Monday, February 27, 2012

ကြောင်တောင်တောင်နိုင်သော အောက်လွှတ်တော်ဥက္ကဌ ရွှေမန်း၏အတွေးအခေါ်များ

အခြေအနေများကို အကျဉ်းချုံး သုံးသပ်လိုက်လျှင် တရုပ်ကို ပေးစရာအကြွေးပူရှိနေပုံရ၊

အနောက်နိုင်ငံများက မြန်မာပြည်ကိုချဉ်းကပ်မှု့များရှိလာဆိုသော အသုံးအနှုံးမှာ ကြောင်တောင်တောင်နိုင်သောတွေးခေါ်မှု့၊

ထိုသို့တွေးခေါ်မှု့များရှိနေသရွေှ့၊

ကိုယ်ပိုင်ယုံကြည်ချက်မရှိသည်မှာထင်ရှား၊ အားကိုးရှာ တရုပ်ကိုပေါင်းသောရွှေမန်း၏အပြောအဆိုကြောင့်ပြည်သူများစိတ်ပျက်ရ။

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း
ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။
shwemann
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘနကိုနှင့် တွေ့ဆုံစဉ် ပြောကြား (ဓါတ်ပုံ မဇ္ဈိမ)

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟီလာရီကလင်တန်၏ ခရီးစဉ်ကို ဦးရွှေမန်းက ရည်ညွှန်းကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မစ္စစ် ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံစဉ်အတွင်း သူရ ဦးရွှေမန်း က "မည်သည့်နိုင်ငံ အဖွဲ့အစည်းဖြစ်စေ
မြန်မာပြည်သူပြည်သားများ ဒုက္ခရောက်စေမည့် မူဝါဒများ၊ အစီအမံများ၊ လုပ်ဆောင်ချက်များကို လက်မခံကြောင်း"
ပြောကြားခဲ့သည်ကိုလည်း မစ္စတာ ဝူဘန်ကို အား ပြန်လည်ပြောပြသည်ကို သတင်းစာတွင် ဖေါ်ပြထားသည်။

မစ္စတာ ဝူဘန်ကို ကလည်း အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု များပြားနေသည်ကို သတိပြုမိပြီး နှစ်နိုင်ငံ ဆက်ဆံရာတွင် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အပြန်အလှန် လေးစားသွားရမည်ဟု ပြန်လည်ပြောဆိုခဲ့ပြီး တရုတ်
နိုင်ငံ အနေဖြင့်လည်း အနောက်နိုင်ငံများနှင့် ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အထိခိုက်ခံမည် မဟုတ်ဟု ဦးရွှေမန်းကို ပြန်လည်ပြောဆိုခဲ့သည်။

အနောက်နိုင်ငံများသည် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စများ၊ ရာသီဥတု ပြောင်းလဲမှုများကို အကြောင်းပြကာ စီးပွားရေးလုပ်ငန်းအချို့ကို အနှောက်အယှက် ပြုနေသည်ဟု မစ္စတာဝူဘန်ကို က ပြောသည်။

ထို့အပြင် တရုတ်၊ မြန်မာ အကျိုးတူပူးပေါင်းဆောင်ရွက်ရန်ရှိသည့် ၂ဝ၁၁ စက်တင်ဘာလအတွင်း သမ္မတ ညွှန်ကြား ချက်ဖြင့် ရပ်ဆိုင်းခဲ့သော ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်း ပတ်သက်၍လည်း "မြန်မာနိုင်ငံတွင် မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့ခြင်းသည် ပြည်တွင်း/ပြည်ပ အခြေအနေများကြောင့်ဖြစ်သည်”ဟု မစ္စတာ ဝူဘန်ကို က ပြောဆိုသည်။

သူရ ဦးရွှေမန်းကလည်း မြစ်ဆုံဆည် စီမံကိန်းကို သင်ခန်းစာယူကာ တရုတ်၊ မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေ သည့် စီမံကိန်းများဖြစ်သော ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုပ်ငန်းများ၊ ကားလမ်းနှင့် မီးရထားလမ်း စီမံကိန်းကြီးများကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့သည်။

မစ္စတာ ဝူဘန်ကို က နှစ်နိုင်ငံအကြား လွှတ်တော်အဆင့် ပူးပေါင်းဆောက်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ပြီး ကြံ့ခိုင်ရေး ပါတီနှင့် တရုတ် ကွန်မြူနစ်ပါတီတို့ လက်တွဲဆောင်ရွက်နိုင်ရန် နားလည်မှု စာချွန်လွှာများရေးထိုးကာ ပါတီနှစ်ခုကြား အမြင်ဖလှယ်နိုင်ရန် လိုအပ်သည်ကိုလည်း ကြံ့ဖွံ့ပါတီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ပြောကြားခဲ့သေးသည်။ ထိုပြောကြားချက်ကို ဦးရွှေမန်း က လက်ခံသဘောတူခဲ့ပြီး လွှတ်တော်အမတ်များ အချင်းချင်း အပြန်အလှန် ဖလှယ်ရေး အစီအစဉ်ကိုလည်း လက်ခံခဲ့သည်။

ဦးရွှေမန်းက တရုတ်နှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံကို သိပ္ပံနှင့် နည်းပညာ တိုးမြှင့်သွားနိုင်ရေးအတွက် တရုတ်နိုင်ငံက ကူညီပေးရန် မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပြည်ထောင်စုလွှတ်တော် ကျင်းပနေပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးနေသော်လည်း တရုတ်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ၏ ဖိတ်ကြားမှုကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို အလေးထားသဖြင့် လာရောက်ရခြင်းဖြစ်သည်ဟုလည်း မစ္စတာ ဝူဘန်ကို အား ပြောကြားခဲ့သည်။

ဦးရွှေမန်းနှင့်အတူ အောက်လွှတ်တော် ရေးရာကော်မတီ ဥက္ကဋ္ဌများဖြစ်သည့် ဦးသိန်းဇော်၊ ဦးလှမြင့်ဦး၊ သူရဦးအောင်ကို၊
ဦးမောင်မောင်ဆွေနှင့် ဦးကြည်မင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများ  ဖြစ်ကြသည့် ဦးစိန်တင်ဝင်းနှင့် ဦးဆန်းဆင့် တို့လည်း လိုက်ပါသွားကြပြီး မစ္စတာဝူဘန်ကို အပြင် အခြား တရုတ်ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သေးသည်။
 ချင်းမိုင် (မဇ္ဈိမ)

