Wednesday, January 25, 2012

ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ (၁)

ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား
ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံး လူတွေထဲက တစ်ယောက် အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာ သိမ်းယူပြီးသည့် အချိန်က စပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ် အဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ အဲလို တာဝန် ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက် ညှဉ်းပန်းခြင်းနဲ့ မျှတသော တရားစီရင်ခြင်း မရှိဘဲ ထောင်သွင်း အကျဉ်းချ ထားတာကလည်း တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေ သာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်း အများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီး ရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့် အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်း ကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရ မလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည် ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။  ဒါဟာ မှားယွင်းကြောင်း သိတယ်ဆိုရင် အစိုးရတရပ် အနေနဲ့ လူသိရှင်ကြား တောင်းပန် ရမှာပါ။ နောက်ဆက်တွဲ အနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည် ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာ အစိုးရများရဲ့ ကျင့်ဝတ် ဖြစ်ပါတယ်။
မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံ ပြောဆိုခြင်းဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အကောင်အထည် ဖော်နေပါတယ် ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။
ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန် ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ မှားယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီး ချုပ်နှောင်ထားတာဟာ အလွန် ရှက်စရာကောင်းတဲ့ အပြုအမူ ဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
နှိပ်စက် ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလို ဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။
အခု ကိုသန့်ဇော် ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက် ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။
ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း
နေ့စွဲ။    ။ ၃၁၊ ၇၊ ၉၅
၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခန့်မှာ ကျွန်ုပ်၏ ခြံဝင်းတံခါးကို ဖျက်ဆီးဝင်ရောက်ပြီး ဧည့်စာရင်း စစ်မည်ဟုဆိုကာ အိမ်တံခါးကို ဖွင့်ခိုင်းပါသည်။ အိမ်တံခါးဖွင့်၍ ပေးပြီး ချက်ချင်းဆိုသလို ကျွန်ုပ်အား လက်ထိပ်ခတ်ပြီး အမျိုးသားထောက်လှမ်းရေးမှ ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားပါသည်။ ကျွန်ုပ်၏ နေအိမ်နှင့် ခြံဝင်း အတွင်း တို့ကိုလည်း ကျွန်ုပ်ကို ခေါ်ဆောင်ပြီး နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် ပိုက်စိပ်တိုက် ရှာဖွေ ကြသည်ဟု နောက်မှ သိရပါသည်။
ကျွန်ုပ်အား ဖမ်းဆီးချိန်တွင် ကျွန်ုပ် သဘောပေါက်သည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနား ကိစ္စနှင့် လာမည့် ၁၉ ရက်နေ့ အာဇာနည်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်တွင် ဦးဆောင်မှု အခန်း၌ ပါဝင် ပတ်သက်ခြင်းကို သိရှိသွားသဖြင့် ဖမ်းဆီးခံရသည်ဟု ယူဆမိပါသည်။ သို့သော် ကျွန်ုပ်အား တင်ဆောင်သွားသည့် သံလျင်မြို့နယ်ရဲစခန်းမှ လင့်ရိုဗာ ကားပြာလေးသည် တနေရာတွင် ခေတ္တရပ်ပြီး ‘မိုးကျော်သူ’ (၁၈ နှစ်) အား ဖမ်းဆီး လာသည်ကို တွေ့ရသောအခါ ကျွန်ုပ် အဖမ်းခံရသည့်ကိစ္စမှာ ဇဝေဇဝါ ဖြစ်သွားရပါတယ်။ အဘယ့်ကြောင့်ဆိုသော် အာဏာဖီဆန်ရေး ပြုလုပ်မည့် အစီအစဉ်တွင် သော်လည်းကောင်း၊ ကျွန်ုပ်၏ နိုင်ငံရေး လှုပ်ရှားမှုများတွင်သော် လည်းကောင်း၊ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ငန်းရေးရာ အသီးသီးတွင် လည်းကောင်း၊ ပါဝင်ပတ်သက်မှု (အတွင်းစည်း) မရှိသူ (သို့မဟုတ်) မသိသူတစ်ဦး ဖြစ်နေသည့်အပြင် ‘မိုးကျော်သူ’ ဆိုသော လူငယ်လေးမှာ ရိုးသားပြီး အိမ်၏ စားဝတ်နေရေးအတွက် ကျောင်းမှထွက်ကာ အလုပ်လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ဖြစ်ပါတယ်။ သေချာသည်မှာ ဇူလိုင် ၇ ရက်နေ့ အခမ်းအနားတွင် အခမ်းအနားလာပြီး တက်ရောက်သူအဖြစ် တစ်ကြိမ်သာ ကျွန်ုပ်နှင့် စကားပြောဖူးသူ ဖြစ်ပါတယ်။ ယခင် ဒီမှာ ကျင်းပသော စည်းဝေးပွဲများတွင် လည်းကောင်း စည်းရုံးရေးလုပ်ငန်းများတွင် လည်းကောင်း ကျွန်ုပ် တစ်ကြိမ်မျှ မတွေ့ဖူးသူ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ကျွန်ုပ်ဖမ်းဆီးခံရခြင်း အကြောင်းရင်းမှာ စဉ်းစား မရနိုင်အောင်ပင် ဖြစ်နေပါတော့တယ်။ ထပ်ပြီး ခွဲခြမ်း စိတ်ဖြာကြည့်မယ် ဆိုပါကလည်း ၁၂၊ ၇၊ ၈၉ ရက်နေ့ နေ့လယ်တွင် ကျွန်ုပ်တို့ သန်လျင်မြို့နယ်မှ ဒေါက်တာဝင်းနိုင်(MP)၊ ဦးမြင့်ဆွေ၊ ဦးခင်မောင်ဦး (မခ) တို့ကိုသာလျှင် ဇူလိုင် ၁၉ ရက်နေ့တွင် ပြုလုပ်မည့် အာဏာဖီဆန်ရေး အစီအစဉ်ကို အနည်းငယ်သာ ပြောပြထားတာပဲ ရှိပါတယ်။
