Tuesday, February 21, 2012

ဇောတိကဓါတ်ငွေ့ပိုက်လိုင်းလုပ်သားများအရေး တိုင်းဝန်ကြီးချုပ်ထံ တိုင်ကြား

ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)

ထားဝယ်ခရိုင်အတွင်းရှိ ဇောတိက ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်း လုပ်သားများက ၎င်းတို့တောင်းဆိုမှုများကို  ကုမ္ပဏီဘက်မှ ဖြေရှင်းပေးခြင်းမရှိသေးသဖြင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ ယခုလ ၂၀ ရက်က တိုင်ကြားထားကြောင်း အလုပ်သမားခေါင်းဆောင်များက ပြောသည်။

“ တောင်းဆိုခဲ့တာနဲ့ ပတ်သတ်ပြီး ဘယ်သူမှ လာဖြေရှင်းပေးတာမျိုးမရှိသေးဘူး။ အခုက ဆန္ဒပြရာမှာ ပါတဲ့သူတွေကို အလုပ်မပေးဘဲ သီးခြားဖယ်ထားပြီး အလုပ်မဆင်းခိုင်းဘဲထားတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးက YPI သို့ပြောသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လိပ်မူထားသော တိုင်ကြားစာတွင် အလုပ်သမားများ၏ အခက်အခဲများ၊ ကုမ္ပဏီထံတောင်းဆိုထားသော လစာတိုးမြှင့်ရေး၊ အခြားအလုပ်သမားအခွင့်အရေးများ ဖြည့်ဆည်းပေးရေးနှင့် ဒေသခံအလုပ်သမားများအား ကြီးကြပ်သူတို့က ရိုင်းပြသော အပြုအမူများဖြင့် မခိုင်းစေရန်တို့ပါဝင်ပြီး မိတ္တူကို ILO၊ လူမှုရေး အသင်းအဖွဲ့များ နှင့် နိုင်ငံရေးပါတီများသို့ ပေးထားကြောင်း အလုပ်သမားများက ဆိုသည်။

ယခုလအစောပိုင်းက ခြောက်ရက်ကြာ ဆန္ဒပြမှုအပြီးတွင် ယခင်ခင်လ တစ်ဝက်စာလုပ်အားခအတွက် တစ်ရက် လေးထောင်ကျပ်မှ ငါးထောင်ကျပ်သို့ တို့မြှင့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကျပ်ငါးထောင် မပေးနိုင်ဟု ကုမ္ပဏီမှပြောကြောင်း၊ အခြားခံစားခွင့်များဖြစ်သည့် အန္တရာယ်ကင်းဝတ်စုံများ၊ သောက်ရေ၊ ကြိုပို့ကားနှင့် နားနေချိန်များအတွက် အဆင်ပြေအောင် စီစဉ်ပေးမှုမရှိသေးသည့် အပြင် ဆန္ဒပြခေါင်းဆောင် အလုပ်သမားများအား သီးခြားခွဲကာ အလုပ်မပေးခြင်းမျိုးဖြင့် တုံ့ပြန်ခဲ့ကြောင်း အလုပ်သမား ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယခုလ ၁၆ ရက်က Asia Guiding Star Co.Ltd တာဝန်ခံက ၎င်းသြဇာရှိသော အလုပ်သမားတစ်စုကို ရေဖြူမြို့နယ်သို့ခေါ်သွားပြီး ပြဿနာမှာပြေလည်သွားပြီဖြစ်ကြောင်းနှင့် နောက်ထပ်ဆန္ဒမပြရန် ၀န်ခံကတိ လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် အလုပ်သမားတစ်ဦးကပြောသည်။

ဇောတိက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင်တစ်နေရာ

ကန်ဘောက်ဒေသခံ အလုပ်သမားရေးရာ လေ့လာသူတစ်ဦးက “ ကန်ဘောက်ဒေသမှာရှိတဲ့ အခြားပိုက်လိုင်းကုမ္ပဏီနှစ်ခုက လုပ်သားတွေနဲ့ယှဉ်ရင် အလုပ်သဘာချင်းတူပေမယ့် (ဇောတိကစီမံကိန်း အလုပ်သမားတွေ) လစာက တစ်ဝက်လောက်ပဲရတယ်။ ပြီးတော့ ဒီကုမ္ပဏီ(Asia Guiding Star) က အလုပ်သမားတွေက ၀တ်စုံ၊ ဖိနပ် မရဘူး။ နားချိန်တောင်လုံလောက်အောင်မရဘူး” ဟု သုံးသပ်သည်။

