Wednesday, January 18, 2012

အညတရအကျဉ်းသားရဟန်းတော်များ (၁၁) ဦးဝိစိတ္တာဘိဝံသ (ခ) ဆရာတော်ဝီရသူ

အရှင်ပညာနန္ဒ
ဇန်န၀ါရီ ၁၈၊၂၀၁၂

(၁)
သံဃာတွေကိုဖမ်းတာထက် သံဃာတွေခြုံထားတဲ့ ဘုရားအရေတော်ကို ဆုတ်ဖြဲတာ စွန့်ခွာပစ်တာက ပိုပြီးအကုသိုလ်ကြီးတယ်၊ ပိုပြီး အပြစ်ကြီးတယ်၊ ပိုပြီးကြောက်စရာကောင်းတယ်ဆိုတာကို သမတကြီးနှင့်တကွ ခေတ်အဆက်ဆက်မှာတက်လာမယ့် အစိုးရတွေသိစေ ချင်လို့ ဦးဇင်းဒီအတိုင်း (ပိတ်ဖြူဝတ်) နေတာလေ။ အဲဒါကြောင့်ပါလို့ပြောတဲ့ဆရာတော်ကတော့ ဇန်န၀ါရီ (၁၃) ရက်နေ့က သမတရဲ့ စတုထ္ထအကြိမ် မြောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မြစ်ကြီးနားထောင်ကလွတ်လာတဲ့ ဆရာတော်ဦးဝိစိတ္တဘိဝံသ (ခ) ဆရာတော်ဝီရသူပါ။

မစိုးရိမ်ဆရာတော် အရှင်ဝီရသူဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည် ကုလား-ဗမာ အရေးအခင်းအတွင်း အဓမ္မဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇/၂၀၊ ၅ည၊ ၂၉၅/က၊ ၈ (၁) တို့နဲ့ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရကာ ပထမ မန္တလေးထောင်၊ အိုးဘိုထောင်နဲ့ အခုနောက်ဆုံး မြစ်ကြီးနားထောင်တွေမှာ အကျဉ်းချခံခဲ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရရှိချိန်မှာ ထောင်တွင်း ၈ နှစ်နဲ့ ၃ လနေခဲ့ရပြီး ဖြစ်ပါတယ်။

ဆရာတော်နဲ့ပတ်သက်လို့ သူရဲ့တပည့်တပါးက ဒီလိုပြောပြပါတယ်။

ဆရာတော်ဟာ သူ့တိုင်းပြည်ကို အရမ်းချစ်တယ်။ သူ့သာသနာကို သူ အရမ်းမြတ်နိုးတယ်။ သူ့သာသနာ သူ့လူမျိုး သူ့တိုင်းပြည်အတွက် ဆိုရင် သူ့အသက်ကို အချိန်မရွေးပေးဆပ်ရဲတယ်။

၁၉၉၈ ခုနှစ် ၀န်းကျင်လောက်ကပါ။ ဆရာတော်ဝီရသူရေးသားတဲ့ ထေရ၀ါဒတိုက်ပွဲဆိုပြီး စာအုပ်တစ်အုပ်ထွက်လာတယ်။ စာအုပ်အရေ အတွက်ကနည်းတော့ မနည်းပဲ အလုအယက်ဝယ်လိုက်ရတယ်။ အဲဒီအချိန်က ဆရာတော်ဟာ တရားတွေကို ကျယ်ကျယ်ပြန့်ပြန့် မဟော သေးပါဘူး။ လေ့လာနေဆဲအချိန်ပေါ့။ သူသိသမျှ နားလည်သမျှကို ခေတ်အမြင်နဲ့ ရဲရဲရင့်ရင့် ရေးထားတာကို ဖတ်လိုက် မှတ်လိုက်ရတယ်။ ဝေဖန်စရာရှိတာကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရဲတဲ့သတ္တိရှိတယ်။ သူ့ရဲ့ဆရာ၊ သူ့ဒကာဒကာမတွေရဲ့မျက်နှာကိုလည်း မထောက်ဘူး။ ပြောစရာ ရေးစရာ ဝေဖန်စရာရှိရင် ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုရေးသားဝေဖန်လေ့ရှိတယ်။ အမှန်တရားအတွက် ဘယ်သူ့မျက်နှာကိုမှ မငဲ့ညှာ မထောက်ထားဘူး။ သူလုပ်ခဲ့တဲ့အလုပ်ကိုလည်း တာဝန်ယူရဲတဲ့သတ္တိအပြည့်ရှိတယ်။

သူ့ကိုသူ ဘာသာရေးခေါင်းဆောင် လူမျိုးရေးခေါင်းဆောင်လို့ အမြဲခံယူထားတယ်။ ရှင်ငယ်၊ သီလရှင်ငယ်၊ ကလေးငယ်တွေကို ခေါင်း ဆောင်နိုင်တဲ့အရည်အချင်းတွေရှိဖို့၊ ခေါင်းဆောင်နိုင်လောက်တဲ့ သတ္တိထူးတွေရဖို့ အမြဲတမ်း ဟောပြောစည်းရုံးခဲ့တယ်။ အပြောအဟော သက်သက်မဟုတ်ဘဲ သူကိုယ်တိုင်က ခေါင်းဆောင်ကောင်းပီသအောင် နေထိုင်နိုင်ခဲ့တယ်။ သူရဲ့ခံယူချက်က ဘယ်လောက်ထိ ပြင်းထန် သလဲဆိုရင် သူရေးခဲ့တဲ့ ထေရ၀ါဒတိုက်ပွဲစာအုပ်ထွက်ရှိတုန်းကပေါ့။ တော်တော်များများ (သက်ဆိုင်ရာ) က ဝေဖန်ကြတယ်။

အဲဒီအတွက် ဆရာတော်ဝီရသူ သူ့ရဲ့ထေရ၀ါဒတိုက်ပွဲ စာအုပ်နဲ့ပတ်သက်ပြီး တာဝန်ယူပြောခဲ့တဲ့ စကားတစ်ခွန်းက “အကယ်၍ သူရေးခဲ့တဲ့ ဒီစာအုပ်က တရားနဲ့မညီဘူး၊ နည်းလမ်းမကျဘူးဆိုရင်၊ သူရေးခဲ့တဲ့ အဲ့ဒီစာအုပ်တွေနဲ့အတူ၊ သူ့ကိုသူ မီးရှို့သတ်သေပါ့မယ်”တဲ့။ အဲဒီလိုလိုရဲရင့်ပြတ်သားတဲ့ဆရာတော်ပါ။

အဲဒီလို မဟုတ်မခံစိတ်ဓာတ်နဲ့ အာဏာပိုင်တွေကို ဆန့်ကျင်ပြောဆိုခဲ့တာတွေကြောင့် အာဏာပိုင်တွေရဲ့ အငြိုအငြင်ခံရပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခြင်းခံခဲ့ရပါတယ်။

(ဆရာတော်ရေးတဲ့ ထေရ၀ါရတိုက်ပွဲဆိုတဲ့စာအုပ်ဟာ အတော်နာမည်ကြီးပါတယ်။ တန့်ကြည့်တောင်ဆရာတော် တရားပြသပုံနဲ့ ပတ်သက် လို့ မြတ်ဗုဒ္ဓရဲ့ထေရ၀ါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် ၁၉၉၉ ခုနှစ်မှာ မန္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (၀ီရသူ) မစိုးရိမ်က ထေရ၀ါဒတိုက်ပွဲစာအုပ်နဲ့ဖော်ထုတ်လိုက်တဲ့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေကြားထဲမှာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရ ပြီး၂၀၀၀ ခုနှစ်မှာ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ၀န်ခံကတိပြုလက်မှတ်ရေးထိုးခဲ့ရပြီး တန့်ကြည်တောင် ရိပ်သာတွေ အပိတ်ခံရဘူးပါတယ်။ (လူလိမ်တွေ ပွေလီရှုပ်၊ တန့်ကြည့်တောင်ဇာတ်ထုပ်ဆိုတဲ့နာမည်နဲ့ Youtube မှာကြည့်ရှုနိုင်ပါတယ်)

(၂)
၂၀၀၃ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်အထက်ပိုင်းက မြို့လေးတစ်မြို့ဖြစ်တဲ့ ကျောက်ဆည်မြို့မှာ ဘာသာရေးအဓိကရုဏ်း တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဓိကရုဏ်းပြီးပြီးတဲ့နေ့မှာ ဦးဝီရသူရဲ့ဘာသာရေးတရားပွဲတွေ ပိတ်ပင်ခြင်းခံရပါတယ်။ ဦးဝိရသူလည်း မကြာခင် စစ်ထောက်လှမ်းရေးတွေရဲ့အဖမ်းခံရပြီး မန္တလေးနန်းတွင်းထောင်ကို ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။ ဆရာတော်အဖမ်းခံရတယ်ဆိုတာသတင်းထွက်သွားပြီး မကြာမီ တပည့်သံဃာအပါး ၆၀၀ လောက်က ဆရာတော်လွတ်မြောက်ဖို့အတွက် မန္တလေးနန်းတော်ကိုလိုက်သွားပါတယ်။ စစ်တပ်က ဘုန်းကြီးတွေကိုပိတ်တားလိုက်ပြီး သေနတ်တွေ မျက်ရည်ယိုဗုံးတွေနဲ့ပစ်ပြီး ဖြိုခွင်းခြင်းကြောင့် ဘုန်းကြီး (၃) ပါး ပွဲချင်းပြီး ပျံလွန်တော်တော်မူခဲ့ရပါတယ်။ သံဃာတော်များများ ဒဏ်ရာရပြီး ဘုန်းကြီးအပါး ၂၀ လောက် အဖမ်းခံရပါတယ်။ အကျဉ်းကျနေတဲ့ သီတင်းသုံးဖော်မိတ်ဆွေရဟန်းတော်တွေကိုတွေ့ဖို့ ကြိုးစားတဲ့ဘုန်းကြီးတွေလည်း ဘာသက်သေအထောက်အထားမှမရှိဘဲ ဖမ်းဆီးခံခဲ့ရ ပြန်ပါတယ်။