ရဲ​တွေလုပ်ခိုင်း​တာကို သူတို့​ လုပ်ရတဲ့​ သ​ဘောပါပဲ

၂၀၁၀ သင်္ကြန်ဗုံး​ပေါက်ကွဲမှုနဲ့​ ဆက်စပ် ဖမ်း​ဆီး​ထား​တဲ့​ ကိုဖြိုး​ဝေ​အောင်နဲ့​အတူ သူ့​ရှေ့​နေ ၂ ဦး​ကို တရား​စီရင်တဲ့​ ဝန်ထမ်း​တွေကို ​နှောင့်​ယှက်မှုနဲ့​ တရား​စွဲမယ်လို့​ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​မှာ ​ဖေ​ဖော်ဝါရီ ၂၀ ရက်​နေ့​က ဆုံး​ဖြတ်ခဲ့​ပါတယ်။
ကိုဖြိုးဝေအောင်
ဒီဆုံး​ ဖြတ်ချက်အရ တရား​ခံ ကိုဖြိုး​ဝေ​အောင်နဲ့​ ​ရှေ့​နေ ၂ ဦး​ဖြစ်တဲ့​ တရား​လွှတ်​တော်​ရှေ့​နေ ဦး​ကျော်ဟိုး​နဲ့​ အထက်တန်း​ရှေ့​နေ ​ဒေါ်သင်ဇာလှိုင်တို့​ကို တရား​စွဲမှာ ဖြစ်ပါတယ်။
ဒီကိစ္စဖြစ်ပွား ​တာက အမှုစစ် ရဲအရာရှိရဲ့​ ထွက်ဆိုချက်မှာပါရှိတဲ့​ တရား​လိုပြ သက်​သေဆီက ကြိုတင်ထွက်ချက် ယူထား​တယ်ဆိုပြီး​ ထွက်ချက်ဟာ အမှုတွဲထဲမှာ ​ပျောက်ဆုံး​နေတာနဲ့​ ပတ်သက်လို့​ တရား​ခံက ပြန်လည် ​မေး​ခွန်း​ထုတ်ရာက​နေ စတင်ခဲ့​တာ ဖြစ်ပါတယ်။
အဲဒီ​နေ့​က တရား​ခွင်ကို တက်​ရောက်နား​ထောင်ခဲ့​တဲ့​ ကိုဖြိုး​ဝေ​အောင်ရဲ့​ ဇနီး​ မ​ဌေး​ဌေး​ကို ​မေး​ထား​ပါတယ်။
ကိုဖြိုး​ဝေ​အောင်ရဲ့​ အမှုမှာ တရား​ရုံး​ကို မထီမဲ့​မြင် ပြုတယ်ဆိုပြီး​တော့​ ပါတယ်။ ဒါကို ရှင်း​ပြပါလား​။
“သူတို့​ တင်ပြတဲ့​ အချက်အလက်​တွေအား​လုံး​ကို ကျမတို့​က ​မေး​တဲ့​အချိန်ကျ​တော့​ ဒီ​နေ့​ကျမှ ဘယ်လို ဖြစ်သွား​လဲဆို​တော့​ သူကလည်း​ ဌာနဆိုင်ရာ ဝန်ထမ်း​တွေကို စွပ်စွဲပုတ်ခတ် ​ပြောဆိုတယ်​ပေါ့​။ ဒီလို ​ပြောဆိုတဲ့​အချိန်မှာ ​ရှေ့​နေ​တွေက ထိန်း​သိမ်း​ပေး​ခြင်း​ မရှိတဲ့​အတွက် ဆိုပြီး​ သူရယ်၊​ ​ရှေ့​နေ နှစ်​ယောက်ရယ်ကို တရား​စွဲဖို့​ ဆိုပြီး​ အမိန့်​ချတယ်။”
ဒီအမှုနဲ့ ​ ပတ်သက်ပြီး​တော့​ သူ့​ကို ၂၂၊​ ၄၊​ ၂၀၁၀ မှာ သန်း​ခေါင်​ကျော်မှာ ဧည့်​စာရင်း​ဆိုပြီး​ ဖမ်း​သွား​တာ​ပေါ့​။ X2O (သင်္ကြန်မဏ္ဍပ်) ​ဖောက်ခွဲမှုနဲ့​ ပတ်သက်တဲ့​သူ​တွေ ပြန်လွတ်လာတယ်လို့​ သိရတယ်​လေ။ သူက ဘာလို့​ ကျန်​နေခဲ့​တာလဲ။
“ဖမ်း​တာက​ တော့​ X2O နဲ့​ ပတ်သက်ပြီး​ ကျမတို့​ သိသ​လောက်က ဦး​ဇေယျတို့​ သား​အဖ ၂ ​ယောက်၊​ ကိုဘိုဘိုသိန်း​တို့​ အုပ်စုက ၅ ​ယောက်၊​ ​နောက်တခါ ​ကောင်း​မြတ်လှိုင်က ၁ ​ယောက်၊​ ကျမ ​ယောက်ျား​နဲ့​ဆိုရင် အား​လုံး​ပေါင်း​ ၉ ​ယောက် ရှိတယ်။ အဲဒီ ၉ ​ယောက်လုံး​မှာ ကျမတို့​သိရသ​လောက် ဗုံး​ခွဲမှုနဲ့​ ဆိုင်တယ်ဆိုပြီး​ သူတို့​ကိုလည်း​ စွဲထား​တာပဲ​လေ။ အဲဒါအတွက် ဖန်တီး​ထား​တဲ့​သူ​တွေပဲ​လေ။ အဲဒီထဲက ကျမ​ယောက်ျား​က ကံထူး​သူ​ပေါ့​ရှင်။ ဇာတ်လမ်း​ဆင်လို့​ ​ကောင်း​တဲ့​သူဆို​တော့​ သူက ​ဖောက်ခွဲ​ရေး​သမား​ကို ကူညီတဲ့​သူ ဆိုပြီး​တော့​ ဗုံး​ဖောက်ခွဲမှုနဲ့​ စွဲတာ။ ကျန်တဲ့​သူ ၈ ​ယောက်က ​ပေါ်​ပေါက်တဲ့​ ဥပ​ဒေ ​ကြောင်း​အရဆိုတာက ၁၇-၁ တို့​၊​ အီလက်ထ​ရောနစ်တို့​နဲ့​ တရား​စွဲလိုက်တာ။ ​ထောင်ချတယ်။ လွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ သူတို့​ အဲဒီပုဒ်မ​တွေက ပါသွား​တာ​ပေါ့​။ အဲဒီလို သ​ဘောမျိုး​ပါ။”
အခင်း ​ဖြစ်တဲ့​ ဧပြီလ ၁၅ ရက်​နေ့​ ၂၀၁၀ တုန်း​က​လေ အလုပ်လုပ်တဲ့​ ရန်ကင်း​စင်တာမှာ ရှိ​နေတယ်ဆို။ အစ်မတို့​ရဲ့​ သက်​သေပြချက် မခိုင်လုံလို့​လား​၊​ ဘာဖြစ်လို့​လဲ။
“ကျမတို့​ အခု ရှင်း​လိုက်တာ ဒီကိစ္စ​ပေါ်သွား​ပါပြီ။ အဲဒီ​နေ့​က သူနဲ့​အတူရှိ​နေတာ ၃ ​ယောက်​တောင်မကပါဘူး​။ ရန်ကင်း​စင်တာက အလုပ်သမား​တွေ အများ​ကြီး​ ရှိတယ်။ ရန်ကင်း​စင်တာက သူ့​ကို အလုပ်အပ်တဲ့​ တာဝန်ခံ ဦး​ကျော်စိုး​မင်း​။ သူနဲ့​ အလုပ် အတူလုပ်တဲ့​ အင်ဂျင်နီယာ ဦး​မျိုး​မြင့်​အောင်။ သူတို့​ ၂ ​ယောက်ကို သတင်း​စာရှင်း​လင်း​ပွဲပြီး​တော့​ ​အောင်သ​ပြေကို ​ခေါ်ပြီး​ စစ်တယ်။ စစ်ပြီး​တော့​ တရား​ရုံး​မှာ ကြိုတင် ထွက်ချက်​ပေး​ခိုင်း​ထား​တယ်။ သူတို့​က ပထမတ​ခေါက် လာထွက်တုန်း​က​တော့​ ရဲ​တွေရဲ့​ ဩဇာအ​လျောက်ဆို​တော့​ သူတို့​က သိသမျှအ​ကြောင်း​အရာ​တွေကိုပဲ တရား​ရုံး​မှာ ထွက်ဆိုတာပါလို့​ ထွက်ဆိုသွား​တယ်။ ပြီး​တော့​ ကျမတို့​က ပြန်​ခေါ်ပြီး​ ​မေး​လည်း​မေး​ရော ကြိုတင်ထွက်ချက်ဆိုတာကို သူတို့​ နား​မလည်ပါဘူး​။ သိလည်း​ မသိဘူး​ပေါ့​။ ကြိုတင်ထွက်ချက်​ပေး​ရမယ်ဆိုတာကို ရဲ​တွေက ​ပြောလို့​ ရဲ​တွေက ​ခေါ်သွား​ပြီး​ ကြိုတင်ထွက်ချက်​ဖောင်ကို ဖြည့်​တယ်။ သူတို့​ကို လက်မှတ်ထိုး​ခိုင်း​ပြီး​ တရား​သူကြီး​ရှေ့​မှာ ​ပေး​ခိုင်း​လို့​ သူတို့​ပေး​ရတာပါ ဆိုပြီး​ ထွက်ဆိုသွား​ပါတယ်။ ဆိုလိုတဲ့​ သ​ဘောက​တော့​ ရဲ​တွေလုပ်ခိုင်း​တာကို သူတို့​ လုပ်ရတဲ့​ သ​ဘောပါပဲ။ ဒါ​ပေါ်သွား​ပါတယ်။”
အဲဒါနဲ့ ​ ပတ်သက်ပြီး​တော့​ သူတို့​လက်​အောက်မှာရှိတဲ့​ဝန်ထမ်း​တွေ၊​ ​နေ့​စား​အလုပ်သမား​တွေက​ရော အစ်မတို့​ ၂ နှစ်နီး​ပါး​လောက် အကြာမှာ​ရော။
“မ​ပေး​ဘူး​ ရှင့်​၊​ ပိတ်လိုက်တယ်။ အဲဒီ​နောက်ပိုင်း​မှာ ကျမတို့​က ဦး​ကျော်စိုး​မင်း​ဆိုတဲ့​ လူကိုသွား​တွေ့​တယ်၊​ သွား​တွေ့​ပြီး​ အလုပ်သမား​ ၁၀ ​ယောက်၊​ ၁၅ ​ယောက် အနည်း​ဆုံး​ရှိတယ်။ ဒီလူ​တွေရဲ့​ စာရင်း​ နာမည်​လေး​တွေ ကျမတို့​ကို ​ပေး​ပါ၊​ ကျမတို့​ ဒီအ​ကြောင်း​နဲ့​ ပတ်သက်ပြီး​ အဖြစ်မှန်​လေး​ ​မေး​ချင်လို့​ပါ ဆိုတဲ့​ အချိန်မှာ အဲဒီလူက သူက ဒီမှာ သူတာဝန်ခံပဲ၊​ မ​ပေး​နိုင်ဘူး​ပေါ့​။ ကျ​နော့်​ အလုပ်သမား​တွေပါဆိုပြီး​ ငြင်း​လွှတ်လိုက်တယ်။ အဲ့​ဒါ ကျမတို့​ မရဘူး​။ ဒါ​ပေမယ့်​ သူတို့​အခု တရား​ရုံး​ထွက်ချက်လည်း​ကျ​ရော ကြိုတင်ထွက်ချက်ဆိုတဲ့​ သ​ဘောက အခင်း​ဖြစ်တဲ့​ အချိန်မှာ သိရှိတဲ့​ အ​ကြောင်း​အရာ​တွေကို ​ပေး​တဲ့​ထွက်ချက်​လေ၊​ အခု သူတို့​ ၂ ​ယောက်ကကျ​တော့​ အဲ့​လိုမျိုး​မဟုတ်ဘူး​။ အခု ဗုံး​ပေါက်မှုနဲ့​ ဘာမှမသက်ဆိုင်ဘူး​။ ကျမ​ယောကျာ်း​က သင်္ကြန်အကြို​နေ့​က​နေ အဖမ်း​ခံရတဲ့​နေ့​အထိ တ​လျှောက်လုံး​ သူတို့​နဲ့​ အတူတူ ရှိတယ်။ ဒီဗုံး​ပေါက်တဲ့​ အချိန်​လေး​မှာပဲ ၁ နာရီက​နေ ၄ နာရီကြား​ထဲမှာ မရှိပါဘူး​ဆိုတဲ့​ အချက်​လေး​ပဲဆို​တော့​ ဒါ​တော်​တော် ထင်သာမြင်သာ ရှိတယ်။ လိမ်ပြီး​ ထွက်တယ်ဆိုတာ ​ပေါ်လွင်ပါတယ်။”
ရှေ့​နေဦး​ကျော်ဟိုး​တို့​ ​ဒေါ်သဇင်လှိုင်တို့​ပါ အမှုတွဲထဲမှာ ပါသွား​ပြီ​ပေါ့​။
“အခင်း​ ဖြစ်တဲ့​နေ့​က အတူရှိတဲ့​သူငယ်ချင်း​ပေါ့​။ ​အောင်​ကျော်စွာဆိုတာ ကျမတို့​နဲ့​ ​ကျောင်း​နေဖက် သူငယ်ချင်း​၊​ ​အောင်​ကျော်စွာနဲ့​ကျ​တော့​ ကျမအမျိုး​သား​က ဗုံး​မကွဲခင် အချိန်ထိ အတူတူရှိ​နေတာ။ ဘာလို့​လည်း​ဆို​တော့​ ​အောင်​ကျော်စွာရဲ့​ စက်ရုံမှာ ​ရေသန့်​စက် တပ်ဖို့​ဆိုပြီး​တော့​ ကျမအမျိုး​သား​က ကူညီ​ပေး​တာ။ ပစ္စည်း​တွေ လိုက်ဝယ်တဲ့​အချိန်မှာ ရဲ​တွေက ​ဘောက်ချာကို သိမ်း​လိုက်သလို ​ဖျောက်ဖျက်ပစ်လိုက်တယ်။ ​ဖျောက်ဖျက်ပစ်လိုက်ပြီး​တော့​ ​အောင်​ကျော်စွာကိုလည်း​ သူတို့​ ပစ္စည်း​ဝယ်တဲ့​နေ့​က ၁၄ ရက်​နေ့​ ဖြစ်တယ်ဆိုပြီး​ ​ပြောင်း​ပြီး​တော့​ ထွက်ဆိုခိုင်း​တယ်။ အဲဒီ​ဘောက်ချာကို ​ဖျောက်ဖျက်ပစ်လိုက်တယ်။ ဖုန်း​မှတ်တမ်း​တွေကိုလည်း​ ၁၅ ရက်​နေ့​ မှတ်တမ်း​ကို ၁၄ ရက်​နေ့​ဆိုပြီး​တော့​ Microsoft ware နဲ့​ excel နဲ့​ ​ပြောင်း​လိုက်တယ်။ ဆက်သွယ်​ရေး​က​နေ တိုက်ရိုက်ထုတ်တဲ့​ စနစ်မဟုတ်ဘဲနဲ့​ ဘယ်လမ်း​ဘေး​ ကွန်ပြူတာဆိုင်မှာမဆို ပြင်လို့​ရတဲ့​ ဖုန်း​မှတ်တမ်း​တွေအဖြစ် ​ပြောင်း​ပြီး​တော့​ တရား​ရုံး​မှာ သက်​သေခံတင်တယ်။ အဓိက ​ပေါ်သွား​တာက သူတို့​အမှန်တကယ် ပစ္စည်း​ဝယ်တဲ့​ ​ဘောက်ချာ အစစ်အမှန်ဆိုလို့​ရှိရင် သူတို့​ တရား​ရုံး​ကို တင်ကို တင်ပြရမယ်။ ၁၅ ရက် ဖြစ်​နေလို့​သာ သူတို့​ ​ဖျောက်ပစ်လိုက်တာ။ ဒီ​နေ့​ ပြဿနာတက်တာက ​အောင်​ကျော်စွာကို ကျမတို့​ အမှုမှာရှိတဲ့​ အမှုစစ်က ကြိုတင်ထွက်ချက် ယူထား​ပါတယ်ဆိုပြီး​ သူက ထွက်ထား​တော့​ ကျမတို့​ တရား​ရုံး​အမှုတွဲထဲမှာ ​အောင်​ကျော်စွာရဲ့​ ကြိုတင်ထွက်ချက်က မရှိဘူး​။ မရှိ​တော့​ ကျမအမျိုး​သား​က ​ပြောတာက ​အောင်​ကျော်စွာရဲ့​ ကြိုတင်ထွက်ချက် မရှိတဲ့​ဟာက အမှုစစ်​တွေနဲ့​ တရား​ရုံး​ကို တင်တဲ့​အခါမှာ ဥပ​ဒေအရာရှိ​တွေက စိစစ်ရတယ်၊​ စိစစ်ပြီး​မှ တရား​ရုံး​တင်တဲ့​အချိန်မှာ မတင်တာအတွက် ဥပ​ဒေအရာရှိ အဆက်ဆက်နဲ့​ တရား​လိုအဖွဲ့​အစည်း​တွေက ထိမ်ချန်ထားခြင်း​ ဖြစ်သလား​လို့​တောင် သူထင်မိပါတယ်ဆိုပြီး​ ထွက်တဲ့​အချိန်မှာ ဥပ​ဒေအရာရှိက ထပြီး​တော့​ အရင်လည်း​ တချိန်လုံး​ပြဿနာရှာ​နေတယ်။ အခုကျ​တော့​မှ အဲ့​လိုမျိုး​တွေ တင်တဲ့​အတွက် တရား​ရုံး​ကို နိုင်ငံ့​ဝန်ထမ်း​ကို ​စော်ကား​တဲ့​အတွက် အ​ရေး​ယူ​ပေး​ပါရန် ဆိုတဲ့​အချိန်မှာ တရား​သူကြီး​က အ​ရေး​ယူမယ်၊​ အမှုဖွင့်​မယ် ဆိုပြီး​တော့​ အမိန့်​ချတယ်​ပေါ့​။” 
ဒီဗွီဘီ