ထိုင်းအခြေစိုက် အင်အားကြီးစွမ်အင်ကုမ္ပဏီဖြစ်သော PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သော ဇောတိက ပိုက်လိုင်း၏ ကုန်းတွင်းပိုက်လိုင်းသွယ်တန်းရေးစီမံကိန်းအား China Petroleum Pipeline Bureau(CPPB) မှ ပင်မကန်ထရိုက်အဖြစ်ဆောင်ရွက်နေသည်။

အလုပ်သမားကိစ္စများအတွက် Asia Guiding Star Co.Ltd နှင့် United Engineering Co.Ltd တို့မှ တစ်ဆင့်ခံကန်ထရိုက်ရရှိထားပြီး ယခုဆန္ဒပြတောင်းဆိုမှုမှာ Asia Guiding Star Co.Ltd နှင့် အလုပ်သမားများကြား ဖြစ်ပွားနေခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက်တွင် အလုပ်သမားအခွင့်အရေးတောင်းဆိုမှုများ ယခင်ကထက်အားကောင်းလာပြီး ယခုလအတွင်း လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ယီစက်ရုံလုပ်သားများကလည်း အခြေခံလစာနှင့် အလုပ်သမားအခွင့်အရေးများအတွက် ဆန္ဒြ့ပတောင်းဆိုနေကြသည်။      ။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ဒေါင်ဒေါင်မြည်ဟု မိသားစု ဆရာဝန်ကပြော

ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၂ (YPI)

ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလောကျန်းမာရေးမှာ ဒေါင်ဒေါင်မြည် လျှက်ရှိကြောင်း ၎င်း၏ မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်း (ခွဲစိတ်အထူးကု) က မီဒီယာအချို့နှင့် ယနေ့ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်လ က အာရှတော်ဝင် ဆေးရုံတွင် တကြိမ်၊ oိတိုရိယဆေးရုံတွင် တကြိမ် နှစ်ကြိမ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ဆရာဝန်များပင် အံ့သြဖွယ်ကောင်းလောက်အောင် ရလဒ်များကောင်းကြောင်း ၎င်းကပြောသည်။

“ အမအခုအသက် ၆၇ နှစ်ရှိနေပြီး၊ ဒါပေမဲ့ ရိုးရိုးသာမာန်လူအသက် ၆၇ နှစ် ထက်ပိုကျန်းမာတယ် ၊ စစ်ဆေးထားတဲ့ အဖြေတွေကို ကြည့်ပြီး ဆရာတွေတောင် အံ့သြတယ် ” ဟုဒေါက်တာ တင်မျိုးဝင်းက ပြောသည်။

ပြုလုပ်ခဲ့သောကျန်းမာရေးစစ်ဆေးမှုတွေဟာ နှလုံး၊ အဆုပ်၊အသည်း၊ကျောက်ကပ် ၊အစာအိမ်၊ကြွက်သား၊ အာရုံကြော ၊အရိုး သိပ်သည်းဆ စသည်တို့ကို စစ်ဆေးခဲ့ရာ အားလုံးအခြေအနေကောင်းသည်ဟု လည်း၎င်းကပြောသည်။

“အမျိုးသမီးတွေကအသက်ကြီးလာရင် အရိုးပွတာ ၊ အရိုးပါးတာတွေဖြစ်တတ်တယ်လေ၊ သူကလည်းခရီး ခဏခဏသွားရတယ်ဆိုတော့ ဒါကိုအထူးသတိထားစစ်ဆေးပါတယ် ၊ဒါပေမဲ့ အဲဒါနဲ့ပတ်သတ်ပြီးတော့လည်း အရမ်း အခြေအနေကောင်းတယ်၊ အကောင်းဆုံး အခြေအနေမှာရှိတယ်လို့ တောင်ပြောလို့ရတယ်၊ စိုးရိမ်စရာမလိုဘူး”ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံခရီးစဉ်တွင်  ခလုပ်တိုက်မိသည်များ ၊ သြဂုတ်လ သမ္မတနှင့်တွေ့ ဆုံသည့် နေပြည်တော်ခရီးစဉ်သွားစဉ် ကားမူး သည်များ ဖြစ်ခဲ့သော်လည်း ၎င်းတို့မှာ
ကျန်းမာရေးအခြေအနေကြောင့် မဟုတ်ဘဲသာမာန်ဖြစ်လေ့ ဖြစ်ထရှိသည့် ပြသာနာများပင်ဖြစ်သည်ဟု မိသားစု ဆရာဝန်ကရှင်းပြသည်။