စစ်တပ်ရဲ့ခြိမ်းခြောက်မှုနဲ့ ဖိအားပေးမှုတွေကြောင့် မစိုးရိမ်ကျောင်းတိုက်က စာသင်သားရဟန်း အပါး ၂၀၀၀ လောက်လည်း သူတို့ရဲ့နေ ရပ်တွေကို ပြန်ခဲ့ကြရပါတယ်။ အဲဒီလို အဖမ်းအဆီးကြမ်းကြမ်းနဲ့ ဖမ်းပြီးတဲ့နောက်နေ့မှာ စစ်တပ်က မစိုးရိမ်ဘုန်းကြီးကျောင်းမှာ မျက်နှာ ပြောင်တိုက် ဆွမ်းကပ်ပွဲကျင်းပခဲ့ပြီး ဆွမ်းကပ်နေတဲ့ပုံတွေ သတင်းစာတွေထဲ ဝေေ၀ဆာဆာထည့်ကာ ဘာမှမဖြစ်လေဟန် လူသူမသိ အောင် ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ ကျောက်ဆည်မှာဖြစ်တဲ့အဓိကရုဏ်းနဲ့ မန္တလေးကအဖမ်းအဆီးသတင်းတွေကို လူသူမသိအောင် ဖုံး ကွယ်ဖို့ အာဏာပိုင်တွေဟန်ရေးပြလုပ်ဆောင်နေကြတာပါ။ စစ်တပ်ရဲ့ မမှန်မကန်လုပ်ရပ်တွေကြောင့် မြင်းခြံ၊ မိတ္ထီလာ၊ တောင်တွင်းကြီး နဲ့ ပခုက္ကူမြို့တွေမှာ ဘာသာရေးအဓိကရုဏ်းအသေးလေးတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ သံဃာတွေကို ဖမ်းဆီးနှိပ်စက်စော်ကားပြီးမှ တကယ့်ကိုဘာသာရေးကိုင်းရှိုင်းလေဟန် ဟန်ဆောင်နိုင်တာကတော့ စစ်အာဏာရှင်တွေရဲ့လှည့်ဖျားမှုတခုပါ။ တကယ့်ကိုအံ့သြဘွယ်ရှိ လေစွ။

တချို့မျက်မြင်သက်သေတွေရဲ့အဆိုအရ အဓိကရုဏ်းထဲပါဝင်တဲ့ သံဃာတချို့ဟာ သင်္ဃန်းအောက်မှာ ဘောင်းဘီဝတ်ထားကြောင်း၊ သူတို့ဟာ ဘုန်းကြီးအတုအယောင်စစ်သားတွေဖြစ်ကြောင်း ပြောဆိုကြပါတယ်။ လူအများကတော့ စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေးအကြပ် အတည်းတွေအပေါ်အာရုံစိုက်မှုလျော့နည်းသွားအောင်ရည်ရွယ်ပြီး ဘာသာရေးအဓိကရုဏ်းတွေကို ဖန်တီးခဲ့တယ်လို့ယူဆကြပါတယ်။ စစ်အာဏာရှင်တွေကလည်း ဒါမျိုးတွေအအကွက်ဆင်ပြီး ဘာသာရေးအဓိကရုဏ်းတွေဖန်တီးခဲ့ဘူးတာကိုး။

(၃)
သူအဖမ်းခံရတာနဲ့ပတ်သက်ပြီး DVB အင်တာဗျူးတခုမှာ ခုလိုပြန်လည်ပြောပြပါတယ်။ ဦးဇင်းကို အောက်တိုဘာ ၂၅ ရက်နေ့က ဖမ်း တယ်။ ၂၇ ရက်နေ့မှာ သံဃာတွေက ၀ီရသူလွတ်မြောက်ရေး ဒို့အရေးတောင်းဆိုတယ်။ အဲဒီအချိန်မှာ ပစ်ကြ ခတ်ကြတယ်။ ဒဏ်ရာရတဲ့ကိုယ်တော်တွေထောင်ထဲကိုရောက်လာတယ်။ ဟိုဒဏ်ရာဗလပွနဲ့ပေါ့နော်။ အဲဒီကိုယ်တော်တွေကို ထောင်က ရဲမြင့်ဦးဆိုတာရှိတယ်။ အဲဒီ ရဲမြင့်ဦးက ဦးဇင်းဦးသြဘာသကို ဂတုံး (ဦးခေါင်း) ကို စစ်ဖိနပ်ကြီးနဲ့တက်နင်းပြီး တအားရိုက်တယ်ဒကာကြီးရာ။ တကယ့်ရိုက်တာမှ စပါယ် ရှယ်ရိုက်တာ ဒကာကြီးရာ။ နောက်ပြီး ဆိုင်ကယ်မောင်းခိုင်းသလိုလုပ်ပြီး တန်းစီးတွေနဲ့ ဝိုင်းရိုက်တယ်။ နောက် ဒါက သံဃာအပေါ်မှာ ဆက်ဆံတာပေါ့။ နောက်ကျောင်းထိုင်ဘုန်းကြီးတပါးကို နားရင်အုပ်တယ်။ အင်မတန်မှကို ခေတ်ကြမ်းပါတယ်။ ဦးဇင်းတို့နေထိုင်ခဲ့ရတာ လေ။

ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ ဘုန်းကြီးတွေကိုရိုက်ဖို့ စစ်ဖိနပ်တွေနဲ့ကန်ကြောက်ဖို့ဆိုတာ အတော်လေးဝန်လေးတဲ့အလုပ်ပါ။ တွေး ကြည့်ရင်တောင် ကြောက်စရာကောင်းပါတယ်။ စစ်အာဏာရှင် မျက်ကန်းတွေမို့ လုပ်ရဲကြတာပါ။ ဆရာတော်ပြောတာတွေနားထောင်ပြီး အတော်လေးစိတ်ထိခိုက်မိပါတယ်။ ထောင်တွင်းမှာ အာဏာပိုင်တွေဆက်ဆံပုံနဲ့ပတ်သက်လို့ ဆရာတော်က ခုလိုဆက်ပြောပါတယ်။

အမှန်ကတော့ အပြစ်ရှိတယ်ဆိုလို့ရှိရင် အားလုံးဆုံးဖြတ်ပြီးမှ သင်္ကန်းချွတ်ရမှာမဟုတ်လား။ အခုဟာက ခေါ်သွားတာနဲ့တပြိုင်နက် သ င်္ကန်းဝိုင်းချွတ်ကြတယ်လေ။ ပြီးတော့မှ စစ်ဆေးတာ။ အဲဒီတခုကနေ စဖောင်းတာပေါ့နော်။ နောက်သိက္ခာမချသေးဘဲနဲ့ ဦးဇင်းတို့က သူတို့ အောက်မှာထိုင်ရပြီး သူတို့က ဦးဇင်းတို့အပေါ်မှာထိုင်ပြီးတော့ ဖင်ပုတ်ခေါင်းပုတ်ပေါ့ဗျာ။ ဟိုထိ ဒီထိ မထိတထိပေါ့ဗျာ။ စကားပြောတာ အကုန်လုံး အဲဒီလိုပေါ့နော်။ ဦးဇင်းက သူတို့သုံ့ပန်းလေးလိုဖြစ်သွားတာပေါ့။ ဒါက စစ်ကြောရေးကာလမှာပေါ့။ နောက်အမှုရင်ဆိုင်တဲ့ အခါကြတော့ ဦးဇင်းက ထောင်ထမင်းဟင်းနဲ့ ဦးဇင်းအစာအိမ်နဲ့က လုံးဝမဖြစ်ဘူး။ ဒါကြောင့် အာရုဏ်ဆွမ်း လုံးမစားတော့ဘဲနဲ့ နေ့ဆွမ်း တနပ်ဘဲစားတာပေါ့ဗျာ။ အဲဒါကို ဧကာသနိက်ဓုတင်ဆောင်တယ်လို့ခေါ်တာပေါ့။ အဲဒီဓုတင်ဆောင်တဲ့အခါမှာ SB နှစ်ပွင့် ဦးသန်းစိန်က ထောင်ထဲမှာဘုန်းကြီးမရှိဘူး။ အလိုမလိုက်ရဘူး။ သူ့ အပြစ်နဲ့ သူကျလာတာ။ ဆွမ်းစားချိန်တွေ ဘာတွေမလိုဘူး။ ဒီအတိုင်းဘဲ ပစ်ထား ရမယ်။ သူ့အတွက် ဆွမ်းထုပ်တွေ ယူပေးနေစရာမလိုဘူး။ သူဟာ အကျဉ်းသားဖြစ်သွားပြီ။ အဲဒီလိုနည်းမျိုးစုံနဲ့ ၀ိုင်းပြီးနှိပ်ကွပ်ကြတာပေါ့ နော်။

နောက်ဆိုလို့ရှိရင် အချုပ်ကားကြီးပေါ်တက်လိုက်တာနဲ့တပြိုင်နက် ဟို-တကယ့်ရဲသား ဧရာမဆူမိုနဘန်းသမားကြီးလို အကောင်ကြီးတွေ ငှားထားပြီးတော့ ၀ါးရင်းတုတ်ကြီးတွေနဲ့ ဦးဇင်းခေါင်းပေါ်မိုးထားပြီးတော့ ဦးဇင်းက လက်ထိပ်ခပ်လျက်နဲ့ ဂုတ်ပေါ်မှာလက်နှစ်ဘက်ကိုတင်ထားပြီးတော့ သူတို့ဒူးခေါင်းရဲ့ကြားထဲမှာ ငုတ်တုတ်ကြီးထိုင်လိုက်လာခဲ့ရတယ်ခဲ့ရတယ်ဒကာကြီးရာ။ အဲလောက်ထိအောင်ပါ။