ကျွန်ုပ်တို့ကို သန်လျင်ဘက်ကမ်းမှ သင်္ဘောဖြင့် ရန်ကုန်ဘက်သို့ မျက်နှာကို အဝတ်စည်း၍ ခေါ်ဆောင် သွားပါတယ်။ တနေရာအရောက်တွင် ဆင်းခိုင်းပြီး အခန်းငယ်တစ်ခု အတွင်းသို့ လူခွဲ၍ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို လက်ထိပ်ခတ်သည့်အပြင် ဝါယာကြိုးများဖြင့်ပါ တကိုယ်လုံးကို ပတ်ပြီး ချည်နှောင်ထားပါသည်။ နောက် ကျွန်ုပ်ကိုမေးပါတယ် “သန်လျင်ရေနံချက်စက်ရုံကို ခွဲတာ မင်းမဟုတ်လားတဲ့၊ ဘာမှ မငြင်းနေနဲ့တော့တဲ့၊ ဒီဗုံးကို ဘယ်က ရလဲ” တဲ့။ ကျွန်ုပ် ခေါင်းနားပန်း ကြီးသွားရပါတယ်။ ကျွန်ုပ် တသက်တာတွင် မခံစားဖူးသော ထိတ်လန့် တုန်လှုပ်မှုကြီးကို တမုဟုတ်ချင်း ခံစားလိုက်ရပါတယ်။ ကျွန်ုပ်လည်း ချက်ချင်းပင် လုံးဝ မဟုတ်ကြောင်း၊ လုံးဝ မသက်ဆိုင်ကြောင်း ပြန်လည် ချေပပါတယ်။ ချက်ချင်း ဆိုသလိုပဲ ကျွန်ုပ်၏ မျက်နှာဆီသို့ လက်သီးများဖြင့် မိတ်ဆက်လိုက်ကြပါတယ်။ လက်သီး ဆုကြေးများပင် မကတော့ဘဲ ဝါယာကြိုးဖြင့် လည်းကောင်း၊ တုတ်များဖြင့် လည်းကောင်း ရိုက်နှက်ပါတော့တယ်။ ကျွန်ုပ်၏ မျက်နှာအား အဝတ်စည်းထား၍ ဘယ်နှစ်ယောက်က ဝိုင်းပြီး ရိုက်နှက်နေသည်ကို မခန့်မှန်းနိုင်တော့ပါ။ နောက်ပိုင်းတွင် ထောက်လှမ်းရေးများသည် နှစ်ယောက်တစ်ဖွဲ့ ခွဲကာဖြင့် လည်းကောင်း၊ တစ်ယောက်ချင်းဖြင့် လည်းကောင်း ကျွန်ုပ်အား နည်းမျိုးစုံဖြင့် နှိပ်စက်၍ ဗုံးဖောက်ခွဲကြောင်း အတင်းအဓမ္မ ဝန်ခံခိုင်းကြပါတယ်။ ကျွန်ုပ်လည်း သေချင် သေပလေ့စေတော့ အမှန်တရားပဲ၊ လုံးဝ ဝန်မခံဘူး ဆိုပြီး ကြိတ်မှိတ်ခံနေပါတယ်။ ကျွန်ုပ်သည် ၎င်းဗုံးကိစ္စတွင် လုံးဝ ပါဝင် ပတ်သက်ခြင်း မရှိကြောင်း အချိန်နေရာ၊ သွားလာလှုပ်ရှားမှု အတိအကျကို အထောက်အထား ခိုင်လုံစွာဖြင့် သက်သေ သက္ကာယများ ခိုင်လုံစွာဖြင့် မည်မျှပင် ထပ်တလဲလဲ ပြောပြသော်လည်း ကျွန်ုပ်ကို စစ်ဆေးနေသော ထောက်လှမ်းရေးများသည် အတင်းအဓမ္မပင် ဗုံးခွဲသည်ဟု ရိုက်နှက် ထိုးကြိတ်၍ ဝန်ခံခိုင်းသည်။ ၎င်းတို့ ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်မှုများထဲတွင် နှစ်ရက်တိတိ အစာမကျွေး၊ ရေမတိုက်ခြင်း၊ ဦးခေါင်းကို လုံးပတ် တစ်ကျပ်လုံးရှိ တုတ်ထိပ်ဖျားဖြင့် အချက်ပေါင်း မြောက်မြားစွာ ရိုက်ခြင်း၊ မတ်တတ်ရပ် ခြေကားပြီး ဒူးကို ကွေးခိုင်း၊ ခြေဖျားထောက်ပြီး ခြေဖနောင့်အောက်တွင် အပ် ထောင်ထားခြင်း၊ နှစ်ရက်တိတိ မတ်တတ်ရပ်ခိုင်းခြင်းနှင့် ကျွန်ုပ်၏ လိင်တံကို တုတ်ဖြင့် ရိုက်နှက်ခြင်းတို့မှာ ကျွန်ုပ်အတွက် အရှင်လတ်လတ် ငရဲခန်းသို့ ရောက်နေသလို ခံစားရပါတယ်။ ၎င်းတို့ မည်မျှပင် နှိပ်စက်သည်ဖြစ်စေ ကျွန်ုပ်သည် ကျွန်ုပ် လုံးဝ ကျူးလွန်ခြင်း မရှိသော သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ကွဲမှုကို ကျွန်ုပ် လုံးဝ မလုပ်ကြောင်း အဖန်ဖန် ငြင်းဆိုနေပါတယ်။ ကျွန်ုပ်၏ နေအိမ်ကို ရှာဖွေရာတွင်လည်း အစိုးရဆန့်ကျင်ရေး စာရွက် စာတမ်း တစောင်တလေသော် လည်းကောင်း ဖောက်ခွဲရေးပစ္စည်း တပိုင်းတစသော် လည်းကောင်း အလျဉ်း ရှာဖွေ တွေ့ရှိခြင်း မရှိကြပါ။ သို့သော်လည်း ကျွန်ုပ်အား အတင်းပင် ရိုက်နှက် ညှဉ်းဆဲ၍ ဝန်ခံခိုင်းနေပါတယ်။ ကျွန်ုပ်ထက် စော၍ အဖမ်းခံရသူ ‘+++’ (၂၂ နှစ်၊ NLD လူငယ်) ကို ကျွန်ုပ်၏ ရှေ့မှောက်သို့ ခေါ်လာပြီး +++ ထောက်လှမ်းရေးများက ပြောခိုင်းစေသည်မှ…“ကိုသန်းဇော် အသား အနာမခံနဲ့တော့၊ ကျနော်တော့ ဝန်ခံလိုက်ပြီ်။ ခင်ဗျားလည်း ယောက်ျားပဲ ဟုတ်တယ်လို့ ဝန်ခံလိုက်တော့”လို့ ပြောပါတယ်။ ကျွန်ုလည်း လွန်စွာ ဒေါသဖြစ်မိပြီးတော့ “မင်းလည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး၊ မဟုတ်ဘဲနဲ့ ဘာကြောင့် ဝန်ခံရမှာလဲ”လို့ ပြောအပြီးမှာ ကျွနု၏ မျက်နှာနှင့် ခန္ဓာကိုယ် အနှံ့အပြားအပေါ် လက်သီးများ တုတ်များဖြင့် ထိုးကြိတ် ရိုက်နှက်တာကိုလည်း ခံရပါတယ်။
++++ဟာ ဇူလိုင် ၇ ရက်နေ့ ဗုံးပေါက်ကွဲမှု မဖြစ်ခင်ကရော ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန်မှာရော ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတုန်းကရော ကျွန်ုပ်နှင့် အနီးကပ်ဆုံး အချိန်များစွာ ပါတီလုပ်ငန်းများ နိုင်ငံရေး လုပ်ငန်းများကို ကျွန်ုပ်၏ ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်ပါတယ်။ ရပ်ကွက်ကျေးရွာ အောက်ခြေစည်းရုံးရေးက အစ အတူတူ အနီးကပ်ဆုံး တွဲလာခဲ့သူ တက်ကြွသူတစ်ဦး ဖြစ်ပါတယ်။ ချက်ချင်း သဘောပေါက်မိပါတယ်။ ထောက်လှမ်းရေးများဟာ ညီညီဦးကို ရိုက်နှက် ညှဉ်းပန်း၍ အတင်းအဓမ္မ ဝန်ခံခိုင်းပြီး ကျွန်ုပ်အား ++++ ကဲ့သို့ ဝန်ခံစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် ဆက်လက်၍ပင် ငြင်းဆန်ခဲ့ပါသည်။ မည်သို့ပင် ရိုက်နှက်စေကာမူ ကျွန်ုပ်သည် အခင်းဖြစ်ပွားချိန် ဇူလိုင် ၇ ရက်နေ့ မတိုင်မီ တစ ရက် နှစ်ရက်ကပင် N.L.D ဇူလိုင်လ ၇ ရက်နေ့ အခမ်းအနား အတွက် ရန်ကုန်တိုင်း NLD ရုံးတွင် အမှတ်တရ စာစောင်ထုတ်ဝေရေးကို ကျနော်က ဦးဆောင်၍ သန်လျင်မြို့နယ်အတွက် ဆောင်ရွက်နေကြောင်း ကျွန်ုပ်နှင့် အတူတူပင် ညီညီဦးလည်း ကျွန်ုပ်အနီးတွင် ရှိကြောင်း ၎င်းတို့ကို အခမ်းအနား တက်ရောက်လာသူ ပါတီအဖွဲ့အစည်း ပေါင်းစုံမှ ပုဂ္ဂိုလ်များ သိကြသည့်အပြင် ကျွန်ုပ်တို့ ရုံးခန်း NLD ပတ်ဝန်းကျင်မှ လူများလည်း သိကြောင်း စသည့် တိကျ သေချာ ခိုင်လုံသည့် အထောက်အထားများ ပြဆိုသော်လည်း ကျွန်ုပ်အား ညှဉ်းပန်း နှိပ်စက်၍ အတင်းအဓမ္မ ဝန်ခံခိုင်းနေပါတယ်။ မရှေးမနှောင်းမှာပင် +++ ကို ခေါ်လာပြီး ကျွန်ုပ်ကို ထပ်မံ ပြောခိုင်းပါတယ်။ “ကိုသန်းဇော် ပြောလိုက်ပါတော့။ လုပ်တယ် ဆိုတာကို ကျနော်တော့ ပြောလိုက်ပြီ”ဟု မိုးကျော်သူက ငိုပြီး ပြောပါတယ်။ ကျွန်ုပ်၏ ရင်ထဲတွင် ဝမ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ ဒေါသထွက်ခြင်းတို့ ရောပြွန်းပြီး “+++ မင်းလည်း ဘာမှမလုပ်ဘူး။ ငါလည်း မဟုတ်ဘူး။ ငါတို့ထဲက ဘယ်သူမှ မလုပ်ဘူး။ ဒီကိစ္စ ငါတို့နဲ့ လုံးဝ မပတ်သက်ဘူး။ မင်းတို့ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ဝန်ခံရတာလဲ” လို့ မဆိုင်းမတွဘဲ ပြန်ပြောလိုက်ပါတယ်။ ကျွန်ုပ်၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ဒဏ်ရာဒဏ်ချက်များ ဗရပွ ဖြစ်နေပြီး ကျွန်ုပ်၏ မျက်နှာတပြင်လုံး သွေးချင်းချင်း ရဲနေပါပြီ၊ ဦးခေါင်းကလည်း ရေအိုးကို ခေါင်းတွင် စွပ်ထားပြီး မြင်းမိုရ်တောင်ကြီးကို ရေအိုးပေါ် ဖိထားသလို တင်းကျပ် လေးလံစွာ ခံစားနေရပါပြီ။