၂၀၀၃ ခုနှစ် နေအိမ်အကျုယ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရစဉ်  အာရှတော်ဝင်အထူးကုဆေးခန်းတွင် ခွဲစိတ်မှု တခုခံယူခဲ့ရာ ယခုအခါ အဆိုပါ ခွဲစိတ်မှု နောက်ဆက်တွဲအခြေအနေပါ ကောင်းမွန်လျက်ရှိသည်ဟုဆိုသည်။

သူမသည် နေ့စဉ် တရားထိုင်လျက်ရှိပြီး ခြေလေးချောင်းသားများကိုရှောင်ပြီး ပင်လယ်စာကြိုက်သည်ဟု ဆိုသည်။ အစားအနည်းငယ်သာ စားသောကြောင့် အဟာရမျှတအောင် စီစဉ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏  ကိုယ်အလေးချိန်မှာ ၁၀၆ ပေါင်ရှိသည်ဟု လည်းပြောဆိုသည်။

စိတ်ဖိစီးမှုတွေကိုကောင်းမွန်စွာကျော်လွှာနိုင်ပြီးတခါတရံတွင် ဆေးကြောင့်ဖြစ်စေ ၊ အစားအသောက်ကြောင့်ဖြစ်စေ ၊အခြားအခြေအနေကြောင့်ဖြစ်စေ ဓာတ်မတည့်သည့် ပြဿနာ အနည်းငယ် ရှိကြောင်းလည်း ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ယခင် နေအိမ်အကျယ်ချုပ် ကျစဉ်ကလည်းပင်း အရိုးကျီးပေါင်းတက်သည့် ရောဂါကြောင့် နေ့စဉ်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သော်လည်း ယခုအခါ  သူမလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များ ပိုမိုများပြားလာသောကြောင့် လေ့ကျင့်ခန်းပုံမှန် မပြုလုပ်နိုင်တော့ ဟု ဆိုသည်။

 
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စောင့်ရှောက်ကုသပေးနေသူ ဒေါက်တာ တင်မျိုးဝင်းနှင့် ဒေါက်တာ ပြုံးအိမွန်

ယခုထက်တိုင်ထိ နုပျိုလှပနေသည့် လျို့ဝှက်ချက်မှာ ထွေထွေထူးထူးမရှိဘဲသူမရဲ့ အကောင်းမြင်စိတ်ထားများကြောင့် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည့် ဒေါက်တာ ပြုံးအိမွန်ကပြောသည်။

အသားအရည် ထိန်းသိမ်းခြင်းနှင့် ပတ်သတ်ပြီး အလှပြင်ဆိုင်သို့သွား၍  အထူးတလည်ထိန်းသိမ်း ပြုလုပ်ခြင်းမရှိဘဲ သာမာန်မိန်းကလေးများ ပြုလုပ်သည့် အသားအရည်ထိန်းသိမ်းသည့် နည်းလမ်းများသာ အသုံးပြုသည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ဒေသ စည်းရုံးခွင့်ပိတ်ပင်မှု ရုပ်သိမ်း


ရန်ပိုင် on February 21, 2012


ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အား ကချင်ပြည်နယ် အတွင်း မဲဆွယ်စည်းရုံးခွင့် ပိတ်ပင်ထားမှုကို ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ပြန်လည် ရုပ်သိမ်း ပေးလိုက်သည်။

လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးကောင်း၊ နမ္မတီး၊ ဗန်းမော် သို့ စည်းရုံး ရေးသွားရောက်မည့် ဒေါ် အောင် ဆန်းစုကြည်၏ ခရီးစဉ်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒေသအာဏာပိုင်များက ပိတ်ပင်ထားခြင်းကို ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်ပေးလိုက်ခြင်း ဖြစ်ကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောပြသည်။

