Saturday, January 14, 2012

ကိုမင်းကိုနိုင်ဘုရားတွင်ဆုပန်

ကိုမင်းကိုနိုင် ဘုရားမှာတောင်းဆုပန် မြန်မာပြည်သူများအကြောက်တရားမှ ကင်းဝေးကြရစေသား။
စစ်မှန်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြန်မာပြည်သူတွေ ခံစားကြရဖို့ဆုတောင်းခဲ့။
အခွင့်ထူးခံလူတန်းစား စနစ်ပပျောက်ဖို့၊ လူသားတိုင်းတူညီတဲ့ခံစားခွင့်တွေရဖို့လိုပါတယ်။
ဖိနှိပ်အုပ်ချုပ်မှုတွေပပျောက်ပါစေ။ပြည်သူတွေကျနေတဲ့မျက်ရည်တွေသုတ်ပေးဖို့
ဒေါင်းလံကို ကိုင်ဒေါင်းအိုးဝေ အသံနဲ့အတူပြန်လာပြီဖြစ်တဲ့ကိုမင်းကိုနိုင်ရဲ့
ပြည်သူ့အော်သံမှ..


ဗီဒီယို သတင်း-ဒီဗီဘီ

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးသည်မှာ တောင်းဆိုမှုကြောင့် မဟုတ်


စည်သူ on January 14, 2012


နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသည် မည်သူ့တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ထဲမှ လွှတ်ပေးခြင်းဖြစ်သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်သည်။

လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တိုက်တွန်းချက်မျှ မပါဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွှတ်ပေးခြင်းသာ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

“ပြည်တွင်း ပြည်ပက တောင်းဆိုလို့ လွှတ်ပေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပုဒ်မ ၄၀၁ ဆိုတာ တဦးတယောက်ချင်းကို ကြည့်ပြီး ပေးတဲ့ လွှတ်ငြိမ်းချမ်းသာခွင့်ပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် စစ်ထောက်လှမ်းဟောင်းများကို နိုင်ငံရေးတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအား အနှောင့်အယှက် မပြုသူများဟု ယူဆသောကြောင့် လွှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသားစာရင်း ၆၀၄ ဦးပေါ်ကို အခြေခံကာ လွှတ်ပေးခြင်းဖြစ်ပြီး လက်ရှိ အကျဉ်းကျခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦး ပေါင်း ၄၃၀ ဦးသာ ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် ၁၀၇ ဦးမှာ လွှတ်ငြိမ်းချမ်းသာခွင့်အသီးသီးနှင့် ရက်စေ့ကာ လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ၁၃ ဦးအမည်ထပ်၊ ၅၁ ဦးမှာ အချက်အလက် မပြည့်စုံနှင့် သေဆုံးတဦးနှင့် သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးသူ ၂ ဦးရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

ကျန် ၁၂၈ ဦးမှာမူ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများဖြစ်သဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်ဖြင့် အကျုံးမ၀င်သောကြောင့် တရားဥပဒေစိုးမိုးရေးအလို့ငှာ ဆက်လက်ထိန်း သိမ်းထားကြောင်း သိရသည်။

ထို့အပြင် သောင်းကျန်းသူများနှင့် ဆက်သွယ်သူတချို့ကို လွှတ်ပေးခဲ့သော်လည်း ဗုံးခွဲရန်ကြံစည်သူများနှင့် ပြစ်မှုကြီးများ ကျူးလွန်ထားသူများ၊ ယမန်နှစ်က ရခိုင်နယ်စပ်တွင် တာလီဘန်နှင့် ဆက်သွယ်၊ ဖောက်ခွဲရေးသင်တန်းတက်သူ ၁၃ ဦး စသူတို့ကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရက်ကြီးရက်မြတ်မှ မဟုတ်ဘဲ အခွင့်သင့်သည့်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား စာရင်းများရှိပါက ပေးပို့ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း သမ္မတဦးသိန်းစိန်နှင့် တိုင်တိုင်ပင်ပင် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ယင်းက ပြောသည်။

“ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဆိုဆို မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖမ်းရမယ့် ဥပဒေလည်း မရှိပါဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သူတွေကိုသာ ဖမ်းဆီးထားတဲ့အတွက် ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ မဆိုနိုင်ပါဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။

ဖဒိုမန်းငြိမ်းမောင်ကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ဒုတိယအဆင့်အနေဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစား မည်ဖြစ် ကြောင်းလည်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ တွင် နိုင်ငံတော်သမ္မတသည် (က) ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်၊ (ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွှတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒါဗို့စ် တက်ရန် ဖိတ်

ရန်ပိုင် on January 14, 2012


သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့အား ဒါဗို့စ် ကမ္ဘာ့ စီးပွားရေး ညီလာခံ (World Economic Forum) တက်ရောက်ရန် ဖိတ်ကြားထား ကြောင်း ရန်ကုန် အခြေစိုက် သံတမန် အသိုင်း အ၀န်းမှ သတင်း ရရှိသည်။

အဆိုပါ စီးပွားရေး ဖိုရမ်ကို ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည်ဖြစ်သည်။

