Monday, December 5, 2011

တိဘက်ခေါင်းဆောင် ဒလိုင်လားမား ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိ


မိုးမခအထောက်တော် အမှတ် ဝ၁ဝ
ဒီဇင်ဘာ ၅၊ ၂ဝ၁၁
ကမ္ဘာကျော် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမား နှင့် ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး (ဓာတ်ပုံ - သီတဂူစတားဘလော့)

တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက မြန်မာပြည်သို့ လာရောက်ပြီး ဘုရားဖူးလိုသည်ဟု ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီးနှင့် အိန္ဒိယနိုင်ငံ တွေ့ဆုံစဉ် လျှောက်ထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်တပတ် အင်္ဂါနေ့က နယူးဒေလီတွင် ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးတွင် ယင်းသို့ လျှောက်ထားခြင်းဖြစ်ကြောင်း သီတဂူစတားဘလော့တွင် ရေးသားထားသည်။

ဒလိုင်လားမားက "ကမ္ဘာ အလွန်ကျော်ကြားသည့် ရွှေတိဂုံစေတီတော်ကြီးကိုလည်း လာရောက် ဖူးမျှော်ချင်ပါသည်ဟု မိန့်ကြားတော်မူသည်" ဟု ထိုဘလော့တွင် ရေးထားသည်။

ဒလိုင်လားမား၊ ရွှေကျင်သာသနာပိုင် နှင့် သံဃာများ (ဓာတ်ပုံ - Reuters)

ဝါဆိုဆရာတော်ကြီးက "ဖိတ်ကြားလို့ ဖြစ်သည့်အခါ ဖိတ်ကြားပါမည်၊ လာရောက်ဖူးမျှော်ဖို့ သင့်လျော်သည့်အခါ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လှည့်ပါ" ဟု ပြန်လည် မိန့်ကြားခဲ့သည်ဟု ဆိုသည်။

မြန်မာတို့ ၀ိနည်း စည်းကမ်း ကောင်းကြောင်း၊ ပိဋကတ်စာပေ တတ်ကျွမ်းကြောင်း ကြားသိရသဖြင့် အလွန် လေးစားချစ်ခင်ပါသည်။ မြန်မာသံဃာများကိုလည်း နောက်ထပ်ဖူးတွေ့ချင်ပါသည်ဟု သက်တော် ၈၅ နှစ် ရှိပြီ ဖြစ်သည့် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာဝင်များ အစည်းအဝေးသို့ မြန်မာပြည်မှ သက်တော် ၉၆ နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်ကြီး နှင့် နိုင်ငံကျော် သီတဂူဆရာတော် ဦးဉာဏိဿရ အပါအ၀င် သံဃာများ၊ လူပုဂ္ဂိုလ်များ သွားရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် လကုန်ပိုင်းက ၃ ရက်ကြာ ကျင်းပသည့် အစည်းအဝေးသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ ဂျပန် အပါအ၀င် နိုင်ငံ ၄၆ ခုမှ သံဃာများ၊ ပညာရှင်များ၊ လေ့လာသူများ တက်ရောက်ကြသည်။

ဒလိုင်လားမားသည် တရုတ်အစိုးရ၏ ရန်ကြောင့် တိဘက်ဒေသတွင် သီတင်းသုံးနိုင်ခြင်း မရှိဘဲ ပြည်ပနိုင်ငံများတွင်သာ လှည့်လည်သွားလာ သီတင်းသုံးနေရသည်။

နိုင်ငံအများအပြားကလည်း တရုတ်အစိုးရနှင့် ဆက်ဆံရေးပျက်မည်ကို စိုးရိမ်သဖြင့် ခွဲထွက်သူဟု တရုတ်အစိုးရက သတ်မှတ်ထားသော ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားကို ပြည်ဝင်ခွင့် ပေးခြင်းမရှိပေ။

အောက်တိုဘာလက နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒက်စမွန်တူးတူး၏ မွေးနေ့ပွဲသို့ ပြည်ဝင်ခွင့်မရသဖြင့် ဒလိုင်လားမား တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ မွေးနေ့ရှင် ဒက်စမွန်တူးတူးက ဗီဇာထုတ်မပေးခဲ့သည့် တောင်အာဖရိကအစိုးရသည် ယခင် အာဏာရှင် လူဖြူအစိုးရထက် ဆိုးရွာသည်ဟု အပြင်းအထန် ကန့်ကွက်ခဲ့သည်။

တောင်အာဖရိကအစိုးရက တရုတ်အစိုးရ ဒေါသထွက် ငြိုငြင်မည်ကို စိုးရိမ်သည့်အတွက် ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု သိရသည်။ ယခင်က ဗီဇာ ၃ ကြိမ် ထုတ်ပေးခဲ့ခြင်းမှာ "တရုတ်တနိုင်ငံတည်းမူဝါဒ" ကို လက်ခံခြင်းမပြုသေးသောကြောင့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒလိုင်လားမားဖူးလိုသည့် ရွှေတိဂုံဘုရားတည်ရှိရာ မြန်မာနိုင်ငံ၏ အစိုးရသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိသည်။

ဒလိုင်လားမား နှင့် သီတဂူဆရာတော် ဦးဉာဏိဿရ (ဓာတ်ပုံ - သီတဂူစတားဘလော့)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်း




