Sunday, December 11, 2011

ဘီဘီစီ၏ သတင်းနဲ့ မြန်မာပြည်မြေပုံကို ကန့်ကွက်ဆန္ဒပြ



 ဘီဘီစီ၏ သတင်းနဲ့ မြန်မာပြည်မြေပုံကို နယူးယောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ
ဓာတ်ပုံသတင်း၊ ဖေ့စ်ဘွတ်၊ ဒီဇင်ဘာ ၁၀၊ ၂၀၁
ဒီဇင်ဘာ ၉ ၊ ၂၀၁၁ ၊သောကြာနေ့က နယူးယောက်မြို့တော်၊ ဘီဘီစီအမေရိကားရုံးရှေ့ မြန်မာ ၅၀ ကျော်ခန့် စုဝေးပြီး ဘီဘီစီ၏ ၂၀၁၀သတင်းတခုတွင် ရိုဟင်ဂျာ(ဘင်္ဂလီလူမျိုး) များကို ရခိုင်ပြည်နယ်မြေပုံတွင် ထည့်သွင်းဖော်ပြချက်အား ကန့်ကွက်သည့် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်ကို တွေ့ရသည်။

          အဆိုပါ ရိုဟင်ဂျာအရေးကို ကန့်ကွက်မှုများ အောက်တိုဘာလအတွင်းက အင်တာနက်စာမျက်နှာများတွင် ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ လန်ဒန်တွင် မြန်မာအချို့က ကန့်ကွက်ဆန္ဒ̔ပြမှုများ ဆောင်ရွက်ရန်စည်းရုံးလှုံဆော်ခဲ့ကြသည်။ နိုဝင်ဘာအတွင်းက ရန်ကုန်ရှိ ဗြိတိန်သံရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြရန် လှုံဆော်မှုများ ထွက်ပေါ်ခဲ့သည်။ ယခုဒီဇင်ဘာလတွင် နယူးယောက်မြို့ ဘီဘီစီရုံးရှေ့တွင် ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ပြည်ပရောက်မြန်မာများက မြန်မာစစ်အစိုးရ၏ ပေါ်လစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြသည့်အစဉ်အလာရှိရာ ယခုတခါတွင်  မြန်မာပြည်အရေး သတင်းပို့နေကျ ပြည်ပသတင်းဌာနများကို ကန့်ကွက်ခြင်းမှာ ယခုကာလအတွင်း ထူးခြားဖြစ်စဉ်ဖြစ်သည်။


မိုးမခမှ
.

ဝန်ကြီးများရုံးနှင့် တရားရုံးချုပ် ပြတိုက်အဖြစ်ပြောင်းလဲရန်တင်ဒါ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ လျှောက်ထားနိုင်

ကိုလိုနီခေတ်က ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသော ယခင်အတွင်းဝန်များရုံးခေါ် ဝန်ကြီးများရုံးနှင့် တရားရုံးချုပ် အဆောက်အအုံတို့ကို ပြတိုက်အဖြစ် အသွင်ပြောင်းလဲရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖိတ်ခေါ်လိုက်ပြီး ယင်းတင်ဒါကို ပြည်တွင်းကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများပါ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ရုံးထံမှ စုံစမ်းသိရှိရသည်။ “စည်းကမ်းချက် အသေးစိတ် သတ်မှတ်ထားတာမျိုး မရှိဘူး။ ပြည်တွင်းကုမ္ပဏီပဲဖြစ်ဖြစ်၊ ပြည်ပကုမ္ပဏီပဲဖြစ်ဖြစ် လျှောက်ထားလို့ရတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြာသည်။

