလဲ


မေတ္တာရှင် - ငါ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကို တရားဟောကြွတော့ ဆစ်ဒနီက
ဗုဒ္ဓဘာသာ လူငယ်တွေက မြန်မာတစ်မျိုးသားလုံး သိသင့်တဲ့ မေးခွန်းတစ်ခု မေးတယ်။
အဲဒီမေးခွန်းက -

မြန်မာတွေဟာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ကိုးကွယ်ခွင့်ရတယ်။
ဒါနကုသိုလ်လည်း အများကြီးပြုကြတယ်။ အဲဒီနှစ်ချက်ကို ထောက်ကြည့်ရင် မြန်မာတွေဟာ
ကမ္ဘာမှာအချမ်းသာဆုံး ဖြစ်သင့်တယ်။ ဒါပေမယ့် ထင်သလောက် မချမ်းသာဘူး။ အဲဒါ
ဘယ်အကြောင်းတွေကြောင့်လဲ တဲ့။

သန်း - ဟာ သိပ်ကောင်းတဲ့ မေးခွန်းပဲ ဘုရား။ ဆရာတော်က ဘယ်လိုဖြေလိုက်လဲ ဘုရား။

မေတ္တာရှင် - အကျဉ်းချုပ် ဖြေလိုက်တာက မြန်မာတွေဟာ ဗုဒ္ဓစကားကို နားမထောင်ကြလို့
ဆင်းရဲနေကြတာလို့ ဖြေလိုက်တယ်။

သန်း - အဲဒီလောက် ကျဉ်းလွန်းအားကြီးတော့လည်း ဘယ်နားလည်ပါ့မလဲ ဘုရား။
နည်းနည်းအကျယ်ချဲ့ ဖြေဦးမှပေါ့ ဘုရား။

မေတ္တာရှင် - မြန်မာအများစု မကြီးပွါးခြင်း အကြောင်း ၁၁ ချက်ကို တွေ့ရတယ်။ အဲဒီ
၁၁ ချက်ကို ပြင်လိုက်လျှင်တော့ ကြီးပွါးချမ်းသာလာကြမှာ။ အဲဒီ ၁၁ ချက်က -

၁။ တကယ် လိုအပ်သော နေရတွင် မလှူဘဲ နာမည်ကြီးမည့် နေရတွင်သာ စုပြုံလှူကြခြင်း။
ဥပမာအားဖြင့် စာသင်တိုက်တစ်တိုက်မှာ ကုဋီ (အိမ်သာ) လိုနေတယ်။ ဒါပေမယ့်
လှူမယ့်သူ မရှိဘူး။ ဘာကျတော့ လှူသလဲ ဆိုတော့ ဘုရားခန်းထဲမှာ ရုပ်ပွါးတော်တစ်ဆူ
ရှိပြီးဖြစ်လျက်နဲ့ နောက်ထပ် ရှစ်ဆူလောက် ထပ်လှူတော့ ဘုရားကိုးဆူဟာ
ကျပ်ကျပ်တည်းတည်း စံနေတော်မူကြရတယ်။

ဗုဒ္ဓဘာသာအများစုဟာ ဘုရားဒကာ၊ ဘုရားအမသာ အမည်ခံချင်ကြတာ။ အိမ်သာဒကာ၊ အိမ်သာအမ
အမည်မခံချင်ကြဘူး။ လှူတယ်ဆိုတာ ကိုယ့်အတွက် မဟုတ်ပါဘူး။ အလှူခံအတွက်ပါ။
ဒါကြောင့် အလှူခံ လိုအပ်တာကို ရွေးချယ်ပြီး လှူသင့်တယ်။ ကိုယ်လှူချင်တာကို
ရမ်းပြီး မလှူသင့်ဘူး။


၂။ မြတ်စွာဘုရားက အင်္ဂုတ္တိရ်ပါဠိတော် ဇဏုသောဏိသုတ်မှာ သမ္မဒါလေးပါးနဲ့
ပြည့်စုံရင် ကြီးပွါးချမ်းသာမယ်လို့ ဟောခဲ့တယ်။ ဗုဒ္ဓဘာသာအများစုဟာ တစ်ပါးမှ
မပြည့်စုံဘူး။