Monday, 05 December 2011 16:03

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည့်ကိစ္စနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရှိရပါသည်။
အဆိုပါ ဗဟိုအောင်နိုင်ရေးအဖွဲ့တွင် အဖွဲ့ဝင် ၂၁ ဦး ပါဝင်ပြီး ဦးတင်ဦးက တာဝန်ခံအဖြစ် ဆောင်ရွက်မည်ဟု သိရှိရပါသည်။ ကျန်ရှိသော အဖွဲ့ဝင်များမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေ၀င်းမြင့်၊ ဦးစိုး ၀င်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုမျိုးညွန့်၊ မဖြူဖြူသင်း၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူနှင့် ဦးစောတင်ဝင်းတို့ဖြစ်ကြကြောင်း သိရှိရပါသည်။  ဗဟိုအောင်နိုင်ရေးအဖွဲ့နှင့်အတူ ကော်မတီငါးရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း သိရပါသည်။ ထိုကော်မတီများမှာ သတင်းပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေရေး ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ကော်မတီ၊ မဲဆွယ်ဟောပြောရေး ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော် မတီနှင့် ဥပဒေရေးရာ ကော်မတီတို့  ဖြစ်ကြကြောင်း သိရပါသည်။
ဗဟိုအောင်နိုင်ရေးအဖွဲ့နှင့် ကော်မတီငါးရပ်ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဖွဲ့စည်းလိုက်သော ကော်မတီငါးရပ်အပြင်  ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လိုအပ်သော ကော်မတီများကိုလည်း  ဗဟိုအောင်နိုင်ရေးအဖွဲ့က ဆက်လက်ဖွဲ့စည်းသွားမည်ဟု သိရှိရပါသည်။  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းလိုက်သည့်နည်းတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အောင် နိုင်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရန်အတွက် ရက်သတ္တပတ် နှစ်ပတ်အတွင်း အဆိုပြုလွှာများ တောင်းခံထားကြောင်း သိရှိရပါသည်။  ထိုအောင်နိုင်ရေးအဖွဲ့များတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များ၊ ပြည်သူတို့၏ ယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးများ၊ အမျိုးသမီးနှင့် လူငယ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား၊ အလုပ်သမားများ၊ ကုန်သည်စီးပွားပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖနှင့် ရပ်မိရပ်ဖများနှင့် နိုင်ငံရေးအစဉ်အလာရှိသူများကို ပါဝင်စေမည်ဟု သိရသည်။  ရွေးကောက်ပွဲတွင် အဖွဲ့ချုပ်မှ အသုံးပြုမည့် ပါတီတံဆိပ်မှာ  အောက်ခံအနီရောင်၊ ကြယ်ဖြူတစ်လုံး၊ ခွပ်ဒေါင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စာတန်းပါ ဒီဇိုင်းဖြစ်ကြောင်း သိရပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့သည်။
ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့မှုနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်နှစ်ဦးတို့သည်  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်၍ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ပြီး ယင်းကဲ့သို့ လျှောက်ထားခြင်းအား ကော်မရှင်က လက်ခံလိုက်ပြီဖြစ်သည်။
လျောက်ထားရာတွင် ဦးတင်ဦးအပါအ၀င် ပုဂ္ဂိုလ် ၂၁ ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို တည်ထောင်လိုကြောင်း လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယင်းလျှောက်ထားချက်နှင့်ပတ်သက်ပြီး ပါတီတည်ထောင်လိုသူ ပုဂ္ဂိုလ်များသည် နိုင်ငံ ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ နှင့် ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ စိစစ် ပေးနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သက် ဆိုင်ရာဝန်ကြီးဌာနများထံ မေတ္တာ ရပ်ခံ ညှိနှိုင်းထားကြောင်း ထုတ်ပြန် ချက်အရ သိရသည်။
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေး ကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မှတ်ပုံတင်တည်ထောင် ခဲ့သော ပါတီဖြစ်သည်။ သို့သော် ယခင်အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံမှတ်ပုံတင်ရမည်ဖြစ်သော်လည်း ကန့်သတ်ချက်များ ကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထပ်မံမှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကိုယ်ပိုင်ကျောင်းတွင်များတွင် နိုင်ငံရေး နှင့် ဘာသာရေး အကြောင်း အရာများ ကို သင်ကြားခွင့် မရှိ

ကိုယ်ပိုင်ကျောင်းတွင်များတွင် နိုင်ငံရေး နှင့် ဘာသာရေး အကြောင်း အရာများ ကို သင်ကြားခွင့် မရှိ
ဒီဇင်ဘာ ၂ ရက်ကပြဋ္ဌာန်း လိုက်သော ကိုယ်ပိုင် ကျောင်းမှတ် ပုံတင် ဥပဒေအရ ကိုယ်ပိုင်ကျောင်း များတွင် နိုင်ငံရေးနှင့် ဘာသာရေး အကြောင်းအရာများကို သင်ကြား ခွင့်မရှိကြောင်း သတင်းရရှိသည်။
အဆိုပါဥပဒေ အရ ကိုယ်ပိုင် ကျောင်းဖွင့်လှစ်ရာ တွင် ပြည်ပ နိုင်ငံ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ် ခြင်း၊ နိုင်ငံခြား အဖွဲ့အစည်းများမှ ဦးစီး တည်ထောင်ဖွင့်လှစ်သော သို့မ ဟုတ် ထိုအဖွဲ့အစည်း ၏ အကူအညီ ဖြင့် တည်ထောင်ဖွင့်လှစ်ခြင်း၊ သာ သနာပြု ကျောင်းများ အား ခွင့်ပြုမည် မဟုတ်ကြောင်း၊ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ် လုပ်ကိုင်သူများမှာ မြန်မာ နိုင်ငံသား များဖြစ်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သင်ကြားရာတွင် လည်း ပြည် ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အ ချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲ ရေးတို့ကို အလေးထားဆောင်ရွက် ရမည်ဖြစ်ပြီး ကျောင်းသားများ အား နိုင်ငံတော်၏ အကျိုးကိုထိ ခိုက်သော သို့မဟုတ် နိုင်ငံတော် ၏မူဝါဒ တို့နှင့် ဆန့်ကျင်သော အ ကြောင်း အရာများသင်ကြားမှု၊ လေ့ ကျင့်ခန်း ပေးမှု သို့မဟုတ် ယင်း သို့ စီစဉ် ဆောင်ရွက်မှုများကိုမပြု လုပ်ရ ကြောင်း ဖော်ပြထားသည်။
ကိုယ်ပိုင်ကျောင်းဖွင့်လှစ် ခွင့် မပြုမီ ပညာရေး ၀န်ကြီး ဌာနအနေ ဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ထံမှ ကျောင်းတည်ထောင် ခွင့်နှင့်စပ်လျဉ်း ၍သဘောထား မှတ်ချက်တောင်းခံ ရ မည်ဖြစ်ကြောင်း၊ ယင်း အပြင် ကိုယ်ပိုင် ကျောင်းတွင်သင်ကြား မည့် ထပ်ဆောင်း သင်ခန်းစာများ အတွက် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းများပြု လုပ် ရမည်ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားသည်။
ဇော်မင်းနိုင်

ဆရာမများ ကျူရှင်ပြဿနာကြီးထွားလာ

အခြေခံပညာကျောင်းများတွင် ပညာရေးဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာမများ၏ ကျူရှင်ပြဿနာမှာ တစ်စတစ်စနှင့် ကြီးထွားလာနေပြီး ကျူရှင်ယူသော ကျောင်းသားနှင့် ကျူရှင်မယူသောကျောင်းသားများအား ခွဲခြားဆက်ဆံမှုများပြုလုပ်လာသည်အထိပင် ဆိုးရွားလာကြောင်း မိဘအုပ်ထိန်းသူများ အသိုင်းအဝိုင်းက တညီတညွတ်ထဲပြောကြားသည်။

"ကျွန်တော့်သားကို စာအုပ်ထဲမှာ မျဉ်းတားလို့ဆိုပြီး ပြဿနာရှာတယ်။ အင်္ဂလိပ်စာမှာ တချို့စာလုံးပေါင်းတွေကို မြန်မာလို မသိတော့ကလေးက စာလုံးရဲ့အောက်မှာခဲတံနဲ့ မျဉ်းတားပြီး မြန်မာလိုရေးထားတယ်။ အဲဒါကို မျဉ်းတားလို့ဆိုပြီး ပြဿနာရှာတယ်။ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ်၊ နင်ရဲ့ငါ့စာထဲမှာ ဘာမှမရေးနဲ့ဆိုတဲ့ စကားမျိုးတွေပါသေးတယ်။ မသိတဲ့စကားလုံးရဲ့ အောက်မှာမျဉ်းတားပြီးမှတ်တာ အပြစ်တစ်ခုလားဗျာ။ သွားပြောရင်လည်း ကလေးကိုမဲဦးမယ်ဆိုတော့ သည်းခံနေတာ၊ ဟိုတစ်ကေ့တော့ မရတော့ဘူး ကျောင်းအုပ်ဆရာကြီးနဲ့သွားတွေ့ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်။ ကျောင်းအုပ်ဆရာကြီးကတော့ အဲဒီဆရာမခေါ်ပြီး သတိပေးမယ်ပြောတာပဲ" ဟု တာမွေမြို့နယ်အတွင်းရှိသော ယောင်္ကျားလေးသီးသန့်ကျောင်းမှ သတ္တမတန်းကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