“ဒီလိုပြန်ဖွင့်ပေးတာ အစိုးရအတွက်ရော၊ ကော်မရှင်၊ နိုင်ငံရေးပါတီ အားလုံးအတွက် အလင်းရောင်ပါပဲ”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီး ဟောပြောမှုများနှင့် ပတ်သက်၍ ကချင်ပြည်နယ်သည် ပထမဆုံးပိတ်ပင်သည့် ပြည်နယ် ဖြစ် ပြီး တခြားသော ပြည်နယ်နှင့်တိုင်းများတွင် ထိုသို့ပိတ်ပင်မှုများ မရှိသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ပြည်နယ်နှင့်တိုင်း ရွေးကောက်ပွဲကော်မရှင်များက ခွင့်ပြုခဲ့သော်လည်း အားကစားဝန်ကြီး ဦးတင့်ဆန်းကမူ အစိုးရ အားကစားကွင်း များ တွင် ပြုလုပ်ခွင့်မပေးနိုင်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက် ကလည်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ သွားရောက်ပြီး စည်းရုံးဟောပြောရန်အတွက် ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေအားကစားကွင်းကို ငှားရမ်းခဲ့သော်လည်း တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်ပြု ခြင်း မရှိပေ။

အလားတူ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်တွင်လည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုရန် အားကစားဝန်ကြီး ဦးတင့်ဆန်းက တား မြစ်ခဲ့သော်လည်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့သည်။

ထိုကိစ္စများနှင့် ပတ်သက်ပြီး NLD က ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ လွတ်လပ်စွာ မဲဆွယ် စည်းရုံးမှုများကို အာဏာ ပိုင် များက ကန့်သတ်မှု များပြားလာကြောင်း၊ လွတ်လပ် တရားမျှတသောရွေးကောက်ပွဲ တခုဖြစ်ရန် ခက်ခဲလာကြောင်း သတင်းစာ ရှင်း လင်းပွဲ ပြုလုပ်၍ ဝေဖန်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲအပြီး သုံးနာရီခန့်အကြာတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်က ကချင် ပြည် နယ် NLD ကို ခေါ်ယူ ပြောဆိုခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် NLD ဘဏ္ဍာရေး တာဝန်ခံ ဒေါ်ငွေကြိုင်က ပြောသည်။

“လမ်းခရီးလုံခြုံရေးပေးဖို့ပါ၊ အနှောင့်အယှက် ပေးဖို့မဟုတ်ဘူး၊ အားလုံး ခွင့်ပြုလိုက်ပါပြီ၊ NLD ပါတီ ဆိုတာ တရားဝင်ပါတီဖြစ် တယ်၊ အကူအညီပေးရမှာက ကော်မရှင်တာဝန်ပါလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။

ပြည်နယ်ကော်မရှင်က မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ ဗန်းမော်မြို့များတွင် ဒေါ်အောင်ဆန်းစုကြည်အား မဲဆွယ် စည်းရုံးရေး ဟော ပြောခွင့် ပြုလိုက်ခြင်းဖြစ်သည်ဟု ဒေါ်ငွေကြိုင်က ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၂၃ ရက် တွင် လေယာဉ်ဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး နမ္မတီးမြို့သို့ ဦးဆုံး သွားရောက်မည်ဖြစ်ကြောင်း၊ ထို့နောက် မိုးကောင်းမြို့တွင် စည်းရုံးရေးလုပ်ငန်းများလုပ်ကိုင်မည်ဖြစ်ပြီး ဖေဖော်ဝါရီ၂၄ ရက် နံနက် ၉နာရီတွင် မြစ်ကြီးနားမြို့ မနောကွင်း၌ ဟောပြောပွဲပြုလုပ်မည်ဖြစ်သည်။

မြစ်ကြီးနားမြို့တွင်လည်း NLDကို ထောက်ခံသူများက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် ရပ်ကွက်အလိုက် ပြင်ဆင်မှုများ ပြုလုပ် နေကြောင်း သိရသည်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နမ္မတီးမြို့အားကစားကွင်းတွင်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု နမ္မ တီးမြို့NLD လူငယ်တာဝန်ခံ ကိုဝင်းဗိုလ် က ပြောသည်။