ကျွန်ုပ် ထပ်တလဲလဲ သက်ဆိုင်ရာများကို ပြောပါသည်။ သန်လျင် ရေနံချက် စက်ရုံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် ကျွန်ုပ်တို့ လုံးဝ မပါဝင် မပတ်သက်ကြပါ။ တရားခံ အစစ်အမှန်ကို ကြိုးစားပြီး စုံစမ်း ထောက်လှမ်းကြပါ။ ကျွန်ုပ်တို့မှာ တရားခံ အစစ်အမှန်များ လုံးဝ အလျဉ်း မဟုတ်သည့်အတွက် ကျွန်ုပ်တို့လည်း နစ်နာသည်။ မြန်မာနိုင်ငံ ထောက်လှမ်းရေးအဖွဲ့ အရှက်တကွဲ ဖြစ်မယ်။ ကျွန်ုပ် တိုင်းပြည်ကို အလွန်ချစ်ပါသည်။ ရေနံချက်စက်ရုံကြီး ပေါက်ကွဲသွားအောင်နှင့် တခြား ပြည်သူလူထု နစ်နာစေမည့် အဖျက်လုပ်ငန်းများကို ဘယ်တော့မှ လုပ်ဆောင်မည် မဟုတ်ကြောင်း လှိုက်လှိုက်လှဲလှဲ ကျွန်ုပ်၏ ရင်တွင်းမှ ခံစားချက်များကို သေချာဂဏစွာ ပြောပြပါသော်လည်း ရိုက်နှက်၍သာ အတင်း ဝန်ခံခိုင်းနေပါသည်။
ကျွန်ုပ်အား စစ်ဆေး နှိပ်စက်မှုများ သုံးရက်ကြာသောအခါ +++ ကို ညသန်းခေါင်ယံတွင် ထပ်မံ၍ ကျွန်ုပ်၏ ရှေ့သို့ ခေါ်လာပြီး ကျွန်ုပ်အား ဝန်ခံဖို့ တိုက်တွန်းပါတယ်။ +++ ၏ မျက်ဝန်းတွင်းမှာလည်း ကျွန်ုပ်အတွက် စိတ်မကောင်းခြင်းနှင့် ဝမ်းနည်းကြေကွဲမှု အရိပ်အရောင်များ မြင်နေရပါတယ်။ ကျွန်ုပ်ကတော့ စူးစူးရဲရဲပဲ သူ့ကို ပြန်ကြည့်တယ်။ ဒေါသဖြင့် သူ့ကို ပြန်ပြောတယ်။ “မင်း မဟုတ်ဘဲနဲ့ ဘာလို့ ဝန်ခံရတာလဲ မင်းပြောတာတွေ ဘာမှ မဟုတ်ဘူး” ကျွန်ုပ်၏စိတ်တွေ ထူပူနေပြီ အိပ်ခွင့်မပေးတာ၊ နားခွင့်မပေးတာ၊ အစာစားခွင့် မပေးတာ၊ ရေသောက်ခွင့်မပေးတာ၊ နည်းမျိုးစုံဖြင့် ရိုက်နှက်နေတာ၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်နေတာ၊ သုံးရက်သုံးညရှိပြီ၊ +++ ပြောပုံကိုလည်းကြည့်ဦး “ကျွန်ုပ်အိမ်မှာ သူနဲ့ ကျွန်ုပ် ၆ ရက်နေ့ တညလုံး ဗုံးကို ပြုလုပ်တပ်ဆင်တယ်” တဲ့။ “ကိုသန်းဇော် ဘာမှ ငြင်းမနေနဲ့တော့ အသားနာခံ မနေနဲ့တော့”တဲ့၊ “လုပ်ရဲရင် ခံရဲရမှာပေါ့” တဲ့။
ကျွန်ုပ် အပြတ်ငြင်းလိုက်တဲ့ အသံရဲ့နောက်ပိုင်း ကျွန်ုပ်မှတ်မိတယ်၊ ၁ဝ ယောက်လောက်က ကျွန်ုပ်ကို ၀ိုင်းရိုက်တယ်။ နံကြားထဲကို လက်သီးနဲ့ ထိုးတဲ့သူက ထိုးတယ် (ကျွန်ုပ်ကို အဲဒီအချိန်က မျက်နှာကို အဝတ် မစည်းထားဘူး) ကျွန်ုပ် ခွေလဲသွားတယ်၊ လက်ထိပ်ကို နောက်ပြန်ခတ်ထားတယ်။ ကိုယ်ကိုလည်း လက်ထိပ် အပြင် ထပ်ပြီး ကြိုးနဲ့တုပ်ထားတယ်။ နာကြည်းမှု၊ ဝမ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပြန်လည်တုံ့ပြန်လိုမှု မခံမရပ်နိုင်ဖြစ်မှု၊ စိတ်ကြေကွဲ ယူကျုံးမရဖြစ်မှု စတာတွေဟာ ရောယှက်ပြင်းထန်စွာ ပေါက်ကွဲနေစဉ်မှာပဲ ကျွန်ုပ် အကြံတစ်ခု ရလာတယ်။ (ကျွန်ုပ်နှင့် ပတ်သက်သည်ဟု ယူဆပြီး ဖမ်းဆီးထားသူတွေလည်း အယောက် ၂ဝ ကျော်နေပြီ) အဲဒါက ကျွန်ုပ်မဖြတ်ရင် ဒီကိစ္စပြီးမှာ မဟုတ်ဘူး။ အားလုံးက အသား အနာမခံနိုင်ကြတော့ဘူး၊ တလေသံတည်း ဖြစ်ကုန်ပြီ ကျွန်ုပ်ဆီမှ ဂိတ်ဆုံးနေပြီး ကျွန်ုပ် တခုခု လုပ်ရတော့မယ်ပေါ့ သေမလား သို့မဟုတ် ပြန်တုံ့ပြန်မလား ဒါပဲ ရှိတော့တယ်။
ကျွန်ုပ် အကောင်းဆုံးဖြစ်မယ်လို့ ယူဆပြီး ပြန်တုံ့ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျွန်ုပ် ခွေပြီး လဲကျသွားတာကို နှစ်ယောက်က ချုပ်ပေးတယ်။ ထိုးကြိတ်လိုက်၊ ရိုက်လိုက်ပေါ့။ ကျွန်ုပ် တစ်ခွန်းပဲ ပြောလိုက်တယ်။ “ခင်ဗျားတို့ ဖြစ်ချင်တာ ကျနော်ပြောမယ်” ကျွန်ုပ်ကို ရိုက်နှက်တာ ရပ်သွားတယ်။ သူတို့မျက်နှာတွေ ပြုံးလာတယ်၊ ခက်ထန်နေတာက ကျွန်ုပ်ပေါ့။
ကျွန်ုပ်ကို ဗုံးပေးတဲ့သူက ‘မိုးသီဟ’ ဆိုသူ ကျောက်တံတားမြို့နယ် လမ်း ၄ဝ တွင် နေထိုင်သူ၊ ကျွန်ုပ်က လိပ်စာကို အိမ်နံပါတ်မှ အစ အတိအကျ ပြောလိုက်တယ်။ ၎င်း မိုးသီဟသည် ၁၉၈၉ ဧပြီလ ၁ ရက်နေ့က တောခိုသွားတာက အစပေါ့၊ တနေ့ ကျွန်ုပ်ဆီ ရောက်လာပြီး ဗုံးခွဲရန် လာရောက် ပြောဆိုကြောင်း၊ ကျွန်ုပ်ကလည်း လုပ်ပေးမည်ဟု ပြောပြီး လုပ်ပေးလိုက်ကြောင်းပေါ့၊ ထောက်လှမ်းရေးတွေက ချက်ချင်းပဲ မိုးသီဟ လိပ်စာအတိုင်း သွားဖမ်းတာပေါ့၊ မမိဘူးတဲ့ (ဘယ်မိမှာလဲ မိုးသီဟက ရှိမှ မရှိတာ၊ သူက တောထဲမှာပဲ။ မရှိတဲ့သူ၊ ဖမ်းလို့ မရမယ့် သူတွေကို ပြောရတာ။ မဟုတ်ဘဲနဲ့ ကိုယ်ပြောလို့ အဖမ်းခံရရင် သမိုင်းပျက်မှာပေါ့၊ သမိုင်းတော့ ဘယ်အပျက်ခံပါ့မလဲ) ထောက်လှမ်းရေးတွေ ပြန်ရောက်တော့ “မင်းပြောတာတွေ ဟုတ်တယ်။ ဒါပေမယ့် ဒီကောင် တောခိုသွားပြီး ကတည်းက အိမ်ကို ပြန်မလာဘူး”တဲ့၊ အိမ်က ဓာတ်ပုံတချို့ကို သိမ်းဆည်း လာပြီး ထောက်လှမ်းရေးတွေက ကျွန်ုပ်ကို ပြတယ်။ မိုးသီဟ အလှရိုက်ထားတဲ့ ပို့စကတ်ဆိုက် အဖြူအမည်းဓာတ်ပုံတွေ၊ ကျွန်ုပ်က “ဟုတ်တယ် အခု သူနဲ့တွေ့တာ ဒီပုံစံအတိုင်းပဲ” ဆိုပြီး အသားနားဆုံး ပုံတစ်ပုံကို ညွှန်ပြလိုက်တယ်။
ကျွန်ုပ် ထင်ထားသည့်အတိုင်းပဲ နောက်နေ့ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား သတင်းတွေထဲမှာ ပါလာပါတော့တာပါပဲ။ တကမ္ဘာလုံး သိကုန်ပြီပေါ့ ဒီသတင်းက အမှန်လား အမှားလား တကယ်လား လံကြုပ်လားဆိုတာ ဘန်ကောက် သတင်းစာရှင်းလင်းပွဲက အဖြေပေးလိုက်တယ်။ မိုးသီဟက နိုင်ငံတကာ သတင်းထောက်တွေ သတင်းစာဆရာတွေကို ကျွန်ုပ်တို့ မဟုတ်ကြောင်း၊ NLD ကို သိက္ခာချခြင်း ဖြစ်ကြောင်းပေါ့။
မရှေးမနှောင်းတင်မှာပဲ KNU အဖွဲ့က ခေါင်းဆောင် စောဘိုမြကလည်း သန်လျင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲသူမှာ မိမိတို့၏ လက်ချက် ဖြစ်ကြောင်း၊ NLD မှ လူငယ်များနှင့် လုံးဝ မပတ်သက်ကြောင်း၊ နိုင်ငံတကာသို့ လည်းကောင်း နဝတ သို့ လည်းကောင်း အသိပေး ကြေညာပါတယ်။ (ထိုအကြောင်းများမှာ အင်းစိန်ထောင်တွင်းရောက်မှ ကြားသိရခြင်းဖြစ်ပါတယ်။)
၁၇၊ ၇၊ ၈၉ နေ့မှာ ကျွန်ုပ်တို့ကို အင်းစိန်အကျဉ်းထောင်သို့ ပို့ပါတယ်။ ထိုနေ့တွင် ကျွန်ုပ်ကို ထားရှိရာ အထူးတိုက်ခန်းမှနေ၍ စောင်ဖြင့်အုပ်ပြီး အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်ကို ထိုင်စေပြီးမှ အုပ်ထားသောစောင်ကို ခွာချလိုက်ပါတယ်။ ကျွန်ုပ်၏ရှေ့တွင် ပထမဦးဆုံးတွေ့ရှိသူမှာ တရားသူကြီးတစ်ယောက်ဖြစ် ပြီး (သူ့ကိုယ်သူ ကျွန်ုပ်အား မိတ်ဆက်ပေးသောကြောင့် တရားသူကြီးမှန်း သိရပါတယ်) လက်ဝဲဘက်ဘေးတွင် အမျိုးသမီးနှစ်ယောက် တွေ့ရပါတယ်။ သူတို့သည် သက်သေများဟု ပြောပါတယ်။ ကျွန်ုပ်၏ လက်ယာဘက်တွင် အဝေးထိန်း ဗွီဒီယိုကင်မရာတစ်ခု ထောင်ထားပြီး ၎င်းမှန်ဘီလူးက ကျွန်ုပ်အား ချိန်ရွယ်ထားပါတယ်။ ၎င်းဗွီဒီယို ကင်မရာဘေးတွင် မြန်မာသတင်းစဉ် (သို့) ထောက်လှမ်းရေးမှဟု ယူဆရသော ကျွန်ုပ်အား ဓာတ်ပုံရိုက်ယူနေသည့် ဓာတ်ပုံကင်မရာသမားတစ်ဦးကို တွေ့ရပါတယ်။ ကျွန်ုပ်၏ရှေ့ နှစ်ပေခန့်အကွာ စားပွဲခင်း၏အောက်တွင် အသံဖမ်း မိုက်ကရိုဖုန်း (Microphone) အပြာလေးကို တွေ့ရပါတယ်။ ၎င်းမှထွက်လာသော ဓာတ်ကြိုးသည် ကျွန်ုပ်၏ နောက်ကျော ဆယ့်နှစ်ပေခန့်အကွာရှိ တိတ်ခွေနှစ်ခွေထည့်ထားသော ကက်ဆက်ရီကော်ဒါ နှစ်လုံးဆီသို့ ဆက်သွယ်ထားကြောင်း တွေ့ရှိရပါတယ်။ ၎င်းအနီးအနားတွင် စစ်တပ်မှ အရာရှိအချို့ကိုလည်း ကျွန်ုပ် လှည့်ကြည့်သောကြောင့် တွေ့ခဲ့ရပါတယ်။