အခြေခံပညာကျောင်းများရှိ ဆရာမများမှ သက်ဆိုင်ရာ အတန်းလိုက်ဘာသာရပ်ဆရာမများအားလုံး စုစည်း၍ နီးစပ်ရာကျောင်းသား မိဘများ၏ နေအိမ်များတွင် နေ့စဉ်အလှည့်ကျသွားရောက်သင်ကြားပေးခြင်းဖြစ်ပြီး ယင်းသို့သင်ကြားပေးသည့် အတွက် အတန်းကိုလိုက်၍ ကျောင်းသားတစ်ဦးလျှင် အနိမ့်ဆုံးငွေကျပ်တစ်သောင်းခွဲမှ နှစ်သောင်းခွဲ၊ သုံးသောင်းအထိရယူကြသည်။

"ကျွန်မသားကို ကျောင်းကဆရာမတွေသင်တဲ့ ကျူရှင်မှာထားတာ ဟိုတစ်လောတုန်းကဆရာမတစ်ယောက်က သားကိုကျောင်းရောက်ရင် ကျူရှင်မသင်တဲ့သူတွေနဲ့ မပေါင်းနဲ့ဆိုပြီးမှာတယ်၊ သားက အဲဒါကို ကျွန်မကိုပြောပြလို့ အဲဒီဆရာမကို ဒီလိုမသင်ပေးဖို့ သွားပြောလိုက်တယ်။ ဘယ့်နဲ့ကျွန်မတို့က ကလေးပညာရေးအတွက် သူတို့ဆီကျူရှင်ထားတာ- လူတန်းစားခွဲခြားဆက်ဆံဖို့မှမဟုတ်တာ၊ ကလေးကိုလည်းမှာထားရတယ်။ အားလုံးသူငယ်ချင်းတွေလို ဆက်ဆံရမယ်လို့" ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

"ဘာလဲဗျာ…… ဘယ်သူနဲ့ပဲသင်သင် အဓိကကလေးပညာတတ်ဖို့ပဲ မဟုတ်လား၊ အဲဒါကို သူတို့ဆီမှာပဲ သင်ရမယ်ဆိုတာကတော့ အဓိပ္ပါယ်မရှိဘူး။ ကျောင်းစအပ်ထဲက ကလေးကိုကျူရှင်အပ်မလားဆိုပြီး မေးတာ…… မအပ်ဘူးဆိုပြီးပြန်ဖြေခဲ့တယ်။ အဲဒါကိုဗျာကလေးကို တောပြောတောင်ပြောနဲ့ ခဏခဏပြောတာနဲ့ တစ်ခါထပ်သွားပြီး မထားဘူးလို့ပြတ်ပြတ်ပဲပြောခဲ့လိုက်တယ်" ဟုလည်း မိဘတစ်ဦးက ပြောသည်။

ယင်းသို့ဆရာမတချို့၏ ကျင့်ဝတ်နှင့်ဆန့်ကျင်သော လုပ်ရပ်များကြောင့် လုပ်ဖော်ကိုင်ဖက် ဆရာမတချို့ ကိုယ့်ကျင့်သိက္ခာကိုပါ ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိသည့်အပြင် မမြင့်မားလာသေးသည့် မြန်မာ့ပညာရေးကိုလည်း အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုရမှာဖြစ်ပါသည်။

"ဒီအလုပ်က တကယ့်ကို ကုသိုလ်ရတဲ့အလုပ်ပါ။ အဲဒီကုသိုလ်ရတဲ့ အလုပ်ကိုမှ ကောင်းအောင်မလုပ်နိုင်ရင် အကုသိုလ်ပဲရတော့မှာပေါ့။ ဒါမျိုးတွေဟိုတုန်းကလည်းမရှိဘူး။ ကြားလည်းမကြားခဲ့ဘူး။ အခုလိုတွေကြားနေရတော့ မွန်မြတ်ဖြူစင်တဲ့အလုပ်က အကျည်းတန်ညစ်ပတ်သွားတယ်လို့ ခံစားရတယ်" ဟု အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောကြားသည်။

အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ပြောင်းလဲမှုအနည်းဆုံး မြန်မာ့ပညာရေးကဏ္ဍအတွင်းမှ ကျင့်ဝတ်ဆန့်ကျင်ကာ လုပ်ဆောင်နေကြသော ဆရာမများနှင့် ပတ်သက်၍ မည်သို့မည်ပုံဖြေရှင်းမည်ဆိုသည်ကို ကျောင်းသားမိဘများနှင့် အုပ်ထိန်းသူများမှ စောင့်ကြည့်လျက်ရှိနေသည်။
Myanmar News Now

ပြည်ပရောက်များ NLD အဖွဲ့ဝင်နိုင်

အသစ်ပြန်လည်ဖွဲ့စည်းနေသည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သို့ ပြည်ပရောက် မြန်မာနိုင်ငံသားများလည်း ပါတီဝင်အဖြစ် လျှောက်ထားနိုင်ပြီး အင်တာနက်မှတဆင့် ပါတီဝင်လျှောက်လွှာများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပရှိ မြန်မာနိုင်ငံသားများအတွက် ပါတီဝင်လျှောက်လွှာပုံစံများကို NLD ပါတီ၏ အင်တာနက် စာမျက်နှာတွင် ရယူနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

“အဲဒီအထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြရမှာ တခုရှိတယ်။ အဲဒါကဘာလဲဆိုတော့  မြန်မာနိုင်ငံသားကနေ ဘယ်နိုင်ငံသားအဖြစ် ခံယူထားသလဲဆိုတာဖော်ပြဖို့ လိုပါလိမ့်မယ်။ မြန်မာနိုင်ငံသားဆိုရင်လည်း နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသလား၊ မကိုင်ဆောင်ထားဘူးလား။ ကိုင်ဆောင်ထားရင်လည်း နံပါတ်ပေါ့။ ဘာလို့ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသားတွေက အမျိုးမျိုးရှိတာဆိုတော့။ ကွဲကွဲပြားပြားသိအောင် လျှောက်လွှာထဲမှာ ဖော်ပြဖို့လိုမယ်”  ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။

NLD ပါတီဝင် အဟောင်းအသစ်မရွေး မည်သူမဆို ပါတီဝင်အဖြစ် လျှောက်ထားရမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က  “ကျနော်ကိုယ်တိုင်လည်း လျှောက်လွှာတင်ပြီး ပါတီဝင် ပြန်လျှောက်ရမှာပါ” ဟု ဆိုသည်။