ဦးဇင်းကို အသံနက်ကြီးနဲ့ အမိန့်တွေပေးပြီးတော့ စေခိုင်းတာတွေလဲရှိတယ်ပေါ့နော်။ အင်မတန်မှကို ကြောက်ဖွယ်ကောင်းပါတယ်။ ဒါက စစ်ကြောရေးကာလမှာပေါ့နော်။ အကျဉ်းသားဖြစ်သွားတဲ့အခါကြတော့ ထောင်ထဲမှာဘုန်းကြီးမရှိဘူး။ ရဟန်းသံဃာဆိုတာ ထောင်ထဲမှာ လုံးဝမရှိဘူး။ အရှင်ဘုရားနဲ့ တပည့်တော်မပြောရ။ ဦးဇင်းနဲ့ဒကာကြီး မပြောရ။ ဘုန်းကြီးလို ပုဆိုးကို သင်္ကန်းကြီးလို လိပ်ပြီးမ၀တ်ရ။ ခေါင်း တုံးမတုံးရ။ ဘုန်းကြီးဘိနပ်မစီးရ။ နည်းမျိုးစုံနှိပ်ကွပ်ခံရတာပေါ့ဒကာကြီးရာ။ ကိုယ်ထိလက်ရောက် လက်သီးနဲ့လည်းအထိုးခံရပါတယ်။

ထောင်တွင်းမှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာရဟန်းတော်တွေကို ကိုယ်ထိလက်ရောက်စော်ကားနေကြတာပါ။ တကယ့်ကို ကြေကွဲစရာ ၀မ်းနည်းစရာကောင်းလှပါတယ်။ ဒီလို စစ်အစိုးရမျိုးအောက်မှာ ဗုဒ္ဓဘာသာဆိုတာ ပျောက်ကွယ်သွားနိုင်ပါတယ်။ အနာဂတ် သာသနာအတွက် ရင်လေးစရာပါ။

(၄)
ခုတော့ဆရာတော်ဝီရသူဟာ မြစ်ကြီးနားထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါပြီ။ တပည့်စာသင်သား သံဃာတော် တွေ၊ ဒကာ ဒကာမတွေ ၀မ်းနည်း ၀မ်းသာဖြစ်ကြရပါတယ်။ ခုချိန်ထိဦးဇင်းသင်္ကန်းပြန်မ၀တ်သေးပါဘူး။ ပိတ်ဖြူဝတ်ထားဆဲပါ။ ဒီလိုနေ ထိုင်ခြင်းဟာ အကျဉ်းသားလွတ်မြောက်ရေးအတွက် တောင်းဆိုနေတာပါ။ သူတို့အနိုင်ကျင့်ပြီး သိက္ခာဘယ်လောက်ချချ သင်္ကန်းတွေဘယ် လောက်ဆွဲချွတ်ချွတ် သိက္ခာက မကျဘူးလေ။ ရုပ်ပုံလွှာက အဓိကမဟုတ်ဘူး။ သိက္ခာက အဓိကပါ။ ထောင်ထဲမှာလဲ ရဟန်းသိက္ခာနဲ့အညီ နေထိုင်ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ထောင်ထဲမှာကျန်နေသေးတဲ့ မလွတ်မြောက်သေးတဲ့သံဃာတော်တွေ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့အကျဉ်း သားတွေလွတ်မြောက်ဘို့အတွက် ဆက်လက်လုပ်ဆောင်သွားမှာပါလို့ မိန့်ကြားသွားပါတယ်။ ဆရာတော် ကိုယ်စိတ်နှစ်ဖြာ ရွှင်လမ်းချမ်း မြေ့ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်ဘုရား။

နောက်ဆက်တွဲ
မစိုးရိမ်နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသခေါ် စာရေးဆရာ ၀ီရသူ၏
ထေရုပ္ပတ္တိအကျဉ်း (၁၉၆၈- )

● ဆရာတော်ကို ၁၃၃၀ ပြည့်နှစ် ဝါဆိုလပြည့်ကျော် (၁)ရက် (၁၉၆၈ခု ဇူလိုင် ၁၀ရက်) ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ အောက်ချိုက်ရပ် ခမည်းတော် ဦးခင်မောင်ဝင်း၊ မယ်တော် ဒေါ်တင်တင်ဦးတို့မှမွေးဖွားသည်။

● ကျောက်ဆည်မြို့ အမှတ် (၆) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၈ တန်းအောင် သည်အထိ ပညာသင်ယူခဲ့ပြီး ၁၃၄၆ခု တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့ ရွှေလှံတောင်ဆရာတော်ကို ဥပဇ္ဈာယ်ပြုပြီး သီလရှင် ဆရာကြီး ဖွားမာလာထေရီ၏ ပစ္စယနုဂ္ဂဟခံယူကာ ရှင်သာမဏေဖြစ်ခဲ့ပြီး ပရိယတ္တိစာပေများကို ဆည်းပူးလေ့လာခဲ့သည်။

● ၁၃၄၇ အောင်-ဇေ-ယျ-တုနှစ် ပထမ၀ါဆိုလဆန်း ၁၅ ရက် ဗုဒ္ဓဟူးနေ့ ကျောက်ဆည်မြို့၊ မင်းကုန်းမဟာစာသင်တိုက် ပဓာနနာယက ဆရာတော် ဦးဇနိတာဘိဝံသထံတွင်ရောက်ရှိကာ ပရိယတ္တိစာပေကိုအခြေခံမှစပြီး ၀ိနည်းငယ်လေးစောင် ပါရာဇိကပါဠိတော်ပါ စိတ်ပါဠိ တော်နှင့် ပထမပြန်ဆိုင်ရာကျမ်းဂန်ကြီးငယ်တို့ကို သင်ယူခဲ့သည်။

● ၁၃၅၀ ပြည့်နှစ် ပထမ၀ါဆိုလပြည့်ကျော် ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ကျောက်ဆည်မြို့၊ လေသာကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦးဇ၀နဗုဒ္ဓိကို ဥပဇ္ဈာယ်ပြုပြီဦးစံထွန်း ဒေါ်မြချစ်နှင့် ဦးသန်းဝင်း + ဒေါ်အေးချိုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရဟန်းအဖြစ်သို့ရောက်ရှိခဲ့ပါ သည်။

● ၁၃၆၁ ခု၊ ၉၃ ကြိမ်မြောက် ပရိယတ္တိသာသနဟိတ (သကျသီဟ) စာမေးပွဲသီးခြားစာချတန်း၌ အဋ္ဌကထာသုံးကျမ်းကို ဖြေဆိုအောင်မြင် တော်မူသဖြင့် ပရိယတ္တိသာသနာဟိတ (သကျသီဟ) ဓမ္မာစရိယဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်ပူဇော်ခံယူခဲ့သည်။

● ၁၉၉၁ ခုနှစ်မှာ မန္တလေး မစိုးရိမ်တိုက်သစ်သို့ရောက်ရှိခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ မစိုးရိမ် နာယက ဆရာတော်ဖြစ်လာခဲ့သည်။ ဒီအတောအတွင်း အမျိုးအတွက်ဆို သေရဲတယ်၊ မင်းသုံးပါးစစ်ဆင်ရေး၊ အဆင်သင့်ရှိပါစေ။ မိခင်ရွာကသာသနာ၊ နောက်မကျစေနဲ့၊ သိင်္ဂါလဇတ် စသည့် တရားတော်များကိုဟောကြားပြီး သာသာတော်အရှည်တည်တန့်ရေး စာပေးများကို ဝီရသူ (မစိုးရိမ်)၊ အရှင်ဝိစိတ္တဲ (ကျောက်ဆည်) ဟူ သော ကလောင်အမည်တို့ဖြင့်လည်း ရတနာပုံသတင်းစာ၊ ဘာသာရေးမ္ဂ္ဂဇင်းတို့၌ ဘာသာရေးစာပေးတွေရေးသားခဲ့သည်။ ရန်ကုန်ဗဟန်း ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ရွှေရတုအထူးထုတ်စာစောင်၌ ရတနာတို့၏သခင် ပရိယတ္တိသာသနဟိတ (သကျသီဟ) အသင်း ကြီး၏ နှစ် ၁၀၀ ပြည့် အထူးထုတ်စာစောင်၌ ပရိယတ္တိအလင်းရောင်ဟူသောခေါင်းစဉ်ဖြင့် စာပေဆောင်းပါး၊ ထေရဝါဒတိုက်ပွဲ၊ (ထေရ၀ါဒတို့ တိုင်ပြည်နှင့် ပရိယတ္တိရွှေချိန်ခွင်) စာအုပ်များကိုရေးခဲ့သည်။

လူထုကြိုက်တဲ့ သမတမို့ ...