တရားသူကြီးဆိုသူက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျွန်ုပ်ကို ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်၍ ဖြောင့်ချက်ပေးရန် ဖြစ်ကြောင်း မပေးလိုပါက မပေးဘဲ နေလို့ရကြောင်း ပြောပါတယ်။ ကျွန်ုပ်သည် မဆိုင်းမတွပင် “ကျွန်ုပ်သည် ဖြောင့်ချက်ပေးရန် ဆန္ဒ လုံးဝမရှိကြောင်း၊ ကျွန်ုပ်မှာ ကျန်းမာရေး မကောင်းကြောင်း၊ တရားရုံး ရောက်မှသာ အများရှေ့မှောက်တွင် ဖြောင့်ချက်ပေးမှာဖြစ်ကြောင်း” ပြောရာ တရားသူကြီးက ကျွန်ုပ်အား “စဉ်းစားပါဦး။ အခု  တခါတည်း ဖြောင့်ချက်ပေးစေလိုကြောင်း” ပြောရာ ကျွန်ုပ်က “အနူးအညွတ် တောင်းပန်ပါကြောင်း၊ ဖြောင့်ချက်ပေးရန် ကျွန်ုပ်တွင် လုံးဝ ဆန္ဒမရှိပါကြောင်း၊ စဉ်းစားပြီးမှ တရားသူကြီးမင်းအား ပြောခြင်းဖြစ်ကြောင်း” ပြောရာ တရားသူကြီးက “ထပ်မံစဉ်းစားပါရန်” စဉ်းစားဖို့ ခဏ အချိန်ပေးလိုက်ပါတယ်။ အဲဒီအချိန်က နေ့လယ် ၁၂းဝဝ နာရီကျော် ဖြစ်ပါတယ်။
အဲဒါနဲ့ ထောက်လှမ်းရေးများဟာ ကျွန်ုပ်ကို စောင်ခြုံစေ၍ အပြင်သို့ခေါ်သွားပြီး တခြားအခန်းတစ်ခုထဲသို့ ခေါ်သွားပါတယ်။ ကျွန်ုပ်ကို ဆဲဆိုပြီး ဝိုင်းထိုးကြိတ်ကြတယ်။ ခြေထောက်တွေနဲ့ ဆောင့်ကန်တယ်။ စောင်ကို ခွာလိုက်ပြီး မျက်နှာကို လက်သီးတွေနဲ့ ထိုးတယ်။ ကျွန်ုပ်အား စတင်ဖမ်းဆီး စစ်ဆေးနှိပ်စက်သော ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ အောင်သပြေ ရဲရိပ်သာမှ ထောက်လှမ်းရေးများပင် ဖြစ်ပါတယ်။ ကျွန်ုပ်လည်း ဖြောင့်ချက်မပေးနိုင်ကြောင်း တရားရုံးရောက်မှ အမှန်အတိုင်း အများရှေ့မှောက်တွင် ပြောမည်ဖြစ်ကြောင်း အဖန်ဖန် တောင်းပန် တိုးလျှိုး၍ ပြောပါတယ်။ အချိန်မှာလည်း တဖြည်းဖြည်း ညအချိန်သို့ ရောက်ရှိလာပါတယ်။ ရေဒီယိုမှ ည ၈ နာရီ ထိုးသည့်အသံ သတင်းကြေညာသော အသံကို ကြားနေရပါတယ်။ ကျွန်ုပ် ကောင်းစွာ ကြားနေသည်မှာ ၎င်းသတင်းတွင် စစ်ခုံရုံးများ ဖွင့်လှစ်ခြင်းကို ကြေညာသံ ကြားရပါတယ်။ မရှေးနှောင်းတွင် နဝတ အတွင်းရေးမှူး(၁) ဦးခင်ညွန့်က သန်လျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ကြေညာသံကို ကြားနေရပါတယ်။ ထို့နောက် ချက်ချင်းပင် ထောက်လှမ်းရေးများက တခြား မကြားနိုင်သည့်နေရာကို ခေါ်ဆောင်သွားပါတယ်။ ကျွန်ုပ်သည် ဖြောင့်ချက် မပေးချင်၍ တမင် အချိန်ဆွဲနေလည်း မရပါ။ အတင်းအဓမ္မပင် ဖြောင့်ချက်ပေးခိုင်းပါသည်။ ကျွန်ုပ်၏ ရှေ့မှ ညီညီဦးနှင့် မိုးကျော်သူ တို့ ဖြောင့်ချက်ပေးသွားကြောင်း ကျွန်ုပ်အား ပြပါတယ်။ ကျွန်ုပ် ဆက်လက်၍ပင် ငြင်းဆန်နေပါတယ်။ နှိပ်စက်မှု ပြင်းထန်ပြီး မပေးလျှင် မရကြောင်း အဓမ္မ ပြုလုပ်ခိုင်းပါသည်။ အချိန်မှာ ည ၉ နာရီ ကျော်နေပါပြီ၊ ဖြောင့်ချက်ပေးမည့် တရားသူကြီးနှင့် သက်သေဆိုသူ အမျိုးသမီးနှစ်ယောက်မှာ ကျွန်ုပ်က ဖြောင့်ချက် မပေးမချင်း စောင့်နေပါတယ်။ ထောက်လှမ်းရေးများသည် အတင်းအဓမ္မ အခန်းထဲ ဆွဲသွင်းပြီး ကုလားထိုင်တွင် အတင်းထိုင်စေ၍ ၎င်းတို့ အောင်သပြေရဲရိပ်သာ စစ်ကြောရေးစခန်းတွင် လံကြုပ် ပြောခဲ့သည့် ဗုံးပေါက်ကွဲမှုအကြောင်း ပြောခိုင်းပါသည်။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စိတ်မပါ့တပါဖြင့် လည်းကောင်း မေးခွန်းများကို ပြန်လည် ဖြေဆိုခြင်းကို တုံဏှိဘာဝေ နေခြင်းဖြင့် လည်းကောင်း ဂရုမထားသည့် ဟန်မျိုးဖြင့်လည်းကောင်း၊ ရှေ့နောက် မညီအောင် လံကြုပ် ဖြောင့်ချက်ကြီးကို ညသန်းခေါင် ၁၂းဝဝ နာရီအထိ ပြောခဲ့ရပါတယ်။
၂၇၊ ၇၊ ၈၉ နေ့ နံနက်ပိုင်းတွင် ကျွန်ုပ်အား တိုက်ခန်းဝင်း ရှေ့တံခါးမှ ထုတ်၍ ကားဖြင့် လာရောက်ခေါ်သွားပါတယ်။ အင်းစိန် အကျဉ်းထောင်ဘေးရှိ ခန်းမတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်ပါတယ်။ ၎င်းနေရာတွင် ညီညီဦးနှင့် မိုးကျော်သူတို့ကို တွေ့ရပါတယ်။ သူတို့နှစ်ယောက်ရော ကျွန်ုပ်ပါ လက်ထိပ်ခတ်ထားပြီး အတူ ထိုင်ခိုင်းထားပါတယ်။ ကျွန်ုပ်တို့၏ မျက်နှာများကို မဖုံးထားသည့်အတွက် ပတ်ဝန်းကျင် အားလုံးကို မြင်နေရပါတယ်။ တရားစစ်ဆေး ကြားနာဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။ ကျွန်ုပ်က အထင်ဖြင့် ညီညီဦးနှင့် မိုးကျော်သူတို့အား ယခု လုပ်နေသည်မှာ စစ်ခုံရုံးဖြစ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြတ်ပြတ်သားသား ပြောရန် အထပ်ထပ် မှာကြားပါတယ်။
သေချာပါတယ်။ စစ်ခုံရုံး ဖြစ်ပါတယ်။ ပြင်ဆင်ပြီးတာနဲ့ ကျွန်ုပ်တို့ သုံးဦးကို ၎င်းခုံရုံးစင်မြင့်ရှေ့တွင် ထိုင်စေပါတယ်။ ဒုတိယဗိုလ်မှူးကြီး အောင်ညွန့်(လေ) ဥက္ကဋ္ဌ ပြုလုပ်သော စစ်ခုံရုံး ဖြစ်ပါတယ်။
ကျွန်ုပ်တို့ကို ဗုံးဖောက်ခွဲသည်ဟု ဆိုကာ ထောက်လှမ်းရေးများက စာတတန် ပေတတန်ဖြင့် စစ်ခုံရုံး တရားသူကြီးများအား ဖတ်ပြပြီး ကျွန်ုပ်တို့ တရားခံသုံးယောက်အား ပြင်းထန်သော ပြစ်ဒဏ်ပေးပါရန် ပြောပါသည်။ ကျွန်ုပ်တို့ကို စွဲဆိုထားသော ပုဒ်မများမှာ ၃ဝ၂/၁ (ခ) ၃၄ ဟုလည်း တပ်ထားပါတယ်။ ၎င်းစွဲချက်များသည် ကျွန်ုပ်တင်မဟုတ် ကျွန်ုပ်တို့၏ ပါတီကိုပါ စော်ကား သိက္ခာချခြင်း ဖြစ်ကြောင်း အဆိုပါ ဗုံးဖောက်ခွဲမှုတွင် ကျွန်ုပ်တို့နှင့် လုံးဝ မပတ်သက်ကြောင်း၊ ကျွန်ုပ်တို့ လုံးဝ မဟုတ်ကြောင်း၊ ဗုံးဖောက်ခွဲမှု မဖြစ်သွားမီ နေ့များ၊ ဗုံးကွဲသည့် ဇူလိုင် ၇ ရက်နေ့နှင့် ဗုံးကွဲပြီး နောက်ပိုင်းအထိ ကျွန်ုပ်တို့ ဘယ်နေရာတွင် ရှိသည်၊ ဘယ်သူတွေနှင့် ရှိနေသည်၊ ဘယ်အချိန်တွင် ရှိနေသည် စသည်ဖြင့် တိကျ ခိုင်လုံသော အထောက်အထားများ သက်သေများ ပြဆိုနိုင်ကြောင်း၊ ကျွန်ုပ်တို့အား စစ်ဆေးသော ထောက်လှမ်းရေးများသည် ကျွန်ုပ်တို့အား အရွယ်ဖြင့် မလိုက်အောင် နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှုတို့ကို မခံမရပ်နိုင် ဖြစ်ခြင်းကြောင့် ထောက်လှမ်းရေးများ အလိုကျ ပြောခဲ့ရကြောင်း ကျွန်ုပ်တို့တွင် လုံးဝ လုံးဝ အပြစ်မရှိပါကြောင်း နှစ်နာရီခန့် ကျွန်ုပ် လျှောက်လဲ ပြောဆိုခဲ့ပါတယ်။ ထိုအခါ တရားသူကြီး ဥက္ကဋ္ဌ အောင်ညွန့်က ခေတ္တနားမည်ဟု အမိန့်ပေး၍ တရားစစ်ဆေးခြင်းကို နေ့လယ် ၁၁းဝဝ နာရီတွင် ခေတ္တရပ်နားပါသည်။ ကျွန်ုပ်တို့အား ထောက်လှမ်းရေးများက အတင်းဆွဲဆောင့်၍ ကားပေါ်တင်ပြီး အင်းစိန်ထောင်တွင်းသို့ ပြန်ပို့ပါတယ်။ ကားပေါ်တွင်လည်း အကန်ခံရပါသေးတယ်။