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ဦးဒါရှီလဆိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုရန် မနက်ဖြန်တွင် မြစ်ကြီးနားမြို့သို့ ဖားကန့် ပြည်သူ အများအပြားသွားရောက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

မြန်မာပြည်မှ စီမံကိန်းများပြည်သူ့အကျိုးအတွက်ဖြစ်သင့်

စီမံကိန်းများကို တည်ဆောက်သော်လည်းပြည်သူများဘဝပြောင်းလည်းခြင်းယခုတိုင်မရှိ၊

စီမံကိန်း တည်ဆောက်သူများသာ ငွေကြေးချမ်းသာ၊

 ပြည်သူလူထုလူနေမှု့အဆင့်အတန်းပြောင်းလည်း

ရန်လိုသလို ဝန်ထမ်းများ၊အုပ်ချုပ်သူအရာရှိအရာခံများ အကျင့်ပျက် လာဒ်စားခြင်းများကို ထိရောက်စွာအရေးယူခြင်းများနှင့်၊ ပြည်သူများအပေါ်ယဉ်ကျေးပျူငှာစွာ ဆက်ဆံရေးများနှင့် ဆောင်ရွက်ပေးသင့်။

 

အပြည်ပြည်ဆိုင်ရာလေဆိပ် ၂ ခု မြန်မာနိုင်ငံတွင် ထပ်ဆောက်မည်

ဒီဗွီဘီ

မြန်မာ နိုင်ငံမှာ အပြည်ပြည် ဆိုင်ရာ လေဆိပ် အသစ် ၂ ခု ထပ်မံ တိုးချဲ့ ဆောက်လုပ်ဖို့ အစီ အစဉ် ရှိနေ တယ်လို့ တရုတ် အစိုး ရပိုင် ဆင်ဟွာ သတင်းမှာ ဖော်ပြ ပါတယ်။

အနာ ဂတ်မှာ ဖြစ်ထွန်း လာမယ့် တိုင်းပြည်ရဲ့  ဖွံ့ဖြိုး တိုးတက်မှု တွေနဲ့ ကိုက်ညီမှု ရှိအောင် လေဆိပ် သစ်တွေ ထပ်ဆောက်ဖို့ စီစဉ်နေ တာ ဖြစ်ပြီး လေဆိပ်သစ် ဆောက်လုပ်ရေး အတွက် ဂျပန်နဲ့  စင်ကာပူ နိုင်ငံ တွေ ကနေ ရင်းနှီး မြှုပ်နှံ မှုတွေ ဖိတ်ခေါ် ထားတယ်လို့ သ တင်းမှာ ရေးထား ပါတယ်။

လေဆိပ်သစ် စီမံကိန်း တွေကတော့ ပဲခူး ဒေသမှာ ဆောက်လုပ်မယ့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်နဲ့ တနင်္သာရီ ဒေသက ထားဝယ် ရေနက် ဆိပ်ကမ်းမှာ ဆောက်လုပ်မယ့် ထားဝယ် အပြည်ပြည် ဆိုင်ရာ လေဆိပ် စီမံ ကိန်းတွေ ဖြစ်ပါတယ်။

စီမံကိန်း ၂ ခုအနက် ထားဝယ်လေဆိပ်စီမံကိန်းကိုတော့ လက်ရှိ ရှိပြီးသား ပြည်တွင်းသုံး ထားဝယ်လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေ ဆိပ်အဖြစ် ၃ နှစ် အတွင်း အမေရိကန် ဒေါ်လာ (၄) သန်း ကုန်ကျခံပြီး အဆင့်မြှင့်တင်မှာလို့ လေကြောင်း ဦးစီးဌာနက တာဝန်ရှိသူတွေရဲ့ စကားကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရန်ကုန်၊ မန္တလေးနဲ့  နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ် ၃ ခု ရှိပြီး ပြည်တွင်းလေဆိပ် ၂၉ ခုနဲ့ စုစု ပေါင်း လေဆိပ် ၃၂ ခု ရှိပါတယ်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းကိုတော့ ၂၀၀၀ ပြည့်နှစ်ကလည်း မြန်မာအစိုးရက တည်ဆောက်ဖို့  စီစဉ်ခဲ့ဖူးပေမယ့် အကောင်အထည် ပေါ်မလာခဲ့ပါဘူး။