ပါတီဝင် ဆယ်သိန်းလက်ခံရန် စီစဉ်ထားသည့် NLD က ပါတီတည်ထောင်ခွင့် ကျလာပါက ပါတီဝင် လျှောက်လွှာ စတင်ထုတ်ပေးမည် ဖြစ်သည်။  ပါတီဝင် လက်ခံရေးအတွက်  အသေးစိပ်အချက်အလက်များကို ဆွေးနွေးရန် အစည်းအဝေး ပြုလုပ်မည်ဟုလည်း သိရသည်။

NLD ပါတီ၏ တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီး လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် နိုဝင်ဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးနှင့် ဦးဝင်တင် အပါအ၀င် ၂၁ ဦးဖြင့် ပါတီတည်ထောင်ခွင့်အတွက် နိုဝင်ဘာလ ၂၅ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ စာရင်းသွင်း လျှောက်ထားခဲ့ ကြသည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံမည်ဖြစ်ရာ ရန်ကုန်တိုင်း ကော့မှုးမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် လျာထားသည်ဟု NLD ထံမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းကနေ ၀င်မယ်ဆိုရင် လူထုရဲ့အနေအထား  ဆင်းရဲတဲ့ မြို့နယ်ကနေ ၀င်ချင်တယ်လို့ သူက ပြောဖူးပါတယ်။ အဲဒါတွေကို တွက်ချက်ပြီးတော့ ကော့မှုးကပဲဖြစ်မယ် မှန်းဆကြတာပါ။ တရားဝင်တော့ မဆုံးဖြတ်ရသေးပါဘူး” ဟု ဦးအုန်းကြိုင်က ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ၄၈ မြို့နယ်တွင်လည်း ၁၄ ရက်အတွင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းရန်  NLD က ပြင်ဆင်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး ယင်းမှတဆင့် တိုင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် အောင်နိုင်ရေးအဖွဲ့များအား ကြီးကြပ်သွားရန် NLD ရုံးချုပ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

“အဖွဲ့မှာ နှစ်ပတ်အတွင်း အဆိုပြုရမှာပေါ့။ သက်ဆိုင်ရာ ပြည်နယ်တွေကို ပေးရမယ်။ သူတို့ ပေးတဲ့အပေါ်မှာ ဗဟိုအောင်နိုင်ရေးအဖွဲ့ စီစစ်ပေးဘို့ ပေါ့။ လိုအပ်ရင် ခရိုင်အဖွဲ့တွေလည်း ဖွဲ့ဖို့ ကြေငြာချက် ထုတ်ထားတာပေါ့ ” ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့တွင် ပါဝင်သူ ဒေါ်မေ၀င်းမြင့်က ပြောသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ဗဟိုအဖွဲ့ တာဝန်ခံမှာ ဦးတင်ဦးဖြစ်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးလှဖေ၊ ဦးသိန်းထွန်း၊ ဦးအုန်းကြိုင်၊ ဦးဟံသာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဒေါက်တာမေ၀င်းမြင့်၊ ဦးစိုးဝင်း၊ ဦးဝင်းထိန်၊ ဦးသိန်းဦး၊ ဒေါ်ခင်ဌေးကြွယ်၊ ကိုသိန်းဆွေ၊ ဒေါ်ခင်စောမူနှင့် ဦးစောတင်ဝင်း၊ ကိုမျိုးညွန့်၊ မဖြူဖြူသင်းတို့ ပါဝင်သည်။

အခြားအဆင့် အောင်နိုင်ရေးအဖွဲ့များ ဖွဲ့ရာ၌ အမျိုးသားဒီမိုကရေစီပါတီဝင်များအပါအ၀င် ပြည်သူလေးစား ယုံကြည်သူများ၊ တိုင်းရင်းသားလူမျိုးများ၊ မြို့မိမြို့ဖ ပုဂ္ဂိုလ်များ၊ အမျိုးသမီးများနှင့် လူငယ်များ၊ တတ်သိပညာရှင်၊ အတတ်ပညာရှင်များ၊ လယ်သမား အလုပ်သမားများ၊ ကုန်သည်စီးပွားရေးပုဂ္ဂိုလ်များ၊ နိုင်ငံရေးအစဉ်အလာရှိသူများ ပါဝင်ရန် သတ်မှတ်ထားသည်။

ရွေးကောက်ပွဲ  အောင်နိုင်ရေးဗဟိုအဖွဲ့အပြင်  ဆပ်ကော်မတီများအဖြစ် သတင်းပြန့်ကြားရေးနှင့် စာစောင် ထုတ်ဝေရေး၊ စည်းရုံးလှုံဆော်ရေး၊ မဲဆွယ် ဟောပြောရေး၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဥပဒေရေးရာကော်မတီ တို့ကို ဖွဲ့စည်းမည် ဖြစ်သည်။
သဲသဲ-မဇ္ဈိမ

မြို့နယ် ၃ ရာကျော်မှာ NLD ရုံးတွေ ပြန်ဖွင့်မည်

2011-12-04 (RFA)
ရွေးကောက်ပွဲကော်မရှင်က ပါတီ မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေနဲ့ ၁၉၈၈- ၈၉ ခုနှစ် ပါတီ တည်ထောင်ခဲ့စဉ် ကာလအတိုင်း မြို့နယ်တိုင်းမှာ စည်းကော်မတီ နဲ့ ရုံးခွဲတွေ ပြန်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ၊ ရုံးတွေ ရှိတယ်။ ဒါပေမယ့် အဲဒီ နောက်ပိုင်းကျတော့ အမျိုးမျိုး နှိပ်ကွပ်ခံရတာနဲ့၊ အချင်းချင်းထဲမှာ ဟိုဟာ မဖြစ်တာနဲ့၊ နောက် မြို့နယ်တချို့က ဆိုင်းဘုဒ်တွေဘာတွေ ပြုတ်ကျ ဆိုတာနဲ့ ရုံးတွေ မဖွင့်နိုင်တော့တာ။ အခု ပြန်ပြီး စည်းရုံးမယ်ဆိုရင် ရည်ရွယ်ထားတာတော့ မြို့နယ်တိုင်းမှာ မြို့နယ်စည်းကော်မတီတွေ ဖွဲ့နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်ထားတယ်။ မြို့နယ်ပေါင်းက တပြည်လုံးမှာ ၃၁၄ မြို့နယ်၊ အခု ထပ်ပြီး ပြင်ဆင်တာနဲ့ဆိုရင် ၃၂ဝ ကျော်မယ် ထင်တယ်”

တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ရှိနေတာကြောင့် အခုကတည်းက ကြိုတင်စီမံထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

NLD အနေနဲ့ ပါတီဝင်လျှောက်လွှာ ၁ သန်းကိုလည်း ရိုက်နှိပ်ပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အင်တာနက်အွန်လိုင်းက တဆင့်လည်း လျှောက်လွှာတင်နိုင်အောင် စီစဉ်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်မှာ ထုတ်ဖော် ပြောဆိုသွားပါတယ်။