နေ့လယ် ၁းဝဝ နာရီတွင် ထပ်မံပြီး ထောက်လှမ်းရေးများက လာခေါ်၍ တရားရုံးသို့ ကားဖြင့်ပို့ပါတယ်။ ကျွန်ုပ်တို့အား တရားရုံးစင်မြင့်ရှေ့တွင် ထိုင်ခိုင်းပြီး တရားရုံးအစီအစဉ်ကို စတင်ရာ တရားသူကြီးဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အောင်ညွန့်(လေ)က “တရားခံများ ဖြစ်ကြသော နံပါတ်(၁)တရားခံ မောင်သန်းဇော်၊ (၂) တရားခံ ညီညီဦး၊ (၃) တရားခံ မောင်မိုးကျော်သူ တို့အား စစ်တရားခုံရုံး အမှတ်(၁)မှ အပြစ်ရှိသည်ဟု ယူဆသောကြောင့် အပြစ်ပေးမည် ဖြစ်သည့်အတွက် ဘာပြောချင်သေးလဲ” ဟု မေးပါသည်။ ထိုအခါ ကျွန်ုပ်က စတင်ပြီး ၇၊ ၇၊ ၈၉ နေ့ ရေနံချက် စက်ရုံးဝန်းအတွင်း ဗုံးပေါက်ကွဲမှုအတွက် ကျွန်ုပ် လုံးဝပတ်သက်ခြင်း မရှိကြောင်း ကျွန်ုပ်တို့ လုံးဝ မပြုလုပ်ကြောင်း၊ ကျွန်ုပ်တို့တွင် အပြစ် မရှိသည့်အတွက် အပြစ်ပေးစရာ မလိုအပ်ကြောင်း လုံးဝလွှတ်ပေးရန် လိုလားကြောင်း၊ ဓမ္မပါလ သြဝါဒတွင် “ပြစ်မှု ကျူးလွန်သော တရားခံ ဆယ်ဦး လွတ်သွားခြင်းထက် လုံးဝ အပြစ် မရှိသော သူတယောက်အား အပြစ်မပေးမိပါစေနှင့်”ဟု မိန့်ဆိုထားသည်ကို သတိပြုရန်၊ ကျွန်ုပ်တို့အား တရားသေ လွှတ်ပေးပါရန် စသည့် အချက်များ အပါအဝင် အမှုကျူးလွန်ခြင်း မရှိသည့် သက်သေ အထောက်အထားများ ထုချေ လျှောက်လဲပါတယ်။ သို့သော်လည်း စစ်ခုံရုံးတရားသူကြီးသည် ကျွန်ုပ် အပါအဝင် ညီညီဦးနှင့် မိုးကျော်သူတို့ပါ အပြစ်ရှိကြောင်း ယူဆသည်ဟု ဆိုကာ ‘သေဒဏ်’ အမိန့် ချမှတ်လိုက်ပါတယ်။
ကျွန်ုပ်၏ဖြစ်စဉ်မှာ ‘သေဒဏ်’ အပြစ် တစ်ခုတည်းတွင်သာ မကပါ။ ၅၊ ၉၊ ၈၉ နေ့တွင် ကျွန်ုပ်နှင့် ညီညီဦး အား လက်ကို ကြိုးများဖြင့်တုပ်ပြီး အင်းစိန်ကြိုးတိုက်မှ နေ့လယ် ၁၁းဝဝ နာရီခန့်တွင် ခေါ်သွားပြီး၊ သံခြေကျင်းများ ခတ်စေပါသည်။ ထို့နောက် ကျွန်ုပ်တို့အား ခေါင်းစွပ်များစွပ်၍ ကားဖြင့် တနေရာသို့ ခေါ်ဆောင်သွားပါတယ်။ အဲဒီနေရာမှာ ယခင် ‘သေဒဏ်’ ချမှတ်ခဲ့သော စစ်ခုံရုံးအမှတ်(၁)နေရာပင် ဖြစ်ပါတယ်။ ကျွန်ုပ်တို့အား အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ ပြုလုပ်သည်ဟုဆိုကာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁)ဖြင့် တရားစွဲဆိုခြင်းဖြစ်ပါသည်။
ဤအထက်ပါ အမှုတွင်လည်း ကျွန်ုပ်တို့ အစိုးရ ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားမှုများ မပြုလုပ်ကြောင်း ကြောင်းကျိုးဆက်နွယ်ပြီး အထောက်အထား ခိုင်လုံ ပြည့်ဝစွာဖြင့် တစ်ဦးချင်း အပြစ်မရှိကြောင်း အချိန်များစွာ လျှောက်လဲ ချေပ သော်ငြားလည်း ကျွန်ုပ် အပါ အဝင်
မောင်ညီညီဦး        (NLD လူငယ်တာဝန်ခံ သန်လျင်မြို့နယ်)
ဒေါက်တာထွန်းသူ        (သန်လျင်မြို့နယ် ဖားကူးကျေးရွာ စည်းရုံးရေး NLD အဖွဲ့ဝင်)
မောင်အောင်ကျော်ဆန်း    (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ဌေးလွင်        (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်ထွေးမောင်        (NLD အဖွဲ့ဝင် သန်လျင်မြို့နယ် ဖားကူးကျေးရွာ)
မောင်အုံးဝင်း        (သန်လျင်မြို့နယ် NLD လူငယ်)
မောင်စန်းအောင်        (သန်လျင်မြို့နယ် NLD လူငယ်)
မောင်အောင်သန်း        (သန်လျင်မြို့နယ် NLD လူငယ်)
မောင်မိုးကျော်        (သန်လျင်မြို့နယ် NLD လူငယ်)
မောင်နေလင်းစိုးရင်        (သန်လျင်မြို့နယ်  NLD လူငယ်)
မောင်အောင်နိုင်        (သန်လျင်မြို့နယ် NLD လူငယ်)
မောင်ဇော်ထွန်းသက်        (သန်လျင်မြို့နယ် NLD လူငယ်)
မောင်သက်ခိုင်        (ဗကသ၊ သုဝဏ္ဏမြို့နယ်)
မောင်အောင်အောင်           (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
မောင်မိုးသက်        (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ကော့မှူးမြို့နယ်)
စုစုပေါင်း ၁၆ ယောက်အား ပုဒ်မ ၁၂၂(၁) နိုင်ငံတော်ပုန်ကန်မှုဖြင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ထိုသို့ ပြစ်ဒဏ်များဖြင့် အင်းစိန်အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ခါးသီးသော အတွေ့အကြုံများကို လက်သီးဆုပ်မပျက် ရင်ကော့ခံစားရင်း ၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထောင်တွင်းမှ နိုင်ငံရေး တောင်းဆိုမှုများ သပိတ်တိုက်ပွဲများ ပြုလုပ် ဖန်တီးသည်ဟုဆိုကာ သရက် အကျဉ်းထောင်သို့ သွေးရဲရဲ သံရဲရဲ အရိုက်အနှက် ကြမ်းတမ်းစွာ ပြုလုပ်၍ ကျွန်ုပ်အား လုံခြုံရေးအစောင့်များဖြင့် ၂၆၊ ၉၊ ၉ဝ နေ့တွင် ပို့လိုက်ပါသည်။
ယခု ကျွန်ုပ်အား ၁/၉၃ဖြင့် သေဒဏ်မှ အနှစ် ၂ဝ၊ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်မှ ၁ဝ နှစ် စုစုပေါင်း ၃ဝ နှစ်သို့ ပြောင်းပေးလိုက်ပါတယ်။
မည်သို့ မည်သို့ပင် ဆိုစေ အမှုနှစ်ခုလုံးတွင် ကျွန်ုပ်၌ ထင်ရှားစေသည့် စာရွက်စာတမ်း သဲလွန်စ ခိုင်လုံသည့် အထောက်အထား တစုံတရာ စိုးစဉ်းမျှ မရှိဘဲနှင့် ပြစ်ဒဏ်များ အတင်းအဓမ္မ ချပြီး ယနေ့အချိန်အထိ အကျဉ်းထောင် တိုက်ခန်းအတွင်း လှောင်ပိတ်ထားခြင်းကို အကျဉ်းချုံး၍ အစီရင်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။    ။
မောင်သန်းဇော်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)
ကိုဘိုကြည်
တွဲဖက်အတွင်းရေးမှူး၊
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
http://www.burmavjmedia.net/?p=4567#.TxaHYFCP4x4.facebook

