Saturday, February 18, 2012

ကဗျာဆရာတင်မိုး အောက်မေ့ဖွယ်ကျောက်တုံး တောင်လေးလုံးတွင် ဖွင့်လှစ်


ယနေ့ နံနက် ၁၀နာရီက အမရပူရ တောင်သမန်အင်းစောင်းရှိ တောင်လေးလုံးကျောင်းတိုက်တွင် ကဗျာဆရာတင်မိုးအောက်မေ့ဖွယ် ကျောက်တုံးဖွင့်လှစ်ပွဲကျင်းပသည်။

ဆရာမောင်သစ်လွင်လူထုနှင့် ဆရာဦးအေးမြင့်တို့က ဆရာတင်မိုးအောက်မေ့ဖွယ် ကျောက်တုံးကို ဖွင့်လှစ်ပေးကြသည်။

အခမ်းအနားမှူးအဖြစ် ရွှေနောင်ရိုးကဆောင်ရွက်ပြီး တက်ရောက်လာသူများအနက်မှ မောင်သစ်လွင်(လူထု)၊ ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)၊ တက္ကသိုလ်တေဇာလင်း၊နေ၀င်းမြင့်၊ညီစေမင်း၊ဆူးငှက်၊သိုက်ထွန်းသက်၊စိုးနိုင်(မန်းတက္ကသိုလ်)၊ ညီပုလေး၊ကိုထွန်းဦး(ထွန်းဦးစာပေ)တို့က အလွမ်းစကားများ ပြောကြားကြသည်။ ကဗျာဆရာကိုသင်းပန်က ဆရာတင်မိုး၏ ကဗျာများကို ရွတ်ဆိုသည်။

ထိုအစီအစဉ်တွင် တောင်လေးလုံးကျောင်းတိုက်မှ ဆရာတော် ကိုပညာ၊လူထုသတင်းစာမှ သတင်းစာဆရာကြီးများဖြစ်ကြသည့် မောင်သစ်လွင်(လူထု)၊ နတ်မောက်ထွန်းရှိန်တို့နှင့် တကွ ဒေသခံစာနယ်ဇင်းဆရာများ၊ကဗျာဆရာများတက်ရောက်ကြသည်။

ဆရာတင်မိုး၏ ဇာတိရွာ ကန်မြဲတွင် အထိမ်းအမှတ်လုပ်ခွင့်မရသဖြင့် ထိုအစီအစဉ်ကို တောင်လေးလုံးတွင်သာ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပတ္တမြားမှန်လျင် နွံမနစ်ပါဘူး ရွှေညဝါ ဆရာတော် ဘုရား

ရွှေညဝါ ဆရာတော် ဦးပညာသီဟ ဆွမ်းအလှူခံ ကြွချီတော်မူ နေစဉ်
အရှင်ဘုရား ပတ္တမြားမှန်လျင် နွံမနစ်ပါ ဘုရားဟု ရွှေညဝါ ဆရာတော်ကို ကြည်ညိုကြတဲ့ ကြည့်မြင်တိုင်မြို့နယ်သူ မြို့နယ်သားတွေက တင်လျှောက် လိုက်ပါတယ်။
ရွှေညဝါ ဆရာတော် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သာဓု ကျောင်းတိုက်ကနေ ထွက်ခွာ ပေးရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ အတွင်း မန္တလေးတိုင်း ဒေသကြီး
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ သြဝါဒစကား မိန့်ကြားခဲ့တဲ့ အတွက် အခုလိုမျိုး ကျောင်းတိုက်ကနေ ထွက်ခွာသွားဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ချက်
ချလိုက်တာ ဖြစ်ပါတယ်။

NLD ကို မဲပေးဖို့ ဖျာပုံလူထုကို ဒေါ်စု တိုက်တွန်း

 သောကြာ, 17 ဖေဖော်ဝါရီ 2012


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားထောင်ကြတဲ့ ဖျာပုံမြို့က လူထု။ (ဖေဖော်ဝါရီလ ၁၇၊ ၂၀၁၂)