မြန်မာ့ကျက်သရေဆောင်

ကျနော်တို့ဂရုမေးလ်ထဲကဖတ်ရတဲ့ဆောင်းပါးလေးတပုဒ်ပါ။ဆောင်းပါးရှင်ဟာသူ့ရင်ထဲမှာခံစားရမှု့
သူ့အမြင်ကိုရိုးရိုးသားသားရေးသားဖေါ်ပြထားသလို လက်ရှိမြန်မာလူမျိုးများယခုလိုနိုင်ငံရေးအပြောင်းအလဲ
သတင်းများမှေးမိန်နေစဉ်ကာလတွေ ပြည်ပကိုသွားရောက်စဉ် ဘန်ကောက်လေဆိပ်ကနေစလို့၊နိုင်ငံတကာ
လေဆိပ်၊ထိုမှတဆင့်မိမိတို့နေထိုင်ရာပြည်ပတိုင်းပြည်များမှာ မြန်မာတွေမျက်နှာငယ်ရပါတယ်။အဲဒီတော့
မြန်မာတွေကိုယ့်ထူးကိုယ်ချွန်ရပါတယ်။ကြိုးစားရပါတယ်။အလုပ်ကိုရော၊ပညာရှာသူများပါသူများတွေထက်
ပိုကြိုးစား၊ခဲ့ရပါတယ်။မြန်မာပြည်အကြောင်းကိုပြောချင်ရင် တိုင်းပြည်အုပ်ချုပ်တဲ့သမ္မတ ကောင်းအစိုးရကောင်းမရှိခဲ့တော့ အမည်နာမပြောယင်မသိပါဘူး။သန်းရွှေလို့ပြောယင်သိသူမရှပါဘူး။စစ်အစိုးရလို့ပြောယင်ချုံငုံပြီး သိတယ်လို့ပြောပြီး၊ဒေါ်အောင်ဆန်းစုကြည်တိုင်းပြည်လို့ နိုင်ငံခြားသားအများစုကမိတ်ဆက်စကားပြောလေ့ရှိခဲ့တာ
အမှန်ပါပဲ။ဒါကြောင့်ဒီဆောင်းပါလေးကို လက်ဆင့်ကမ်းတင်ပြလိုက်ပါတယ်။
မှတ်ချက်။  ။ ဆောင်းပါရှင်ကိုကျေးဇူးတင်လျှက်(ပြည်သူ့အော်သံ)

ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ ကျက်သရေဆောင် [ သွန်းနေစိုး ]


ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ၀ိဝါဒကွဲကြသူတွေ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် သေချာတာတစ်ခုတော့ ပြောရန်ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်မှာ မြန်မာ့ကျက်သရေဆောင်
ဖြစ်သည်။ ဒီအချက်ကိုတော့ဖြင့် ငြင်းစရာ ရှိလိမ့်မည် မထင်ပါ။

ဒီ့အတွက် သက်သေပေါင်းများစွာ ရှိပါသည်။

အခုလတ်တလော အမြင်သာဆုံးအဖြစ် ဟီလာရီကလင်တန်လာသော အဖြစ်ကို မြင်ကြည့်မိသည်။ ဟီလာရီဆိုသည်က ကမ္ဘာလှည့် သြဇာပေးနေသော အမျိုးသမီးကြီးတစ်ဦး။ ထိုကဲ့သို့ ကျနော် အမြင်ရှိသည်။ တကယ်လဲ ထက်မြက်စူးရှသော မိန်းမတစ်ဦးပါပဲ။ အမေရိက၏ First Lady အဖြစ် ၈နှစ်ကြာစိုးစံခဲ့ရသည်။ နောက် သူမ၏ အိမ်နိမ့်စံဘ၀က သိပ်မကြာ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရောက်ရပြန်သေး၏။ သမ္မတဖြစ်ဖို့တောင် လက်တစ်ကမ်းအလိုလေး ရှိခဲ့တာပဲ။ ပြောလိုသည်မှာ ဒီလို အမျိုးသမီးကြီးတွင် မာန် အနည်းနဲ့အများတော့ ရှိလိမ့်မည်။ ဘယ်သူနဲ့ တွေ့တွေ့ သူမ၏ အဲဒီမာန်ကို မြင်နိုင်သည်ဟု ကျနော် ထင်ပါသည်။

ဒီလိုနှင့် သူမက ဒေါ်အောင်ဆန်းစုကြည်ဆီ လာတွေ့ခဲ့သည်။ ကမ္ဘာမှာလက်ရှိ အထက်မြက်ဆုံးများထဲတွင် အ၀င်အပါဖြစ်သော အမျိုးသမီးနှစ်ဦး တွေ့ဆုံပွဲ။

ကျနော့်ရင်ထဲကို ထိသွားသည်ကား သူတို့နှစ်ယောက်လုံး၏ ဟန်ပန်များကို ဖြစ်သည်။ တကယ့်ငယ်ပေါင်းကြီးဖော်တွေ တွေ့ကြသလို၊ ကွဲကွာနေသော မိတ်သင်္ဂဟများ ပြန်တွေ့ကြသလို လှိုက်လှိုက်လှဲလှဲ ရှိလွန်းလှပါသည်။ ဒီမှာတွင်ပင် ကျနော့်ခေါင်းထဲ စကားလုံးတစ်ခု ၀င်ရောက်လာခြင်းဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့ကျက်သရေဆောင်။

နိုင်ငံခြားရောက်သူတို့က ပြောကြသည်။ နိုင်ငံခြားတိုင်းပြည်တွေမှာ မိတ်ဆက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နာမည် ပြောပြမိတ်ဆက် ရတာမျိုး ရှိသည်တဲ့။ အိုဗားမား အာဆီယံစည်းဝေးပွဲလာတော့ ပြောလိုက်သည်မိန့်ခွန်းထဲမှ စကားများက ကျနော့်ရင်ကို ပိုထိရှသွားစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းပြောပြီးဖြစ်ကြောင်းနှင့် ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်မည့်အကြောင်းများ။ အိုဗားမားလို လူမျိုးကပင် အရေးတယူ မလုပ်၍ မရသော ပုဂ္ဂိုလ်ဆိုသည်မှာ ကမ္ဘာပေါ်တွင်ပင် ရှာမှ ရှားလှပါသည်။ ထိုကဲ့သို့သော လူမျိုးက ကျနော်တို့ နိုင်ငံမှာ ရှိနေ၏။ ကျနော်တို့ လူမျိုးဖြစ်နေ၏။ ကျနော်တို့လူမျိုးစစ်စစ် မိဘနှစ်ပါးမှ ပေါက်ဖွားခဲ့သူ ဖြစ်နေ၏။ ကျနော်တို့လူမျိုးတွေ မှည့်လေ့ရှိသော နာမည်မျိုးစစ်စစ် မှည့်ထားသူဖြစ်နေ၏။ ထို့ကြောင့် မြန်မာ့ကျက်သရေဆောင်ဟု တင်စားထိုက်ပေသည်။



ကမ္ဘာပေါ်မှာ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင် ဘယ်နှစ်ယောက်ရှိမလဲ? ထိုအထဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါ၏။ ကမ္ဘာမှာ ချန်လှပ်ထား၍ မရသော ခေါင်းဆောင်များထဲတွင် ကျနော်တို့နိုင်ငံမှ တစ်ယောက်က အ၀င်အပါဖြစ်နေသည့်အတွက် ကျနော်တို့ ဂုဏ်ယူ ရပါသည်။



ကျနော်က ဒေါ်အောင်ဆန်းစုကြည်နားကလူ မဟုတ်ပါ။ သူ အခက်ခဲကြုံနေရစဉ်က မ၀န်းရံနိုင်ခဲ့သလို သူ မြင့်တက်လာသောအခါ ပြေးကပ်သူလည်း မဟုတ်ခဲ့။ အဝေးကြီးမှာ အေးအေးကြီးသာ နေပါသည်။ သို့သော် ကျနော့်ရင်ထဲမှာ ခေါ်နေမိသော စကားတစ်ခွန်းရှိ၏။ ကျနော်တို့အားလုံး၏ အမေ။



အမေဆိုသည်ကား ကျနော်တို့အား လုံခြုံမှုပေးနိုင်သူ၊ လမ်းပြသွန်သင်မှု ပေးနိုင်သူ။ နွေးထွေးမှုပေးနိုင်သူ၊ ဂုဏ်ကျက်သရေကို တိုးစေသူ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းအတွက် မြန်မာနိုင်ငံသားအားလုံးတွင် မိခင်နှစ်ယောက်ရှိနေ၏။ တစ်ယောက်က

မွေးခဲ့သော အသက်ကို ပေးသည့်အမေ။ ပုဂ္ဂလဘ၀အတွက် ခိုကိုးရာ။ နောက်တစ်ယောက်က နိုင်ငံသားတစ်ယောက်၏ သိက္ခာကိုမြင့်တင်ပေးခဲ့သည့်အမေ။ မြန်မာတည်းဟူသော ဂုဏ်သိက္ခာအတွက် ခိုကိုးရာ။

ဦးသန့်နောက်ပိုင်းတွင် ကမ္ဘာကျော်တဲ့ မြန်မာမရှိဟု ပြောချင်နေသူများ၊ ယိုးဒယား၊ တရုပ်၊ ကုလားများကို အဖေခေါ်ချင်နေသူများအား မှားယွင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းက သက်ရှိထင်ရှား သက်သေပြနေပါသည်။ ကျနော့်တစ်ဦးတည်း သဘောပြောရပါလျှင် ယိုးဒယားက ကိုယ့်ထက်သာသည်ဟု ပြောလျှင် မချိအောင် နာလှပါသည်။ ယိုးဒယားမုန်းလို့ မဟုတ်ပါ။ အထင်ကြီးစရာဟု ဘယ်တုန်းကမှ ထင်မထားခဲ့သောကြောင့် ဖြစ်ပါသည်။ ဗိုလ်ချုပ်မိန့်ခွန်းပါ `ယိုးဒယားပြည်ဆိုလို့ရှိရင် လွတ်လပ်တဲ့နိုင်ငံထဲမှာ ညံ့ညံ့ပဲ´ ဆိုသောစကားကို ငယ်ငယ်ကတည်းက စွဲခဲ့၏။ ယခု အဲဒီထက်များစွာ ကိုယ်ကနိမ့်ကျနေပြီလို့ ပြောလာလျှင် `ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ်လို နိုင်ငံမျိုး ဖြစ်နေမှာဘဲ´ ဟူသောဆုံးမစကားကို အမှတ်ရမိကာ အသက်ကို သတ်သည်ထက် နာ၏။ တစ်ခုတော့ ပြောချင်ပါသည်။ အာဏာလက်ရှိရှိသူ မဟုတ်ပါပဲလျက် (တစ်ခါမှ အာဏာမရခဲ့ဘူးပါပဲလျက်) ကမ္ဘာက ခုလို အလေးစားခံရသူမျိုး ယိုးဒယားမှာ ရှိသလား။ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိသလား။ သူတို့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိသလား ဟုပင်။

ကျနော့်စိတ်ထင် ဟီလာရီ၏ မျက်ဝန်းများ၊ အပြုအမူများတွင် ဒေါ်အောင်ဆန်းစုကြည်အား အထင်ကြီး အလေးထားစိတ်ကို မြင်လိုက်ရသည်ဟု ထင်ပါသည်။ ဘာကြောင့်ပဲဖြစ်ဖြစ် ထိုတစ်ချက်တည်းနှင့်ပင် ကိုယ့်ကိုယ်ကို မြန်မာဖြစ်ရတာ အတော်ဂုဏ်ယူသွားမိ၏။ ငါတို့မှာ ဒီလိုလူမျိုး ရှိနေတာပဲ။

ထို ဂုဏ်ယူမှုသည် စိတ်ခွန်အားကို ဖြစ်ပေါ်စေ၏။ ငါတို့လည်း ကြိုးစားမယ်ဆိုရင် ဒီလို အဖြစ်မျိုး တစ်နေ့မှာ ရောက်နိုင်တာပဲ။ ငါတို့ရဲ့ မြန်မာ့သွေး မြန်မာ့ဗီဇက ကမ္ဘာမှာ ဒီလိုအနေအထားရှိအောင် ထွန်းပေါက်နိုင်တဲ့ အစွမ်းရှိတယ်။ တို့မှာ လုပ်ရင်ဖြစ်တဲ့ ဗီဇမျိုးစေ့ရှိပြီးသား၊ ကိုယ်တိုင်ကြိုးစားဖို့ပဲလိုတယ်ဟူသော စိတ်များ ပွားများလာစေခဲ့၏။ အသက်ကို ကယ်လိုက်သည့်ပမာ ခံစားရပါသည်။



ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာစက ရွှေဂုံတိုင်ရုံးရှေ့တရားပွဲကို ကျနော်သွားသည်။ ခပ်ဝေးဝေးကမို့ အရိပ်သဏ္ဍန်မျှသာ မြင်ရပါသည်။ အသံဝိုးတ၀ါးမျှသာ ကြားရပါသည်။ သို့သော် ရင်ထဲတွင် ချမ်းမြေ့သော ညွှတ်နူးခြင်းဖြစ်မိသည်။

နောက်ပိုင်း ပဲခူးခရီးစဉ်မှာကျတော့ ကျနော်ကံကောင်းသည်ဟု ပြောရမည်။ ပဲခူးက သူငယ်ချင်းတစ်ယောက်အိမ်မှာ အလှူရှိလို့ ပဲခူးရောက်နေသည်နှင့် ကြုံ၏။ သူတို့အိမ်ကလဲ ရွှေမော်ဓောဘုရားနှင့် နီးနီးလေး။ ဒေါ်အောင်ဆန်းစုကြည်လာမည်ကြားတော့ ကျနော်တို့ ရွှေမော်ဓောဘုရားမှာ စောင့်ကြသည်။ ဒီတစ်ကြိမ်မှာလဲ အဝေးကပဲ နေလိုက်ပါသည်။ လူအုပ်ကား တော်တော်ပင် များ၏။ လက်တွေ တန်းလျက်သား ကာထားသူများကြားမှ ဒေါ်အောင်ဆန်းစုကြည်။ အနားက အဘွားကြီးတစ်ယောက် အော်လိုက်သံကို ကြားရသည်။

`ဟယ် ဟိုမှာ ဒေါ်အောင်ဆန်းစုကြည်လေးတော့´

တဲ့။ လှည့်ကြည့်လိုက်တော့ သဘက်ကြီး ခေါင်းပေါင်းထားသော အမယ်အိုကြီးတစ်ယောက်ကို မြင်ရသည်။

`အရှေ့သွားကြည့်လေ အဘွား´

ဆိုတော့ ...