၈၈ ကျောင်းသားကိုမင်းကိုနိုင်နှင့်အဖွဲ့ကိုမန္တလေးဈေးချိုမှသောင်းသောင်းဖြဖြကြိုဆို

ရန်ပိုင် on February 27, 2012


မန္တလေးမြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် အဖွဲ့အား ဈေးချိုတော်ရှိ ဈေးသူဈေးသား များက သောင်းသောင်းဖြဖြ ကြိုဆိုကြောင်း သတင်းရသည်။

ခွပ်ဒေါင်းအလံကို ကိုင်ဆောင်၍ ရောက်ရှိလာသည့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့အား ဈေး အကျိုးဆောင် အဖွဲ့၏ မေတ္တာ ရပ်ခံ ချက်အရ ဈေးသူဈေးသားများကို ကိုမင်းကိုနိုင်က စကားပြောဆိုကြောင်း ဒေသခံ တဦးက ပြောပြသည်။

မြန်မာ လူ့ အဖွဲ့အစည်းအတွင်း အပြောင်းအလဲကာလတခုတွင် တဖက်နှင့်တဖက် ပွင့်ပွင့်လင်းလင်းဖြစ်သင့်ပြီဖြစ်ကြောင်း၊ လက်ရှိ ပက တိအခြေအနေအတိုင်း အသိအမှတ်ပြုရန် လိုကြောင်း၊ သို့မှသာလျှင် တဦးနှင့် တဦး ယုံကြည်မှုခိုင်မာမည့်အကြောင်း ကိုမင်းကိုနိုင် က ပြောဆိုသည်။

“ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ချိန်တန်ပြီ၊ တဖက်နဲ့ တဖက်လည်း အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြရမယ်”ဟု ကိုမင်း ကိုနိုင်က ဆိုသည်။

ထို့အပြင် မန္တလေးမြို့ ဈေးချိုသည် ခေတ်အဆက်ဆက် အမှန်တရားဘက်က ရပ်တည်ခဲ့ကြောင်း၊ အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုများကို ပံ့ပိုးကူညီခဲ့ကြောင်း၊ နိုင်ငံရေး အကျဉ်းသားများကို ကူညီစောင့်ရှောက်ခဲ့သည့်အတွက် ကျေးဇူးတင်
ကြောင်းလည်း ကိုမင်းကိုနိုင်က ထည့်သွင်း ပြောသည်။

ကိုမင်းကိုနိုင်နှင့် အဖွဲ့အား ဈေးချိုတော်အတွင်းရှိ ရွှေဆိုင်တန်းမှ လက်ဆောင်ပစ္စည်းများ ပေးအပ်သည့်အပြင် ပရိသတ်များက လည်း ကိုမင်းကိုနိုင် ကျန်းမာပါစေ ဆိုသည့် ကြွေးကြော်သံများကို ကြွေးကြော်ကြသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ကိုဂျင်မီကလည်း“ဘယ်မြို့ရောက်ရောက် ပရိသတ်ကတော့ ၈၈ မျိုးဆက် ကျောင်းသားဆိုရင် အားပေးတယ်၊ ဒါပေမယ့်လည်း တချို့နေရာတွေမှာ အကြောက်တရားတွေ ရှိသေးတယ်”ဟု ပြောဆိုသည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ မနီလာသိန်းတို့ ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့သည် မြန်မာ လူ့ အဖွဲ့အစည်းအား ပွင့်လင်း လူ့အဖွဲ့အစည်းတရပ်ဖြစ်ထွန်းပြီး အကြောက်တရား ကင်းဝေးစေရန်အတွက် ယခုကဲ့သို့သွား ရောက်၍ ဟောပြောလှုံ့ဆော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

နံနက်ပိုင်းကလည်း ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များသည် မန္တလေးမြို့ ၀ါဆို ကျောင်းတိုက်၌ ပြုလုပ် သည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် အဖမ်းခံခဲ့ရသော သံဃာ တပါးဖြစ်သည့် အရှင်ကေလာသ ၏ သိက္ခာထပ်ပွဲ သို့ သွားရောက် ခဲ့ သေးသည်။

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရသည့် ဒေသ ခံပြည်သူများ၏ ဖိတ်ကြားချက်အရ ကျေးဇူးတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ယမန်နေ့က မန္တလေးမြို့သို့ ရောက်ရှိ လာ ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်များကလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ဧရာဝတီတိုင်း ဟင်္သာတမြို့၊ မကွေးတိုင်း သရက်မြို့စသည့် ဒေ သ များသို့ သွားရောက်၍ လူထုကို ဟောပြောမှုများပြုလုပ်ခဲ့သည်။ မကြာမီ ပဲခူးတိုင်းအရှေ့ခြမ်း ဒေသများသို့လည်း သွားရောက် မည်ဟု သိရသည်။

အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ပြုလုပ်ခဲ့



Sunday, 26 February 2012 10:34

7221
ဧရာဝတီမြစ်ဆုံအနီးတွင် ကျင်းပခဲ့သော "မြစ်ဆုံ၏ကျေးဇူးပဲ့တင်သံ" မိတ်ဆုံစားပွဲတွင်
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အမှတ်တရစကား ပြောကြားနေစဉ်
အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ ကချင်ဒေသခံများ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင်(၁၆)ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူများ၊ ကဗျာဆရာ၊ ဓာတ်ပုံ ဆရာ၊ ဒီဇိုင်းဆရာများနှင့် သတင်းသမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဉ်များတွင် သိက္ခာတော်ရ ဆရာတော် ဘရန်နူးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘုန်းတော်ကြီး ဆွမ်ရွိုမ်အောင်က ဆုတောင်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ ကာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထား အမြင်များကို ပြောဆိုသွားခဲ့သည်။

ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ အပါအ၀င် အားလုံး ရုန်းကန်နေရတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးက ထောင်ထဲမှာပါ။ ဒါ ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စ၊ ငါတို့နဲ့မဆိုင်ဘူးလို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့ ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ ခေါင်းကို ထိရင် ရင်ဘတ်ထဲမှာ နာပါတယ် . . .
“အခု ကျွန်တော်တို့လာခဲ့တာ ဟိုးမြန်မာပြည်အောက်ပိုင်း၊ အလယ်ပိုင်းကဆိုပေမယ့် ကျွန်တော်တို့ကို ၈၈ ကျောင်းသားတွေလို့ ခေါ်ပါတယ်။ ၁၉၈၈ တုန်းက ကျောင်းသားလှုပ်ရှားမှုကိုစခဲ့လို့ အဲဒီလိုခေါ်တာပါ။ အဲဒီတုန်းက ကျွန်တော်တို့တွေ အားလုံး ဆင်တူဝတ်စုံ ကချင်ပုဆိုးလေးတွေ ၀တ်ပြီးစခဲ့တာပါ။ အခုလည်း ကျွန်တော်တို့တွေက ကချင်ဝတ်စုံလေးတွေ ၀တ်ပြီး လာပါတယ်။ ကျွန်တော်တို့အားလုံး က မိန်းကလေးတွေကအစ ကချင်လို ၀တ်ရတာမှ ပိုလှတယ် ထင်ပါတယ်။ ဒီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေ အပါအ၀င်အားလုံး ရုန်းကန်နေရတဲ့ အချိန်မှာ ကျွန်တော်တို့ အားလုံးက ထောင်ထဲမှာပါ။ ဒါ ကချင် ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စ၊ ငါတို့နဲ့မဆိုင်ဘူးလို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကချင်ပြည်နယ်ဟာ မြန်မာပြည် ရဲ့ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ ခေါင်းကို ထိရင် ရင်ဘတ်ထဲမှာ နာပါတယ်။ အဲဒီတုန်းက ထောင်ထဲက လူတစ်ယောက်က အပြင်က လူတွေလို မလုပ်နိုင်ပါဘူး။ ဘာလုပ်နိုင်လဲဆိုတော့ ထောင်ထဲမှာ မြစ်ဆုံနဲ့ ဧရာဝတီ ရှင်သန်ဖို့အတွက် သီချင်း ရေးနိုင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ခဲ့ပါတယ်။ ဧရာဝတီဆက်ပြီး စီးဆင်းရေး မြစ်ဆုံဒေသ အလှတွေမပျက်ရေး ဒီက တိုင်းရင်းသားတွေရဲ့ဘ၀တွေ မပျောက်ရေး သီချင်းစပ်ခဲ့ပါတယ်။ ကျွန်တော်တို့သီချင်းတွေ စပ်ပြီးဆိုနေတဲ့ အချိန်မှာ ကချင်မှာ ဟောဒီပြည်သူတွေ အောင်ပွဲခံနေတာကို ကြားရတဲ့ အချိန်မှာ ၀မ်းသာရပါတယ်”ဟု ကိုမင်းကိုနိုင်က ပြောပါသည်။
7221a
မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ အခမ်းအနားကို တက်ရောက်လာကြသူများ
“လူဆိုတာ ကိုယ်မွေးတဲ့ နေရာ ကိုယ်နေတဲ့နေရာကို ချစ်ကြတာပါပဲ။ ချစ်ကြတဲ့နေရာမှာ ဟောဒီမြစ်ဆုံ ဒေသက တိုင်းရင်းသားတွေက နောက်ဆုံးနှာခေါင်းကို ရေမြုပ်တဲ့အထိ ကြံ့ကြံ့ခိုင်ပြီး နေသွားမယ်လို့ ကြားတဲ့အခါမှာ ကျွန်တော်တို့ အင်မတန်အားရှိပါတယ်။ ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့ စိတ်တွေလည်း ပိုပြီးတော့ရှိပါတယ်။ သိပ်ပြီး ကျေးဇူးတင်ပါတယ်။ အဲဒီစကားမျိုး ကြားရတာ၊ အဲဒီတော့အခုလို စီမံကိန်း ခေတ္တရပ်ဆိုင်းပြီးတော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာနိုင်ကြပြီး မိတ်ဆုံစားပွဲတွေ ကျေးဇူးတင်စကားတွေ ပြောနိုင်တယ် ဆိုတာ အောင်ပွဲပါ။ အခုလို အောင်ဖို့ အတွက် အလကားမရခဲ့ပါဘူး။ ကိုယ့်ခံစားချက် ကိုယ်လိုရာကို သတ္တိရှိရှိ ဖော် ထုတ်ရဲတဲ့ သတ္တိက နံပါတ်တစ်ပါ။ ဒုတိယအချက်က တစ်ပြည်လုံးက ပြည်ထောင်စုသားတွေဟာ ကချင် ပြည်နယ်မှာ ဖြစ်တာကို ၀ိုင်းပြီး စိတ်ပူတယ်။ စိတ်ပူပြီး ကချင်တိုင်းရင်းသား တွေဘက်က ၀င်ပြီးရပ်ပေးတယ်။ ဥပမာ-သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေ၊ စာပေသမားတွေ၊ အနုပညာသမားတွေ အားလုံးဝိုင်းပြီးတော့ လက်တွဲပြီး လက်ချင်းချိတ်ပြီးတော့ ကချင်ပြည်သူတွေနဲ့အတူ ရပ်လိုက်လို့ အောင်မြင်တာပါ။ အဲဒီတော့ အားလုံးကို ကချင်ပြည်သူတွေ ကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ စီးပွားရေးအရ ဆုပ်ကိုင်ရမယ့် ကိစ္စတစ်ခုလောက်ကို မကြည့်ဘဲ ဟိုးနောက်မမြင်ရတဲ့ မမွေးသေးတဲ့ ကလေးတွေ အနာဂတ်ကမ္ဘာကို ကြည့်ပြီးတော့ အမြော်အမြင်ကြီးခဲ့တဲ့ ပညာရှင်တွေ၊ တိုင်းရင်းသားတွေရဲ့ အမြော်အမြင်ကြီးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ အာဏာမရှိဘူးဆိုပြီး စိတ်မပျက်ပါနဲ့။ အာဏာမရှိပေမယ့် တကယ် ညီညွတ်တယ်ဆိုရင် သြဇာရှိပါတယ်။ အဓိက က အားလုံးညီညွတ်ပါ။ ကချင်မှာပဲ ဖြစ်ဖြစ်၊ ရှမ်းမှာပဲ ဖြစ်ဖြစ်၊ မွန်မှာပဲ ဖြစ်ဖြစ်၊ တစ်ခုခုဖြစ်တယ်ဆိုရင် အားလုံးက အတူတူပဲလို့ ခံစားမယ်ဆိုရင် အရာရာကို အောင်မြင်ပါတယ်။ နောက်ဆုံး ဒီဧရာဝတီမြစ်ကြီးကို ပိတ်ဆို့မယ် ဆိုတဲ့ စီမံကိန်းကို တားလိုက်နိုင်တာ ဟာ အစိုးရရော၊ သမ္မတကြီးရော၊ ဟောဒီ ပြည်သူပြည်သားတွေ ရော ပူးပေါင်းပြီးတော့ ဆောင်ရွက်လိုက်တာပါ။ ပိတ်ဆို့မှုကို ဖွင့်လိုက်ခြင်း အားဖြင့် ပူးပေါင်း  ဆောင်ရွက်မှုဆိုတဲ့ မြစ်ကြီးဟာစီးသွားပါပြီ။ သိပ်မင်္ဂလာ ရှိပါတယ်။ အဲဒါကြောင့် ဗမာလို ပြောတော့ အမျိုးသားညီညွတ်ရေးလို့ ပြောပါတယ်။ ကချင်လို ဘယ်လို ပြောတယ် ကျွန်တော်မသိပါဘူး။ ဒါက အရေးကြီးပါတယ်။ အမျိုးသားအားလုံး ညီညွတ်ရေးဟာ ဟောဒီက မြစ်ဆုံကစပြီး ရသွားလို့ အမျိုးသားညီညွတ်ရေးဆိုတဲ့ မြစ်ကြီး စစီးသွားပါပြီ။ ကျွန်တော်တို့ ကမ္ဘာတည်သရွေ့ ကာကွယ်ကြပါစို့၊ ထိမ်းသိန်းကြပါစို့။ ကမ္ဘာပေါ်မှာ မြန်မာပြည်ကို နိုင်ငံတကာက အားလုံး ကြည့်နေပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီးမှာ ဘယ်လောက် ညီညွတ်သလဲ။ ဘယ်လောက် အားရှိသလဲဆိုတာ ကြည့်နေပါတယ်။ တစ်ကမ္ဘာလုံး က စောင့်ကြည့်နေတဲ့ အချိန်မှာ အားလုံးက ညီညွတ်တယ်ဆိုတာကို ပြလိုက် နိုင်တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောရင်း အားလုံးကို ကျေးဇူးတင်ပါတယ်”ဟု ကိုမင်းကိုနိုင်က ဆက်လက် ပြောကြား ပါသည်။
ထို့နောက် ဦးအုန်း(FREDA) ၊ ဆရာအော်ပီကျယ်နှင့် ကဗျာဆရာကို တင်သစ်တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် ရွာသားကိုယ်စားရွာသား တစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကဗျာဆရာ ကိုစစ်ကောင်းက အားပေးစကားနှင့် ကဗျာတစ်ပုဒ် ဖတ်ကြားခဲ့သည်။ ရပ်မိရပ်ဖများ ကိုယ်စား ဘုန်းတော်ကြီး လဇွမ်နော်ဒင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဘုန်းတော်ကြီး လဇွမ်နော်ဒင်းက “မနောကွင်းကနေ လာခဲ့ရလို့ နည်းနည်းမောပါတယ်။ အစ်မကြီး ဒေါ်အောင်ဆန်းစုကြည် တော်တော်အားရ ကျေနပ် သွားပါတယ်။ ပရိသတ်ကလည်း အများကြီး။ ပြောတဲ့ အကြောင်းအရာတွေ ကလည်း သိပ်ပြီး အကျိုးရှိပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ဟာ ပင်လုံစာချုပ်ရဲ့အစ ဖြစ်တယ်လို့၊ ငြိမ်းချမ်းပါစေ၊ လွတ်လပ်ပါစေ၊ အားလုံးညီညွတ်ပါစေလို့ ပြောသွားတာကို ကျွန်တော်ကြားသိရပါတယ်။ ၀မ်းသာအားရနဲ့ ဒီနေရာကို ရောက်လာတဲ့အခါ ဆုတောင်းပွဲရှိတယ် လို့ကြားရတော့ အခုလို တွေ့မြင်ရတဲ့ အခါမှာ သိပ်ပြီးအားရပါတယ်။ ဒီမြစ်ဆုံအကြောင်း ကျွန်တော်ကြားသိရတာ တော်တော်ကြာပါပြီ။ ဘာမှမတတ်နိုင်ပါဘူး။ အားကိုးရာမဲ့ပါဘဲ။ ဆုပဲတောင်းနိုင်တယ်။ သမ္မတကြီး ကြေညာတဲ့ သတင်းကို ကြားရတဲ့အခါ စိတ်မှာကျေနပ်မိတယ်။ အားရမိတယ်။ မြစ်ဆုံနဲ့ ဧရာဝတီမြစ်ကြီးဟာ အသက်ရှင်ခွင့်ရပြီ။ ဒါကြောင့်မို့ အဖဘုရားသခင်အား ရှေးဦးစွာ ကျေးဇူးတင်ပါတယ်။ ဒီနေရာလေးဟာ သဘာဝတွေကို ဘယ်လောက် လေးနက်စေသလဲ၊ ဒီနေရာ လေးမြစ်ဆုံအဖြစ်နဲ့ ဖြစ်ရတယ် ဆိုတာ အံ့သြလို့မဆုံးနိုင်ဘူး။ ကချင် ပြည်နယ် မြေပုံကြည့်တဲ့အခါ တောတောင်အထပ်ထပ် မိုင်ပေါင်းများစွာက စီးဆင်းလာတဲ့ ချောင်းရေမြစ်ရေတွေ စမ်းရေးတွေ မိုးရေတွေ အကုန်စီးဆင်း လာတာ ဒီနေရာမှာ လာဆုံတာ ထူးဆန်းတယ်။ ဒါတောင် တစ်နေ့နဲ့တစ်နေ့ မတူဘူး။ အခုဆို ရေနည်းနည်းလေး တွေ့ရတယ်။ မိုးတွင်းဆိုရင်တောင် တစ်နှစ်နဲ့တစ်နှစ် မတူဘူး။ မြစ်ကြီးနားအောက်ပိုင်းမှာ ဘယ်လောက် ဒီမြစ်ရဲ့စွမ်းအားကို တွေ့ရသလဲ။ ဒီမြစ် ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဒီမြစ် ဆက်အသက်ရှင် ခွင့်ရတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ စောစောက စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ပညာရှင်တွေ၊ မိဘညီအစ်ကို မောင်နှမတွေ ဒေသမျိုး စုံကနေ ဖော်ပြပြီးဖြစ်ပါတယ်။ ပညာရှင်တွေပြောစကားအရ မြစ်ဆုံက နှစ်သက်တမ်း သန်းပေါင်း၇၀၀ ကျော် ရှိပြီလို့ သိရတယ်။ စဉ်းစားမိတာက မြစ်ဆုံဟာ နှစ်သက်တမ်း သန်းပေါင်း ၇၀၀ ကျော်ရှိခဲ့ပြီလား။ နှစ်သန်းပေါင်း ၇၀၀ ကျော် အသက်ရှင်ခဲ့ပြီးမှ ဆက်လက်အသက်ရှင်ဖို့ဆိုရင် ကျွန်တော် တို့ပြည်သူပြည်သားများ အားလုံးကာ ကွယ်ဖို့လိုတယ်။ စောစောက ကျောင်းသားတွေ ပြောတဲ့အထဲမှာ ပြည်သူလူထုရဲ့အသံက အရေးကြီးတယ်လို့ ပြောတယ်။ ကျွန်တော်တို့အသံက ဘယ်မှ မရောက်တာ။ ဒီမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အနုပညာရှင်ကြီးတွေ ပါတယ်။ ကျွန်တော်တို့ အားကိုးရမယ်။ ဆက်လက်ပြီးတော့ ဖော်ပြပေးပါ။ ကြေညာပေးပါ။ ဒါတွေကို တစ်ကမ္ဘာလုံး သိအောင်၊ အားလုံး သဘောပေါက် နားလည်အောင် ဖော်ပြပေးပါ။ ကြေညာ ပေးပါ။ တွေ့ချင်တာကြာလှပြီ။ ဒီနေ့ ဒီအချိန်မှာ ဆုံရတော့ သိပ်အားရတယ်။ မသိနားမလည်သူတွေ များတယ်။ အားလုံးသိရှိ နားလည်အောင် ဆောင်ရွက် ပေးကြပါ။ ပတ်ဝန်းကျင်အကြောင်း မသိကြဘူး။ ဒီရဲ့ အကျိုးကျေးဇူးကိုလည်း မသိဘူး။ လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေကိုလည်း မသိဘူး။ ပညာရှင်တွေက အားလုံးစမ်းသပ်ပြီး သွားကြပြီ။ ဒါတွေကို ဖော်ပြပေးပါ။ ဒီမှာ အားလုံး ဒုက္ခရောက်ကြရတယ်။ မိမိတို့ကျေးရွာတွေ၊ နေအိမ်တွေမှာ ဆက်လက် နေထိုင်လို ကြပါတယ်။ အားလုံး စည်းစည်းလုံးလုံး အေးအေးချမ်းချမ်းနဲ့ ဘုရားသခင် ဖန်ဆင်းပေးထားတဲ့ နေရာမှာ ကျွန်တော်တို့ကို ဆက်လက် နေထိုင်ခွင်ရအောင် ကူညီပေးကြပါ။ ကျွန်တော်တို့ အထူးပဲ မေတ္တာရပ်ခံပါတယ်။ ဧရာဝတီမြစ်ကြီးကို သနားပါလို့၊ ပြည်သူပြည်သားတွေကို အကျိုး ပြုတဲ့မြစ်ကို၊ ကျေးဇူးရှင်ကို ကာကွယ်ရအောင်၊ စောင့်ရှောက်ရအောင်လို့ ကျွန်တော်တို့လည်းပဲ ပြည်သူလူထုရဲ့ အသံတွေများများ ပေါ်ထွက်လာပါ စေ။ ၃ နှစ်မက၊ ၄ နှစ်မက၊ ၁၀ နှစ်မ က ကမ္ဘာကုန်ထိတိုင်အောင် နောင်နှစ်ပေါင်းများစွာ ဧရာဝတီမြစ်ကြီး အသက်ရှင်ပြီး စီးဆင်းနိုင်ပါစေလို့ မေတ္တာပို့ ပါတယ်” ဟု ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဒေသခံ ၂၀၀ ၀န်း ကျင်ခန့် တက်ရောက်ခဲ့ကြသည်။
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ရက်စွဲများ
 ၂၀၀၆ ခုနှစ် - မြစ်ဆုံစီမံကိန်းများ လုပ်ဆောင်ရန်အတွက် တရုတ်အစိုးရက မြန်မာအစိုးရ နှင့် စတင်ဆွေးနွေးမှု ပြုလုပ်။
၂၀၀၆ ခုနှစ် ဒီဇင်ဘာ - မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ ဆိုင်ရာ နားလည်မှု စာချွန်လွှာ(MoU) ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအတွင်းက အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation(CPI) တို့ ချုပ်ဆို။ တည်ဆောက်မည့် စီမံကိန်းများမှာ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ၀ူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ပီဇော၊ လိုင်ဇာတို့ ဖြစ်ကြပြီး စုစုပေါင်း စက်တပ်ဆင်အား မဂ္ဂါဝပ် ၁၈၄၉၉ မဂ္ဂါဝပ်ဖြစ်ကြောင်းနှင့် ၁၅ နှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားခဲ့။
၂၀၀၉ ခုနှစ် ဒီဇင်ဘာ- မြစ်ဆုံ စီမံကိန်းများကို စတင်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့်ထုတ်ပြန်။ စီမံကိန်းများကို အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် တရုတ်စွမ်းအင် ကုမ္ပဏီ (CPI))တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ပြီး အေးရှားဝေါလ် ကုမ္ပဏီက စီမံကိန်း လည်ပတ်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်။
၂၀၀၉ ဒီဇင်ဘာ ၂၁ - စီမံကိန်း စတင်ခြင်း အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲရွာ အနီး မေခ-မလိခမြစ်ဆုံ အောက်ဘက်တွင် ပြုလုပ်ခဲ့။
၂၀၁၀ နိုဝင်ဘာ - မြစ်ဆုံဒေသ၌ ဧရာဝတီမြစ်အား ရေကြောင်းလွှဲရန် မြေသားပြုပြင် ဖောက်လုပ်ခြင်း ပြုလုပ်။
၂၀၁၁ မေ - တရုတ်နိုင်ငံတွင် ဒေါ်လာဘီလျံ ၄၀ ကျော် အကုန်အကျခံပြီး တည်ဆောက်ခဲ့သော ကမ္ဘာ့ အကြီးဆုံး ဆည်ဖြစ်သည့် မြစ်ကျဉ်းသုံးသွယ် (Three Gorges) ဆည်သည် လူဦးရေ ၁ ဒသမ ၃ သန်းကျော်ကို နေရာရွှေ့ပြောင်း ပေးခဲ့ရပြီး သဘာဝ ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေခဲ့ကြောင်း တရုတ်အစိုးရက ပထမဆုံး ၀န်ခံပြောကြား။
၂၀၁၁ ခုနှစ် ဇွန်လ ၁၈ - အရေးကြီးသည့် ရေအားလျှပ်စစ် စီမံကိန်းကို ကာကွယ်စောင့်ရှောက် လိုသော ရည်မှန်းချက် တစ်ခုတည်းဖြင့် မိမိတပ်မတော်သားများနှင့် KIA အဖွဲ့အကြား တိုက်ပွဲများဖြစ်ပွား နေရခြင်းဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ။
၂၀၁၁ ခုနှစ် သြဂုတ် ၉ - နိုင်ငံပိုင် သတင်းစာများ၌ လျှပ်စစ်ဝန်ထမ်း တစ်ဦးရေးသားသော ထာဝရ အမွေအနှစ်၊ မွန်မြတ်သည့် စေတနာဆောင်းပါးကို ဖော်ပြခဲ့။ မြစ်ဆုံနှင့် ပတ်သက်ပြီးရေးသားခဲ့ခြင်း ဖြစ်ကာ ဆောင်းပါးတွင် အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့်ပြည်တွင်းရှိ ပြည်သူလူထု အထင်မှားအမြင်မှားဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသားလုပ်ဆောင်လျက် ရှိကြသည်ဟု တုံ့ပြန်။ ထိုတုံ့ပြန်ချက်ကို ၀ါရင့်သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းနှင့် Eleven Media Group  တို့မှ တရားဝင် အတိအလင်းဝေဖန် ပြောဆိုခဲ့။ ထိုသို့ အတိအလင်း ဝေဖန် ပြောဆိုခဲ့ခြင်းသည် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အစိုးရ သတင်းစာ၏ ပေါ်လစီဆောင်းပါးကို ပုဂ္ဂလိကပိုင် ဂျာနယ်ပုံနှိပ် စာမျက်နှာမှတစ်ဆင့် ပထမဆုံး ဝေဖန်ပြောဆိုသည့် အကြောင်းအရာ အဖြစ် မှတ်တမ်းဝင်ခဲ့။
၂၀၁၁ ခုနှစ် သြဂုတ် ၁၂ - အစိုးရသစ် လက်ထက်တွင် ပထမဆုံးပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြစ်ဆုံစီမံကိန်းများ ဆက်လုပ်၊ မလုပ် ကိစ္စကိုအမျိုးသား အကျိုးစီးပွားအတွက် အစစအရာရာ ချိန်ထိုးပြီး ဆောင်ရွက်မည်ဟု ပြောကြားခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၁ - နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သော မီဒီယာ တွေ့ဆုံပွဲတွင် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက မည်သည့် ကန့်ကွက်မှုများ ရှိသည်ဖြစ်စေ၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်းနှင့် ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ကြောင်း မီဒီယာများကို ပြန်လည်ဖြေကြားခဲ့။
ဦးဇော်မင်း၏ ပြောကြားချက်များကိုလည်း Eleven Media Group အပါအ၀င် အခြားသော နယ်ပယ်အသီးသီးမှ ထင်ရှားသူများ၊ ပညာရှင်များက ပုံနှိပ်စာမျက်နှာများ၊ အင်တာနက် စာမျက်နှာများမှ တစ်ဆင့်တရားဝင်အဖြစ် ပြန်လည်ဝေဖန် ပြောဆိုခဲ့ကြသည့် ပြည်သူလူထု အကြား၌ ဝေဖန်ပြောဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့။