NLD ပါတီရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့က ဧရာဝတီတိုင်းထဲက ကျိုက်ထော်နဲ့ ဖျာပုံမြို့တွေကို သွားခဲ့တာပါ။ ကျိုက်ထော်မှာ တထောက်နားပြီး လူထုကို စကားပြောခဲ့သလို နေ့လယ်ပိုင်း ဖျာပုံကို ရောက်ခဲ့ပြီး မြို့ခံလူထုတွေကို ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ မြန်မာပြည် တိုးတက်လာဖို့အတွက် ပညာရေးကဏ္ဍဟာ အထူး အရေးကြီးသလို တရားဥပဒေ စိုးမိုးရေး အရေးကြီးပုံတွေကို ပြောသွားပါတယ်။
“ကျမတို့ မြန်မာနိုင်ငံ တိုးတက်ဖို့ဆိုတာ ပညာရေးအရ တိုးတက်ဖို့ အင်မတန်မှ လိုအပ်တယ် ဆိုတာ ကျမ ထူးထူးထွေထွေ ပြောပြစရာ မလိုဘူးလို့ ထင်ပါတယ်။ ကျမတို့ လမ်းမ ဖြတ်ခဲ့တဲ့အခါကျတော့ မူလတန်း ကျောင်းကလေးတွေကို တွေ့ခဲ့တယ်။ တံခါးတွေကတော့ ပိတ်ထားပါတယ်။ ဒါပေမဲ့ တံခါးတွေ နောက်ဘက်က ကျမတို့ကို ကြိုဆိုနှုတ်ဆက်ကြတယ် ကလေးတွေက။ အဲဒီတော့ ဒီဟာ ဟာ ကလေးတွေရဲ့ စိတ်ဓါတ်ကို ဖော်ပြတာ၊ ကောင်းမွန်တဲ့ စိတ်ဓါတ်။ ကလေးတွေ ဆိုတာလည်း လွတ်လွတ်လပ်လပ် နေချင်တယ်။ ကလေးတွေ ဆိုတာလည်း သူတို့ဘ၀ကို အဓိပ္ပါယ် ရှိစေချင်တယ်။ ကလေးတွေ ဆိုတာဟာ ကလေးမိုလို့ လူကြီးစကားနဲ့ မဖော်ပြတတ်ပေမဲ့ မတရားတာ တရားတာကိုလည်း နားလည်တယ်။ ကလေးတိုင်း ကလေးတိုင်းမှာလည်း ဒီလိုစိတ်ဓါတ်ရှိတယ်လို့ ကျမ ထင်တယ်။ ကျမတို့ ပြည်သူတွေဟာ တရားမျှတမှုကို တန်ဖိုးထားတယ်၊ လေးစားတယ် ဆိုတာ ကျမတို့ ယုံကြည်တယ်။ တရားမျှတမှု ဆိုတာလည်း အင်မတန်မှ လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှ ပြည်သူတွေရဲ့ ဘ၀ဟာ လုံခြုံမှာပါ။ လုံလည်း လုံခြုံရမယ်၊ လွတ်လည်း လွတ်လပ်ရမယ်လို့ ကျမတို့ အမြဲ ပြောပါတယ်။ ဒီနှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီမျှစွာနဲ့ အပေးနိုင်ဆုံးစနစ်က ဒီမိုကရေစီစနစ်လို့ ကျမတို့ ယုံကြည်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထူထောင်ခဲ့တာ။”
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့ကြသူတွေရဲ့ မျှော်မှန်းချက်တွေဟာ အခုချိန်ထိ မရှိသေးတာမို့ အခုခေတ်မှာ ကြိုးစားကြရမယ် လို့လည်း ပြောပါတယ်။
“ဒီနိုင်ငံရဲ့ အဓိက ပြဿနာတွေလို့ ပြောခဲ့တာတွေဟာ ဘာတွေလဲ ဆိုတော့ ကုန်ဈေးနှုန်း မြင့်မားတဲ့ကိစ္စတွေ၊ အလုပ်လက်မဲ့ ကိစ္စတွေ၊ ကျန်းမာရေး၊ ပညာရေး လုံလုံလောက်လောက် ပြည်သူအတွက် မလုပ်ပေးနိုင်တာတွေ။ ဒီတော့ ဘာအဓိပ္ပါယ် ပေါက်သလဲ၊ အနှစ် ၆၀ အတွင်း ကျမတို့ နိုင်ငံရဲ့ တိုးတက်မှုဟာ မလုံလောက်ဘူး ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ပါတယ်။ ဒီဟာတွေ အကောင်အထည် ဖော်ဖို့ဟာ ကျမတို့တွေရဲ့ တာဝန်ဖြစ်ပါတယ်။”
ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲကို ဘာကြောင့် NLD ပါတီ ၀င်ရတာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။
“ဒီ ၄၈ နေရာဟာ ကျမတို့ ဒီမိုကရေစီ လိုလားတဲ့သူတွေအတွက် အများကြီးပဲ အရေးကြီးပါတယ်။ ဒီ ၄၈ နေရာဟာ ဒီမိုကရေစီစနစ်ကို အနှစ် ၂၀ ကျော် ကျင့်သုံးပြီးတော့ ဒီမိုကရေစီစနစ်အတွက် အနှစ် ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုရဲ့ တာဝန်တွေ အတိုင်းအတာတစ်ခုအထိ ထမ်းဆောင်ဖို့ အခွင့်အရေးကြုံတဲ့ ရွေးကောက်ပွဲတွေ ဖြစ်ပါတယ်။”
လူထုဟာ မှန်ကန်ရဲရင့်စွာနဲ့ မမျှတမှုတွေကို တွန်းလှန်နိုင်တဲ့ စိတ် မွေးမြူကြဖို့လည်း တိုက်တွန်းသွားပါတယ်။
“မမျှမတ လုပ်လို့ရှိရင် ကျမတို့ ပြည်သူတွေက မခံချင်ကြဘူး။ ကောင်းတဲ့ မခံချင်တဲ့စိတ်၊ မတော်မတရား လုပ်လို့ မမျှမတလုပ်လို့ မခံချင်တာဟာ ကောင်းတဲ့ မခံချင်စိတ်။ ဒီကောင်းမွန်တဲ့ မခံချင်စိတ်နဲ့ ပြည်သူတွေက ကျမတို့ကို ဒီနေ့ ပိုပြီးတော့တောင် အားပေးသလားလို့ ကျမ ထင်မိပါတယ်။”
ဖျာပုံ မြို့ခံလူထုကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့မိန့်ခွန်းထဲက တချို့ကို ကောက်နုတ်တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လယ်ယာကဏ္ဍကို အားထားနေကြရတဲ့ ဒေသခံတွေရဲ့ လယ်သမားအရေး ကိစ္စတွေ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးကိစ္စတွေကိုလည်း NLD ပါတီက တတ်နိုင်သလောက် ဆောင်ရွက်သွားမယ် ဆိုတာကိုလည်း ထည့်သွင်း ပြောကြားသွားတယ်လို့ ဖျာပုံမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဒီကနေ့ ဖျာပုံစည်းရုံးရေး ခရီးစဉ် အတွက် စီစဉ်ရာမှာ အာဏာပိုင်တချို့နဲ့ အဆင်မပြေတာတွေ ရှိခဲ့တယ်လို့ ဖျာပုံမဲဆန္ဒနယ်မှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အားကစားကွင်းကို လာမယ်။ ပြည်သူ့အားကစားကွင်းမှာ တရားဟောဖို့ ကျမတို့ သွားတင်တယ်။ အဲဒီတော့ ပြည်သူ့အားကစားကွင်းကို ပေးဖို့ အဲဒီအတွက် ကျနော်တို့က ဖျာပုံမြို့အ၀င် သဲကွင်းဆိုတဲ့ နေရာကို လူထုဟောပြောပွဲလုပ်ဖို့ ပြင်ဆင်ရပါတယ်။ အဲဒီနေရာမှာပဲ ဟောပြောရပါတယ်။ နောက်တခါ သူတို့အခု ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါမှာ သူတို့ကလည်း ကြားတာက သာစည်ဘုရားဘက်ကို ဘုရားလာဖူးမယ်၊ ဘုရားလာဖူးရင် အဲဒီမှာ မဏ္ဍပ် အဆင်သင့်ရှိလို့ အဲဒီမဏ္ဍပ်ပေါ်တက်ပြီး တရားဟောမယ် ဆိုပြီးတော့ မဏ္ဍပ်ကို လှန်ခိုင်းပါတယ်။ အဲဒီတော့ မဏ္ဍပ်ကို လာပြီး ဖျက်ကြတယ်ပေါ့လေ။ အမှန်တော့ ကျနော်တို့ကတော့ အဲဒီ အစီအစဉ် သွားဖို့မရှိပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဖျာပုံကို နေ့ချင်းပြန် ခရီးအဖြစ် သွားခဲ့တာဖြစ်ပြီး ဒီခရီးမှာ ဖျာပုံမြို့ လူထု အများအပြား ကြိုဆိုခဲ့သလို အနီးဝင်းကျင်မြို့တွေ ဖြစ်တဲ့ ဘိုကလေး၊ ဒေးဒရဲနဲ့ ကျိုက်လတ်မြို့ခံ လူထုတွေလည်း လာရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် NLD ပါတီရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး အတွက်ရော ပါတီစည်းရုံးရေး အတွက်ပါ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်း အပြင် သူ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့ကိုလည်း ဒီလထဲမှာပဲ ထပ်သွားဖို့ စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။