--

(မြန်မာပြည်ကို လူညွန့်တုံးအောင် လုပ်ခဲ့တဲ့ ဗိုလ်ခင်ညွန့် ရဲ့ လုပ်ရပ်တွေထဲ သမိုင်းဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်ကို ပြန်လည် တင်ဆက်လိုက်ပါတယ်။)
ကြယ်ဆိုတာ ကိုယ်ပိုင်အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတုကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။ စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားတဲ့ ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း၊ ကျမတို့ တိုင်းပြည်မှာ ရှိတဲ့ လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက် တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ်တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေ တယ်။ ဒါကြောင့် ကျမက ကြယ်တွေကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက်နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသားဖြစ်တဲ့ ဓာတ်ပုံတပုံ အကြောင်း ပြောပြချင်ပါတယ်။ အဲဒီ ဓာတ်ပုံက သေနတ်မှန် ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူ လေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကို မမြင်ဖူးတဲ့လူ မရှိပါဘူး။ မြင်တဲ့ လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီ ဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူ နည်းမယ်လို့လည်း ကျမထင်ပါတယ်။
ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထားတဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။ ဒေါက်တာစောလွင် ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မကလည်း ဆရာဝန် ပါပဲ။ ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းက ကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်း လည်း ဆရာဝန် တယောက်ပါပဲ။ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
ဒေါက်တာ မင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာ ဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါတယ်။ အဲဒီအချိန်အတွင်းမှာပဲ ဗိုလ်ချုပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လို ကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက် တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်း သိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်း ကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေ ချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွားနိုင် တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်းကြားခဲ့ ပါတယ်၊ ဒေါက်တာ စောလွင် ရောက်လာတော့ ဒေါက်တာမင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေးက ဆေး တလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ် မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှူရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်း က ဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေး ရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်း သိန်း တို့ကပဲ ကုသပေးခဲ့ပါတယ်။
ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲ နောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ဒေါက် တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင် နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီးတဦးကို အကြောင်း ကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်။ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွားတာတဲ့။ ဒေါက် တာ စောလွင် တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာ ၀န်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်ကတော့ ထွက်ပြေးခဲ့ရပါ တယ်။
ဒေါက်တာ စောလွင် ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမ မျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမ ကူလုပ်ပေးခဲ့ပါတယ်။ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမ ယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသပေးခဲ့တာ ကျမရှေ့တင်ပါ။ ၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့ အဖေ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင် ပြန်ရောက်လာခဲ့ပါတယ်။
ဘာမှ ထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက် ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်။ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေ မယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်။ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ် မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီး ရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုက လေး ကို ပြန်လာခဲ့ပါတယ်။
ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်းရေးမှူးက ခေါ်လို့ သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်း ရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ရပါတယ်။ အဲဒီနောက် ဒေါက်တာစောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့ အိမ်ပြန်လာခဲ့ပါတယ်။ အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာစောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်။ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာ မပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စော လွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲ ကြိုးချ သတ်သေနေခဲ့ပါတယ်။
ဆရာ သေဆုံးရခြင်းအတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်း တဦးပါ။ ကျမတို့ ဗမာပြည်မှာ ကြယ်တွေကြွေနေပါတယ်။ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘတွေရဲ့ ခံစား ချက်က ဘယ်လောက်များ နာကျင်နေမလဲ။ ကျမတို့ရဲ့ အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာ လဲ……။ ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
Khin Nyein Thit ဖေစ့်ဘွတ်ခ်မှ …
          

ပါကစ္စတန် သမ္မတ မြန်မာနိုင်ငံ​ရောက်ရှိ

ပီတာအောင်

ပါကစ္စတန် သမ္မတ အာဆစ် အလီဇာ ဒါရီဟာ မြန်မာ နိုင်ငံမှာ ၂ ရက်ကြာ ချစ်ကြည်​ရေး​ အလည် အပတ် ခရီး​ အဖြစ် ကြိုတင် ​ကြေညာ ထား​ခြင်း ​မရှိဘဲ ဒီကနေ့​ ​ရောက်ရှိ​ နေပါတယ်။

ဒီခရီး​စဉ် အတွင်း​ သမ္မတ ဦး​သိန်း​စိန် အပါအဝင် မြန်မာ​ ခေါင်း​ဆောင်​ တွေနဲ့​တွေ့​ဆုံပြီး​ ​ဒေသတွင်း​ နဲ့​နိုင်ငံ တကာ နှစ်နိုင်ငံ အကျိုး​တူ ကိစ္စ​တွေ အထူး​ သဖြင့်​ စီး​ပွား​ ရေး​နဲ့​ ကုန်သွယ်​ရေး​ ပူး​ပေါင်း​ ဆောင်ရွက်ဖို့​ ဆွေး​နွေး​မယ် လို့​ပါကစ္စတန် သမ္မတရဲ့​ ဝက်ဆိုက်မှာ ​ကြေညာ ထား​ပါတယ်။

နှစ်နိုင်ငံ အကြား​ ​ရေနံနဲ့​ သဘာဝ ဓာတ်​ငွေ့​ ကဏ္ဍ​ တွေမှာ ပူး​ပေါင်း​ ​ဆောင်ရွက်​ရေး​ တိုး​မြှင့်​ ဆောင်ရွက်ဖို့​နဲ့​ နှစ်နိုင်ငံ စီး​ပွား​ရေး​ ကိုယ်စား​လှယ်​တွေ မကြာခဏ သွား​လာ ဖလှယ်ကြ ဖို့​လည်း​ ​ဆွေး​နွေး​ ကြဖို့​ ရှိတယ်လို့​ သိရပါတယ်။

ပါကစ္စတန်သမ္မတဟာ ​နောက်တ​နေ့​မှာ ရန်ကုန်ကို သွား​ရောက်ပြီး​ မြန်မာ့​ဒီမိုက​ရေစီ ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို သူ့​ရဲ့​ ​နေအိမ်မှာ သွား​ရောက် ​တွေ့​ဆုံဖို့​ ရှိ​နေတယ်လို့​ ပါကစ္စတန်သမ္မတရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဖာဟာတူလာဘာဘာရဲ့​ ​ကြေညာချက်မှာ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ ရေစီအဖွဲ့​ချုပ် အတွင်း​ရေး​မှူး​ အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆောင်ရွက်ချက်ကို ဂုဏ်ပြုတဲ့​အ​နေနဲ့​ ပါကစ္စတန်ဝန်ကြီး​ချုပ်​ဟောင်း​ ဘာ​နေဇာဘူတို အထိမ်း​အမှတ် ဆုတံဆိပ်​ပေး​အပ်ဖို့​ ဆုချီး​မြှင့်​ရေး​အဖွဲ့​က ပုဂ္ဂိုလ်​တွေ လာ​ရောက်ဖို့​ ရှိတယ်လို့​ ​ပြောပါတယ်။

၂၀၀၇ ခုနှစ်က လုပ်ကြံခံခဲ့​ရတဲ့​ ဝန်ကြီး​ချုပ်​ဟောင်း​ ဘနာဇီယာဘူတိုဟာ ​ဒေါ်​ဆောင်ဆန်း​စုကြည် ​နေအိမ် အကျယ်ချုပ်ကျခံ​နေစဉ်က ပြန်လွှတ်​ပေး​ဖို့​အာဆီယံ​ခေါင်း​ဆောင်​တွေကို စာ​ရေး​ ​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။ ပါကစ္စတန်သမ္မတ ခရီး​စဉ်မှာ ပါကစ္စတန်ပြည်သူ့​ပါတီက ဥက္ကဋ္ဌ Bilawal Bhutto Zardari ဘာဘာဝယ်လ် ဘူတိုဇာဒါရီလည်း​ လိုက်ပါသွား​တယ်လို့​သိရပါတယ်။

မြန်မာနိုင်ငံမှာ အစိုး​ရသစ်တက်လာပြီး​နောက် ​ဒေသတွင်း​နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေသာမက အ​နောက်နိုင်ငံ​တွေက ​ခေါင်း​ဆောင်​တွေပါ မြန်မာနိုင်ငံကို ခပ်စိတ်စိတ် သွား​ရောက် လည်ပတ်​နေချိန်မှာ ပါကစ္စတန် ​ခေါင်း​ဆောင်​တွေ ​ရောက်ရှိလာတာ ဖြစ်ပါတယ်။

သမ္မတ ဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​ဆိုင်ရာ အကြံ​ပေး​ဒေါက်တာ ​နေဇင်လတ်က​တော့​ အခုလို နိုင်ငံတကာက အကြီး​အကဲ​တွေ မြန်မာနိုင်ငံကို အဆက်မပြတ် လာ​ရောက်လာရတာဟာ မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​ဖြစ်စဉ် တိုး​တက်ဖြစ်ထွန်း​မှုရဲ့​ ရလဒ်ဖြစ်ပြီး​ နှစ်နိုင်ငံအကြား​ စီး​ပွား​ရေး​နဲ့​ နိုင်ငံ​ရေး​အရ ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ပိုအား​ကောင်း​လာမယ်လို့​ပြောပါတယ်။

“အခုကျ ​နော်တို့​ နိုင်ငံ​ရေး​ဖြစ်စဉ်က တိုး​တက်မှုကို ​တော်​တော်​လေး​ ထင်သာမြင်သာ​လေး​ ရ​နေပြီ။ ​နောက်ပြီး​ အ​နောက်ဖက်က​နေ ဖိအား​တွေ ပိတ်ဆို့​မှု​တွေကလည်း​ တချို့​လည်း​ စပြီး​တော့​ ဖြုတ်မှာ​ပေါ့​၊​ အဲဒီ​တော့​ နိုင်ငံ တနိုင်ငံအ​နေနဲ့​က တစ်က ပုံမှန်အ​နေအထား​ကို ပြန်​ရောက်သွား​တာ​ပေါ့​။ အဲဒီအခါမှာ နိုင်ငံတကာဆက်ဆံ​ရေး​မှာ ပို​ကောင်း​လာပြီ။ ရင်း​နှီး​မြှုပ်နှံမှုကလည်း​ ပိုလာပြီ။ နှစ်နိုင်ငံမှာ အကြီး​အကဲ​တွေ တနိုင်ငံနဲ့​ တနိုင်ငံ လည်ပတ်ကြပြီဆိုတဲ့​ အချိန်မှာ ​နောက်ပိုင်း​မှာ နိုင်ငံ​ရေး​လည်း​ ပါမယ်​လေ။ စီး​ပွား​ရေး​ ကတိကဝတ်​တွေလည်း​ ပါကြမယ်။ ဘာပဲ​ပြော​ပြော နှစ်နိုင်ငံက စီး​ပွား​ရေး​ ပူး​ပေါင်း​ ​ဆောင်ရွက်မှု​တွေ၊​ နိုင်ငံ​ရေး​ ရင်း​နှီး​မှု​တွေ ဒါ​တွေကျ​တော့​ ပိုအား​ကောင်း​လာမှာပါ။”