မပြောင်းလဲသေးသော မြန်မာ့လေကြောင်း


ဖေဖေါ်ဝါရီ ၉ ရက်နေ့က ကျနော် အလုပ်ကိစ္စတစ်ခုနဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို သွားဖို့ဖြစ်လာတယ်။ ဒါနဲ့ လေယာဉ်လက်မှတ် အရောင်းဆိုင်တွေကိုဆက်သွယ်တော့ ပုဂလိက လေကြောင်းလိုင်းတွေမှာ လက်မှတ်မရတော့ဘူး လို့သိရတယ်။ မြန်မာ့လေကြောင်းကဘဲရနိုင်မယ်တဲ့။ အိုကေပေါ့ ကမ်းနားလမ်းမှာရှိတဲ့ မြန်မာ့လေကြောင်း လက်မှတ်အရောင်းဌါနကို သွားလိုက်တယ်။ အဖြေကတော့ထုံးစံအတိုင်း လက်မှတ်ကုန်ပီတဲ့။ စိတ်ပျက်လက်ပျက်နဲ့ ထွက်လာတော့ အပြင်ကစောင့်နေတဲ့ပွဲစားတွေက အကိုဘယ်သွားချင်လဲ လက်မှတ်ရှိတယ်တဲ့။ ကိုယ်ကလည်းအရေးကြီးနေတော့ လုပ်မယ်ကွာ ဗန်းမော်သွားချင်တယ် ၉ ရက်နေ့လက်မှတ်လိုချင်တယ်ဆိုတော့ အကိုခဏစောင့် ဆိုပြီးအထဲဝင်သွားတယ်။ ခဏနေပြန်ထွက်လာပြီး ၂ သောင်းပိုပေးရမယ် လက်မှတ်ရမယ်တဲ့။ လွယ်လိုက်တာ.. ဒီလိုနဲ့ မနက် ၁၁ ခွဲလောက်ကျတော့လက်မှတ် ရလာတယ်..
၉ ရက်နေ့မနက် လေယာဉ်ထွက်ချိန်က ၇နာရီ ၃၀ ကွင်းချိန်းက ၅ နာရီ ၃၀၊ ကျနော် အိမ်ကနေ မနက် ၅ နာရီလောက်ထွက်လိုက်တယ်။ နှင်းပိတ်နေလို့တဲ့ လေယာဉ်က ၉ နာရီခွဲမှ ထွက်တယ်။ ထားပါတော့ ရာသီဥတုကိုး ဘယ်တတ်နိုင်မလဲပေါ့။
ဟိုရောက်တော့ ရောက်ရောက်ချင်းနောက်နေ့ဘဲ အပြန်အတွက် လက်မှတ်သွားဝယ်တယ် ကြိုမရောင်း ဘူးတဲ့။ လိုချင်တဲ့နေ့ မတိုင်ခင် ၃ ရက်လောက် အလိုမှ ရောင်းပေးမယ်တဲ့။ ဒီလိုနဲ့ အဲ့နေ့ရောက်တော့ သွားဝယ်တယ်။ မရတော့ဘူးတဲ့ ဟိုနားဒီနားကြည့်တော့လဲ ပွဲစားကမတွေ့။ ပြသနာဘဲပေါ့။ ဒါနဲ့သူငယ်ချင်းတစ်ယောက် သူကဌါနတစ်ခုက လူကြီး ဟဲဟဲ သူ့ဘဲအားကိုးရတော့တာပေါ့. ပြောလိုက်တော့ သူကစာတစ်စောင်ရေးပေးလိုက်တယ်. သူ့စာနဲ့ဝယ်တော့မှရတယ်. အဲ့ချိန်မှာဘဲ ကောင်မလေးတစ်ယောက် လက်မှတ်ရောင်းဆီမှာ ငွေ ၂၀၀၀၀ ပိုပေးပြီးဝယ်နေတာတွေ့တော့မှ အော်ဒီမှာက ပွဲစားမလိုပါလား တိုက်ရိုက်ငွေပေးရင် ရပါလားဆိုတာသိသွားတော့တယ်။
ဒီလိုနဲ့ လေယာဉ်စီးရမယ့်နေ့ (၁၆ ရက်ဖေဖေါ်ဝါရီ ၂၀၁၂) ရောက်တော့ မနက် ၈နာရီခွဲ ကွင်းချိန်းတဲ့ ၉နာရီလောက်ရောက်အောင်သွားလိုက်တယ်.. လေယာဉ်ကရောက်မလာဘူး နေ့လည် ၁၂ နာရီလောက်မှ လေယာဉ်ရောက်လာတယ် ရန်ကုန်၊ မန်းလေး သွားမယ့်သူတွေက တက်လို့မရသေးဘူးတဲ့ လေယာဉ်ကမြစ်ကြီးနားကို အရင်သွားမှာ အပြန်မှ ရန်ကုန်၊ မန်းလေးခရီးသည်တွေကို ၀င်ခေါ်မယ်တဲ့. ဒါနဲ့ဗိုက်ကလဲ ဆာလာတော့ ဆိုင်ကယ်တက်စီနဲ့ အပြင်ထွက်ပြီးထမင်းစားလိုက်တယ်. နေ့လည် ၂ နာရီလောက်မှလေယာဉ်ပြန်ဝင်လာတယ်. ကိုယ်တွေတော့သွားရတော့မယ်ပေါ့ဆိုပြီး အထုပ်ဆွဲ ကျောပိုးအိတ်လွယ်နဲ့ပေါ့။ ဒီလိုနဲ့ ၂နာရီခွဲလောက်မှ ကွင်းတာဝန်ခံဆိုတဲ့သူက ၀င်လာပြီး လေယာဉ်က ဘီးပေါက်သွားလို့ပါ၊ ရန်ကုန်က လေယာဉ်တစ်စီးလာကြိုပါ့မယ် ညနေ ၄ နာရီလောက်ပြန်လာခဲ့ပါတဲ့။ ဒါပထမဆုံးအကြိမ် လေယာဉ်ကွင်းက ရတဲ့ information ဘဲ။ ဒီလိုနဲ့ပြန်ပေါ့ တည်းတဲ့နေရာကို ညနေ ၄နာရီပြန်လာတော့  ခဏစောင့်ရင်း ညနေ ၅ နာရီလောက်မှာ ရန်ကုန်က လေယာဉ်တစ်စီး ရောက်လာတယ်။ ကဲဒီတစ်ခါတော့ သွားရပီပေါ့စိတ်ကူးနေတုန်း ရောက်လာတဲ့လေယာဉ်ကသေးလို့တဲ့ နေပြည်တော် သွားမယ့်သူတွေဘဲလိုက်လို့ ရမယ်တဲ့။