ဆောင်းဦးလှိုင် ONE MAN SHOW အနှောက်အယှက်အဟန့် အတားများနဲ့ ကြုံခဲ့ရ

ယနေ့(၁၇-၂-၂၀၁၂)ည ၇း၃၀ မှ ၁၁း၀၀ အထိ တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည ဆိုတဲ့ ONE MAN SHOW ကို ရန်ကုန်မြို့၊မြို့မကျောင်း လမ်းမှာရှိတဲ့အမျိုးသားဇာတ်ရုံမှာပြုလုပ်ခဲ့ပါတယ်-ဥက္ကာဦးသာဦးစီးတဲ့ Plus Three Band ကတီးခပ်ပေးပါတယ်။ ဥက္ကာဦးသာဆိုတာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့(ရွှေသံစဉ်)အဖွဲ့မှာ Keyboard တီးခဲ့ဖူးသူပါ။ဒီနေ့ဆောင်းဦးလှိုင်ရဲ့ show မှာရမယ့်အနုပညာကြေးတွေအပြင်လာရောက်လှူဒါန်းကြ တဲ့ငွေတွေကို နာရေးကူညီမှုအသင်း၊၈၈မျိုးဆက်ကျောင်းသားများ၊မိဘမဲ့ကလေးများ စသည်တို့ကို ပြန်လည်လှူဒါန်းသွားမှာဖြစ်ပါတယ်။သူ့ရဲ့ပွဲကိုရွှေသစဉ်တေးဂီတအဖွဲ့မှဂီတမှူးကိုဝင်းမော်လည်း တက်ရောက်အားပေးခဲ့ပါတယ်။သူ့ရဲ့ပွဲမကျင်းပမီညနေပိုင်းက သူဖိတ်ကြားထားခဲ့တဲ့သူ့ရဲ့သူငယ်ချင်း တွေဖြစ်တဲ့၈၈မျိုးဆက်ကျောင်းသားတွေလာမယ်ဆိုရင်ပွဲလုပ်ခွင့်မပြုဘူးလို့သက်ဆိုင်ရာဒေသအာဏာပိုင်တွေကလာရောက်ပြောကြားခဲ့တဲ့အတွက် သူဟာအကျပ်အတည်းတွေ့ခဲ့ရတယ်၊ဒါပေမယ့်သူ့ သူငယ်ချင်းတွေကနားလည်မှုရှိစွာ မလာတော့ပါဘူး-ဆိုလို့သူစိတ်မကောင်းစွာနဲ့ဒီပွဲကိုတင်ဆက်ခဲ့ရပါ တယ်၊ နာရေးကူညီမှုအသင်းဝင်တစ်ဦးဖြစ်တဲ့ ဆောင်းဦးလှိုင်ရဲ့ပွဲကို ဦးကျော်သူ၊မရွှေဇီးကွက်တို့အပါအ၀င် အသင်းသားတွေလည်းလာရောက်ကြရာမှာ အသင်းသားတွေရဲ့ကားကိုပေးမ၀င်တာ၊အသင်းဝတ်စုံနဲ့ ပေးမ၀င်တာတွေလည်းပြုလုပ်ခံခဲ့ရပါတယ်၊၈၈ က မနီလာသိန်းတို့အဖွဲ့ရောက်လာချိန်မှာလည်းတူညီ ၀တ်စုံနဲ့မ၀င်ဖို့ဟန့်တားခံခဲ့ရပါတယ်၊ ဒီလိုအခက်အခဲ စိတ်အနှောက်အယှက်ဖြစ်စရာတွေကြားကနေဘဲ ဆောင်းဦးလှိုင် ဟာဒီပွဲကိုအောင် မြင်စွာတင်ဆင်ခဲ့ပါတယ်၊ နောက်ဆုံး (ကျောင်း )သီချင်းကိုပရိတ်သတ်နဲ့သံပြိုင်မတ်တတ်ရပ်သီဆိုကြရင်း ပွဲကိုလှပစွာသိမ်းခဲံ့ ပါတယ်။
By: Shwe Thanzin

တေးသံရှင်ဆောင်းဦးလှိုင်ရဲ့ နှလုံးသားတွေလှူမယ့်ည မှာ အကျည်းတန်စေတဲ့ ဖြစ်ရပ် (ပေးစာ)

ဓါတ်ပုံ(ဘားမားဗီဂျေ)
ကျွန်တော့် နံမည် ဖြိုးကိုကိုပါ. ကျွန်တော်က နာရေးကူညီမှုအသင်းက အသင်းသားတစ်ယောက်ပါ. ကျွန်တော်တို့ အသင်းသား ကိုဆောင်းဦးလှိုင်ရဲ့ ပွဲကိုသွားရောက်ကူညီဖို့ အမျိုးသားကဇာတ်ရုံကိုစောစောသွားခဲ့ပါတယ်. ကျွန်တော်တို့အသင်းသားစုစုပေါင်း(၅)ယောက် နာရေးကူညီမှုအသင်းပိုင် ဆန်နီပစ်ကပ်ကားလေးနဲ့ ရုံရဲ့ အနောက်ဖက်ကဆိုင်လေးမှာ အသင်းယူနီဖောင်းကိုယ်စီနဲ့ ထမင်းသုပ်စားရင်း ကိုဆောင်းဦးလှိုင်ကိုထိုင်စောင့်နေခဲ့ကြပါတယ်. အဲဒီအချိန်မှာ ကိုဆောင်းဦးလှိုင်ဆီက ဖုန်းဝင်လာခဲ့ပါတယ်. (ကိုဖြိုးတို့ရောက်နေကြပြီလား. အသင်းယူနီဖောင်းနဲ့လား. ကားရောပါလားလို့မေးပါတယ်. ကျွန်တော်တို့ကလည်းအမှန်အတိုင်းပဲပြန်ဖြေခဲ့ကြပါတယ်.အဲဒီမှာ ပြဿနာကစတက်တော့တာပါပဲ. အဲဒီကဇာတ်ရုံက တာဝန်ခံ S.B က ကိုဆောင်းဦးဆီကိုဖုန်းဆက်ပါတယ်။

 အဲဒီယူနီဖောင်းတွေချွတ်ပေးပါ.အဲဒီကားကိုအပြင်ထုတ်ပေးပါလို့ ပြောတယ်ဆိုပြီး ကိုဆောင်းဦးဆီက ဖုန်းဝင်လာပါတယ်. ဒီထက်ပိုဆိုးလာတဲ့ ခြိမ်းခြောက်မှုကတော့ သီချင်းအပုဒ်ပေါင်းများစွာကိုသီဆိုဖျော်ဖြေမဲ့ အနုပညာရှင်တစ်ယောက်ကို ပွဲစဖို့နာရီပိုင်းအလိုမှာ ဒီပွဲကိုတာဝန်ယူမလား. အခုချက်ခြင်း ဒီပွဲကိုဖျက်ပစ်မလား ဆိုပြီးခြိမ်းခြောက်ခံရပါတယ်.) ကျွန်တော်တို့ကြောင့်တော့ ပွဲပျက်မှာဆိုးလို့ ရတယ် ကိုဆောင်းဦး ကျွန်တော်တို့လဲပေးခဲ့ပါတယ် ကားကိုလည်းအပြင်မှာရပ်ပေးခဲ့ပါတယ်။

 ကျွန်တော်တို့သိချင်တာက ဒီလိုအာဏာရှင်ဆန်တဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်သူတွေက အမိန့်ပေးခိုင်းထားတာလဲ.