ပါကစ္စတန် မြန်မာ နှစ်နိုင်ငံဆက်ဆံ​ရေး​နဲ့​စီး​ပွား​ရေး​ အလား​အလား​တွေနဲ့​ ပတ်သက်ပြီး​ မြန်မာ့​ဓနစီး​ပွား​ရေး​ မဂ္ဂဇင်း​ အယ်ဒီတာ ဦး​သီဟ​စောက ခုလို သုံး​သပ် ​ပြောကြား​ပါတယ်။

“ကျ​နော်သိသ​လောက်​တော့​ နဂိုကတည်း​က ကုန်သွယ်မှုက ရှိပါတယ်။ ​ဆေး​ဝါး​တွေ​ပေါ့​။ သူတို့​ဘက်က သွင်း​တာ​တွေ ရှိတယ်။ ​နောက် စစ်​ရေး​ပေါ့​။ တပ်မ​တော်လည်း​ ဟိုး​အရင်တုန်း​က သူတို့​ပူး​ပေါင်း​ဆောင်ရွက်မှု​တွေ ရှိတယ်။ ရင်း​နှီး​မြုပ်နှံမှု​တော့​ ကျ​နော်တို့​ သိသ​လောက် သိပ်မရှိဘူး​။ လာမယ်ဆိုရင်​တော့​ သူ့​မှာရှိတဲ့​ နည်း​ပညာ​တွေနဲ့​ လာလို့​ရတာ​ပေါ့​။ နဂိုကတည်း​က ဆက်ဆံ​ရေး​က ဗမာက အိန္ဒိယနဲ့​ကော ပါကစ္စတန်နဲ့​ပါ မျှပြီး​တော့​ ဆက်ဆံထား​တော့​ တ​ယောက်က ခင်မင်ရင်း​နှီး​မှု ရှာ​တော့​ ​နောက်တ​ယောက်ကလည်း​ ရှာတာ​ပေါ့​။ အဲဒီသ​ဘောပဲ ရှိပါတယ်။ ကျ​နော်တို့​ ဒီမှာရှိတဲ့​ ​ရေနံရှာ​ဖွေ​ရေး​တို့​ ဘာတို့​မှာ စိတ်ဝင်စား​ကောင်း​ စိတ်ဝင်စား​မယ်။ ဒါ​ပေမယ့်​ လာတဲ့​ထဲမှာ​တော့​ ကိုယ့်​အိမ်နီး​ချင်း​ထဲမှာဆိုရင် သူက နည်း​နည်း​တောင် ​နောက်ကျ​သေး​တယ်လို့​ ​ပြောလို့​ရတယ်။”

ပါကစ္စတန်နိုင်ငံဟာ မြန်မာအပါဝင် အာဆီယံနိုင်ငံ​တွေနဲ့​လည်း​ လွတ်လပ်တဲ့​ ကုန်သွယ်မှု သ​ဘောတူ စာချုပ်​တွေ အပြီး​သတ် ချုပ်ဆိုချင်​နေတာ ဖြစ်ပါတယ်။ မြန်မာအစိုး​ရပိုင် သတင်း​စာ​တွေမှာ​တော့​ ပါကစ္စတန်သမ္မတရဲ့​ မြန်မာနိုင်ငံ ခရီး​စဉ်နဲ့​ပတ်သက်ပြီး​ ​ရေး​သား​ ​ဖော်ပြ ခြင်း​ မရှိ​သေး​ပါဘူး​။

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှရရှိခဲ့တဲ့ ဒဏ်ရာဒဏ်ချက်များကြောင့် ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဈာပနအခမ်းအနား..


မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
 ပြီးခဲ့တဲ့ ၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့  ထောက်လှမ်းရေး (၁၆)မှ ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း ခံခဲ့ရပါတယ်..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့ ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။ ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။

မတရားဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်များကြောင့်  ထောင်မှ ပြန်လည်လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူရဲ့ ဈာပနအခမ်းအနားသို့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ..၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ် ဗကသ ဥက္ကဋ္ဌကိုကျော်ကိုကိုနဲ့ ကျောင်းသားခေါင်းဆောင်များ၊ ဒေါ်နော်အုံးလှနဲ့ အဂါင်္ဆုတောင်း အဖွဲ့ဝင်များနဲ့ ပြည်သူလူထုမှ တက်ရောက်ဂုဏ်ပြု လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်..။
 ကိုသက်နွယ်(ခ)ကိုညိမ်းလူအတွက် မထက်ထက်ဦးဝေ(ရွှေပြည်သာမြို့နယ်) အမျိုးသမီးအဖွဲ့ရဲ့ ကဗျာ..
 ခွပ်ဒေါင်းအလံတင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်..
 ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့  မျိုးဆက်သစ် ဗကသကျောင်းသား ခေါင်းဆောင်များမှ ဂုဏ်ပြုခဲ့ကြပါတယ်..။
၂၀၀၂ခုနှစ်က မိမိကိုယ်တိုင် ကျူးလွန်ခြင်းမရှိပဲ မတရားဖမ်းဆီး၊ လူမဆန်စွာ အနှိပ်စက်ခံရပြီး ထောင်တွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ ကောင်းရာ သုဂတိလားပါစေ..။
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ..။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ခမိခဆဲ..

စစ်တပ်ကို အာဏာ သိပ်ပေးလွန်းအားကြီးပါတယ်။

 email မှ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ် အင်တာဗျုးအမေးအဖြေမှ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်၊
ဖြေကြားချက်များမှာ အဓိပ္ပါယ်ရှိသလို ပြည်သူများအတွက် တွေးခေါ်ဆင်ချင်စရာတွေရှိနေသလို၊
သတိထားစရာတွေ ရှိနေသေးကြောင်းကို အသိပေးခြင်း၊သတိပေးခြင်းတွေပါနေတယ်လိုမြင်ပါတယ်။

"စစ်တပ်ကို အာဏာ သိပ်ပေးလွန်းအားကြီးပါတယ်"
Tuesday, January 24, 2012
ဒေါ်အောင်ဆန်းစုကြည် နဲ့ ၀ါရှင်တန်ပို့စ် အင်တာဗျူး

ဝါရှင်တန်ပို့စ် ရဲ့ အကြီးတန်းတွဲဖက်အယ်ဒီတာ လာလီဝီးမောက် ဟာ ၂၀၁၂
ဇန်န၀ါရီ ၁၈ မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်
ကိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။(ဘာသာပြန်-ကိုမိုးထက်)

ဝါရှင်တန်ပို့စ်။ ။ အမေရိကန်က လူတွေက သမ္မတဦးသိန်းစိန် လုပ်နေတဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ဟာ တကယ် စစ်မှန်ရဲ့လား လို့မေးနေကြတယ်။
အစ်မ အနေနဲ့ရော တကယ်အစစ်အမှန်လို့ ထင်ပါသလား။ ပြီးတော့ သမ္မတ နဲ့ အစ်မ
တွေ့ဆုံခဲ့တာကရော ဘယ်လိုအခြေအနေရှိခဲ့ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်။ ။ သမ္မတနဲ့ တွေ့ဆုံခဲ့တာ အဆင်ပြေပါတယ်။ သူဟာ
ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလား တယ်လို့ ကျမ ယုံပါတယ်။ ဒါပေမယ့်
အစိုးရအဖွဲ့ထဲမှာ သူတစ်ယောက်တည်းမှ မဟုတ်တာ။ ကျမတို့ရဲ့ လက်ရှိ
ဖွဲ့စည်းပုံဥပဒေ က စစ်တပ်ကို အာဏာ သိပ်ပေးလွန်းအားကြီးပါတယ်။ သမ္မတက
နိုင်ငံ့ ဦးသျှောင် ဖြစ်ပေမယ့်လို့ သူ့မှာ အမြင့်ဆုံး အာဏာရှိတယ်လို့
သေချာပေါက်ပြောလို့ မရပါဘူး။ စစ်ဦးစီးချုပ်က လိုအပ် တယ်လို့ သူ
ယူဆတဲ့အချိန်တိုင်းမှာ အစိုးရရဲ့အာဏာ အလုံးစုံကို
လွှဲပြောင်းရယူနိုင်ပါတယ်။ ဒါဟာ ကျမတို့ သမ္မတ ရင်ဆိုင်နေရတဲ့ အနေအထားပါ။
ရှင်တို့ ဒီနေရာမှာ ဆိုရင်လည်း အင်မတန် ခက်ခဲမှာပါပဲ။ သူ့မှာ စစ်တပ်ထဲမှာ
ဘယ်လောက် ထောက်ခံမှုရှိသလဲ ဆိုတာတော့ ကျမ မသိပါဘူး။ သူကိုယ်နှိုက်ကလည်း
စစ်သား တစ်ဦးပဲလေ။ ဒါကြောင့် စစ်တပ် အသိုင်းအ၀ိုင်းမှာ သူ့ကိုတော်တော်လေး
ထောက်ခံ အားပေးကြမှာပဲလို့ ကျမ ယူဆပါတယ်။ ဒါပေမယ့် ဒါက ယူဆချက်
သက်သက်နော်။

ကျမအထင်တော့ သမ္မတဟာ အပြောင်းအလဲ လုပ်ဖို့ တကယ့်ကို လိုလားသူပါ။
အစိုးရအဖွဲ့ထဲမှာ သူ့ကို ထောက်ခံသူတွေရှိတယ်လို့ ကျမ ထင်ပါတယ်။
အားလုံးထောက်ခံသလား ဆိုတာတော့ ကျမလည်း မဖြေနိုင်ပါဘူး။

ဝါ။ ။ အခုပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ
နောက်ကြောင်းပြန်လှည့်သွားနိုင်
တယ်လို့ အစ်မ စိုးရိမ်မိပါသလား။