ကာတွန်း - ကူမိုးကြိုး
ဇန်န၀ါရီ ၁၈၊ ၂၀၁၂

"အခုမှ နိုင်ငံရေး လုပ်ခွင့်ရတာ" လို့ ဒေါ်ဖြူဖြူသင်း ပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်နေရာ ၄၈ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၄ ဦးကို ထုတ်ပြန်ပြီးဖြစ်ရာ ထိုအထဲတွင် အမျိုးသမီး ၁၂ ဦး ပါဝင်သည်။
HIV ပိုး ကူးစက်ခံထားရသူများကို အကူအညီပေးနေသူ ဒေါ်ဖြူဖြူသင်းလည်း မင်္ဂလာတောင်ညွန့် မြို့နယ်မှ NLD ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

NLD သည် စတင် တည်ထောင်စဉ်ကတည်းက အာဏာပိုင်တို့၏ ဖိနှိပ်မှုအမျိုးမျိုးကိုခံခဲ့ရပြီး ယခုအချိန်တွင်
နိုင်ငံရေးလုပ်ခွင့် ရရှိလာပြီဖြစ်ခြင်းကြောင့် နိုင်ငံရေးလောကတွင်းသို့ ဝင်ရောက်ကာ ပြည်သူများ၏ လိုအပ်ချက် များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးရန် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု မဇ္ဈိမ၏ အမေးကို ဖြေကြားသည်။

အသက် ၄ဝ ခန့်ရှိ မဖြူဖြူသင်းသည် ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။

ဒေါ်ဖြူဖြူသင်းနှင့် ပတ်သက်၍ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဖြူဖြူက တကယ်ပဲ ပြည်သူ့အကျိုး ထမ်းဆောင်ချင်တဲ့စိတ် ရှိရုံမကဘူး၊ ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိတယ် ဆိုတာကို သက်သေနဲ့ကို ပြနိုင်လို့ ကျမတို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။" ဟု အင်္ဂါနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲတွင် ပြောဆို သွားသည်။

မဖြူဖြူသင်းကို ရွေးကောက်ပွဲဝင်ဖြစ်ပုံ၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများ စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်း ဖြစ်သည်။
phyuphyuthin
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းနှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို အတူတွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

အခုဆိုရင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် NLD က အတည်ပြုလိုက်ပြီဆိုတော့
အောင်နိုင်ရေး အတွက် ဘာတွေ လုပ်နေပါသလဲ။

"အခုကတော့ ပြင်ထားတာကတော့ နှစ်ပိုင်းရှိတယ်။ မြို့နယ်အလိုက် တိုင်းအလိုက် ပြင်ဆင်ထားကြပါတယ်။ အစည်းအဝေးတွေ လုပ်ကြတယ်ပေါ့။ အခုလောလောဆယ်တော့ မြို့နယ်အောင်နိုင်ရေး ရုံးခန်းတွေ ဖွင့်နိုင်ဖို့
ပြင်ဆင်နေတယ်။ မြို့နယ် အောင်နိုင်ရေးအတွက် ကျမတို့ ဖွဲ့စည်းထားတာ ရှိပါတယ်။ သူတို့နဲ့ ပူးပေါင်းပြီးတော့ရွေးကောက်ပွဲအောင်နိုင်ဖို့ ဝင်လုပ်သွားမှာပါ။"


ဝင်ပြိုင်ရမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်မှာကော စည်းရုံးရေး ဘာတွေ လုပ်နေပြီလဲ။

"ကျမတို့ အောင်နိုင်ရေးအတွက် အရှိန်အဟုန်ပြင်းပြင်းနဲ့ကို လုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ အဓိက ကတော့ မင်္ဂလာတောင်ညွန့်မြို့နယ် အတွက်ကို မြို့နယ်စည်းနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ပါမယ်။ လက်ရှိအခြေအနေမှာတော့ မင်္ဂလာတောင်ညွန့်မြို့နယ်က NLD လူငယ်တွေကလည်း သက်ဆိုင်ရာ ရပ်ကွက်တွေကို ဆင်းပြီးတော့ ပြည်သူတွေ နဲ့ နီးနီးစပ်စပ်ဖြစ်အောင် လုပ်နေပါပြီ။"


ကိုယ်တိုင်ကကော ကိုယ့်မဲဆန္ဒနယ်အတွက် စည်းရုံးရေးမဆင်းသေးဘူးလား။

"မြို့နယ်အောင်နိုင်ရေးက လိုအပ်ချက်တွေကို ကျမတို့ လုပ်ရမယ့် အလုပ်တွေ၊ သူတို့လုပ်ရမယ့်အလုပ်တွေ ခွဲဝေရဦးမယ်ပေါ့။"


မင်္ဂလာတောင်ညွန့်မှာ ဦးသုဝေတို့လို နိုင်ငံရေးသမားကြီး၊ နောက် ကြံ့ခိုင်ရေးပါတီ၊ တစည တို့လို အင်အားကြီးတွေ ပါဝင်ပြိုင်မယ်ဆိုတော့ ကိုယ့်ပြိုင်ဘက်တွေကိုနိုင်ဖို့ အလားအလားကိုကော ဘယ်လိုမှန်းလဲ။

"ကျမတို့မှာ အင်အားတွေ အများကြီးရှိတယ်။ မြို့နယ်အဆင့် ရပ်ကွက်အဆင့် အားလုံး ထိုးဖေါက်ပြီး လုပ်နေတာဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူလူထု အားလုံးကလည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လိုက်ပါဖို့ ပြည်သူတွေ လည်း အသင့်ရှိတယ်လို့ တွေ့ရတယ်။ ကျမတို့ ဒီလိုဝင်ပြိုင်တယ်ဆိုကတည်းက အောင်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တဲ့အတွက် အောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။"


ဒီနေ့ပဲ မင်္ဂလာတောင်ညွန့်ရုံးခန်း ဖွင့်တယ်ပေါ့။ အဲဒီ ကိုယ့်မဲဆန္ဒနယ်က လူတွေကကော ကိုယ့်အပေါ်မှာ စိတ်ဝင်တစားရှိကြလား။

"မင်္ဂလာတောင်ညွန့်ကလည်း ဒီမိုကရေစီအရေးအတွက်ကို တော်တော်လေး အားတက်သရော ဖြစ်နေတာကို
မြင်ရတော့ တော်တော်လေး အားတက်တယ်။ အဲဒီတော့ သိပ်ပြီးတော့ စိုးရိမ်စရာမတွေ့ဘူး။ အရင်လူဟောင်းတွေ ကလည်း ပူးပေါင်းကူညီတာတွေ့ရတော့ အတော်လေး ဝမ်းသာဖို့ကောင်းတယ်။ အဲဒီတော့ ကျမတို့ သွားနေတဲ့ လမ်းကြောင်းကို ညီညီညွတ်ညွတ်နဲ့ သွားနိုင်လိမ့်မယ်လို့ မြင်တယ်။"


အခုလို ရွေးကောက်ပွဲဝင်ပြိုင်တာကြောင့် ပြည်သူအတွက် ဘာလုပ်ပေးနိုင်မယ်လို့ ယူဆသလဲ။

“ ကျမတို့ နိုင်ငံရေးလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ အခက်အခဲကို တတ်နိုင်တဲ့နည်းနဲ့ ဖြေရှင်းပေးချင်တာပါ။
နိုင်ငံရေးဆိုတာလည်း နိုင်ငံထဲမှာရှိတဲ့ အရေးမှန်သမျှကို လုပ်ကိုင်ချင်တာပါ။ ကျမတို့ ဒီမှာလည်း ၁၉၉၀ ကနေ ဒီနေ့အထိ ပါတီနဲ့ တတ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ၂၀၀၂ လူထုအကျိုးပြု HIV လုပ်ငန်းတွေကို ကျမတို့ တတ်နိုင်သလောက် အင်အားနဲ့ ကျမ တတ်နိုင်သလောက် လုပ်ဆောင်ခဲ့တယ်။ ရှေ့ဆက်ပြီးတော့ လုပ်ခွင့်ရမယ် လုပ်နိုင်မယ်ဆိုရင်တော့ ကျမတို့နိုင်ငံမှာ အများကြီးပါ။"


NLD ဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ ဒါမှမဟုတ် အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်လား။

"ကျမတို့ အခက်အခဲတွေကို အကုန်လုံးလုပ်ပေးမယ်၊ လုပ်ပေးနိုင်မယ်လို့တော့ ပြောလို့မရဘူးပေါ့။ နိုင်ငံရေးကို အခုမှ ကျမတို့က စလုပ်ရတဲ့သဘောပဲ။ ၁၉၉ဝ ကနေ ခုအထိ ကျမတို့ နိုင်ငံရေး လုပ်ရတယ်လို့ မရှိဘူး။ ဒီမိုကရေစီ အင်အားစုတွေ အကုန်လုံးက အမျိုးမျိုး ဖိနှိပ်ခံခဲ့ရတယ်။ နိုင်ငံရေး လုပ်ရတယ်လို့ မရှိဘူး။ အကုန်လုံးက အဖမ်းဆီးခံ ကြားထဲက လုပ်ခဲ့ရတာ။ ကျမအမြင်ကတော့ အခုမှ စပြီးတော့ နိုင်ငံရေးစပြီးတော့ လုပ်ခွင့်ရပြီပေါ့။ အခုမှ စလုပ်ရမှာဆိုတော့ ကျမတို့ဘက်ကလည်း ကျမတို့ တတ်နိုင်သလောက် ပြည်သူတွေနဲ့ မပြတ်ထိတွေ့မယ်။ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သလောက် ဖြေရှင်းပေးမယ်။ စွမ်းအားရှိသလောက် လုပ်ပေးသွားဖို့ကိုတော့ စဉ်းစားထားပါတယ်။"

ကိုကျော်ကိုကို(ဗကသ-ဥက္ကဋ္ဌ) နှင့် တွေ့ဆုံခြင်း

အသက် ၂၆နှစ် အရွယ်၊ စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ပညာသင်ယူနေဆဲကာလ ၂၀၀၇ခုနှစ်အချိန်တွင် ခံယူချက်တူ လူငယ်များကို စုစည်းခဲ့ပြီး ဗကသ(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဖွဲ့စည်း တည်ထောင်ခဲ့များအနက် တစ်ဦးဖြစ်ခဲ့သူ၊ ၂၀၀၇ခု စက်တင်ဘာလှုပ်ရှားမှု (ရွှေဝါရောင်တော်လှန်ရေးကာလ) ၌ ပါဝင်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ထိမ်းသိန်းခံရကာ ထောင်ဒဏ် ရှစ်နှစ်ကျခံခဲ့ရသူ၊ ပြည်ပအခြေစိုက် မီဒီယာများက ဗကသဥက္ကဋ္ဌဟု အမည်ရင်းနှင့် တွဲလျက် ရေးသားခံခဲ့ရသူ၊ ဇန်န၀ါရီလ ၁၃ရက်နေ့က နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ကြီးထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူ၊  လူငယ်ကျောင်းသားမျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနှင့် တွေ့ဆုံမေးမြန်းခဲ့သည် များကို ပြန်လည်တင်ပြအပ်ပါသည်။
kkk