 ကျွန်တော်တို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေလား. ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုလား. နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ၀တ်စားဆင်ယင်ပိုင်ခွင့်ကို ခြိမ်းခြောက်နေပါတယ်။

 ကျွန်တော်တို့က သရုပ်ပျက်ဝတ်စားထားတာလည်းမဟုတ်ပါဘူး. ကျွန်တော်တို့အသင်းကယူနီဖောင်းကိုဝတ်ထားတာပါ. ဒီယူနီဖောင်းကိုချွတ်ခိုင်းတယ် လဲခိုင်းတယ်ဆိုတော့ ကျွန်တော်တို့သိချင်တာ ဒီယူနီဖောင်းကဘာများမှားနေလို့လဲ ဒီယူနီဖောင်းက ဘာများခြိမ်းခြောက်နေလို့လဲ သိချင်ပါတယ်. ပြီးတော့ ပြည်ထောင်စုအစိုးရက ပြောပြောနေတယ့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်နေတဲ့ အချိန်မှာ ဒီလိုအာဏာရှင်ဆန်တဲ့ခြိမ်းခြောက်မှုတွေ ရှိသင့်သေးပါသလား ပြည်သူတွေက အားကိုးချင်တဲ့ ယုံကြည်ချင်တဲ့ အရပ်သားအစိုးရကို အထူးသတင်းတပ်ဖွဲ့လိုမျိုး အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်က ယုံကြည်မှုပျက်ပြားအောင်လုပ်မှာလား ယုံကြည်မှုတည်ဆောက်ပေးမှာလား ဆိုတာကို နိုင်ငံသားတစ်ယောက်အနေနဲ့သိချင်ပါတယ်။


ဖြိုးကိုကို
နာရေးကူညီမှုအသင်း(ရန်ကုန်)

ရွေးကောက်ပွဲ အောင်နိုင်ရေး မတ်လ အတွင်း ဒေါ်အောင်ဆန်း စုကြည် လားရှိုး သွားမည်

သျှမ်းသံတော်ဆင့်


မတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်နောက်ပိုင်းမှသာ တခြားမြို့နယ်သို့ စည်းရုံးရေးခရီးဆင်းမည် ဖြစ်ကြောင်း လား ရှိုးမြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဝင်ပြိုင် မည့် စိုင်းမြင့်မောင် က ပြောသည်။

“ဒီနေ့မှ ကျနော်က လားရှိုးမြို့တွင်း စည်းရုံးရေးဆင်းခွင့် စာတင်တာ။ ၇ ရက် ကြိုတင် တင်ရတယ်လေ။ ၂၇ ရက် နေ့ လောက်မှ စဆင်းရမယ့်သဘောပေါ့။ မတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည် လားရှိုးလာလည်ပြီးပြန်သွားမှ တခြားကျန်တဲ့ တန့်ယန်း၊ မိုင်းရယ် ၊ သိန္နီဘက် စဆင်းမယ်” ဟု စိုင်းမြင့်မောင်ကပြောသည်။

စိုင်းမြင့်မောင်သည် ၁၉၉၀ ရွေးကောက်ပွဲကလည်း လားရှိုးမြို့၌ အနိုင်ရခဲ့ဖူးသည်။ ယခုတကြိမ်တွင်လည်း လားရှိုးမြို့ပေါ် က ဒေသခံ များအပေါ် မျှော်လင့်ချက်ရနိုင်သော်လည်း ကျေးလက်ဒေသတွင်မူမျှော်လင့်ချက်သိပ်မရှိကြောင်း စိုင်းမြင့်မောင် ကပြောသည်။

“ကျေးလက်တွေမှာတော့ နိုင်ဖို့မလွယ်ဘူး။ မိုင်းရယ်မြို့နယ်က ဒေသခံတွေပြောချက်အရဆို သကဆဖ (သောင်းကျန်းသူ ဆန့် ကျင်ရေး အဖွဲ့) တွေက ကျေးလက်လူထုကို ဆင့်ခေါ်ပြီး ပြည်ခိုင်ဖြိုးပါတီကိုသာ မဲထည့်ပေးရမယ်။ မထဲ့ပေးရင် ရွာထဲကနေ မောင်းထုတ်မယ် စ တာတွေခြိမ်းခြောက်ထားတယ်လို့ကြားတယ်။ ကျနော်တို့ကတော့ သက်သေအထောက်အထား မရှိပါ ဘူး။ တိုင်တန်းဖို့လဲ မဖြစ်နိုင် သေး ဘူးလေ။ ဒါကြောင့် လာမယ့်ရွေးကောက်ပွဲမှာလဲ တရားမျှတမယ် မမျှတ ဘူးဆိုတာ ဆက်ကြည့် ရဦးမယ်” ဟု ဆို၏။

စိုင်းမြင့်မောင်သည် SSDP Shan State Democratic Party တည်ထောင်စဉ်ပါဝင်ခဲ့ဖူးသော်လည်း ၈၈ အရေးအခင်း နောက်ပိုင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သို့ ဝင်ရောက်ပူးပေါင်းခဲ့၏။ မိမိသက်မွေးဝမ်းကြောင်းတွင် ရှေ့နေလုပ်ငန်း ဖြစ်သည့်အားလျှော်စွာ တရား ဥပဒေ စိုးမိုးရေးသည် ၎င်း၏ အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း၊ လူထုအနေဖြင့်လည်း ဒီမိုက ရေစီအရေးအတွက် အားတက်တရောပါဝင်ဖို့၊ နိုင်ငံ ရေးပါတီတချို့က ဒီမိုကရေစီကိုဘမ်းပြတတ်သော ကြောင့် စစ်မှန် သည့် ဒီမိုကရေစီဟုတ်မဟုတ်ကိုလည်း သိရှိဖို့လိုအပ်ကြောင်း ပြောပါ သည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လစ်လပ်နေသော အမျိုးသားလွှတ်တော်နေရာအတွက် NLD ပါတီမှ စိုင်းမြင့် မောင်၊ SNDP မှ စိုင်းစံမင်း ၊ USDP မှ ဒေါက်တာနန်းကျိန်ဖောင်းတစ် နှင့် ကိုးကန့်ပါတီမှ လော်ရှင်းကွမ်းတို့ ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရပါ သည်။

လှိုင်သာယာ အလုပ်သမား​သပိတ် တရား​ရုံး​ ​ရောက်မည်

နေသွင်

တပတ် ​ကျော် ​ပြေလည်မှု မရ​သေး​တဲ့​ ရန်ကုန် လှိုင်သာယာ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုဟာ ဥပ​ဒေ​ကြောင်း​အရ ကြိုး​စား​မယ့်​ ပုံစံ​ပြောင်း​လဲသွား​ပြီး​ ​နောက်ထပ် မ​ရေမရာ အ​ခြေအ​နေမှာ ရှိ​နေပါတယ်။

လုပ်အား​ခ တိုး​မြှင့်​ပေး​ရေး​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ ​ဆွေး​နွေး​ညှိနှိုင်း​လို့​ မရ​တော့​တာ​ကြောင့်​ ဥပ​ဒေ​ကြောင်း​အရ ​ဖြေ ရှင်း​ ဖို့​ ကြိုး​စား​တာလို့​ တိုင်ရီဖိနပ်စက်ရုံမှာ ၈ နှစ်ကြာ အလုပ်လုပ်ခဲ့​တဲ့​ ဆန္ဒပြအလုပ်သမား​ ​ခေါင်း​ဆောင် တဦး​ဖြစ်တဲ့​ ​ဒေါ်မိုး​ဝေက ​ပြော ပါတယ်။