`နေပါစေကွယ်၊ ဒီကလဲ တွေ့ရသားပဲ´

ဆို၏။ သူ့မျက်နှာကား ပြုံး၍နေသည်။ ကျနော် အနည်းငယ်စပ်စုမိ၏။

`အန်တီစုကို ခုလိုမြင်ရတော့ ဘယ်လိုနေသလဲ၊ အဘွား´

ဆိုတော့ ကျနော် မထင်မှတ်သော စကားတစ်ခွန်း ထွက်လာသည်။ စကားက နှစ်လုံးတည်း။ အတော်ထိရောက်သော စကားပါပေ။

`ချစ်တယ်´

တဲ့။ နောက် ဘာမှဆက်မပြောတော့ပဲ ကြည်နူးသော မျက်ဝန်းများဖြင့် ဆက်ကြည့်နေလေ၏။

မိမိရင်သွေးတစ်ယောက်အား ကြည့်နေသလို မေတ္တာလွှမ်းသောအကြည့်များဟု ကျနော်ခံစားရပါသည်။ အမေစုသည်ကား ကျနော်တို့လို ငယ်ရွယ်သူများအတွက် အမေသဖွယ် ခံစားရသလို အဘွားအရွယ် အဖိုးအရွယ်များအတွက်တော့ သမီးသဖွယ်ခံစားမှုကို ပေးစွမ်းနိုင်သူ။ မြန်မာတည်းဟူသော မိသားစုအတွင်းမှ အတောက်ပဆုံး မိသားစုဝင်တစ်ဦး ဖြစ်ပါချေသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ခြံတံခါးဝတွင် စက္ကူပြားကလေးကိုင်ကာ ရိုက်ထားခဲ့သောပုံ။ `ကျမကလဲ ပြည်သူတွေကို ချစ်ပါတယ်´ ဆိုသော စာတမ်းပါ ဓာတ်ပုံကို တော်တော်များများ မြင်ဘူးကြပေလိမ့်မည်။ ပြည်သူတွေမှာလဲ ထောင်မပြဖြစ်သော စာတမ်းတွေ ကိုယ်စီရှိပါလိမ့်မည်။ ပြည်သူတွေကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပါတယ်ဟု ရေးထွင်းထားသော စာတမ်းများပင်။

ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ချစ်ကြသလဲ? အမြင်အမျိုးမျိုး ရှိပါလိမ့်မည်။ ကျနော်ကတော့ မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းဖြစ်၏။ တခြား သူ့လုပ်ဆောင်ချက်များအပေါ် အလေးအနက် ကျေးဇူးတင်မိသော်လည်း မြန်မာ့ကျက်သရေဆောင်မို့ ချစ်ခြင်းက ပိုပါလိမ့်မည်။

စကားစပ်၍ ပြောရမည်ဆိုလျှင် ဗိုလ်ချုပ်သွေးဖြစ်သော်လည်း ဦးအောင်ဆန်းဦးကိုတော့ ကျနော်တို့ မချစ်ပါ။ ဦးအောင်ဆန်းဦး အင်တာဗျူးပါသော ဂျာနယ်ကိုလည်း မဖတ်ပါ။ စိတ်ထဲ နာနေသည်ဟုပင် ပြောရမည်လား။ ရာဇ၀င်တွေလည်း ရိုင်းခဲ့ပြီ အဖရေဟု ဗိုလ်ချုပ်အား တိုင်တည်သော စာပိုဒ်ကို သူ့အား ကြည့်ကာ ရင်ကွဲမတတ်ရည်ညွှန်း သီဆိုနေသူများအား လျစ်လျူရှုခဲ့ရက်သူဟု မြင်ပါသည်။ အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်မိသားစုနှင့်ကိုယ် အေးအေးဆေးဆေးနေလို့ ရပါလျက် ဒုက္ခတွင်းသို့ ဆင်းလာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်၏ ကျေးဇူးကို ကျနော်တို့ ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပါ။

တစ်ခါတစ်လေ သူ့လုပ်ဆောင်ပုံနှင့် ပတ်သက်၍ သဘောမတူသည်များ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအခါမျိုးတွင် ငါ ဥာဏ်မမီလို့ပဲ နေမှာလေဟု ကိုယ့်ကိုယ်ကို ဖြေလျှော့မိ၏။ ကမ္ဘာက လက်ခံသော လုပ်ကိုင်ဆောင်ရွက်ပုံကို သူသာ တတ်သိ နားလည်ပါသည်။ ကျနော်တို့ကား သူ နောက်လိုက်များ။ သူ့ကို သစ္စာရှိစွာ ၀န်းရံကြရုံသာ ရှိ၏။

ကိုမင်းကိုနိုင်မွေးနေ့ အထိမ်းအမှတ်ပွဲသို့ ရောက်သွားစဉ်က ရောက်လာသူ ပရိသတ်များအား ဒေါ်အောင်ဆန်းစုကြည် ပြတင်းပေါက်မှ မျက်နှာ ထွက်ပြခဲ့သည်ကို မြင်တွေ့ရသည်။ တကယ်ကို နေတစ်စင်း ထွက်ပြူလိုက်သလိုပါပဲ။ လူတွေကို ကြည့်၍ သိမ်မွေ့စွာ ပြုံး၍ သူ လက်ပြခဲ့သည်။ တည်ငြိမ်သော ဟန်ပန်နှင့်အတူ အဟုန်ပြင်းသော အားအင်တစ်ခုကို ခံစားလိုက်ရသည်။

ကျနော့်စိတ်ထဲတွင် ပုံပြင်တစ်ပိုင်းတစ်စကို သွားသတိရလိုက်မိ၏။ `လေ´ နဲ့ `တောင်´ ဘယ်သူ အစွမ်းထက်သလဲဆိုသည်က ထိုပုံပြင်ပါ မေးခွန်း။ ရုတ်တရက်ကြည့်လျှင်တော့ တောင်ဆိုသည်က ထုထည်ကြီးသည်။ အင်အားရှိသည်။ အခြေတောင့်သည်။ တောင်က ခိုင်မာတယ် အစွမ်းထက်တယ်လို့ ထင်ရမလိုပါပဲ။ သို့သော် ညင်သာစွာ အဆက်မပြတ်တိုက်ခတ်နေသော လေက နောက်ဆုံး အင်အားကြီး ကျောက်တောင်ကြီးကိုပင် အစွမ်းမဲ့သော ကျောက်မုန့်အစအနကလေးများဖြစ်အောင် ခြေမွပစ်နိုင်ကြောင်း ပုံပြင်မှာ အဖြေပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်တွင်လည်း လေကဲ့သို့ တည်ငြိမ်ညင်သာမှုရှိ၏။ ပြီးတော့ အဆက်မပြတ်သော ၀ိရိယရှိသည်။ အမိုက်မှောင်သည် ကျောက်တောင်ကဲ့သို့ ရှိပါစေ။ ဒေါ်အောင်ဆန်းစုကြည်က ခြေလွှင့်ပစ်နိုင်လိမ့်မည်ဟု ကျနော်မျှော်လင့်ထားပါ၏။

ထို့အပြင် ...

