Thursday, January 26, 2012

ဒေါ်အောင်ဆန်းစုကြည် ပါကစ္စတန်နိုင်ငံ၏ ဂုဏ်ထူးဆောင် ဆုတံဆိပ် ချီးမြှင့်ခံရ


ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်) နှင့် ပါကစ္စတန် သမ္မတာ မစ္စတာ ဇာဒါရီ
မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ပါကစ္စတန် သမ္မတာ မစ္စတာ ဇာဒါရီဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့
နေ့လည် ၂ နာရီမှ ၃ နာရီခွဲ အထိ ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပါကစ္စတန် နိုင်ငံရဲ့ 
ဂုဏ်ထူးဆောင် “ရှာဟိဒ် ဘန်နာဇီယာဘူတို” ဆုကို ပေးအပ်ခဲ့ပါတယ်။ လုပ်ကြံခံခဲ့ရသူ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘန်နာဇီယာဘူတိုအား ရည်စူးသော
အထိမ်းအမှတ်ဖြင့် ပေးအပ်တဲ့ ဒီဆုကို ပါကစ္စတန် သမ္မတ ကိုယ်တိုင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မတို့ နိုင်ငံထဲက မိသားစုတွေ ဒုက္ခခံစားနေရတာတွေကို
တတ်နိုင်သမျှ ရပ်တန့်အောင် လုပ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုပေးပွဲ အတွင်းမှာ ပြောခဲ့ပါတယ်။ နေရာအနှံ့အပြားမှာ ရှိတဲ့ မိသားစုတွေနဲ့
လူသားတွေကို ဘေးကင်း လုံခြုံခိုင်မာတဲ့ တန်ဖိုးတွေနဲ့ စောင့်ရှောက်နိုင်မယ့် နေ့တနေ့ကို နှစ်နိုင်ငံကြား ပူးပေါင်းဆက်ဆံမှုတွေ ပိုပြီးနီးနီးကပ်ကပ် လုပ်ဆောင်
နိုင်တဲ့အခါ ရောက်လာဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ပါကစ္စတန်သမ္မတဟာ အဂါင်္နေ့က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့
နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေနဲ့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်ဖို့ အရေးတွေကို ဆွေးနွေး ခဲ့ပါသေးတယ်။