“ဒီလိုမျိုး​ အရမ်း​တာရှည်​နေတာ ဘယ်သူ့​အတွက်မှ မ​ကောင်း​ဘူး​လေ။ ဒါ​ပေမယ့်​ တိုင်ပင်ညှိနှိုင်း​ရေး​ အဖွဲ့​တွေ၊​ သက်ဆိုင်ရာ အဖွဲ့​အစည်း​တွေကလည်း​ တကယ်တိကျတဲ့​ ​ဆွေး​နွေး​ပွဲဖြစ်​အောင် ဖိအား​ပေး​ဖို့​ လိုမယ်လို့​ ကျမထင်တယ်။ သူတို့​ပေး​ထား​တဲ့​ နှုန်း​ထား​ထက် တိုး​မြှင့်​မ​ပေး​နိုင်ဘူး​ဆို​တော့​ အလုပ်သမား​ထု ကလည်း​ မ​ကျေနပ်ဘူး​ပေါ့​နော်။ အခု ​နောက်ဆုံး​ အ​ခြေအ​နေက​တော့​ ဝါဏိဇ္စပဋိပက္ခမှု​ကော်မတီ ခုံရုံး​ကို တက်ဖို့​ စီစဉ်​နေပါတယ်။ ဘယ်​လောက်ကြာမယ် ဆိုတာက ကန့်​သတ်လို့​ မရဘူး​လေ။”

ပြီး ​ခဲ့​တဲ့​ ရက်ပိုင်း​က​တော့​ အလုပ်သမား​သပိတ်ကို အလုပ်သမား​ရေး​ရာ ဝန်ကြီး​ဌာနက ညွန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်၊​ ရန်ကုန်တိုင်း​ အ လုပ် သမား​ ညွန်ကြား​မှူး​ဦး​စီး​ဌာနက ဒု- ညွှန်ကြား​ရေး​မှူး​ ဦး​မျိုး​အောင်တို့​က ဝင်​ရောက် ညှိနှိုင်း​ဖို့​ ကြိုး​စား​ပေမယ့်​ ​ပြေလည်မှု မရခဲ့​ပါဘူး​။

အလုပ်သမား​တွေဘက်က တနာရီလုပ်အား​ခကို ၁၅၀ အထိ ​တောင်း​ဆိုတာကို အလုပ်ရှင်ဘက်က နဂို ၇၅ ကျပ် ​ပေး​တာကို ၁၀၀ အထိပဲ တိုး​မယ်လို့​ ​ပြောပြီး​၊​ အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ တလလုံး​ ရက်မှန်​ကြေး​ ၈၀၀၀ ကျပ်ကိုလည်း​ အလုပ်ရှင်ဘက်က နဂိုအတိုင်း​ ၆၀၀၀ ကျပ်ပဲ ​ပေး​မယ်လို့​ တင်း​ခံ​နေတာ​ကြောင့်​ ​ပြေလည်မှု မရတာပါ။

အလုပ်သမား​ တွေဘက်က ဥပ​ဒေအကြံ​ပေး​ဖြစ်တဲ့​ ​ရှေ့​နေကို ဖိုး​ဖြူက​တော့​ ဥပ​ဒေ​ကြောင်း​အရ လုပ်​ဆောင်တဲ့​ တရား​ရုံး​ရဲ့​ ဆုံး​ဖြတ်ချက် ချ တဲ့​အထိ ရက်သတ္တပတ် ၁ ပတ် ၂ပတ်ထက် ပိုမကြာသင့်​ပေမယ့်​ အာဏာပိုင်​တွေရဲ့​ သ​ဘောထား​အ​ပေါ်မှာ မူတည်တယ်လို့​ ​ပြောပါ တယ်။

လက်ရှိ အလုပ်သမား​ ဥပ​ဒေ​တွေက အလုပ်သမား​တွေအ​ပေါ် အကာအကွယ် မ​ပေး​နိုင်မှာကိုလည်း​ စိုး​ရိမ်တယ်လို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

“၁၉၇၉ ခုနှစ် ဝါဏိဇ္စပဋိပက္ခမှု အက်ဥပ​ဒေ အတိုင်း​ ပြဋ္ဌာန်း​ချက်ပါ အခွင့်​အ​ရေး​တွေကို​တောင် အလုပ်သမား​ဝန်ကြီး​ဌာန၊​ အလုပ်သမား​ ညွှန်ကြား​မှုဌာနက အ​ကောင်အထည် ​ဖော်ခြင်း​ မရှိတာကို ​တွေ့​ရတယ်။ ​ရှေ့​နေ​ရှေ့​ရပ်​တွေနဲ့​ ခုခံ​ချေပမှုကို ရန်သူသဖွယ် ဆက်ဆံတာကို အလုပ်သမား​တွေက ခံစား​နေကြရတယ်။ အခု ​နောက်တခါ အလုပ်ရှင် အလုပ်သမား​တွေ အငြင်း​ပွား​မှု ​ဖြေရှင်း​ရေး​ ဥပ​ဒေဟာ ဝန်ကြီး​ဌာန​တွေ အလိုကျ ဝန်ကြီး​ဌာနစိတ်ကြိုက် ​ဖြေရှင်း​ခွင့်​အရ ပြဋ္ဌာန်း​တဲ့​ ဥပ​ဒေဖြစ်လာမှာကို ကျ​နော်တို့​ အလွန်ပဲ စိုး​ရိမ်ပါတယ်။”

ရှေ့​တပတ်ထဲမှာ လှိုင်သာယာမြို့​နယ် အလုပ်သမား​အမှု​တွေကို ကြား​နာစစ်​ဆေး​တဲ့​ ဝါဏိဇ္စပဋိပက္ခမှု​ကော်မတီခုံရုံး​ကို တင်သွင်း​မယ်လို့​ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။

အလုပ်သမား​အင်အား​ ၂၀၀၀ နီး​ပါး​ရှိတဲ့​ တိုင်ရီ ဖိနပ်စက်ရုံကို တရုတ် လူမျိုး​တ​ယောက်နဲ့​ မြန်မာလူမျိုး​တ​ယောက်တို့​ ဖက်စပ် ပိုင်တာ ဖြစ်ပါတယ်။

အလုပ်ရှင်ဘက်က ဆန္ဒပြသမား​တွေကို ပြီး​ခဲ့​တဲ့​ (စ​နေ​နေ့​) ​နောက်ဆုံး​ထား​ပြီး​ အလုပ်ပြန်မဆင်း​ရင် မိမိဆန္ဒအ​လျှောက် အလုပ်ထွက်ပြီး​သား​ ဖြစ်မယ်၊​ ရန်ကုန်တိုင်း​ အလုပ်သမား​ရုံး​မှာ လုပ်ခလစာ​တွေကို ကိုယ်တိုင် သွား​ယူဖို့​ သတိ​ပေး​ခဲ့​ပေမယ့်​ အလုပ်သမား​တွေက လခ လည်း​မထုတ်ဘဲ ဒီ​နေ့​အထိ ဆက်လက် ဆန္ဒပြ​နေတာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး အနိုင်ရရေး ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဖိအားပေး



ချင်းမိုင် (မဇ္ဈိမ) ။       ။ မြောင်းမြမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအားလုံးတွင် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မဲအနိုင်မရပါက အဆိုပါ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ရာထူးမှ အနားယူဖို့ ပြင်ထားရန် မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး က ပြောဆိုကြောင်းသိရသည်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ အမှတ် ၄ ရပ်ကွက်ရှိ မြရွှေဝါ ခန်းမကြီးတွင် ကြာသာပတေးနေ့က ပြုလုပ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလတ် က တက်ရောက်လာသော ရပ်/ကျေး အုပ်ချုပ်ရေးမှူး တရာကျော်ကို ယင်းသို့ပြောဆိုကြောင်း တက်ရောက်ခဲ့သူများထံမှ သိရသည်။

“လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးမနိုင်ရင် မနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာက လူတွေ ဖျာလိပ်ဖို့ ပြင်ထားလို့ ဦးကိုကိုလတ် က အစည်းအဝေးမှာ ဗြောင်ပြောသွားတယ်” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ကျေးရွာစု အုပ်ချုပ်ရေးမှူး တဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ရပ်/ကျေး အစည်းအဝေးကို NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပထမအကြိမ် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးအဖြစ် ဖေဖေါ်ဝါရီလ ၈ ရက်နေ့က မြောင်းမြမြို့ကို ရောက်ရှိခဲ့အပြီး တပါတ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးသို့ မြောင်းမြမြို့ပေါ်ရှိ ရပ်ကွက် ၁၄ ရပ်ကွက်လုံးမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်အတွင်းရှိ
ကျေးရွာ အုပ်စု ၁၁၆ စုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးကိုကိုလတ် ၏ အဆိုပါ စကားကို မကျေနပ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ ဦးက ရာထူးမှ နှုတ်ထွက်ရန် ပြင်ဆင်
နေကြပြီး မြောင်းမြမြို့ပေါ်ရှိ NLD ရုံးတွင် အဖွဲ့ဝင်လျှောက်လွှာများ သွားရောက်တင်ထားခဲ့ကြောင်း ကာယကံရှင်များ က ပြောသည်။

“လာမယ့် ဖေဖေါ်ဝါရီ ၂ဝ ရက်နေ့ကျရင်တော့ ကျနော်တို့ ဒီကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးကနေ နှုတ်ထွက်ကြမှာပါ NLD ရုံးမှာတော့ သွားတင်ထားတာပဲ။ သူတို့ကလည်း မေးမြန်းစုံစမ်းပြီးတော့ ကျနော်တို့ ဖေါင်(ပုံစံ)တွေ ဖြည့်ခဲ့ပြီးပါပြီ” ဟု အခြား ကျေးရွာ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

မြောင်းမြမြို့ NLD ရုံးအဖွဲ့မှူး ဦးဝင်းဆွေ ကလည်း “ဟုတ်တယ် အစည်းအဝေးပြီးတာနဲ့ သူတို့ ဒီမှာလာပြီး အဖွဲ့ဝင်ဖို့
ဖောင်လာ ဖြည့်တယ် ကျနော်တို့ လုပ်ပေးလိုက်ပါတယ်။ ဒီရုံးက ထောက်ခံချက်လည်း ယူသွားတယ်။ နောက်တပတ် ရုံးဖွင့်ရက်မှာ အဲဒါကိုပြပြီးတော့ နှုတ်ထွက်စာ တင်မလို့တဲ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီ လဆန်းပိုင်းက မြောင်းမြမြို့သို့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေး ခရီးစဉ်ဖြင့် ရောက်ရှိလာသည့်
ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ၏ မူဝါဒများဖြစ်သည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ပြည်သူများအကျိုးအတွက် ပြင်ဆင်ရန်လိုအပ်နေသည့် ၂ဝဝ၈ အခြေခံဥပဒေတချို့ကို ပြင်ဆင်ရေး စသည့် ရည်ရွယ်ချက်များကို မြောင်းမြမြို့ခံများကို ရှင်းလင်းပြောဆိုခဲ့သည်။

ထို့အတူ ဆင်းရဲမွဲတေမှု တိုက်ဖျက်နိုင်ရေးအတွက် ပြည်သူလူထု အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးမှုများ လုပ်ဆောင်ပေးရန် ပါတီအနေဖြင့် ရည်ရွယ်ထားကြောင်း ဒေသခံတွေမိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း
ပြောဆိုခဲ့သည်။

NLD က မြောင်းမြမြို့နယ်တွင် ၁၉၉ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမတ်ဟောင်း ဦးဂျော်နီ က
ပြန်လည်၍ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မြို့နယ်နှင့် ကျေးရွာမဲအောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းကာ နယ်လှည့် မဲဆွယ် စည်းရုံးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း မြောင်းမြ မြို့နယ် NLD ရုံးမှ သိရှိရသည်။