မြန်မာပြည် ဂုဏ်သိက္ခာမဲ့စေမည့်ကိစ္စများအား တားဆီးနိုင်မည့်သူအဖြစ်လည်း ခံယူမိပါသည်။ မြန်မာပြည်သည် အာရှတွင် ထွန်းတောက်ခဲ့ရာမှ ပြည်တွင်းရေးပြဿနာများကြောင့် နောက်တန်းရောက်ခဲ့ရသည်။ သံထည်ကောင်းပါလျက် ထုတ်မသုံးနိုင်လို့မို့ သံချေးတွေတက်ကာ တုံးသလို ဖြစ်နေရသော ဓားတစ်စင်းလို ခံစားမိသည်။ ထိုဓား၏ ထက်မြက်မှုကို အသစ်ပြန်ဖြစ်စေရန်တော့ ကျနော်တို့အားလုံး ကြိုးစားကြရပါမည်။ ယင်းသို့ ကြိုးစားရာတွင် ဒေါ်ဆောင်ဆန်းစုကြည်မှာ ဦးဆောင်သူနေရာက ပါဝင်နိုင်လိမ့်မည်။ ကမ္ဘာတွင် ၀င်ဆန့်သော သူ့အရည်အသွေးများဖြင့် မြန်မာတည်းဟူသော ဓားတစ်စင်း ပိုမိုတောက်ပအောင် ထည့်ဝင်သယ်ပိုးမှုများစွာ ပြုနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ထိုသို့ ယုံကြည်သောကြောင့်လည်း မြန်မာ့ ကျက်သရေဆောင်ဟု ကျနော် တင်စားမိခဲ့ခြင်းဖြစ်ပါလေတော့သည်။

**သွန်းနေစိုး **

NLD အပေါ်၈၈ကျောင်းသားမျိုးဆက်သစ်များရဲ့သဘောထား

ကြားဖြတ်ရွေးကောက်ပွဲနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပါတီမှတ်ပုံတင်ခြင်းအပေါ်နှင့်ပါဝင်ယှဉ်ပြိုင်ခြင်းအပေါ်
၈၈မျိုးဆက်ကျောင်းသားများ၏သဘောထားကို တင်ပြလိုက်ပါတယ်။ 
 
 
 
လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့်ပတ်သက်၍
၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
 
ရက်စွဲ။ ။ ၅.၁၂.၂၀၁၁
 
(၁) ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်နှင့်လူထုကောင်းစားရေး၊ တပ်မတော်နှင့်ပြည်သူအကြား စိတ်ဝမ်းမကွဲ ချစ်ကြည်စေရေးအတွက် သဘောထားကြီးစွာ အားထုတ်ကြိုးပမ်းနေသည့်  လူထုခေါင်းဆောင်နေရာတွင် ခိုင်ခိုင်မြဲမြဲ ရပ်တည်နေဆဲဖြစ်သည်ဟု မိမိတို့မှ ယုံကြည်သည်။
 
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ပြီး လာမည့်ရွေးကောက်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ် ချက်ချခဲ့ခြင်းသည် ၄င်းတို့ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အထွေထွေသဟဇာတဖြစ်ရေး တို့အတွက် သင့်တော်မည်ဟုထင်သည့် လမ်းကို ပါတီဝင်အများစု၏ဆန္ဒအရ ရွေးချယ်လျှောက်လှမ်းလိုက်ခြင်းသာ ဖြစ်သည်ဟု မိမိတို့ မှ လေးစားစွာဖြင့် ရှုမြင်နားလည်သည်။
 
(၃) မိမိတို့အနေဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ သံဃာ့ခေါင်း ဆောင်များနှင့်နိုင်ငံရေးအကျဉ်းသားပေါင်း မြောက်များစွာ အကျဉ်းထောင်ထဲတွင် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရဆဲ ဖြစ် သောကြောင့် ယခုလာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တစုံတရာ ထည့်သွင်း စဉ်းစားနိုင်လိမ့်မည် မဟုတ်ပါ။
 
(၄) ထိုသို့ဆုံးဖြတ်သည်နှင့်အညီ လာမည့်ရွေးကောက်ပွဲအတွက် ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများမှ မည်သူတဦးတယောက်ကိုမျှ ၈၈မျိုးဆက်ကျောင်းသားများအား ကိုယ်စားပြု၍ နိုင်ငံရေးပါတီတခုခုသို့ ကိုယ်စား လှယ်ပေးခြင်း၊ ၀င်ရောက်ယှဉ်ပြိုင်စေခြင်းများအား ပြုမည်မဟုတ်ပါ။ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် မဟုတ်ဘဲ၊ မိမိတို့တဦးချင်း သဘောဆန္ဒအလျောက် ရွေးကောက်ပွဲဝင်ခြင်းအပေါ် သဘောထား မှတ်ချက် တစုံတရာပေးရန် မရှိပါ။
 
(၅) လက်ရှိအစိုးရအနေဖြင့် တိုင်းပြည်အကျိုးအတွက် မတူတာတွေ ခဏဖယ်ထားပြီး တူတာတွေတွဲလုပ်မယ်ဆိုသည့် သမ္မတ၏စကားကို လက်တွေ့အကောင်အထည်ပေါ်စေရေးအတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် လိုအပ်နေပါသည်။
            ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်လာမှသာလျှင် တိုင်းပြည်အတွက် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး၊ ပြည်တွင်းစစ်ပြဿနာနှင့် နိုင်ငံရေးပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့်ဆုံးဖြတ်ချက်များ မှန်ကန်ပြည့်စုံစွာချနိုင်လိမ့်မည် ဖြစ်သည်။
            သို့မှသာ တိုင်းပြည်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းပေါ်တွင် တဦးနှင့်တဦး အပြစ်မမြင်ဘဲ သံသယကင်းစွာ အတူတကွ လက်တွဲ ရပ်တည်နိုင်ကြလိမ့်မည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်လိုက်သည်။       
 
 
ထွန်းမြင့်အောင်                            စိုးထွန်း
 
မြတ်သူ                                       ကိုကိုကြီး(စမ်းချောင်း)
 
 
၈၈ မျိုးဆက်ကျောင်းသားများ