ထိုသို့ ဝေဖန်ရာ၌ မြစ်ဆုံ အရေးကိစ္စသည်- (၁) သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ် တစ်ခုတည်းကြောင့် မဟုတ်၊ (၂) နိုင်ငံရေးပြဿနာ တစ်ခုတည်းကြောင့် မဟုတ်၊ (၃)အမျိုးသားရေး ပြဿနာ ဖြစ်ခြင်းကြောင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် နိုင်ငံအကျိုး၊ ပြည်သူ အကျိုးအတွက် မြစ်ဆုံကိစ္စရပ်ကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းပေးရန် စသော အချက်များကို အဓိကထားပြီး ပြောဆိုလာခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၀ - Save the Irrawaddy ဟောပြောပွဲကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ကိုတာ၊ ဒေါက်တာထွန်းလွင်နှင့် ကိုမြင့်ဇော်တို့မှ ဟောပြောဆွေးနွေးခဲ့ပြီး ထင်ရှားသော လှုပ်ရှားမှုတစ်ရပ် ဖြစ်ခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၅ - မြစ်ဆုံ စီမံကိန်းအပေါ် ဂျာနယ်များ၏ ရေးသားမှုသည် နိုင်ငံရေးအရ သွေးရိုးသားရိုး မဟုတ်ကြောင်းနှင့် လာရောက်လေ့လာသင့်ပြီး ပညာရှင်ကို ပညာရှင်ချင်း၊ ဓားကို ဓားချင်း၊ တုတ်ကို တုတ်ချင်း ဖြေရှင်းသင့်ကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းက မဇ္ဈိမသတင်းဌာနသို့ ပြောကြားခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၇ - ဧရာဝတီမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့်  ဧရာဝတီမြစ်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်သက်ရောက်မှု အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၌ ပြုလုပ်။ ဆွေးနွေးပွဲသို့ ဒေါက်တာထင်လှ(ဥက္ကဋ္ဌ၊ BANCA)၊ Mr. Li Guan Ghua(President, CPIYN) ၊ ဦးထွန်းနိုင်အောင်(ဥက္ကဋ္ဌ၊ KKS Group of Companies)၊ ဦးလှမောင်သိန်း (ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင် ထိန်းသိန်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန)နှင့် ဦးကိုကို (ညွှန်ကြားရေးမှူး၊ ပို့ဆောင်ရေး ၀န်ကြီးဌာန)တို့ စာတမ်းဖတ်ကြားခဲ့။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၉ - ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခမြစ်ဝှမ်းတွင် ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်မှု ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီး ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းမှာ ၉၇ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟု အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိက၀တ်များနှင့် တာဝန် ခံချက်များ ကော်မတီ အတွင်းရေးမှူး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင်က လွှတ်တော်၌ ဖတ်ကြားခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၄ - သဘာဝပတ်ဝန်းကျင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဟောပြောပွဲကို ရန်ကုန်မြို့၌ပြုလုပ်။ ဒေါက်တာထွန်းလွင်၊ ဒူဝါဇောင်ဂမ်၊ ဦးအုန်း၊ Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်၊ ဦးဝင်းမျိုးသူ (မန်နေးဂျင်း ဒါရိုက်တာ Eco Dev) တို့က မြစ်ဆုံအရေးနှင့် ပတ်သက်ပြီး အချက်အလက်များဖြင့် ထောက်ပြပြောဆိုခဲ့။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၈- မြစ်ဆုံစီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော စီမံကိန်းဓာတ်ပုံများကို Eleven Media Group ၀က်ဘ်ဆိုက်စာမျက်နှာ၌ ဖော်ပြ။
၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်းကို မိမိတို့ အစိုးရ လက်ထက်တွင် ယာယီရပ်ဆိုင်းထားရန် လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်း ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများ၊ အစိုးရ၏ အတိုက်အခံများ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထုများက သမ္မတ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့။ ထို့အပြင် အဆိုပါ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကြိုဆိုခဲ့ပြီး အမေရိကန်နိုင်ငံ အပါအ၀င် ဥရောပသမဂ္ဂမှလည်း သမ္မတ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခဲ့။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့မှုမှာ အစိုးရနှင့် ပြည်သူအကြား နှစ်ပေါင်း ၅၀ ကြာ အတားအဆီးဖြစ်ခဲ့သော နံရံများကို ဖြိုချနိုင်ခဲ့ခြင်းအဖြစ် သတ်မှတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေး၏ သင်္ကေတတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁ - အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးတောင်းဆို။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၃ - မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားနိုင်ကြောင်း တရုတ်စွမ်းအင်ကုမ္ပဏီ(CPI)ဥက္ကဋ္ဌ လူကျိရှိုက ဆင်ဟွာ သတင်းဋ္ဌာနသို့ ဖြေကြားရင်း ခြိမ်းခြောက်မှုပြုလုပ်ခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၀ - မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး မြန်မာနှင့်တရုတ် ညှိနှိုင်းဆောင်ရွက် သွားရန် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီခဲ့။
၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၀- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ်ဝမ်ကျားပေါင်တို့ နန်နင်းမြို့၌ တွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သော ကွဲလွဲချက်များက နှစ်နိုင်ငံဆက်ဆံရေးကို မထိခိုက်စေနိုင်ကြောင်း တရုတ်မီဒီယာများက ဖော်ပြခဲ့။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၃၀ - မြစ်ရေတင်စီမံကိန်းများ၊ ရေလှောင်တမံ၊ ရေလွှဲကန်စီမံကိန်းများကို ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ တည်ဆောက်ထားသော်လည်း လျာထားချက်အတိုင်း အမှန်တကယ် ရေပေးဝေနိုင်မှု မရှိသောကြောင့် စီမံကိန်းအသစ်များ ထပ်မံတည်ဆောက်ခြင်းကို ရန်တန့်ထားရန် ပြည်သူ့ လွှတ်တော်မှ သဘောတူ။
ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ တက်ရောက်ခဲ့သူ တချို့၏ ပြောစကားများ
ကျွန်တော့် စိတ်ခံစားချက်ကတော့ ဒီပွဲလေးကိုတက်ရတာ သိပ်ကောင်းတာပဲဗျာ။ ပထမဆုံး အခမ်းအနား စဖွင့်တော့ပြောတဲ့ အရောင်စုံတဲ့ တိုင်းရင်းသားတွေ ဆိုတာကိုပါ။ အဲဒါကို သဘောကျတယ်။ အခု ရောင်စုံ တိုင်းရင်းသားရောင်စုံ အဖွဲ့အစည်းအမျိုးမျိုးပေါ့ဗျာ။ ၈၈ လည်းပါတယ်။ ပညာရှင်လည်း ပါတယ်။ ကျွန်တော်တို့ အနုပညာသမားလည်း ပါတယ်။ ရွာသူရွာသားလည်း ပါတယ်။ NGO တွေလည်းပါတယ်။ အဲဒီလိုအရောင်လည်း စုံတယ်။ အသွေးလည်းစုံတယ်။ ပညာရောင်စုံ အတွေးအခေါ်ရောင်စုံ ရှိတယ်။ အဲဒါတွေ အကုန်လုံးက ဒီမှာစုစုစည်းစည်းသန္ဓိဌာန်ချတဲ့ စကားလေးတွေကြားရတော့ တအားဝမ်းသာတယ်။ မနေ့က တစ်နေကုန်ဟာ တကယ်ကိုတန်ဖိုးရှိတဲ့ နေ့တစ်နေ့ပါ။ လာတဲ့သူတွေ အားလုံးက မြစ်ဆုံကြီးရပ်လိုက်ပြီဆိုပြီး စိတ်ချလက်ချဝမ်းသာပြီး ကြွေးကြော်နေတဲ့ သူတွေမဟုတ်ဘဲနဲ့ အားလုံးက မြစ်ဆုံကြီး လောလောဆယ် ခေတ္တရပ်လိုက်တာ ကျေးဇူးတင်တယ်။ လုပ်ရမယ်ဆိုရင် နောက်ထပ် ထပ်ပြီးကိုယ့်ဘက်က ဆက်လုပ်ရမှာတွေ ကတိတွေ သန္ဓိဌာန်တွေ မျှော်မှန်းတာတွေ အဲဒီမျှော်မှန်းချက်တွေနဲ့ လုပ်စရာတွေကို ကတိပေးတဲ့ ပွဲလေးတစ်ပွဲလို့ ခံစားရပါတယ်။
 ဆရာအော်ပီကျယ်