၃။ ဘာသာရေးအပေါ်မှာ ထားတဲ့ မေတ္တာ စေတနာမျိုးကို စီးပွါးရေးအပေါ်မှာ
မထားကြလို့လည်း မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၎။ ပျင်းရိခြင်း အကုသိုလ်ကို ရောင့်ရဲခြင်းကုသိုလ်လို့ အထင်မှား
ကျင့်သုံးနေတဲ့အတွက်လည်း မြန်မာတွေဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၅။ အတ္တသမာပဏီဓိ မင်္ဂလာချို့တဲ့လို့ တစ်နည်းအားဖြင့်
မိမိကိုယ်မိမိကောင်းတဲ့အလုပ်မှာ ဆောက်တည်နေနိုင်စွမ်း မရှိလို့လည်း
မြန်မာအများစုဟာ ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။

၆။ အချိန်တန်ဖိုးကို မသိကြတဲ့အတွက်လည်း ကြီးပွါးသင့်သလောက် မကြီးပွါးကြဘူး။
အချိန်တန်ဖိုး သိတဲ့သူများဟာ ဥစ္စာစည်းစိမ်ကို ရခြင်း၊ ကုသိုလ်တရားကို ရခြင်း၊
ပညာဗဟုသုတကို ရခြင်း အမျိုးမျိုးနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချတယ်။

အချိန်တန်ဖိုးမသိတဲ့သူများကတော့ မြူးထူးပျော်ပါးကစားခြင်း၊ ငြင်းခုံခိုက်ရန်
စကားများခြင်း အချိန်ကို တန်ဖိုးမဲ့စွာ အသုံးချတယ်။

၇။ ကိုယ့်ထက်သာလျှင် မနာလိုဖြစ်ပြီး သူတစ်ပါးအကျိုး ပျက်စီးအောင်
ဖျက်ဆီးတတ်ကြတယ်။ ဒီအချက်ဟာလည်း မြန်မာအများစု မကြီးပွါးခြင်းရဲ့
အကြောင်းတစ်ခုပဲ။ ကိုယ့်ထက်သာလို့ ဝမ်းသာရင် မုဒိတာလို့ ခေါ်တဲ့
ကုသိုလ်တရားဖြစ်တယ်။ ကိုယ့်ထက်သာလို့ မနာလိုဖြစ်ရင် ဣဿာဆိုတဲ့ အကုသိုလ်တရား
ဖြစ်တယ်။

ပညာရှိ ပညာမဲ့ဆိုတာ ဒီနေရာမှာ ကွဲသွားတာပဲ။ ပညာရှိက ကိုယ့်ထက်သာတဲ့
လူကိုတွေ့ရင် ဝမ်းမြောက်ခြင်းဆိုတဲ့ မုဒိတာကုသိုလ်ကို အရယူတယ်။ ပညာမဲ့က
ကိုယ့်ထက်သာတဲံသူကို တွေ့ရင် ဣဿာလို့ခေါ်တဲ့ အကုသိုလ်ကို အရယူတယ်။
ဒေါက်တာဘွဲ့ကြီး ရထားပါစေ၊ မနာလိုတတ်တဲ့သူဟာ ပညာမဲ့ပါပဲ။ ဘာအတန်းပညာမှ မတတ်ရင်
နေပါစေ၊ ကိုယ့်ထက်သာတဲ့ သူအပေါ်မှာ ဝမ်းမြောက်ရင် ပညာရှိပဲ။

ဣဿာဖြစ်နေသလား၊ မုဒိတာဖြစ်နေသလား ဆိုတာ သူ့ရဲ့နှုတ်က ထုတ်ဖော်
အစီရင်ခံပါလိမ့်မယ်။ တော်တာကို တော်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ
ချီးမွမ်းစကားပြောရင် သူ့သန္တာန်မှာ မုဒိတာတရား ဖြစ်နေတယ်လို့ သိနိုင်တယ်။
မချီးမွမ်းဘဲ နှုတ်ဆိတ်နေခြင်း၊ မပြောပလောက်တဲ့ အားနည်းချက်ကို ထောက်ပြပြီး
အပြစ်ပြောနေခြင်းဟာ သူ့သန္တာန်မှာ ဣဿာဖြစ်တယ်လို့ ပြတာပါပဲ။