ဒီကေဘီအေနှင့် နယ်ခြားစောင့်တပ်ပြဿနာ အစိုးရငြိမ်းချမ်းရေးအဖွဲ့ ၀င်ညှိနှိုင်းမည်

နန်းမြနဒီ

အခု ရက်ပိုင်း ကရင် ပြည်နယ် လှိုင်းဘွဲ့မြို့ နယ်ထဲမှာ ပစ်ခတ်မှု တွေ ဖြစ် ပွားခဲ့တဲ့ ဒီကေ ဘီအေနဲ့ အစိုးရ နယ်ခြား စောင့်တပ် တို့ကြား ပြဿ နာကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်တွေက ၀င် ရောက် ညှိနှိုင်း ပေးမယ်လို့ ဒီကေ ဘီအေက ပြောပါတယ်။

နယ်ခြား စောင့်တပ်က ဒီကေ ဘီအေ ဆီက လက်နက်တွေ သိမ်းယူသွား တဲ့ ကိစ္စကို ပြေလည်အောင် ညှိနှိုင်း ပေးဖို့ ဒီကေ ဘီအေက အစိုးရ ငြိမ်းချမ်းရေး ကိုယ်စား လှယ်တွေကို တောင်းဆို ခဲ့တာပါ။

အစိုးရ ကိုယ်စား လှယ်ဘက် ကလည်း ဒီနေ့ ဘားအံမှာ တွေ့မယ့်အ ကြောင်း ပြန်ကြား လာတယ်လို့ ဒီကေ ဘီအေ ပြောခွင့်ရ ဗိုလ်မှူး စော လုံ့လုံက ပြောပါ တယ်။