ပြတိုက်အဖြစ် အသွင်ပြောင်းလဲမှု တင်ဒါ အဆိုပြုလွှာများကို ကုမ္ပဏီများက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရုံးအမှတ် ၃၂ ၊ နေပြည်တော်သို့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သိရှိရသည်။ အပတ်စဉ်ထုတ် သတင်းဂျာနယ်တစ်စောင်မှ အမှုဆောင် အယ်ဒီတာတစ်ဦးကမူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရသော ဝန်ကြီးများရုံးကို ပြတိုက်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်မှုအပေါ် ထောက်ခံကြိုဆိုလိုက်ပြီး မှန်ကန်သော လုပ်ဆောင်မှု တစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားသည်။ “အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတဲ့နေရာကို ပြတိုက်အဖြစ် အသွင်ပြောင်းတာက အင်မတန်မှ သင့်မြတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သက်တမ်းနှစ် ၁၂၀ ကျော် ရှိနေသည့် ဝန်ကြီးများရုံးကို ဗြိတိသျှ အစိုးရလက်ထက် ၁၈၀၀ ပြည့်နှစ်ကျော်ခန့်တွင် တည်ဆောက်ခဲ့ပြီး တရားရုံးချုပ်ကိုမူ အင်္ဂလိပ် ဗိသုကာပညာရှင် James Ransome က ဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ကာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံ နှစ်ခုစလုံးမှာ နှစ်တစ်ရာရှေးဟောင်း အဆောက်အအုံများ စာရင်းတွင် ထိပ်ဆုံးမှပါဝင်ကြောင်း မြန်မာ Wikipedia တွင် တရားဝင်ဖော်ပြထားသော အချက်အလက်များအရသိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဒီလို ဆွမ်းစားမျိုးတွေ မကြွပါရစေနဲ့တော့ .. ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)


ဒီလို ဆွမ်းစားမျိုးတွေ မကြွပါရစေနဲ့တော့
ဆောင်းပါးရှင် ဘိက္ခုဇိနပုတ္တ(ရန်ကုန်)