ပညာမဲ့က သူ့သန္တာန်မှာ ဣဿာတရားဖြစ်နေတယ် ဆိုတာကို သူတစ်ပါးရဲ့ အပြစ်ကို
အတုံးလိုက် အတစ်လိုက်ပြပြီး ထင်ထင်ရှားရှား ပြတယ်။ ပညာတတ်တွေကျတော့
သူတို့သန္တာန်မှာ ဖြစ်နေတဲ့ ဣဿာကို ထင်ထင်ရှားရှား မပြဘူး။ မသိမသာဘဲ ပြတယ်။
ပညာတတ်က သူတို့သန္တာန်မှာ ဣဿာဖြစ်နေတာကို သူတစ်ပါး သိသွားမှာကိုလည်း
စိုးရိမ်တယ်။ အဲဒီတော့ ပညာတတ်က အောင်မြင်နေတဲ့ လူတစ်ယောက်ရဲ့ မပြောပလောက်တဲ့
အပြစ်ကလေးကို ခပ်ပါးပါး ထောက်ပြပြီး အမှတ်ယူတတ်တယ်။ အပေါ်ယံ ကြည့်ရင်တော့
အောင်မြင်နေတဲ့ လူရော၊ သူ့နောက်လိုက်တပည့်တွေကိုပါ မှားမှာစိုးလို့ သတိပေးတဲ့
ပုံစံမျိုးပေါ့။ အမှန်က မိမိရဲ့ဣဿာကို သူတစ်ပါး မသိအောင် ခပ်ပါးပါး
လှစ်ပြတာပါပဲ။

၈။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ နံပါတ်ရှစ် အကြောင်းကတော့ စာပေဗဟုသုတ
မရှိတာပါပဲ။

၉။ နံပါတ် ၉ အကြောင်းကတော့ ဒေသန္တရဗဟုသုတ မရှိတာပါပဲ။ ဒါကြောင့်
စာပေဗဟုသုတရှိအောင် စာမျိုးစုံ ဖတ်သင့်ပြီး တစ်နှစ် တစ်ကြိမ်
ဒေသန္တရဗဟုသုတခရီးကို သွားသင့်ပါတယ်။

၁၀။ နံပါတ်တစ်ဆယ် အကြောင်းကတော့ ခေါင်းဆောင်စိတ် နည်းပါးတာပါပဲ။ ကောင်းတဲ့
အလုပ်ဆိုရင် မခိုင်းဘဲ လုပ်တာ။ အလုပ်ကို အများကြီး လုပ်ပြီး အခွင့်အရေးကို
နည်းနည်းယူတာတွေဟာ ခေါင်းဆောင်စိတ်ပါပဲ။ ဆန့်ကျင်ဘက်အားဖြင့် ခိုင်းမှ
လုပ်တတ်တာ။ အလုပ်ကို နည်းနည်းလုပ်ပြီး အခွင့်အရေး အများကြီးယူတာဟာ
နောက်လိုက်စိတ် ခေါ် ကျွန်စိတ်ပါပဲ။

၁၁။ မြန်မာအများစု မကြီးပွါးခြင်းရဲ့ ၁၁ ခုမြောက် အကြောင်းကတော့
ကိုယ့်အားကိုယ်ကိုးလိုစိတ် နည်းပါးတာပါပဲ။ အနောက်တိုင်းနိုင်ငံ အများစုက
အရှေ့တိုင်းနိုင်ငံ အများစုထက် ချမ်းသာကြွယ်ဝနေရခြင်းရဲ့ အဓိကအကြောင်းဟာ ၁၈
နှစ်ပြည့်တာနဲ့ ကိုယ့်အားကိုယ်ကိုးပြီး စီးပွါးရေး အလုပ်လုပ်ကြလို့ပဲ။
အနောက်နိုင်ငံက လူငယ်တွေဟာ ၁၈ နှစ်ပြည့်ပြီးတာနဲ့ လူကြီးဖြစ်ပြီလို့
သတ်မှတ်ပြီး စီးပွါးရေးလုပ်ငန်း၊ တစ်နည်း ငွေဝင်တဲ့ လုပ်ငန်းတစ်ခုခုကို
မဖြစ်မနေ လုပ်ကြတော့တာပဲ။