တရုတ်လက်ထဲကျရောက်တော့မယ့် လက်ပတောင်းတောင်ကြေးနီစီမံကိန်း

ကြေးနီ ထွက်ရှိသည့် လက်ပတောင်းတောင်
By ဇာဏီ ၊ ဇန္နဝါရီလ ၂၆ ရက်နေ့ ၊ ၂၀၁၂ ခုနှစ် ။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်းကို အစိုးရက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့ ထူး ကုမ္မဏီ(မြန်မာ)တို့ကို ရောင်းချခဲ့တာကြောင့် အဆိုပါ ကြေးနီစီမံကိန်း အနီးတဝိုက်မှာရှိတဲ့ ကံတော၊ ဝက်မှေး၊ ဆည်တည်းနဲ့ ဆီးတောရွာအစရှိတဲ့ ရွာလေးရွာကို ပြောင်းရွှေ့ခိုင်းနေပါတယ်။ အဲဒီအပြင် အနီးတဝိုက်ရှိ လယ်ယာမြေတွေကိုပါ တပါတည်းသိမ်းယူနေပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် စတင်၍ ဝက်မှေးရွာကို ဘူဒိုဇာနဲ့ လာဖျက်မယ်ဆိုပြီး ရွာသားတွေကို ဝက်မှေးရွာမှ နှစ်မိုင်အကွာမှာရှိတဲ့ နေရာအသစ်ကို ပြောင်းရွှေ့ခိုင်းတာကြောင့် မပြောင်းရွှေ့လိုကြတဲ့ ရွာသားတွေနဲ့ လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။
“သူတို့အစားပြန်ပေးတယ်ဆိုတာ အဖြစ်ပဲ ပေးတာ။ ကျမတို့ သွားနေမယ်ဆိုရင် ဘယ်လိုမှ နေလို့မဖြစ်ဘူး။ ကျမတို့ သွားနေရမယ့်နေရာက နွား နေဖို့လဲ မရှိဘူး။ လူနေဖို့တောင် မဖြစ်ဘူး။ အိမ်တွေကလဲ အကြမ်းတွေကြီးပဲ ဆောက်ပေးထားတာ ။ ဘာတခုမှ အကောင်းမပါဘူး။ ကျမတို့ လယ်တွေကိုလဲ သူတို့က အစက ရွာသားတွေကို သီးနှံလျော်ကြေးဆိုပြီးတော့ ၁ ဧက ကို ၅ သိန်း ၃သောင်းနှုန်းနဲ့ လျော်တယ်။ အခုကျတော့ မြေလျော်ကြေးလိုလို ဘာလိုလိုနဲ့ ဥပဒေကို လက်တလုံးခြား ပြုလုပ်နေတာ” ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။
ဝက်မှေးရွာက ရွာသား၆၄ ဦးက ဝမ်ပေါင်းကုမ္မဏီ(တရုတ်) နဲ့ ထူး ကုမ္မဏီ(မြန်မာ)က အစားပြန်ပေးထားတဲ့ ဝက်မှေးရွာနှင့် ၂ မိုင်အကွာမှာရှိတဲ့ နေရာသစ်ကို ပြောင်းရွှေ့သွားကြပြီး ရွာသား ၄၈ ဦးကတော့ မပြောင်းရွှေ့လိုသောကြောင့် လက်ရှိရွာမှာပဲ ဆက်လက်နေထိုင်နေခဲ့ကြပါတယ်။
“ကျမတို့ ကျန်ခဲ့တဲ့ ၄၈ ဦးက ကျမတို့ရွာကနေပြီး လုံးဝ ဖယ်မပေးဖို့ ဆုံးဖြတ်ထားတယ်။ ကျမတို့လုံးဝ မဖယ်ပေးနိုင်ဘူး။ ကျမတို့ ဘုန်းကြီးကျောင်းကိုလဲ ချိတ်ပိတ်ထားတယ်။ ကျမတို့ သမ္မတ ဦးသိန်းစိန်ဆီကို အသနားခံစာ တင်ထားပါတယ်။”ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း ၊ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဟန် ၊ သတ္တုတွင်း ဝန်ကြီး ဦးသန်းထိုက် နှင့် ဌာနဆိုင်ရာ အသီးသီး လူကြီးတွေ ပေါင်းပြီးတော့ ဝက်မှေးရွာက ဘုန်းကြီးကျောင်းကို တာဝန်မှအပ မဝင်ရဆိုပြီးတော့ ဘုန်းကြီးကျောင်းတဝိုက်မှာ စာတွေကပ်ကာ ချိတ်ပိတ်ထားပြီး အသက်(၈၀)ကျော်ရှိတဲ့ ကျောင်းထိုင်ဘုန်းကြီးကို နေရာသစ်ကို ပင့်ဆောင်သွားတယ်။ အဲဒီနောက်မှာ ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ (၁၀) ရက်က အာဏာပိုင်တွေက အတင်းဝင်ရောက်ဖျက်ဆီးတဲ့အခါမှာ ရွာသားတွေနဲ့ အချင်းများကြပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လာရောက်ထိန်းသိမ်းတဲ့အတွက် လာရောက်ဖျက်ဆီးတဲ့ အလုပ်သမားတွေ ပြန်လှည့်သွားကြပါတယ်။