လှိုင်သာယာဆန္ဒပြအလုပ်သမားများအား အဆောင်မှနှင်ချမည်ဟု သတင်းထွက်ပေါ်

by Yangon Press International on Friday, 17 February 2012 at 19:22 ·
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၂ (YPI)
ယခုလ ၆ ရက်နေ့မှစတင်ပြီး မိမိတို့ဆုံးရှုံးခဲ့သည့် ရပိုင်ခွင့်အတွက် စက်ရုံပိုင်ရှင်များအား ဆန္ဒပြတောင်းဆိုခဲ့ကြသည့် လှိုင်သာယာမြို့နယ် တိုင်ရီ ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမားများအား လာမည့်စနေနေ့အထိ ဆန္ဒပြခြင်းမရပ်ပါက၎င်းတို့နေထိုင်ရာ စက်ရုံပိုင်အဆောင်မှ နှင်ထုတ်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း ဆန္ဒပြအလုပ်သမားများကဆိုသည်။
ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မခိုင်ခိုင်နွယ်က “ အရင်ကတည်းက အဲဒီလိုပြောသံတွေကြားနေရတာ။ ဒါပေမယ့် ဘယ်သူပြောမှန်းမသိဘူး။ စက်ရုံတာဝန်ရှိသူတွေက တိုက်ရိုက်ပြောတာလည်း မဟုတ်ဘူး။ ဒါပေမယ့် အဲဒီသတင်းကတော့ ထွက်နေတယ်” ဟု ပြေကြားသည်။
တိုင်ရီဖိနပ်စက်ရုံ၏ အလုပ်သမားများ နေထိုင်ရာအဆောင်တွင် အမျိုးသမီး အလုပ်သမား ၈၀၀ ခန့်နေထိုင်လျက်ရှိသည်။
အခြားဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သည့် မမိုးဝေက “ ကျွန်မတို့ကိုလာပြီး တိုက်ရိုက်ချိမ်းခြောက်တာတော့ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အခုထိ စက်ရုံဝန်ထမ်းဖြစ်တဲ့အတွက် စက်ရုံ အဆောင်မှာနေပိုင်ခွင့်ရှိတယ်။ အဲဒီလိုနှင်ချလည်း ဆင်းမှာမဟုတ်ဘူး” ဟု ပြောကြားသည်။
  တိုင်ရီကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုသို့ထွက်ပေါ်နေသောသတင်းများမှာ မဟုတ်မှန်ကြောင်း မိမိတို့အနေဖြင့် ယခုအချိန်ထိ အလုပ်သမားများကို အဆောင်မှနှင်ချရန် မစဉ်းစားဘူးကြောင်း ပြောကြားသည်။
၎င်းက “အဲဒီအဆောင်မှာ ၀န်ထမ်းမိန်းကလေးတွေချည်းပဲနေတာကို ဘယ်သူက ဆွဲချရဲမှာလဲ။ ရဲကိုဆွဲချပါဆိုရင်တောင် ဆွဲချရဲမှာမဟုတ်ဘူး၊ ကျွန်တော်တို့ကပိုဝေးတာပေါ့။ သတင်းမှားတွေပါ” ဟုYPI သို့ ပြောသည်။
အလုပ်သမား အရေးကိစ္စများကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးသူထဲမှ တဦးဖြစ်သည့် မစုစုနွေးက ဆန္ဒပြ အမျိုးသမီး အလုပ်သမားများအား နေထိုင်ရာ အဆောင်မှု နှင်ချလိုက်လျင် နေစရာအခက်အခဲကြုံမည့်အရေးကို စိုးရိမ်လျှက်ရှိကြောင်း ယခုလ ၁၅ ရက်နေ့ကပြောသည်။
ထို့်ပြင်၎င်းက မိမိတို့အနေဖြင့် ယနေ့အထိ အလုပ်သမားများနှင့်ဆက်လက်ညှိနှိုင်းလျက်ရှိကြောင်း အခြေအနေမှာမူ တည်ငြိမ်မှုမရှိသေးကြောင်း၊ မိမိတို့အနေဖြင့် လာမည့် သတင်းပတ်အတွင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပါ ပြုလုပ်သွားနိုင်ရန် ရည်ရွယ်ထားကြောင်း ယနေ့နေ့လည်က ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားသွားသည်။
ပြီးခဲ့သော တရုတ်နှစ်သစ်ကူးကာလတွင် တိုင်ရီဖိနပ်စက်ရုံအား စက်ရုံတာဝန်ရှိသူများမှ ငါးရက်တာပိတ်ခဲ့ပြီးနောက် လုပ်အားခရှင်းပေးရာတွင် ထိုပိတ်ရက်များအတွက်  လစာဖြတ်တောက်ခဲ့သည်ကို အလုပ်သမားများက မကျေမနပ်ဖြစ်ရာမှ  ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
ထိုသို့ဆန္ဒပြခြင်းအား သက်ဆိုင်ရာ မြို့နယ် အလုပ်သမား ဦးစီးဌာန၊ အလုပ်သမားအရေး ဆောင်ရွက်သူများ ၊ ဥပဒေကျွမ်းကျင်သူများက ၀င်ရောက်ညှိနှိုင်းဆောင်ရွက်ပေးသော်လည်း နှစ်ဘက်ပြေလည်မှုမရသေးဘဲ ယနေ့အထိ ဆန္ဒပြနေဆဲဖြစ်သည်။
ယခုလ ၁၅ ရက်နေ့ကကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေမူကြမ်းကို တင်သွင်းခဲ့သည်။
ယင်းဥပဒေကြမ်းနှင့်ပတ်သက်၍ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ယခုဥပဒေကြမ်းသည် အလုပ်ရှင်နှင့် အလုပ်သမားကြားဖြစ်ပွားသည့် ပဋိပက္ခများကို ညှိနှိုင်းပေးမည့် ဥပဒေဖြစ်ကြောင်း၊ မိမိအမြင်အရဆိုလျှင် မျှတသောဥပဒေ ဖြစ်ကြောင်းပြောကြားသည်။
၎င်းက “ အဲဒီဥပဒေအရဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်ရဲ့ထုတ်ကုန်ကဏ္ဍကိုလည်း မထိခိုက်နိုင်ဘူး၊ အလုပ်သမားတွေရဲ့ ဒီမိုကရေစီအခွင့်အရေးကိုလည်း ရအောင်လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်” ဟု သူ၏အမြင်ကိုပြောကြားသည်။

ထိုင်း မီဒီယာကုမ္ပဏီ MRTV-4 ရုပ်သံ ရှယ်ယာ ထက်ဝက်နီးပါးဝယ်ယူ

by The Voice Weekly on Friday, 17 February 2012 at 20:00 ·
ထိုင်းနိုင်ငံ၏ ထိပ်တန်း မီဒီယာ ကုမ္ပဏီ တစ်ခုဖြစ်သည့် BEC-Tero သည် MRTV-4 ၏ ရုပ်မြင်သံကြားအစီအစဉ်၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း Bangkok Post သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကျန်ရှိသော ရှယ်ယာများကို MRTV-4 မှ ပိုင်ဆိုင်မည်ဖြစ်ပြီး ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၉၇ သန်းအထိ ၀င်ငွေရရှိနိုင်ရန် BEC-Tero ကမျှော်မှန်းထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ရှယ်ယာကိစ္စကို အတည်ပြုပြောဆိုနိုင်ခြင်းမရှိသေးသော်လည်း MRTV-4 မှထုတ်လွှင့်မည့် Channel-7 အတွက် ရုပ်သံအစီအစဉ်များကို လာရောက်ရိုက်ကူးပေးမည်ဖြစ်ကြောင်း  MRTV-4 ရုံးချုပ် မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက The Voice Weekly  ကိုပြောကြားသည်။
 “MRTV-4 ရဲ့  Channel-7 အတွက် Program တွေကို BEC-Tero က နေလာရိုက်ပေးမှာပါ” ဟု ၄င်းကဆက်လက်ပြောဆိုသည်။
BEC-Tero သည် ယခုနှစ် ဧပြီလ လယ်ပိုင်း တွင် အထက်ပါအစီအစဉ်များ စတင်ပြီး ရိုက်ကူးမည်ဟု ခန့်မှန်းထား ပြီး ယင်း Channel-7 အတွက် မေတ္တာဖွဲ့ဇာတ်လမ်းများ၊ မနက်ပိုင်းသတင်းအစီစဉ်များ စသည်တို့ကို BEC-Tero က ဦးစီးပြီး ရိုက်ကူးပေးသွားမည်ဖြစ်ကြောင်း Bangkok Posts သတင်း၏ ဖော်ပြချက်အရ သိရသည်။
 အဆိုပါ BEC-Tero မှ မြန်မာနိုင်ငံအတွင်း J-Rock Band L’Arc-en-Ciel, Elton John , Jason Mraz , Earth , Wind & Fire နှင့် Titanic ပြခန်းများ စသည့် တို့ကိုပါ တင်ဆက်သွားမည်ဖြစ်သည်။
Forever Group ကုမ္ပဏီ သည် နိုင်ငံအတွင်း တွင် MRTV-4, For Channel စသည်တို့ကို ထုတ်လွှင့်လျက်ရှိသည်။