မေး - ၂၀၀၇ခုနှစ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်။ ပါဝင်တဲ့နေရာမှာ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ)ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပါခဲ့တယ်။ ဗကသဆိုတာ အစဉ်အလာ ကြီးခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆၂ခုနှစ် နောက်ပိုင်းမှာ ပျောက်သွားခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ကိုမင်းကိုနိုင်တို့နဲ့ အတူ ပေါ်ခဲ့ပေမယ့် ထပ်ပြီး ပျက်သွားခဲ့ရပြန်တယ်။ ၂၀၀၇ခုနှစ်မှာတော့ ကိုကျော်ကိုကိုတို့ ဦးဆောင်ပြီး ထပ်ပေါ်ခဲ့ပါတယ်။ (ကို) အောင်ဝေး ရေးသလိုဆိုရင်တော့ ကိုဗဟိန်းမှသည် ကျော်ကိုကို အထိ။  တူညီတဲ့ စိတ်ဓာတ်တွေ။ ကိုကျော်ကိုကို အနေနဲ့ ၂၀၀၇ခုနှစ်မှာ ဗကသကို ဘာကြောင့် ပြန်ပြီး ဖွဲ့ဖြစ်ခဲ့တာပါလဲ။

ဖြေ - ၂၀၀၇ခုနှစ်၊ ကျောင်းသားသမဂ္ဂ ဗကသများအဖွဲ့ချုပ်ကို စတဲ့ ကိစ္စမှာပေါ့ ကျွန်တော်တို့က ပထမပိုင်းမှာ ကျောင်းသားထု တစ်ရပ်လုံးရဲ့ ကြားထဲမှာ မခံမရပ်နိုင်အောင် ဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်တွေပေါ့ နော်။ အနှိမ်ခံ၊ အချိုးခံရလို့ဆိုပြီး ကျောင်းသားတွေက ခံပြင်းတဲ့ ဒေါသတွေ ထွက်တယ်ပေါ့။ အဲဒီ ဒေါသတွေက နေရာအနှံ့မှာ စီးမျောတဲ့ အခါကျတော့ ပေါက်ကွဲမှုတွေ ဖြစ်လာနိုင်တယ်။ ဒါဟာ ပရမ်းပတာ ပေါက်ကွဲသွားလို့ရှိရင် ကျောင်းသားထုလည်း နာမည်ပျက်မယ်၊ သိက္ခာကျမယ်။ ကျောင်းသားထုအတွက် ဒီပေါက်ကွဲမှုအားလုံးကို Control လုပ်မယ်။ Lead လုပ်မယ်။ စုစည်းပေးပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်ပေးနိုင်တဲ့ အဖွဲ့အစည်းမျိုးက အဲဒီအချိန်ကာလမှာ မရှိသေးဘူး။ ဒီအဖွဲ့အစည်းမျိုးဖြစ်အောင် ကျွန်တော်တို့က ဖန်တီးရမယ်၊ ကြိုးစားရမယ်။ အဲဒီ အတွေးကို ရတယ်။ ရတဲ့အခါမှာ ကျွန်တော်က စီးပွားရေးတက္ကသိုလ် ရွာသာကြီးက။ အခြား သူငယ်ချင်းတွေကျတော့ ဒဂုံ တက္ကသိုလ်က ပါမယ်။ အနောက်ပိုင်း တက္ကသိုလ် ပါမယ်။ အရှေ့ပိုင်း တက္ကသိုလ်ပါမယ်။  ကွန်ပြူတာ တက္ကသိုလ်၊ GTC အစရှိသဖြင့်။ သူငယ်ချင်းတွေ အားလုံးက  အမေရိကန်စင်တာမှာ Book Club တစ်ခုဖွင့်တယ်။ အဓိက ကတော့ စာပေဆွေးနွေးပွဲလေး တစ်ခုပါပဲ။ အဲဒီမှာ ကျွန်တော်တို့ တိုင်ပင်ကြတယ်။ တိုင်ပင်ကြတဲ့ အခါမှာ ကျောင်းသားထုက ဘာတွေ မခံမရပ်နိုင် ဖြစ်နေလဲ၊ ဘာတွေ ဒေါသဖြစ်နေလဲ။ အစစ အရာရာပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတယ်။ ကုန်းဈေးနှုန်း ကြီးမြင့်လာတဲ့ ဂယက်က မိဘတွေက တစ်ဆင့် ကျောင်းသားတွေကို ရိုက်ခတ်လာတယ်။ တစ်ချို့ ကျောင်းသားတွေဆိုရင် ကျောင်းတက်ဖို့၊ ကျောင်းကို လာဖို့အတွက်တောင် လမ်းစရိတ် မဖူလုံတာတွေ ရှိလာခဲ့တယ်။ လမ်းစရိတ်ပေးလိုက်ရတဲ့ အတွက် တစ်နေကုန်ဘာမှ မစားရတော့တဲ့ ကျောင်းသားတွေ ရှိလာတယ်။ စာပေ သင်ကြားရေးအတွက် စာအုပ် စာတမ်း အခက်အခဲတွေ၊ ကျောင်းမှာလည်း အခြား facility မလုံလောက်မှုတွေ ရှိလာခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ ဖြစ်နေတဲ့ အထွေထွေ ပြဿနာကို ဖြေရှင်းဖို့ အတွက်ဆိုရင် ကျောင်းသားထုကို ကိုယ်စားပြုပြီး တောင်းဆိုတဲ့ ကျောင်းသား သမဂ္ဂဆိုတာရှိရမယ် ဆိုပြီးတော့ ကျွန်တော်တို့ အကြံ ထုတ်ကြတယ်။

အရင်တုန်းက သမဂ္ဂကို ပြန်ပြီးကြည့်တဲ့အခါ သမိုင်းအစဉ်အလာက ကြီးခဲ့တယ်ဗျ။ ၁၉၃၆ခုနှစ် ဒုတိယ ကျောင်းသားသပိတ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ(ဗကသ) ဆိုပြီး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီကမှ တစ်ဆင့် တောက်လျောက်မှာ ကျောင်းသားတွေရဲ့ လိုအပ်ချက်ကို တောင်းဆိုရင်းနဲ့ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ ဖိနှိပ်မှုကို တွန်းလှန်ရင်း ဗကသများ အဖွဲ့ချုပ်ဖြစ်ပေါ်လာခဲ့တယ်။ အဲတာတွေကို သွားတွေ့ရှိတယ်။ သွားတွေ့ရှိတော့ ကျွန်တော်တို့ လက်လှမ်းမီသလို စာအုပ်တွေ ဖတ်တယ်။ အရင် ဗကသဟောင်းမှာ ပါဖူးတဲ့သူတွေနဲ့ ချိတ်ဆက်တယ် အကြံဉာဏ်တွေယူတယ်။ လုပ်ပုံလုပ်နည်းတွေကို မေးတယ်။ မြန်းတယ်။ ဒါပေမဲ့ တကယ်တန်း ဖွဲ့တဲ့အခါကျတော့ ကျောင်းသားတွေပဲ၊ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေပဲ ဦးဆောင်ပြီးတော့ ဖွဲ့ကြတယ်။ အဲဒီထဲမှာ Founder ကတော့ လေးယောက်။ ဒီ လေးယောက်လုံးက အားလုံးလိုလို ထောင်ကျပြီးတဲ့အတွက် အခု အကုန်လုံး အသီးသီးပဲ ပြန်လွတ်လာကြ ပြီ။ ကျွန်တော် ပါတယ်။ ကိုစည်သူမောင်ကို အဓိက ခေါ်လိုက်တယ်။ ပြီးတော့ မဟန်နီဦးကို ခေါ်လိုက်တယ်။ ပြီးတော့ ကိုလင်းထက်နိုင် ဆိုတာ ခေါ်လိုက်တယ်။ ဒီလေးယောက် တိုင်ပင်လိုက်တဲ့ အခါကျတော့ နိုင်ငံခြား မီဒီယာကနေ မေးမယ်၊ မြန်းမယ်၊ ကြေညာချက်ထုတ်မယ် ဒါတွေ ရှိလာခဲ့တယ်။ ဗကသက ၂၀၀၇ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ ပြန်လည် ပေါ်ပေါက်လာပါတယ်။ အဲဒီနေ့ကို ဘာကြောင့် ရွေးရလဲဆိုတော့ ၁၉၈၈ခုနှစ်က ကိုမင်းကိုနိုင်တို့ ဗကသ ဖွဲ့စည်းခဲ့တဲ့ နေ့ကို အထိမ်းအမှတ် ဂုဏ်ပြုတဲ့ အနေနဲ့ သမိုင်းတန်ဖိုးရှိတဲ့နေ့ကို ကျွန်တော်တို့ ရွေးလိုက်တယ်။ ရွေးပြီးတော့ ကိုဒီငြိမ်းလင်း၊ နောက်တစ်ခါ မဖြိုးဖြိုးအောင်၊ ကိုရဲမြတ်ဟိန်း အစရှိတဲ့ ကျောင်းသားတွေကို ခေါ်ပြီးတော့ အသိပေးတယ်။ အသိပေးတယ်ဆိုတာက ဗကသ ဖွဲ့ပြီးသွားပြီပေါ့။ အဲဒီတော့တို့ ဆက်လုပ်ဖို့ အစီအစဉ်တွေ တိုင်ပင်ပြီး ဆွဲကြမယ်။ အဲဒီတုန်းက သံဃာထုက ရှေ့ထွက် မလာသေးဘူး။ ကျွန်တော်တို့က ကြေညာချက် ထုတ်တယ်။ စာဝေရင်းနဲ့ စာကြဲရင်းနဲ့ အခြေခံကျောင်းသားတွေ အပါအ၀င် ကျောင်းသားအားလုံးကို စည်းရုံးထားတယ်။ လက်လှမ်းမီသလောက်ကို နီးစပ်ရာ တူရာ တူရာစုထားတယ်။ အဖွဲ့တွေကို ဖွဲ့ထားတယ်။ အဲဒီကမှတစ်ဆင့် လူကြီးတွေ အပြင်မှာ ဘာလုပ်သလဲ ဆိုတာကို ကြည့်တယ်။ ၈၈ကျောင်းသားအဖွဲ့က လောင်စာဆီ အခက်အခဲ ဖြစ်ပေါ်လာတဲ့အချိန်မှာ လမ်းလျောက် ဆန္ဒပြတာတွေ ရှိလာတယ်။ သူတို့ မကြာခင်မှာ ပါသွားတယ်။ ဖမ်းဆီး ခံရတယ်။ သြဂုတ်မှာ ပါသွားတယ်။ ပါသွားတဲ့ အခါကျတော့ သမဂ္ဂအလံကို လဲမသွားအောင် ဆက်ထိမ်းဖို့၊ ဆက်ကိုင်ဖို့၊ ကျွန်တော်တို့ အဲဒီ ရည်ရွယ်ချက်နဲ့၊ သမဂ္ဂအလံကို ဆက်လွှင့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ထွက်မှ ဖြစ်တော့မယ် ဆိုပြီးတော့ အခြေအနေအရ လမ်းပေါ်ထွက်လာရတာ ဖြစ်ပါတယ်။ သံဃာတော်တွေကလည်း ပခုက္ကူက နေစပြီးတော့ သပိတ်မှောက် ကံဆောင်တဲ့အခါ ကျွန်တော်တို့ သံဃာတော်တွေ နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါပြီးတော့ ချီတက်ခဲ့ကြပါတယ်။