ခုတလော အင်တာနက်စာမျက်နှာတွေမှာ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ တိုက်ကြ ခိုက်ကြလို့ သေကြ ကြေကြ ထိခိုက် ဒဏ်ရာတွေ ရကြတဲ့ သတင်းတွေကို မကြာခဏ ဆိုသလို တွေ့နေရတာ အလွန်ကို စိတ်ထိခိုက်စရာ ကောင်းလှပါတယ်။ ဒီလိုမျိုး အင်တာနက်စာမျက်နှာပေါ်က ပြည်တွင်းစစ်သတင်းတွေ ဖတ်ပြီး စိတ်မကောင်း ဖြစ်နေတုန်းမှာဘဲ ဒကာမတစ်ဦးက သူ့သားတော်မောင် ဗိုလ်တစ်ယောက် ရှေ့တန်းမှာ တာဝန်ကျနေလို့ ဘေးကင်း ရန်ကင်း အန္တရာယ်ကင်းအောင် ဆွမ်းအုပ်လာပို့ပါတယ်။ သူ့သားအတွက် ဘေးအန္တရာယ် ကင်းရှင်းအောင် မေတ္တာပို့ပေးပါလို့လဲ လျှောက်သွားလေရဲ့။ ရင်မော လိုက်တာ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်က လာပင့်တဲ့ ဆွမ်းစားတစ်ခု ဆိုရင်ရင်မောရုံတင် မဟုတ်ဘူး။ နောက်ကို ဒီလို ဆွမ်းစားမျိုး ဘယ်တော့မှ လာမပင့်ပါစေနဲ့၊ ဒီလိုဆွမ်းစားမျိုးတွေကို ဘယ်သောအခါမှ မကြွပါရစေနဲ့တော့လို့တောင် စိတ်ထဲက ကျိတ်ပြီး ဆုတောင်းမိတဲ့ ဆွမ်းစားမျိုးပါ။ ဆွမ်းစားက ရက်လည် ဆွမ်းသွပ်တာပါ။ ကိုးဆယ်ခြောက်ဖြာ ကိုးဆယ်ရှစ်ဖြာ အနာရောဂါကြောင့် သေရတဲ့ ရက်လည် ဆွမ်းသွပ်မျိုးတော့ မဟုတ်ပါဘူး။ ကရင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ သားတော်မောင် ရဲဘော်တစ်ယောက် ကျဆုံးသွားလို့ မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှစ်မတွေက မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ကပ်လှူကြတဲ့ ဆွမ်းပါ။ “ကျဆုံးသွားတဲ့ ရဲဘော်က အသက် ဘယ်နှစ်နှစ် ရှိပြီလဲ” လို့ မေးကြည့်တော့ “ဆယ့်ကိုးနှစ်ပဲ ရှိပါသေးတယ်”တဲ့။ “တပ်ထဲဝင်သွားတာ ဘယ်လောက် ကြာပြီလဲ” လို့ ဆက်မေးတော့ “လေးနှစ်လောက် ရှိပါပြီ”တဲ့။ ဒီလိုဆိုတော့ တပ်ထဲရောက်သွားတာ ကလေးစစ်သားအဖြစ်နဲ့ ရောက်သွားခဲ့တာပါလား။ ခုတော့ ကျဆုံးသွားရှာလေပြီ။ တကယ်ကို စိတ်မကောင်းစရာပါ။
တကယ်တော့ ရှေ့တန်းမှာ တိုက်နေခိုက်နေ၊ ပစ်နေခတ်နေကြတဲ့ မြန်မာစစ်တပ်က ရဲဘော်လေးတွေရော တိုင်းရင်းသား အဖွဲ့အစည်းများက ရဲဘော်လေးတွေရောဟာ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့တစ်ဦး ရန်ငြိုး ရန်စ အာဃာတတွေ ရှိဖို့ နေနေသာသာ၊ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဦးနဲ့ တစ်ဦး တွေ့ဖူး မြင်ဖူး သိဖူးကြတာမျိုးတောင် ရှိမယ် မဟုတ်ပါဘူး။ သူတို့လေးတွေကို ပစ်ဟေ့၊ ခတ်ဟေ့လို့ အမိန့်တွေ ပေးနေကြလို့သာ ဘာရန်ငြိုး ရန်စ မှ မရှိတဲ့ သူတွေ အချင်းချင်း ပစ်နေကြ ခတ်နေကြရတာပါ။ ဒီလို ပစ်ကြ ခတ်ကြရတဲ့ အတွက် နှစ်ဖက်စလုံးက ရဲဘော်လေးတွေဟာ အမိန့်တွေအောက်မှာ မြေစာ ဖြစ်သွားရပြီး တိုင်းပြည်ရဲ့ သားကောင်း ရတနာလေးတွေ အလဟဿ ဆုံးရှုံးသွားရတာဟာ အလွန်ကို နှမြောစရာ ကောင်းလှပါတယ်။ ဒီလိုမျိုး တိုင်းပြည်ရဲ့ သားကောင်းရတနာလေးတွေ အလဟဿ ဆုံးရှုံး နေရတာမျိုးတွေကို ခုချိန်မှာ ရပ်တန်းက ရပ်သင့်နေပါပြီ။

ကိုယ့်တိုင်းရင်းသား ညီအကို မောင်နှစ်မတွေ အချင်းချင်း ပစ်ဖို့ ခတ်ဖို့ သတ်ဖို့ ဖြတ်ဖို့  ပေးနေကြတဲ့အမိန့်တွေလဲ နှစ်ဖက်စလုံးက ချက်ချင်းကို ရပ်သင့်ပါပြီ။ ဒီလိုမျိုး အမိန့်တွေ ရပ်သွားမှဘဲ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းက ပြည့်မှာပါ။ ဘုန်းဘုန်းတော့ ဘုန်းဘုန်းတောင်းတဲ့ ဆုတောင်းကို ခုချက်ချင်းကို ပြည့်ချင်နေပါပြီလေ။

ဘိက္ခုဇိနပုတ္တ(ရန်ကုန်)