စု။ ။ ကျမ အစိုးရိမ် မလွန်ပါဘူး။ ဒါပေမယ့်
နောက်ကြောင်းပြန်လှည့်သွားနိုင်ခြေ တစ်ခုရှိတယ်လို့ ကျမ သတိထားပါတယ်။
ဒီဖြစ်နိုင်ချေကို မှိန်ဖျော့သွားရအောင် ကျမတို့ တော်တော်ကြိုးစားပမ်းစား
လုပ်ရမယ် လို့ ကျမ ထင်ပါတယ်။ အခုဒီလုပ်ငန်းစဉ်ကို အမေရိကန်က အားပေး
လုပ်ဆောင်နေတာကို ကျမ တကယ့်ကို လေးစား ချီးကျူးမိပါတယ်။
မြန်မာနိုင်ငံအတွင်းက ကျမတို့တွေလည်း ဒီလုပ်ငန်းကြီးရဲ့ အဓိက အခန်းကဏ္ဍက
ပါဝင်မှဖြစ်မယ်လို့ ကျမ ထင်ပါတယ်။

ဝါ။ ။ အမေရိကန်အနေနဲ့ ပိတ်ဆို့အရေးယူမှု ဆန်ရှင်ကို ရုတ်သိမ်းပြီး ထိတွေ့
ဆက်ဆံသင့်ပါသလား။

စု။ ။ သူတို့ က ဒီလိုလုပ်ဖို့ အချိန်ကျပြီလို့ ထင်ရင် လုပ်ကြပါ။ အမေရိကန်
ဟာ သူတို့ရဲ့ ဆန်ရှင် ပြန်ရုတ်သိမ်းဖို့ အတွက် ဘယ်လို သတ်မှတ်ချက်တွေ
ရှိတယ် ဆိုတာကို ရှင်းရှင်း လင်းလင်း ချပြထားပြီးသားပါ။ တကယ်လို့ အစိုးရက
ဆန်ရှင်တွေကို ပြန်ရုတ်သိမ်းစေလိုတယ် ဆိုရင် အဲဒီ ကြိုတင်
သတ်မှတ်ချက်တွေကို ကြိုးစား ဖြည့်ဆည်း ကြရပါလိမ့်မယ်။

ဝါ။ ။ အဲဒီသတ်မှတ်ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးတာ ပါတယ်လေ။
အခု မကြာခင်ကပဲ သမ္မတက တော်တော်များများ လွှတ်ပေးခဲ့တာပဲ။

စု။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မလွတ်သေးပါဘူး။ အဓိကကျတဲ့
နိုင်ငံရေး အကျဉ်းသားတွေ တော့ ပြန်လွတ်လာပါပြီ။

ဝါ။ ။ အစ်မအနေနဲ့ အစိုးရနဲ့ တိုင်းရင်းသားတွေ အကြားမှာ ငြိမ်းချမ်းရေး
နဲ့ ပြန်လည်သင့်မြတ်ရေး ဆောင်ကြဉ်း ပေးဖို့
ပါဝင်ဆောင်ရွက်ပေးနိုင်ပါသလား။

စု။ ။ နှစ်ဘက်စလုံးက လိုလားတယ် ဆိုမှသာ ကျမ ကဏ္ဍတစ်ရပ်က
ပါဝင်ဆောင်ရွက်ပေးနိုင်တာပါ။ တစ်ဘက် ကပဲ ကျမကို ပါဝင်ပါလို့ ပြောနေတော့
ကျမ လုပ်လို့ မရနိုင်ပါဘူး။ တိုင်းရင်းသားတွေက ကျမကို ပါဝင်စေ
ချင်တယ်လို့ ပြောကြပါတယ်။

ဝါ။ ။ အစ်မကို ၀န်ကြီးရာထူးပေးဖို့ စဉ်းစားထားပါသလားလို့ သမ္မတကြီးကို
ကျမမေးခဲ့ပါတယ်။ သူက လွှတ်တော်ရဲ့ သဘောအတိုင်းပါပဲလို့ ပြောပါတယ်။

စု။ ။ သိပ်မှန်တာပေါ့။ ကျမတို့ အခုယှဉ်ပြိုင်မယ့် နေရာအားလုံးကို
နိုင်ခဲ့မယ် ဆိုရင်တောင် အမတ်နေရာ ၆၀၀ ထဲက ၄၈ နေရာ ပဲ ရမှာပါ။ ကျမတို့
လွှတ်တော်ထဲ ရောက်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်က လွှတ်တော်ထဲမှာ အလုပ်တွေ
အားလုံး လုပ်ရမယ်လို့ မျှော်လင့်ထားတာကြောင့် မဟုတ်ပါဘူး။ လွှတ်တော် ထဲမှာ
ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို တိုးချဲ့သွားချင်တာပါ။

ဝါ။ ။ အမေရိကန်ရဲ့ တောင်းဆိုချက်တွေဆီ ပြန်သွားကြရအောင်။ တခြား
ဖြည့်ဆည်းရမယ့် သတ်မှတ်ချက် တွေက ဘာတွေများလဲ။

စု။ ။ တိုင်းရင်းသားတွေရဲ့ နယ်မြေအားလုံးမှာ ရန်လို တိုက်ခိုက်မှုတွေ
အားလုံး အဆုံးသတ်ရပါမယ်။ အခု ကေအင်န်ယူနဲ့ အပစ်အခတ် ရပ်စဲပြီးပါပြီ။
ဒါပေမယ့် ကေအိုင်အေ နဲ့ မရပ်စဲရသေးပါဘူး။ ဒါဟာ ကျမတို့ နိုင်ငံအတွက်
ကြီးမားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဝါ။ ။ အမေရိကန် ထိပ်တန်းအရာရှိကြီးတွေက ဒီဆန်ရှင်တွေ ပြန်ရုတ်သိမ်းရေးနဲ့
ပတ်သက်ရင် ညွှန်ပြပေးဖို့ အစ်မကို မျှော်နေကြပါတယ်။

စု။ ။ ဒီအခြေအနေ နဲ့ ပတ်သက်ပြီး ရိုးသားတဲ့ အကဲဖြတ်ချက်တစ်ခုပေးမယ့် သူ
တစ်ယောက်ယောက်ကို သူတို့ အလိုရှိတာပါ။ ကချင်ပြည်နယ်က အခြေအနေက တကယ့်
ပြသနာကြီးတစ်ခုပါ။ ကျမတို့အနေနဲ့ အစစ်အမှန် ငြိမ်းချမ်းရေး
တစ်ခုရဖို့ဆိုရင် ဒီလိုပြသနာတွေကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲ၊
နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရပါလိမ့်မယ်။

ဝါ။ ။ အစိုးရက တိုင်းရင်းသားနယ်မြေတွေမှာ ကြမ်းကြမ်းတမ်းတမ်း
ကိုင်တွယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

စု။ ။ ဟုတ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်
အဲဒီနေရာတွေမှာ တကယ်တမ်း ဘာတွေဖြစ်ပျက်နေသလဲ ဆိုတာကို ဖော်ထုတ်ဖို့
အဲဒီနေရာတွေဆီ ကြားခံအဖွဲ့ ၀င်ခွင့်ရဖို့ လိုအပ်နေတာပါ။

ဝါ။ ။ အထက်လွှတ်တော်အမတ် ရစ်ချတ်လူဂါ က ပြောပါတယ်။ မြန်မာနိုင်ငံဟာ
မြောက်ကိုရီးယားနိုင်ငံ အကူ အညီနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်နေပြီတဲ့။

စု။ ။ ဒါကိုတော့ ကျမ မသိပါဘူး။ သေချာတာကတော့ သူတို့ မြောက်ကိုရီးယားနဲ့
သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင်ထားပါတယ်။ ဒါကိုတော့ ငြင်းလို့မရပါဘူး။

ဝါ။ ။ အစိုးရ ဟာ ဗေဒင်ဆရာတစ်ယောက်က အကြံပေးလို့ နေပြည်တော်ကို
မြို့တော်အသစ် အဖြစ် ရွေးချယ်ခဲ့တယ်ဆိုတာ အမှန်ပဲလား။

စု။ ။ ကျမ နားလည်တာကတော့ အရင်အစိုးရကို နက္ခတ်ဗေဒင်ဆရာတွေ လမ်းညွှန်ခဲ့တယ် ဆိုတာပါပဲ။

ဝါ။ ။ ဦးသိန်းစိန် ဟာ ဂေါ်ဘာချော့ဗ် လို ပုဂ္ဂိုလ်မျိုးလို့ ထင်ပါသလား။

စု။ ။ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဂေါ်ဘာချော့ဗ် ဟာ ရာထူး
အဆင့်ဆင့်ဖြတ်သန်းပြီး တဖြည်းဖြည်း ချင်း အာဏာရလာခဲ့သူပါ။ ပြီးတော့ သူဟာ
အပြောင်းအလဲတွေ ဆီ ဦးမလှည့်ခင်မှာ အာဏာကို တော်တော်လေး အခိုင်အမာ
စွဲကိုင်ခဲ့သူပါ။ ဦးသိန်းစိန်ကတော့ တော်တော်လေး မတူတဲ့ အနေအထား
ဖြစ်ပါတယ်။ သူ့ကို နိုင်ငံ့ ခေါင်းဆောင်ဖြစ်လာမယ်လို့ မျှော်လင့်ထားတဲ့သူ
အတော့်ကို နည်းလိမ့်မယ်လို့ ထင်ပါတယ်။ သူဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
လက်ထက်မှာ အမြင့်ဆုံးရာထူးရခဲ့သူ မဟုတ်ပါဘူး။

ဝါ။ ။ စစ်တပ်က သမ္မတကို ဖြုတ်ချနိုင်တယ်ဆိုတဲ့ အချက်ကို အစ်မ
ရည်ညွှန်းခဲ့တယ်နော်။ ဒီတော့ သမ္မတနဲ့ စစ်တပ် ဆက်ဆံရေးက ဘယ်လိုလဲ။

စု။ ။ သမ္မတ ဟာ ကျမသိသလောက်တော့ စစ်တပ်မှာ လူလေးစားခံရသူပါ။ သူဟာ
အရင်အစိုးရ လက်ထက် က အဂတိကင်းရှင်း ပြီး သန့်ရှင်းတယ် လို့ ယူဆခံရတဲ့
အစိုးရအဖွဲ့ဝင် လူနည်းစုထဲက တစ်ဦးဖြစ်ပါတယ်။ သူတင် မကပါဘူး။
သူ့မိသားစုကလည်း အင်မတန်ကောင်းပါတယ်။ ဒါ ထူးခြားပါတယ်။