မေး။ ဗကသကို ဖွဲ့တဲ့အချိန်မှာ ကိုကျော်ကိုကိုရဲ့ အသက်က ၂၆နှစ်ရှိပါပြီ။ စီးပွားရေးတက္ကသိုလ်မှာ မဟာတန်းတက်နေစဉ်လည်း ဖြစ်ပါတယ်။ ဒါက ပညာရေးပိုင်းပါ။ နောက် ဗကသဖွဲ့ဖို အတွက် အခုစိတ်ကူးရ၊ အခုထလုပ်လို့လည်း မဖြစ်နိုင်ပါဘူး။ ဗကသဖွဲ့ဖို့ ရည်မှန်းထားတဲ့စိတ်က ဘယ်လို ကိန်းအောင်းခဲ့တာပါလဲ။  

ဖြေ - ဒီလိုဗျ။ ကျွန်တော်ရဲ့ ဘ၀တစ်လျောက်လုံးကို ငယ်ငယ်တည်းက သူများတွေလို ပြေးလွှား ဆော့ကစားတဲ့ အပိုင်းမှာ အားနည်းခဲ့တယ်။ အားနည်းတဲ့ အပိုင်းကလည်း ကျွန်တော့်ကို စိတ်မချလို့၊ မိဘတွေက အပြင်ကို ပေးမလွှတ်တာတွေ ဘာတွေပေါ့။ ကျွန်တော့် ကျန်းမာရေးကလည်း သိပ်ကောင်းတာ မဟုတ်တော့။ အဲလို အချိန်မျိုးမှာ အိမ်ထဲနေရင်း စာဖတ်တာတွေကို တလျှောက်လုံး လုပ်ခဲ့တယ်။ အိမ်မှာ စာအုပ်စာတန်းလည်း စုံတဲ့အခါကျတော့ ဟိုတုန်းက စာအုပ်အဟောင်းတွေ ပြန်ဖတ်မိတယ်။ အဲဒီထဲမှာ လက်လှမ်းမီသလို အိုးဝေမဂ္ဂဇင်းဟောင်းတွေ၊ ဟိုးရှေးခေတ်က သမဂ္ဂသမိုင်းတွေ၊ အဲတာ ပြန်လေ့လာမိတာလေးတွေ ရှိတယ်။ အဲဒီမှာ ideal ဖြစ်ဖို့ person တွေပေါ့နော်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ အစရှိသဖြင့် ရာဇ၀င်တွေကို လေ့လာတယ်။ လေ့လာရင်း ကျွန်တော် သူတို့ကို အားကျတယ်။ အားကျရတဲ့ အကြောင်းအရင်းက သူတို့ဟာ သမိုင်းပေးတာဝန်ကို၊ ပုခုံးပေါ်ကျလာတဲ့ သမိုင်းပေးတာဝန်ကို မငြီးမငြူ ထမ်းဆောင်ခဲ့ကြတယ်။ ဒါကြောင့်မို့ သူတို့ဟာ သမိုင်းမှာ တင်ကျန်ရစ်ခဲ့တဲ့ လူတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ရပ်ကို လူတွေက တသသနဲ့ ပြောကြတုန်းပဲ၊ ဆိုကြတုန်းပဲ။ ဒီလိုပြောကြ၊ ဆိုကြတာက သူတို့လုပ်ရပ်က အများပြည်သူအတွက် အကျိုးရှိလို့ပေါ့။ မှန်ကန်လို့ပေါ့။ ကျွန်တော်က အဲဒီလိုသွားပြီးတော့ ယုံကြည်လိုက်တယ်။ အဲဒီတော့ ကျွန်တော်လည်း လူငယ်ပီပီ၊ အဲဒီလို လူငယ်တွေကို အားကျချင်တဲ့ စိတ်ပေါ်ပေါက်လာတယ်။ ပြီးတော့ အခုခေတ်လူငယ်တွေရဲ့ သဘောတရားက လမ်းပျောက်နေတာ များတယ်ပေါ့နော်။ လမ်းပျောက်ရတဲ့ အကြောင်းတရားကလည်း အခြေအနေ အရပ်ရပ်ကြောင့်ပေါ့။ အထူးသဖြင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး စတဲ့ အခြေအနေ အရပ်ရပ်ကြောင့် ရှေ့ဆက်ရမယ့် အနာဂတ်ကို မမြင်ဘူး။ မှုန်ဝါးနေကြတယ်။ အဲတာက ကျွန်တော်တို့ နိုင်ငံအတွက် အလားအလာ မကောင်းဘူးဗျ။ သမိုင်းပေးတာဝန်က ဒီဟာကို အရင်ဆုံးဖယ်ခွာရမယ်။ အကြောက်တရားတွေ၊ ထိုင်းမှိုင်းမှုတွေ၊ လေးလံမှုတွေကို ဖယ်ခွာရမယ်လို့ ကျွန်တော်က ယုံကြည်လိုက်တယ်။ ဒါမှလည်း မျိုးဆက်တစ်ဆက်က တစ်ဆက် အဆင့်မြင့်လာမယ်ပေါ့နော်။ ကျွန်တော်က အဲလိုထင်တယ်။ ထင်တဲ့အတွက်ကြောင့် အဲဒီကိစ္စကို ကြိုးစားဆောင်ရွက်ဖို့ အစဉ်တစိုက် အတွေးထဲမှာရှိတယ်။ ကျောင်းမှာကတော့ တက္ကသိုလ်ကျောင်းသား ဘ၀မှာ လူမှုရေးအဖွဲ့လောက်ပဲ အဒီအချိန်မှာ ဖွဲ့လို့ရတာကိုး။ ကူညီမှုလေးတွေကို ကျွန်တော်တို့ စလုပ်တယ်။ သာရေးနာရေးတွေ စလုပ်တယ်။ တိုင်းရင်းသား ညီအစ်ကိုကျောင်းသားတွေရဲ့ ပွဲတွေကို လိုက်တတ်တယ်။ သူတို့လိုအပ်ချက်တွေ ဘာရှိလဲ၊ ကျွန်တော်တို့ လိုအပ်ချက်တွေ ဘာရှိလဲ။ အချင်းချင်း အပြန်အလှန် ပြောကြတယ်။ ကျွန်တော်တို့ စီးပွားရေး တက္ကသိုလ်ကျတော့ နယ်စုံတယ်ပေါ့လေ။ အဲတာတွေလုပ်ရင်း သူငယ်ချင်း မိတ်ဆွေတွေ ပေါများလာတယ်၊ သူတို့ခံစားချက်တွေနဲ့ ကျွန်တော်ခံစားချက်တွေ တစ်ထပ်တည်းကျတာ တွေရှိလာတယ်။ သူတို့က ဘယ်လိုလုပ်ရမလဲ ဆိုတာကိုသာ မသိကြ တာ။ ဒါနဲ့ အားလုံးညှိနှိုင်းပြီးတော့ သမဂ္ဂဆိုတာရှိရင် လမ်းစပေါ်ပြီ ဆိုပြီးတော့ အဲဒီအတွေးနဲ့ ရှေ့ဆက် လျှောက်ခဲ့ကြတာပါ။


မေး - ဗကသ ဥက္ကဋ္ဌနေရာတွက် တာဝန်ကို အာလုံးက ၀ိုင်းပေးခဲ့ တာလား။ ဒါမှမဟုတ် ကိုယ့်သဘောနဲ့ပဲ ယူခဲ့တာလား။

ဖြေ - ကျွန်တော့်ကိုယ် ကျွန်တော်တော့ ဥက္ကဋ္ဌဆိုပြီး မသတ်မှတ်ပါဘူး။ သဘောကတော့ ပြောရေးဆိုခွင့်ရတဲ့ လူတစ်ယောက်အနေနဲ့ပဲ အဖွဲ့က တာဝန်ပေးအပ်ထားတယ်။ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ်ဆိုပေမယ့်ပြောရင်း၊ ပြောရင်း ကနေ တဖြည်းဖြည်းနဲ့ ကျွန်တော်ပြောတဲ့ လိုင်းက  Policy Maker   ဖြစ်လာရ တယ်။ ကျွန်တော်လည်း ညှိနှိုင်းပြီး လုပ်တာပါ။ တစ်ယောက်တည်း မလုပ်ပါဘူး။ collective leadership အနေနဲ့သွားတာပါ။ သူတို့က ကျွန်တော့်ကို ဦးတည်ပြီးတော့ပဲ အစစ အရာရာပြော ခိုင်းတယ်ပေါ့နော်။ အဲဒီကစပြီးတော့ ပြည်ပ မီဒီယာတွေက ကျွန်တော့်ကို ရေးကြတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌဆိုပြီးတော့၊ ပြည်ပ မီဒီယာတွေက ပေးလိုက်တဲ့သဘော ဖြစ်သွားပါ တယ်။ ဒါပေမဲ့ ကျောင်းသားတွေက လက်ခံတယ် ဆိုပြီး အခုချိန်ထိတော့ ယုံကြည်ထားကြတယ်ပေါ့နော်။ ကျွန်တော်တို့ ကျောင်းသားတွေ အားလုံးပြန်လွတ်လာတော့မှ ဥက္ကဋ္ဌက ဘယ်သူ၊ ဒုဥက္ကဋ္ဌက ဘယ်သူဆိုပြီးတော့ ဆုံးဖြတ်ကြမယ် ထင်ပါတယ်။