ကချင်တိုင်းရင်းသား တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဆီမှာ ဒီလိုတွေ ကြောက်နေရတာ မဖြစ်ချင်တော့ဘူး။ ဘာကိုကြောက်မှန်းမသိ ကြောက်နေရတာ။ ကျွန်တော်မှာ သမီးနှစ်ယောက်နဲ့ မိန်းမရှိတယ်။ ကိုယ့်အတွက် စိတ်ပူတာထက် မိသားစုအန္တရာယ်ရှိမှာ ကြောက်တယ်။ အခုဘာ အလုပ်မှမရှိဘူး။ နေစရာရှိပေမယ့် စားစရာမရှိလို့ ကိုယ့်နေရာကိုပဲ ပြန်ချင်တယ်။                
မလိဇွပ်ရွာသားတစ်ဦး

ဒီကိုလာခွင့်မပေးဘူး။ ပြောင်းနေရတဲ့ နေရာကလည်း ကျဉ်းကျဉ်းလေးရယ်။ ငါပေးလိုက်ရတာ လိမ္မော်ခြံတွေ။ အခုသားသမီးတွေကို ပေးစရာ ဘာမှမကျန်တော့ဘူး။ ငါတို့ ဘာမှအပြစ်လုပ်တာလည်း မရှိဘဲနဲ့ လုပ်ကိုင် စားလို့ မရတော့တဲ့ အခြေအနေထိ ရောက်သွားရတာ။ ဒီနေရာမှာပြန်နေလို့ ရရင်ပြန်ချင်တယ်။ ဒီနှစ်ဆို တောင်ယာလည်း မစိုက်လိုက်ရဘူး။
တန်ဖဲကျေးရွာမှ အသက်(၆၀)၀န်းကျင်အမျိုးသမီးကြီးတစ်ဦး