“ဒီကျောင်းကို နိုင်ငံတော်က ဆောက်ပေးထားတာ မဟုတ်ဘူး ။ ကျမတို့ရွာသားတွေက ချွေးနဲစာနဲ့ ဆောက်ပေးထားတဲ့ ကျောင်းဆိုတော့ လုံးဝ အပျက်စီး မခံနိုင်ဘူးဆိုပြီး တားဆီးတဲ့အတွက် ဌာနဆိုင်ရာတွေကို ဖုန်းဆက်ခေါ်ပြီး လူတွေ ထပ်ခေါ်ပြီး အင်အားပြတယ် ။ ကျမတို့ရွာကလဲ မကြောက်ဘူးလေ။ အင်္ဂလိပ်လက်အောက်လဲ ကျမတို့နိုင်ငံ ကျရောက်ခဲ့တယ်။ ဂျပန် လက်အောက်လဲ ကျရောက်ခဲ့တယ်။ အဲဒီ တိုင်းတပါးလက်အောက်ကျရောက်ခဲ့တဲ့ အချိန်ကတောင်မှ ကျမတို့ရွာကို လာရောက်ဖျက်တာမျိုး မရှိခဲ့ပဲနဲ့။ အခု မြန်မာပြည် ဒီမိုကရေစီလဲ ရတော့မယ်။ လွတ်လပ်ရေးလဲ ရနေတဲ့ခေတ်ကြီးကျမှ ကျမတို့ ရွာကို ဖျက်ပေးရမယ်ဆိုတာက အဓိပ္ပါယ် မရှိဘူးလေ။ လုံးဝအဖျက်မခံနိုင်ဘူး။” ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။
အဲဒီနောက် ဝက်မှေးကျေးရွာရှိ စာသင်ကျောင်းမှ စာသင်ခုံတွေအပါအဝင်၊ ကျောက်သင်ပုန်းအစရှိတဲံ သင်ထောက်ကူပစ္စည်းတွေကို နေရာအသစ်သို့ အကုန် ပြောင်းရွှေ့ထားပြီး စာသင်ကြားနေတဲ့ ဆရာ၊ဆရာမတွေကို ခေါ်ဆောင်သွားပါတယ်။ဝက်မှေးကျေးရွာရှိ ကျောင်းသားတွေဟာ ကျောင်းမှာ မသင်ရတဲ့အတွက်ကြောင့် အနီးအနားတဝိုက် ကျောင်းတွေကို သွားအပ်တဲ့အခါမှာ မြို့နယ်ပညာရေးမှူးနဲ့ မယကတွေက လက်မခံခိုင်းလို့ ဆိုပြီးတော့ ကျောင်းသားတွေကို လက်မခံခဲ့ဘူးဟု သိရပါတယ်။
“မယကမှ ဦးဇော်ဝင်းဟန်က ကျမတို့ရွာကို မပြောင်း ပြောင်းအောင် နည်းမျိုးစုံ သုံးပြီး အကျပ်ကိုင်နေတာ၊ ကျမတို့က ကျမတို့ ကလေးတွေကို ကျောင်းအပ်ဖို့အတွက် ရွာနဲ့ နီးစပ်တဲ့ ရွာသစ်ကြီး ကျောင်းကိုသွားပြီးတော့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနဲ့ သွားတွေ့တယ်။ ဒေါ်နှင်းကလဲ သူမပိုင်ဘူးတဲ့ ၊ ဒီကမြို့နယ်ပညာရေးမှူးနဲ့ သွားပြောကြည့်ပါဦး လို့ ကျမတို့ကို ပြောတယ်။ အဲလိုပြောတော့ ကျမတို့က မြို့နယ် ပညာရေးမှူးနဲ့ သွားတွေ့တယ်။ သွားတွေ့တဲ့အခါကျတော့ မြို့နယ် ပညာရေးမှူးကလဲ အထက်က ခိုင်းလို့ လုပ်ရတာပေါ့ ။ မြို့နယ်က ဦးဇော်ဝင်းဟန်နဲ့ သွားတွေ့ပါလို့ ပြောပါတယ်။” ဟု ဝက်မှေးကျေးရွာက ဒေသခံတဦးဖြစ်တဲ့ မသက်သက်ဝင်းက ဘားမားဗီဂျေ ကို ပြောပါတယ်။
“ကျောင်းသားတွေက ကျောင်းဖွင့်ချိန်မှာ တနှစ်နီးပါး ကျောင်းမတက်ရတဲ့အတွက်ကြောင့် ပညာရေးအခွင့်အရေးတွေ ဆုံးရှုံးရတယ် ။ ဒီပညာရေးကိစ္စနဲ့ ပတ်သတ်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလဲ ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ* ဆိုတဲ့ စာပိုဒ်ကို သူတို့ မဖတ်မိဘူးလားလို့ပဲ ယူဆတယ်။”ဟု ရှေ့နေ တဦးဖြစ်တဲ့ ဦးကျော်စိုးဝင်းက သူ့အမြင်ကို ဘားမားဗီဂျေ ကို ပြောပါတယ်။
အဆိုပါ ရွာတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတဲ့ ကိစ္စကို အရေးယူပေးပါရန် အသနားခံစာကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၊ ပြည်ထောင်စု တရားသူကြီးချုပ် ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ၊ အလုပ်သမားရေးရာ ဝန်ကြီး ၊ လယ်သမားရေးရာ ဝန်ကြီး ၊ ပညာရေး ဝန်ကြီး ၊ ပြည်ထောင်စု ရှေ့နေချုပ် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဆီကို ပေးပို့ဖို့ စီစဉ်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ*
စာပိုဒ်အတွင်းတွင်
နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့် အညီ -
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
(ခ) ဥပဒေဖြင့် ပြဌာန်းသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်။
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊စာပေနှင့် အနုပညာခေတ်မှတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ်ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြု ဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည် ဟု ဖော်ပြထားပါတယ်။