မေး - ဗကသဖွဲ့ပြီး ခုနှစ်လလောက် အကြာမှာ အဖမ်းခံလိုက်ရတယ်။ ကိုဉာဏ်လင်းအောင်နဲ့ အတူ တွဲလျက်ဖမ်းခံလိုက်ရတယ်။ ဒီနောက်မှာ ပထမ သုံးနှစ် ထောင်ကျတယ်။ မကြာဘူး။ နောက်ထပ် သုံးနှစ် ထပ်တိုးတယ်။ တစ်ခါ နှစ် နှစ်ထပ်ပေါင်းတယ်။ အဲတာက ဘယ်လိုဖြစ်သွားခဲ့တာလဲ။ နောက်ပြီး ကိုကျော်ကိုကို ရင်ဆိုင်ခဲ့ရတဲ့ တရားစီရင်မှု အတွေ့အကြုံကို ပြောပြပါဦး။

ဖြေ - ကျွန်တော့်ကို စဖမ်းတဲ့အခါမှာ ကိုဉာဏ်လင်းအောင်နဲ့ တွဲပြီးတော့ ပေါ့နော်။ ၃၂(ခ)ဆိုတဲ့ ဗီစီဒီပေါ့။ တရားမ၀င် လိုင်စင်မဲ့ ကိုင်ဆောင်မှု ဆိုပြီးတော့ ဖမ်းတယ်ဗျ။ တော်တော်တော့ ရယ်စရာကောင်းတယ်။ ဘာလို့လဲဆိုတော့ အဲဒီဗီစီဒီဘာလဲဆိုတာ ကျွန်တော် မမြင်ဖူးဘူး။ ကြည့်လည်း မကြည့်ရဘူး။ ဖြစ်တဲ့ ပြဿနာက ကိုဉာဏ်လင်းအောင်လက်ထဲမှာ စီဒီတစ်ချပ်တွေ့တယ်ပေါ့။ အဲဒီဟာက အားလုံးအတွက် ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ အဲဒီအချိန် ကာလက လှုပ်ရှားမှုတွေအတွက် ၀ါဒဖြန့်ဖို့ လုပ်ထားတဲ့ ဗီစီဒီ အဲလိုမျိုး ပြောကြတယ်ဗျ။ ဒါက ရုံးတော်မှာ ကြားရတဲ့ သတင်း။ ကျွန်တော်က အဲဒီဗီစီဒီမှာ ဘာပါသလဲဆိုတာ ဒီနေ့အထိ မမြင်ဖူးဘူး။ ကြည့်လည်း မကြည့်ဖူးဘူး။ ဒါပေမယ့် ချိတ်ချင်တဲ့ အခါကျတော့ လှမ်းချိတ်လိုက် တာပဲ။ အဲဒီကိစ္စကြီးကလည်း ပြောရခက်တယ်။ အမှန်တကယ်တော့ လူကို ဖမ်းထာပါ။ ကိုမင်းကိုနိုင်ပြောသလိုဆိုရင် ဖမ်းတာကလည်း နိုင်ငံရေး၊ အခုလွှတ်တာကလည်း နိုင်ငံရေးပါပဲ။ အဲဒီသဘောပါပဲ။ အမှန်တကယ်က ၃၂(ခ)ဆိုတဲ့ ပုဒ်မကို ကျွန်တော်က လုံးဝ မကျူးလွန်ခဲ့ပါဘူး။ မကျူးလွန်ပေမယ့် ကျွန်တော့်ကို ဘာကြောင့် ဖမ်းဆီရသလဲဆိုရင် ဒီသမဂ္ဂနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လူကို လိုချင်တယ်။ လူကို ဖမ်းချင်တယ်။ လူကို ထိန်းထားချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်ကြီး ပါနေတယ်လို့ ကျွန်တော်ထင်တယ်လေ။ အဲဒီလိုနဲ့ ပထမဦးဆုံးအကြိမ် အင်းစိန်ထောင်မှာ ကျွန်တော်ထောင်ကျခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် ကျွန်တော် တောင်ကြီးထောင်ကို ပြောင်းသွားပါတယ်။ ပြောင်းရွှေ့ ခံရပြီးနောက်ပိုင်းမှာ အဲဒီအချိန်ကာလရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးရဲ့ ညွှန်ကြားချက်အရ ဆိုပြီး ကျောက်တံတား ရဲစခန်းကနေ တောင်ကြီးထောင်ကို ရောက်လာပြီး ပြန်လည် ခေါ်ဆောင်သွားတယ်။ ထပ်ပြီး အင်းစိန်ထောင်မှာ တရားရင်ဆိုင်ရတယ်။ အကြောင်းရင်းက ၂၀၀၇ခုနှစ် စက်တင်ဘာမှာ ဆူးလေဘုရားလမ်းမှာ တရားဟောခဲ့တယ်တဲ့၊ အဲဒီအချက်ရယ်၊ နောက် သမဂ္ဂဖွဲ့စည်းမှုဟာ သင်း/ဖွဲ့ ဥပဒေ ပုဒ်မ ၆ နဲ့ ငြိစွန်းတယ်ဆိုပြီး ကျွန်တော့်ကို နောက်ထပ် သုံးနှစ်တစ်မှု၊ နှစ်နှစ်တစ်မှု ထောင်ချလိုက်တဲ့အခါ စုစုပေါင်းရှစ်နှစ်ဖြစ်သွားတယ်။  ကျွန်တော့်ကို မြို့နယ်တရားရုံးတွေ၊ အပြင်ပေါ့၊ ကျောက်တံတားမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အဲဒီလိုမျိုး ရုံးတွေကို တင်ပြီး စစ်ပါတယ်။ အဲဒီအနေအထားမှာ ဘယ်လိုရှိလဲဆိုတော့ လွတ်လပ်မှုက အတွင်းတရားရုံးခေါ်တဲ့ အင်းစိန်ထောင်တွင်းက အထူးတရားရုံးမှာ စစ်တာထက်တော့ မိသားစုတွေ ၀င်တွေ့ခွင့်ရတယ်ဆိုတဲ့ အချက်တစ်ချက်ပဲ ပိုတာရှိတယ်။ ကျန်တာကတော့ ဘာကိုမှ ခုခံချေပခွင့်ကိုလည်း ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်တဲ့ သဘောဗျ။ ကိုယ့်ဖက်က ရှေ့နေ ပြောတာ မှန်သမျကိုလည်း ပယ်ချ တာများပြီး တရားလိုရှေ့နေဖြစ်တဲ့ အစိုးရရှေ့နေ ပြောတဲ့ဟာတွေကို မှန်၏ မမှန်၏ မစဉ်းစားဘဲနဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်မှုတွေ တွေ့ရှိ ရတယ်ဗျ။ ဒါတွေကတော့ တရားစီရင်ရေးစနစ်ရဲ့ အားနည်းချက်တွေပဲ။ တရားစီရင်ရေးရဲ့ အထက်မှာ တစ်စုံတစ်ရာရှိနေတယ်လို့ ကျွန်တောတို့ ခံစားလိုက်ရတယ်။ အဲဒီတုန်းက အခြေအနေတွေပေါ့။

ကျွန်တော်နဲ့အတူ အမှုတွဲဖြစ်တဲ့  ကိုဉာဏ်လင်းအောင်ကတော့ ပထမအမှုဖြစ်ပြီးတဲ့ ဗီဒီယိုအက်ကို သုံးနှစ်ကျပြီးတော့ နောက်ပြီးတော့ ပြန်လွတ်သွားတယ်။ နောက်အမှု ထပ်မံကျရောက်ခြင်း မရှိတော့ဘူး။
ကိုလင်းထက်နိုင်၊ ဖြိုးဖြိုးအောင်၊  ကိုရှိန်းရာဇာထွန်း၊ ကိုဖုန်းပြည့်ကြွယ် သူတို့ကျတော့ နာဂစ်မုန်တိုင်းတိုက် ခတ်တဲ့ကာလမှာ လူမှုကူညီရေး သဘော၊ NGO သဘော ဧရာဝတီ တိုင်းမှာ
အလောင်းကောက်တဲ့ကိစ္စတွေမှာ သွားပြီးတော့ ငြိစွန်းတယ် ဆိုပြီးတော့၊ အမှန်တကယ်က အဲတာ မဟုတ်ဘူး၊ သမဂ္ဂ ဖွဲ့စည်းရေးမှာ ပါတဲ့အတွက် ဖမ်းချင်လို့ နိုင်ငံရေး အရဖမ်းတယ်၊ သူတို့ ထောင်ကျတယ်၊ လေးနှစ်လောက် သူတို့ ထောင်ကျပြီး သုံးနှစ်ကျော်ကျော်နေတဲ့အခါမှာ ပြန်လည် လွတ်မြောက်သွားတယ်။ ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း၊ မဟန်နီဦး၊ ကိုရဲမြတ်ဟိန်း သူတို့ကျတော့ နှစ်ကြီးတယ်။  သူတို့က ၅၀၅(ခ)ဆိုတဲ့ လမ်းလျောက် ဆန္ဒပြမှုကို မြို့နယ် သုံးမြို့နယ်ဖြတ်ရင် သုံးမှုတပ်ခံရတယ်။ ကျောက်တံတား၊ ပန်ဘဲတန်း၊ လသာဆိုရင် ဒီလမ်းကြောင်းလျှောက်လိုက်တာ သုံးမြို့နယ်ကျော်သွားရင် သုံးမှုဆိုပြီးတော့ သူတို့တရားစွဲခံရတယ်။ အမှန်တကယ်ကတော့ ဖြစ်စဉ်က တစ်ခုထဲ။ ဖြစ်စဉ်တစ်ခုတည်းကို သုံးမှုခွဲ စွဲတဲ့အခါကျတော့ နှစ်က များသွားတယ်။ အဲဒီလိုနဲ့ ကျွန်တော့် ထက်ပိုပြီးနှစ်တွေ များခဲ့တယ်ပေါ့ဗျာ။ တစ်ချို့ဆိုရင် ၂၀နီးပါးကို ရောက်သွားတယ်။ ဝေးကွာတဲ့ ထောင်တွေမှာလည်း ရွှေ့ပြောင်းခံခဲ့ ရတယ်။ ဒါပေမယ့် အခုတော့ အားလုံး ပြန်လွတ်လာကြပါပြီ။