ရွှေည၀ါ ဆရာတော် တတိယနေ့ ဆွမ်းခံကြွ

2012-02-17
ရန်ကုန်မြို့ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က ရွှေည၀ါ ဆရာတော် ဦးပညာသီဟနဲ့ သံဃာတော်တွေဟာ ဒီကနေ့ တတိယမြောက်အဖြစ် ကျောင်းတိုက် အနီးက ရပ်ကွက်တွေမှာ ဆွမ်းခံကြွခဲ့ပြီး ရရှိတဲ့ ဆွမ်းကွမ်းတွေကို လှိုင်သာယာမြို့နယ်က မီးဘေး ဒုက္ခသည်တွေကို ပြန်လည် လှူဒါန်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရွှေညဝါ ဆရာတော် ကမာရွတ်မြို့နယ်အတွင်း ဆွမ်းခံကြွနေစဉ်
အခုလို နေ့စဉ် ရွှေညဝါ ဆရာတော် ဆွမ်းခံကြွတဲ့ကိစ္စမှာ တခြားသံဃာတော်တွေ ဝင်ရောက် ကြွချီခြင်း မပြုစေဖို့ တိုင်း သာသနာရေး ဦးစီးဌာန တာဝန်ရှိသူတွေက ရွှေညဝါ ဆရာတော်ကို မနေ့က လျှောက်ထားခဲ့ပါတယ်။ အဲဒီလို အတားဆီးခံရတဲ့ထဲမှာ မိမိလည်း ပါဝင်တယ်လို့ ဒဂုံမြို့သစ် မကွေး ပရိယတ္တိကျောင်း ဆရာတော် ဦးပါမောက္ခက အာအက်ဖ်အေကို မိန့်ပါတယ်။ သံဃာ့ မဟာနာယကက မိန့်ကြားချက်အတိုင်း ရွှေည၀ါ ဆရာတော်ဟာ သန်ဘက်ခါ ၁၉ ရက်မှာ ကြည့်မြင်တိုင် ရွှေည၀ါ ကျောင်းတိုက်ကနေ ထွက်ခွာမယ်လို့ ဆိုပါတယ်။ ၁၉ ရက် မနက်ပိုင်းမှာ ဒါယကာ ဒါယိကာမတွေနဲ့ နောက်ဆုံး တွေ့ဆုံပြီး နေ့လယ်ပိုင်းမှာ ကျောင်းတိုက်က ထွက်ခွာကာ မှော်ဘီမြို့နယ်က ခြံတစ်ခုမှာ သွားရောက် သီတင်းသုံးမယ်လို့ သိရပါတယ်။

ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ

2012-02-16
လက်ရှိ တည်ဆောက်ဆဲနဲ့ တည်ဆောက်ပြီး မြစ်ရေတင် စီမံကိန်းနဲ့ ရေလွှဲဆည် စီမံကိန်းတချို့ဟာ လက်တွေ့မှာ အကျိုးအမြတ် မရှိတဲ့အတွက် ရပ်ဆိုင်းဖို့ သို့မဟုတ် အမြတ်ရအောင် လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်က ပြီးခဲ့တဲ့အပတ်မှာ တင်ပြခဲ့တာကို ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲအများစု ရရှိသွားပါတယ်။
KDNG
မြစ်ဆုံရေကာတာ တည်ဆောက်မည့် စီမံကိန်းနယ်မြေ တစိတ်တပိုင်း ဖြစ်ပါသည်။
ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသူရိန်ဇော်ရဲ့ အဲဒီတင်ပြချက်နဲ့ ပတ်သက်ပြီး လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်က ဒီပြဿနာကို မိမိတို့ ဝန်ကြီးဌာနကသာ ကိုင်တွယ် ဆောင်ရွက်သွားမယ့်အကြောင်း ပြည်ထောင်စုလွှတ်တော်တွင်း တုံ့ပြန်ပြောဆိုရာကနေ အခုလို မဲခွဲဆုံးဖြတ်ဖို့ ဖြစ်လာရတာပါ။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်တွင်း မဲခွဲရာမှာတော့ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်ဘက်က ရှုံးနိမ့်သွားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က အာအက်ဖ်အေကို ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော် တက်ရောက်သူ ကိုယ်စားလှယ် ၅၄၈ ဦးအနက် ၃၉၉ ဦးက ဦးသူရိန်ဇော်ရဲ့အဆိုကို ထောက်ခံပြီး ဝန်ကြီး ဦးမြင့်လှိုင်ကို ထောက်ခံသူ ၅၃ ဦးရှိကာ ကျန်ကိုယ်စားလှယ်တွေက ကြားနေခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက ရေလွှဲဆည်နဲ့ မြစ်ရေတင် စီမံကိန်းတွေဟာ လက်တွေ့မှာ အရှုံးပေါ်နေကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက လေ့လာတွေ့ရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို အကြောင်းကြား တင်ပြခဲ့ရာက ဒီကိစ္စ ပေါ်ပေါက်ခဲ့ပါတယ်။ အခုလို အရှုံးပေါ်နေတဲ့ မြစ်ရေတင် စီမံကိန်းနဲ့ ရေလွှဲဆည် စီမံကိန်းတချို့ကို ရပ်ဆိုင်းပစ်ဖွယ် ရှိတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြီးမြင့်က ပြောပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မြန်မာအစိုးရကို တိုက်တွန်း

2012-02-17
ကုလသမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar က မြန်မာ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်နေရာမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေးကိစ္စတွေကို အဓိကထား လုပ်ဆောင်ဖို့ ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။
NLD
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားက သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်။
ဒါ့အပြင် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အများက ယုံကြည်မှုရှိအောင် လုပ်ဆောင်ဖို့၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲအောင်ဆောင်ရွက်ဖို့နဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့ ပြောဆိုပါတယ်။ စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲပြီးနောက် တစ်နှစ်အကြာမှာ မကြုံစဖူး ပြုပြင်ပြောင်းလဲမှုတွေကို အစပြု လုပ်ဆောင်ခဲ့တယ်လို့ သူက ချီးကျူး ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Vijay Nambiar ဟာ ငါးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။

အလုပ်အကိုင် ဖန်တီးရေး ကုလအကြံပေး တိုက်တွန်း

မြန်မာနိုင်ငံရဲ့  ပြုပြင်ပြောင်းလဲမှု အသစ်တွေ လုပ်ဆောင်နေရာမှာ နိုင်ငံသားတွေ အကျိုးကျေးဇူး ခံစားကြရဖို့အတွက် ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေး ကဏ္ဍတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၅ ရက်ကြာ အလည်အပတ် သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဟာ သူ့ရဲ့ခရီးစဉ် အဆုံးသတ်မှာ အခုလို တောင်းဆို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ပြုပြင် ပြောင်းလဲမှုတွေဟာ မကြုံစဖူး ထူးထူးခြားခြား ဖြစ်ပေါ်နေပြီး ချီးကျူးတဲ့အကြောင်း ကုလသမဂ္ဂရဲ့  ထုတ်ပြန် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကျန်းမာရေး၊ ပညာရေး အလုပ်အကိုင်တွေ ဖန်တီးပေးရေး ကိစ္စတွေဟာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဗဟိုအစိုးရ အနေနဲ့ရော ဒေသအစိုးရတွေ အတွက်ပါ အရေးတယူ ဆောင်ရွက်ပေးရမယ့် အဓိက ကိစ္စတွေ ဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။