ယနေ့ Facebook မှ လွှတ်တော်သတင်းများ

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌများသည် ဒုတိယပိုင်း လွှတ်တော် အစည်းအဝေးတွင် ဝတ်ရုံ မဝတ်တော့ဘဲ တိုက်ပုံအနက်သာ ဝတ်ဆင်မည် ဖြစ်သဖြင့် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး တက်စဉ်ကာလတွင် တိုက်ပုံအနက် ဝတ်ဆင်ခြင်း မပြုရန် အသိပေးထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။
 ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ' ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ရန်ပုံငွေ စာရင်း' ခေါင်းစဉ်ဖြင့် ရန်ပုံငွေ တစ်ရပ် ထားရှိရေး အဆိုကို ကချင်ပြည်နယ် မြစ်ကြီးနား မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က တင်သွင်းမည် ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးသို့ တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်း အယ်ဒီတာက သတင်းပေးပို့သည်။
ယနေ့နေပြည်တော်တွင် စတင်ကျင်းပသော လွှတ်တော်အစည်းအဝေးများတွင် သတင်းထောက် များကို တယ်လီဖုန်း၊ လက်ပတော့ကွန်ပျူတာများ သယ်ဆောင်ခွင့်ပြုလိုက်ပြီး ယင်းသို့ခွင့်ပြုခြင်း မှာ ပထမဆုံးအကြိမ်ခွင့်ပြုခြင်းဖြစ်သည်။
ယနေ့ ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် (ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်) က " တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း " နှင့် " ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့သော (ရာဇသတ်ကြီး) ပြစ်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း " စသည့် အဆိုနှစ်ရပ် တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ လွှတ်တော် အစည်းအဝေးသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် စာနယ်ဇင်းများအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သော ပုဒ်မ ၄၉၉ နှင့် ၅၀၀ တို့ကို ဖျက်သိမ်းပေးရန် အဆိုတင်သွင်းမည် ဖြစ်ကြောင်း ဦးသိန်းညွန့်က The Voice Weekly သို့ ပြောကြားသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးနှင့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတို့ကို ဇန်နဝါရီလ ၂၆ ရက်နေ့ (ယနေ့) နံနက် ၁၀ နာရီတွင် စတင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ လွှတ်တော် အစည်းအဝေး နှစ်ရပ်သို့ ပြည်တွင်း မီဒီယာ ၂၆ ခုနှင့် ပြည်ပ မီဒီယာ ၂၀ ခန့်တို့ တက်ရောက် သတင်းရယူလျက် ရှိသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ်ပုံမှန်အစည်းအဝေးတွေ ကို ဒီကနေ့ ဇန်န၀ါရီလ ၂၆ ရက်နေ့မှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။ ဒီလွှတ်တော်အစည်အဝေးအတွင်းမှာ တော့ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေငွေစာရင်းတွေကို ထုတ်ပြန်အတည်ပြုဖို့ရှိနေ ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် အသုံးစားရိတ်တွေနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူသို့အစီရင်ခံစာ ထုတ်ပြန်နိုင်ဖွယ်ရှိနေပါတယ်။ ဒါအပြင် ဒီလွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်အတည်ပြုမယ့် လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ရသုံးမှန်းချေငွေစာရင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အသုံးစားရိတ်တွေကိုလည်း တိုးမြှင့်ပေးဖို့ရှိနေပါတယ်။ ဒီလွှတ်တော်အစည်းအဝေးတွေကတော့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတာ ကြောင့် ရက်သိပ်ကြာဖွယ်မရှိဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ခန့်မှန်းမှုတွေရှိနေတယ်လို့ ဒီဗွီဘီ သတင်းမှာ ဖော်ပြထားပါတယ်။

လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့

မြန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာ မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
AFP
ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖော်ပြထားသည့် ပြည်တွင်းထုတ် ဂျာနယ်ကို ရန်ကုန်မြို့လယ်ရှိ ဈေးတစ်ခုတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း အရောင်းဈေးသည်တစ်ဦးက ရောင်းချနေစဉ်။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းကို ဇန်န၀ါရီ ၂၇ ရက် ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးမှာ တင်သွင်း ပြဋ္ဌာန်းပြီးခဲ့ အခါ စာနယ်ဇင်းတွေ အနေနဲ့ ဆင်ဆာအဖွဲ့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ကြောင်း စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။ စာနယ်ဇင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့ အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ ထုတ်ဝေခွင့် အပါအ၀င် တခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။
RFA