ငါးနှစ်အတွက် ဆိုတာထက် တစ်သက်လုံးအတွက် သေချာစေချင်တယ်။ ကိုမင်းကိုနိုင် ပြောသလိုပဲ နှာခေါင်းမြုပ်တဲ့အထိ ဒီနေရာကိုကာကွယ်သွားရပါမယ်။ ဒီပွဲမှာလာပြီးပြောသွားတဲ့ ဆရာတွေရဲ့ စကားကြောင့် ကိုယ်လုပ်ရမယ့် အလုပ်ကိုပိုပြီး သိလာတယ်။
တန်ဖဲကျေးရွာသား လူငယ်တစ်ဦး

လူသတ်မှုကျူးလွန်သည့် စစ်အရာရှိနေရာ တပ်ကြပ်ဖြင့် လူစားထိုး

ယခုလ ၂၄ ရက်နေ့ ည ၈ နာရီကျော်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို့ မလူလာကျေးရွာအတွင်း အရပ်သား တစ်ဦး အား စစ်အရာရှိ တစ်ဦးက ပစ္စတို သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခဲ့သည့် အမှုတွင် ကျူးလွန်သူ အရာ ရှိ၏ နေရာတွင် တပ်ကြပ် တစ်ဦးဖြင့် လူစားထိုးထားကြောင်း မိသားစုဝင်များက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေ အသက် ၃၇ နှစ်အရွယ် ကိုမင်းခန့်အား အရက်သေစာသောက်စားထား သည့် ခလရ ၂၃၇ မှ ဗိုလ်မှူးတစ်ဦးက ငွေတောင်းရာမပေးသဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် ဆိုင်ကယ်တစ်စီးတည်း အတူလိုက်ပါသူ မျက်မြင်၏ အပြောကို ကိုးကား၍ ညီဖြစ်သူက ပြန်ပြောသည်။

"သူက သစ်ကယ်ရီဆိုတော့ ခလရ ၂၃၇ က အရက်မူးနေတဲ့ အရာရှိတချို့ပါတဲ့  ၄၊ ၅ ယောက်အဖွဲ့က လမ်း ရှင်းကြေး တောင်းတာပေါ့နော်။ ကိုမင်းခန့်တို့ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ။ သူကနောက်မှာထိုင်တယ်။ အဲတော့ တပ်ရင်းရုံး မှာ ငွေ ၃ သိန်းပေးခဲ့ပြီးပြီ လို့ပြောတော့ မင်းခန့်ကိုသေနတ်နဲ့ချိန်ထားတယ်။ မချိန်ပါနဲ့ ခဏစောင့်ပေးပါ ဗိုလ်မှူး လို့ ပြော တဲ့အချိန် မင်းခန့် ဆီကိုဖုန်းဝင်လာတယ် ဖုန်းနိုက်ယူတဲ့အချိန် အနီးကပ် ပစ်ထည့်လိုက်တာ " ဟု ဆိုသည်။

အဆိုပါ မျက်မြင်၏ အပြောအရ  လူသတ်မှု ကျူးလွန်သူမှာ ဗိုလ်မှူးတစ်ဦး ဖြစ်ကြောင်း သိရသော်လည်း ယခုလ ၂၅ ရက် နေ့က သေဆုံးသူ၏ မိခင်အား လူသတ်မှု ကျူးလွန်သူမှာ တပ်ကြပ်လှမြင့်အောင် ဖြစ်ကြောင်း ဗန်းမော်ရဲစခန်းမှ ဂတ် စာရေး ကိုကိုနိုင်ဆိုသူက ၀န်ခံလက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

"ပစ္စတိုကျည်က ဘယ်ဘက်မျက်လုံးကနေဝင်သွားပြီး   နောက်ကိုပေါက်မထွက်သွားဘူး။ ရဲစခန်းက ဂတ်စာရေး ကိုကိုနိုင်ပေါ့နော် ။ ညနေပိုင်းမှာအိမ်ကိုလာပြီးတော့ သေဆုံးသူကိုဖိုးခန့်ရဲ့ အမေကို လက်မှတ် ထိုး ခိုင်းတယ်လေ။ အဲဒီ မှာတော့ ကျူးလွန်သူက တပ်ကြပ်လှမြင့်အောင်ဖြစ်နေတာပေါ့နော် " ဟု ဆိုသည်။

ဗန်းမော်မြို့ ရင်ခွဲရုံ၌ ရင်ခွဲစစ်ဆေးချက်အရ ပစ်ခတ်သည့် ကျည်မှာ ပစ္စတိုကျည်ဖြစ်ပြီး အနီးကပ်ပစ်ခတ် ခံရကြောင်း ဆရာ ၀န်ကြီးက ထွက်ဆိုကြောင်း သိရသည်။

သေဆုံးသူ ကိုမင်းခန့် ခလရ ၂၃၇ တွင် ပေးထားသည့် ကျပ်ငွေ ၃ သိန်း အပါအဝင် ဆိုင်ကယ်နှင့်ဖုန်းများကို ဗန်းမော် ရဲစခန်း၌ သက်သေခံပစ္စည်းအဖြစ် ယူဆောင်လာပြီး လူသတ်မှုကျူးလွန်ရာတွင် ပါဝင်သူများအား အရေးယူမှု မရှိသေး ကြောင်း သိရသည်။