သမ္မတဦးသိန်းစိန် တက်ရောက်မည် မတက်ရောက်မည်ကို မသိရသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာမူ လာမည့် တနင်္လာနေ့တွင် ပါတီမဲဆွယ်စည်းရုံးမှုများ စတင်ပြုလုပ်တော့မည် ဖြစ်၍ ယင်းဖိုရမ်သို့ တက်ရောက်နိုင်မည် မဟုတ်ကြောင်း သိရှိရသည်။

ယင်း စီးပွားရေးဖိုရမ်ကို အာရှ၊ အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိက တိုင်းပြည်များမှ ခေါင်းဆောင်များ၊ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် စာနယ်ဇင်းသမားများ တက်ရောက်ကာ ဒေသတွင်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးကြသည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပေးပို့ခဲ့ဖူးသည်။ ယင်း မိန့်ခွန်းတွင် မြန် မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု၊ လူနေမှု အဆင့်မြင့်မားမှု စသည်တို့ကို ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင် များ က ၀ိုင်းဝန်း ဆောင်ရွက်ရန် ပန်ကြားကြောင်း၊ ဆင်းရဲနွမ်းပါမှု ပပျောက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး အပါအ၀င် အခြေခံ အဆောက် အအုံ များတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကို အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာမည်

ပြင်သစ် နိုင်ငံခြားရေး ရာနှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe` သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ တရားဝင် ခရီးလာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြင်သစ် သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။ ထို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးခရီး ဖြစ်သည်။ ထိုခရီးတွင် ပြင်သစ်ဝန်ကြီးသည် မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် အာဏာပိုင်များ ၏ အမျိုးသားပြန်လည်သင့် မြတ်ရေး ၊ လူ့အခွင့်ရေးနှင့် တိုင်းရင်းသားရေး ၊ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် အားပေးရန် ဖြစ်ကြောင်း သိရသည်။
French-Foreign-Minister-Alain-Juppe2.jpgပြင်သစ်နိုင်ငံခြားရေး နှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe`ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီ ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ရှိပြီး အတိုက်အခံ ကိုယ်စားလှယ်များနှင့်လည်းတွေ့ဆုံမည်ဟု သိရသည်။  ဇန်နဝါရီ ၁၆ ရက်နေ့တွင် ဝန်ကြီးသည် သမ္မတကြီး  ဦးသိန်းစိန် ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် ဥက္ကဌ များနှင့် တွေ့ဆုံရန်ရှိသည်။

ရန်ကုန်တိုင်းမ်

လွတ်အဓိဋ္ဌာန်

ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၁၄၊ ၂၀၁၂


၁၂.၁.၂၀၁၂ ကြာသာပတေးနေ့ နံနက် (၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူတို့အား ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီ ထောက်ပံ့လှူဒါန်းမှုများပြုရန်အတွက် သွားရောက်ပို့ဆောင်ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အလုပ်များ မအား လပ်သည့်ကြားမှ အဓိဋ္ဌာန်ခရီးထွက်လိုပါသဖြင့် ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီးထံ အသင်းသား (၃) ဦးနှင့်အတူ ခရီးထွက်ခဲ့ပါသည်။

၁၃.၁.၂၀၁၂ သောကြာနေ့ နံနက် (၅) နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အဓိဋ္ဌာန်တင်ခြင်းတို့ကို မြတ်စွာဘုရားထံ လျှောက်ထားပြီးနောက် ပြည်မြို့ သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးရှေးဟောင်းဘုရားထံသွားရောက်၍ အဓိ ဋ္ဌာန်ပုတီး (၁၀၈) ပတ်စိတ်ပြီးသည့်နောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးနီးပါး လွှတ် ပေးလိုက်သည်ဟု မင်္ဂလာသတင်းကောင်းကို ကြားသိခဲ့ရသည်။ မိမိ၏ အဓိဌာန်အတိုင်း နေ့လည်ပိုင်းတွင် ပြည်မြို့ဝန်ချတောင်ဘုရားတွင် အဓိဋ္ဌာန်ကျင့်စဉ် ပုတီး (၁၀၈) ပတ်အား သွားရောက်၍ကျင့်ခဲ့သည်။ ညနေပိုင်း (၅း၀၀) နာရီခန့်တွင် သရက်အကျဉ်းထောင်မှ လွတ်မြောက် လာသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တစ်ယောက် အောင်လံမြို့သို့ရောက်နေကြောင်း၊ မကြာမီအချိန်အတွင်း ပြည်မြို့၊ ရွှေ ပေါက်ပင်ကျောင်းရှိ ကျွန်တော့်ထံသို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ည (၈း၀၀) နာရီအချိန်တွင် တတိယအကြိမ် အဓိဋ္ဌာန်ကျင့်စဉ်အား ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေ မြတ်စွာ ဘုရားရှေ့မှောက်တွင် ကျင့်ကြံအားထုတ်၍ ပုတီး (၁၀၈) ပတ်ပြီးစီးသည်နှင့် (၉း၀၀) နာရီအချိန်တိတိတွင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကိုမင်းကိုနိုင်အား ပြည်မြို့မှ လူမှုကူညီရေးအဖွဲ့များ၊ အကျဉ်းသားဟောင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များဖြင့် စည်ကားစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။ ကိုမင်းကိုနိုင်အား ဦးကျော်သူမှ အဓိဌာန်ဝင်စဉ် ၀တ်ဆင်ထား သော အတွင်းတီရှပ်အားဖွင့်လှစ်ပြရာ “လွှတ် … ယုံကြည်ချက် အကျဉ်းသား” တီရှပ်အကျီအား “လွှတ်” ဟူသောစာသားမှ ဟတ်ထိုးအက္ခ ရာအား ဆေးဖြူပိတ်ထား၍ “လွတ်” ဟူသော စာသားဖြစ်နေ၍ အားလုံးမှ ၀မ်းသာအားရစွာဖြင့် သြဘာပေးခဲ့ကြသည်။ ထို့နောက် ရွှေ ပေါက်ပင်ဆရာတော်ကြီးအား ဦးကျော်သူနှင့်အတူ သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးမှ ငါ့လောဘ၊ ငါ့မောဟ၊ ငါ့ဒေါသ၊ ငါ့မာန ငါ့ကိုပြန်၍ နှိပ်စက်တတ်သည်” ဟူ၍ သုံးကြိမ်သုံးခါ ရွတ်ဆို၍ ဆုံးမသြ၀ါဒစကား ပြောကြားခဲ့သည်။ ကိုမင်းကိုနိုင်တို့အဖွဲ့အား “ကျန်းမာပါစေ .. ချမ်းသာပါစေ” ဟူသော အားပေးကြွေးကြော်သံတို့သည် ပြည်မြို့တခွင် ညဦးယံအား ထိုးခွဲ၍ ပဲ့တင်ထပ်သွားတော့သည်။