“နယ်ခြားစောင့် တပ်ကို နိုင်ငံတော် အစိုးရ ကပဲ ထိန်းချုပ် ထားတယ် ဆိုတော့ နိုင်ငံတော် အစိုးရ ကိုယ်တိုင် ကိုယ်ကျ လာပြီး ဖြေရှင်း ပေးမှ ပြေလည် မယ်လို့ ကျနော်တို့ ထင်တယ်။ အဲဒီ နေရာ မှာလည်း ကျနော် တို့နဲ့ နီးစပ်မှု ရှိတာက ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မ တီ မှာပါတဲ့ ဝန်းကြီး အောင်သောင်းတို့၊ ဝန်ကြီး ဦးသိန်းဇော် တို့က ကျနော် တို့နဲ့ ဆက်စပ်မှု ရှိတဲ့ အတွက်ကြောင့် သူတို့က အစိုးရ ကိုယ်စား လှယ်အဖြစ် ဝင်ရောက် ဆွေးနွေးဖို့ ကျနော်တို့ တောင်းဆို ထားတာ ရှိပါတယ်။ အဲဒီ အချက်ကို ဦးခင်စိုး ကတဆင့် အကြောင်း ပြန်တာက လာတွေ့ မယ် လို့ သူတို့ ပြောထား တယ်။ သူတို့ ဘားအံ ရောက်လာ ရင်တော့ ဒီက နေ့ပါပဲ၊ နောက်ဆုံး မနက်ဖြန် ဖြစ်ဖြစ် အမြန် ဆုံး တွေ့ဆုံ ဆွေးနွေး ရ မယ်လို့ ကျနော်တို့ ထင်တယ် လေ။”

တွေ့ဆုံပွဲမှာ ဒီကေဘီအေရဲ့ လက်နက်တွေ ပြန်အပ်ပေးဖို့၊ ဖမ်းထားတဲ့သူတွေ ပြန်လွှတ်ပေးဖို့ကိစ္စနဲ့ နယ်မြေ တည်ငြိမ်ရေးကိစ္စတွေ ဆွေး နွေးမှာဖြစ်ပြီး နယ်ခြားစောင့်တပ်ဘက်ကလည်း အဆိုပြုတာတွေ ရှိမှာဖြစ်တဲ့အတွက် အပေးအယူညှိနှိုင်းမယ်လို့ ဗိုလ်မှူး စောလုံ့ လုံက ပြောပါတယ်။

နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိုင်ကြီးငူဒေသ ရင်းပိုင်းချောင်းနဲ့ မဲသဝေါဘက်မှာရှိတဲ့ ဒီကေဘီအေ စခန်း ၅ ခုကို ၀င်ရောက်ပြီး လက်နက်ပေါင်း ၃၀ ကျော်ကို သိမ်းယူသွားခဲ့ပါတယ်။ အဲဒါကြောင့် လက်နက် တင်လာတဲ့ နယ်ခြားစောင့် တပ် ယာဉ်တန်းကို မြိုင်ကြီးငူမြို့ထဲမှာ ဗိုလ်ဘိ ဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့က စောင့်ပစ်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီကေ တပ်မှူးတယောက်က ပြောပါတယ်။

ပစ်ခတ်မှုကြောင့် နယ်ခြားစောင့်တပ်ဘက်က ၃ ဦး ကျပြီး ၂ ဦး ဒဏ်ရာရခဲ့သလို မနေ့က ပစ်ခတ်မှုကြောင့် ဒီကေဘီအေ တပ်မှူး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ မဲသဝေါဘက်က ရွာသား ၅၀ ကျော်ဟာ ဘေးလွတ်ရာ ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ဟာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းတာကို လက်မခံ သူ တွေနဲ့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၃ ရက်နေ့က အစိုးရနဲ့ အပစ်အခတ် ရပ်ခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ကတော့ အရင် ဒီကေဘီအေတပ်ကနေ အစိုးရရဲ့ ဖိအားပေးမှုနဲ့ ၂၀၁၀ ခုနှစ် သြဂုတ်လထဲမှာ နယ်ခြားစောင့် တပ်အ သွင် ပြောင်းခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။