မြန်မာအမျိုးသမီးတစ်ဦး နယူးဇီလန်နိုင်ငံကို ပညာတော်သင် ရောက်သွားတယ်။ တစ်နေ့
ကိစ္စတစ်ခုရှိလို့ တက္ကစီ ငှားစီးသွားတယ်။ ကားမောင်းသမားလေးက အသက်ငယ်ရွယ်သူလေး
ဖြစ်နေလို့ ကျောင်းမတက်ဘူးလားလို့ မေးကြည့်တဲ့အခါ ဆေးတက္ကသိုလ် နောက်ဆုံးနှစ်
ကျောင်းသားဖြစ်နေတယ်။ မြန်မာအမျိုးသမီးဆိုတော့ မြန်မာပြည်ရဲ့ အလေ့အထအတိုင်း
မိဘက မတတ်နိုင်လို့ တက္ကစီ မောင်းနေရတာလို့ ထင်သွားတာပေါ့။

သန်း - အဲဒီအတိုင်း ဟုတ်ပါသလား ဘုရား။

မေတ္တာရှင် - ဘယ်ဟုတ်ရမှာလဲ။ မေးလိုက်တဲ့အခါ ဟိုက ဘယ်လို ပြောသလဲဆိုတော့
ကျွန်တော်တို့ နိုင်ငံရဲ့ အလေ့အထက အနောက်တိုင်းဆန်ပါတယ်။ ဒါကြောင့် ၁၈ နှစ်
ပြည့်ပြီးတာနဲ့ မိဘကို အားကိုးပြီး မနေကြပါဘူး။ ကိုယ်ပိုင်လုပ်ငန်း
တစ်ခုခုလုပ်ပြီး ငွေရှာပါတယ်။ အဲဒီငွေနဲ့ ကျောင်းတက်ပါတယ်။ ၁၈ နှစ်
ပြည့်ပြီးရင် လူကြီးဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ လူကြီးဘဝ ရောက်နေပြီ ဖြစ်ရက်နဲ့
မိဘလုပ်စာ ထိုင်စားရမှာ မိဘလုပ်စာနဲ့ ကျောင်းတက်ရမှာကို အင်မတန် ရှက်ကြပါတယ်။

၁၈ နှစ်ပြည့်ပြီး သူငယ်ချင်းတွေ တွေ့ကြတဲ့အခါ ဘာအလုပ် လုပ်သလဲလို့
မေးမြန်းနှုတ်ဆက်တတ်ပါတယ်။ ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရက်နဲ့ စီးပွါးရေး
အလုပ်တစ်ခုမှ မလုပ်တဲ့သူကို လူရာမဝင်သူလို့ သတ်မှတ်ပြီး ဘယ်သူမှ အပေါင်းအသင်း
မလုပ်ကြပါဘူးလို့ အားရပါးရ ပြန်ပြောတယ်။

သန်း - တပည့်တော်တို့ မြန်မာလူငယ်တွေနဲ့ ကွာလိုက်တာ ဘုရား။ ဒီမှာတော့
ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး ကျောင်းတက်တဲ့လူကို ဆင်းရဲသားဆိုပြီး
ဝိုင်းအထင်သေးကြတယ်။ မိဘလုပ်စာစား၊ မိဘအိမ်က ကားနဲ့ စတိုင်ကျကျ
ကျောင်းတက်နိုင်သူကိုမှ သူဌေးဆိုပြီး အထင်ကြီးကြတယ်။

မေတ္တာရှင် - အေး ဟုတ်တယ်။ မြန်မာ အများစုဟာ ဂုဏ်မယူသင့်တာတွေကို ဂုဏ်ယူပြီး
ဂုဏ်ယူသင့်တာကို ဂုဏ်မယူတဲ့အတွက် ကြီးပွါးသင့်သလောက် မကြီးပွါးကြတာဘဲ။

~~~

၂၀၀၈ ခုနှစ် ဇွန်လထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖော်ပြထားသော မေတ္တာရှင် (ရွှေပြည်သာ)၏
လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ - ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ အကျိုးအပြစ်ကို
ဆင်ခြင် ပြင်ဆင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး မဖတ်မိသေးတဲ့သူများအတွက်
ဝေမျှလိုက်တာပါ လို့.....။


http://july-dream.blogspot.com/2010/11/why-arent-we-rich.html မှာ
ဖော်ပြထားပါတယ်။