ထိုညတွင် ကိုမင်းကိုနိုင်တို့အဖွဲ့တို့သည် ဦးကျော်သူတို့နှင့်အတူ ရွှေပေါက်ပင်ကျောင်းတိုက်တွင် အိပ်စက်အနားယူကာ ၁၄.၁.၂၀၁၂ စနေနေ့ နံနက် (၆း၀၀) နာရီအချိန်တွင် ရန်ကုန်သို့ ခရီးဆက်ကြမည် ဖြစ်ကြသော်လည်း ဦးကျော်သူသည်ကား အဓိဋ္ဌာန်ကျင့်စဉ် (၃)ရက်ပြည့်သည်အထိ ပြည်မြို့၊ ရွှေပေါက်ပင် ကျောင်းတိုက်တွင် ဆက်လက်၍ ကျင့်ကြံအားထုတ်သွားမည် ဖြစ်သည်။

အချုပ်ဆိုရသော် သည်တစ်ချိန် သည်တစ်ခါ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံအားထုတ်သော ဦးကျော်သူ၏ အဓိဋ္ဌာန်ကျင့်စဉ်အား “လွတ်” အဓိဋ္ဌာန်ကျင့်စဉ်ဟု အမည်နာမတပ်လိုက်ချင်တော့သည်။






သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်


သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်း
သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်---
ဒီဗွီဘီ

ယနေ့ပြန်လည် လွတ်မြောက်လာကြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ..ဓါတ်ပုံသတင်း


ကိုမင်းကိုနိုင် သရက်မှ အောင်လံမြို့သို့အသွား စက်လှေပေါ်တွင် ကြိုဆိုသူများနှင့် တွေ့ရစဉ်
ကိုမင်းကိုနိုင်က အောင်လံမြို့ ကမ်းနားလမ်းနှင့်ဘုရားလမ်းထောင့်တွင် လူထုသို့စကားပြောနေစဉ်။
ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာသော ဦးကိုကိုကြီး

ကိုဋ္ဌေးကြွယ်
ဘန်ကောက်မှ ပြန်လည်ကြွရောက်လာသော ရွှေညဝါဆရာတော်နှင့် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသော ကိုမြအေးအား တွေ့ရစဉ်
ကိုပြုံးချိုအားတွေ့ရစဉ်

ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက် ရှိလာသော မနီလာသိန်း
ကိုမင်းကိုနိုင်မှ အကျဉ်းကျခံနေရစဉ် ရေးဆွဲထားသော ပန်းချီကားများကို ပြည်သူများအား ပြသနေစဉ်။
ကိုမင်းကိုနိုင်အား အောင်လံမြို့တွင် ကြိုဆိုနှုတ်ဆက်ကြသူများ
ဓာတ်ပုံများ 7 Day News Journal နှင့် EMG
ဒီငြိမ်းလင်း(ယာအစွန်-မျက်မှန် တပ်ထားသူ)၊ နိုဘယ်အေး၊ ကိုကိုနိုင်၊ လားရန်ထွန်း၊ ဦးဝိလာသက္က (ခ)ဦးလှထွန်း (ယာမှဝဲအစဉ်လိုက်) တို့ကို မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ကြိုဆိုသူများ၏ ပန်းနှင့်ပန်းကုံး၊သပြေခက်တို့နှင့်တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား

ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းလည်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။