မေး - ထောင်ကျနေတုန်း ထောင်တွင်းနေခဲ့ရတဲ့ ဘ၀ကရော ဘယ်လိုရှိပါသလဲ။

ဖြေ - ကျွန်တော်တို့ထောင်မကျခင် အခြေအနေနဲ့ အခုနဲ့ကတော့ ကွားခြားသွားပြီလို့ ပြောလို့ ရနိုင်ပါတယ်။ ဟိုအရင်တုန်းက အခြေအနေက ICRC မ၀င်ခင်က တော်တော်လေးကို အခြေအနေဆိုးဝါးခဲ့တယ်။ အရင် ကျဖူးတဲ့လူတွေကလည်း ပြောတယ်။ အခုအခြေအနေက ဆေးဝါး၊ အစားအသောက်ဆိုလို့ရှိရင် ပေးသင့်သလောက်လည်း ပေးတယ်။ ကိုယ့်ဘက်ကနေ ၀ယ်ယူသုံးစွဲတာတွေလည်း ရှိတယ်။ အစားအသောက်ကတော့ ပြင်ပထောင်ဝင်စာက ပေးသွင်းတဲ့ အစားအသောက် လည်းပေးတယ်။ ထောင်ကလည်း ကျွေးတဲ့ဟာတွေက အရင်လိုပေါ့ နော်၊ မသန့်ရှင်းတဲ့ အစားအစာတွေ မဟုတ်တော့ဘူး။ သန့်သန့်ရှင်းရှင်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို ကျွေးတာတော့ ရှိပါတယ်။ အဲတာ အဓိကအချက်ပေါ့နော်။ ဟိုတုန်းကတော့ ပဲတွေ အချဉ်ပေါက်တာ ရှိခဲ့ပါတယ်။ အခုတော့ အဲတာတွေ မဖြစ်အောင် ထိန်းတာတွေရှိတယ်။ အခြေအနေက အကောင်းကြီးတော့ မဟုတ်သေးဘူးပေါ့နော်။ အပြင်ထွက် လမ်းလျှောက်ခွင့်တွေလည်း ရခဲ့ပါတယ်။ အချိန်ကာလတစ်ခုအထိ လျှောက်။ ပြီးရင် အခန်းထဲပြန်ဝင်ပေါ့။ စာဖတ်ခွင့်၊ သတင်းစာဖတ်ခွင့်၊ ဗီဒီယို၊ ဗီစီဒီကြည့်ခွင့်တွေလည်း ရပါတယ်။ တီဗီကတော့ အခုပေးပါပြီ။ ကျွန်တော်တို့ စရောက်ပြီး နှစ်နှစ်အထိတော့ မပေးသေးဘူး။ တိုက်ထဲကို။ အခုနောက်ပိုင်းတော့ တိုက်တွေလည်း တီဗီကြည့် ခွင့်ရခဲ့ပါပြီ။ အစိုးရမီဒီယာကလာတဲ့ သတင်း၊ အဲတာတွေကို ကြည့်ရပါတယ်။

မေး - လွတ်လာခဲ့ပြီး နောက်ပိုင်း အခြေအနေနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ တစ်ဖက်မှာက လူထုနဲ့ ယှဉ်တွဲလုပ်ဆောင်တဲ့ လူထုနိုင်ငံရေးကို အားသန်တယ်ဆိုတဲ့ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသား အုပ်စုရှိနေပါတယ်။ တစ်ဖက်မှာတော့ ကြားဖြတ် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် နိုင်ငံရေးမှာ ပါဝင်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှိနေပါတယ်။ ကြားထဲမှာ အသက်အငယ်ဆုံး မျိုးဆက်ဖြစ်နေတဲ့ ကိုကျော်ကိုကိုတို့ အုပ်စုက ဘယ်လိုဆက်သွားဖို့ စဉ်းစားထားလဲ။

ဖြေ - ကျွန်တော်ရဲ့ အမြင်ပေါ့။ ကျွန်တော်ရဲ့ အမြင်ကို အရင်ဆုံး ပြောချင်တယ်ပေါ့။ လွှတ်တော်တွင်း နိုင်ငံရေးကို ကျွန်တော်ကတော့ တစ်ဦးတည်းအားဖြင့် စိတ်မ၀င်စားဘူးဗျ။ လတ်တလောမှာ။ လွှတ်တော် ပြင်ပနိုင်ငံရေးမှာ ကိုမင်းကိုနိုင်ပြောတဲ့ လူထုအကျိုးပြုတဲ့ လုပ်ငန်း၊ လူထုနဲ့ တစ်သားတည်းကျတဲ့ နိုင်ငံရေး၊ လူထုလိုက်ပါ ဆောင်ရွက်နိုင်တဲ့ နိုင်ငံရေးမျိုးပဲ ကျွန်တော်က စိတ်ဝင်စားတယ်။ ကိုမင်းကိုနိုင်နဲ့ ကျွန်တော် သဘောထားချင်း တိုက်ဆိုင်မှုရှိပါတယ်။ ဒါဟာလည်း ဘာကြောင့်လဲ ဆိုတော့ သူဟာ ကျွန်တော်တို့ရဲ့ စံပြ ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ရင်ခုန်သံကို ကျွန်တော်တို့ ၀တ်မှုန်ကူးခဲ့ကြတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရင်ခုန်သံချင်း ထပ်တူကျတယ်ပေါ့လေ။ အဲဒီပုံစံမျိုးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မျိုးဆက်က ရှေ့မျိုးဆက်တွေနဲ့ ယှဉ်လိုက်ရင် အင်မတန်မှ ငယ်လွန်းတဲ့ အရွယ်တွေပါတယ်။ ငယ်ပေမဲ့ လက်ရှိ လူငယ်မျိုးဆက်ကို ကျွန်တော်တို့က ဦးဆောင်သွားနေရတဲ့ အခါကျတော့ ဒီမျိုးဆက်ဟာ လမ်းကြောင်း တစ်ခုပေါ်ကို မှန်မှန်ကန်ကန်ရောက်ရှိဖို့အတွက် ကျွန်တော်တို့ ပြင်ဆင် ရမယ်၊ ကြိုးစားရမယ်၊ အဓိက ဘယ်လမ်းကြောင်းပေါ် ရောက်ဖို့လည်းဆိုတော့ Civil Society တွေ ပေါ်ထွန်းရေး လမ်းကြောင်းပေါ့နော်။ Civil Society တွေပေါ်ထွန်းရမယ်ဆိုတာ အလကားပြောတာ မဟုတ်ဘူးဗျ။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ Civil Society ရဲ့ အားပေါ့နော်၊ အဲဒီမဏ္ဍိုင်ပေါ့။ ပထမ၊ ဒုတိယ၊ တ တိယ၊ စတုထ္ထမဏ္ဍိုင်ကြီးတွေနဲ့အတူပေါ့နော်၊ အဲတာ မရှိလို့ရှိရင် ရရှိထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။ အခြေအနေ အရပ်ရပ်ကြောင့် ပေါ့နော်။ မူလအကျပ်အတည်းကို ပြန်လည်ဆိုက်ရောက် သွားနိုင်တယ်။ အဓိကကတော့ လူထုလူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုတယ်။ လူထုလူ့အဖွဲ့အစည်းတွေ အားကောင်းရေးအတွက် သမဂ္ဂက သမိုင်းအစဉ်အလာကို ဆုပ်ကိုင်ပြီး ဦးဆောင်သွားမယ်လို့ ကျွန်တော်ရဲ့တစ်ဦးတည်း အမြင်အရ အဲလိုမြင်တယ်။ ကျွန်တော့်ရဲ့ ညီအစ်ကို သူငယ်ချင်းတွေရဲ့ အမြင်ကလည်း ဒီအမြင်နဲ့ သိပ်ကွာခြားလိမ့်မယ်လို့ မထင်ဘူး။ အဖွဲ့အစည်းအနေနဲ့ ပြောရင် ဗကသရဲ့ အမြင်က တဖြည်းဖြည်းနဲ့ နိုင်ငံရေးနဲ့ လူထုလုပ်ငန်းယှဉ်တွဲသွားတဲ့ အနေအထားကို ရောက်လာလိမ့်မယ်။ အထူးသဖြင့်ကတော့ အမျိုးသားအချင်းချင်း စည်းရုံးညီညွတ်ရေး၊ တိုင်းရင်းသား အချင်းချင်းစည်းရုံးညီညွတ်ရေး၊ ပြည်သူအချင်းချင်း စည်းရုံးညီညွတ်ရေးက တစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီကို သွားမယ်။

မေး- ထာဝရ ငြိမ်းချမ်းရေးလို့ ဆိုလာတဲ့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဘယ်လို သုံးသပ်မိပါသလဲ။



ဖြေ- လက်ရှိအစိုးရ အနေနဲ့က မြန်မာ့နိုင်ငံရေး ရေစီးကြောင်းမှာ ပိတ်ဆို့နေတဲ့ အချိန်တစ်ခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အမြန်ဆုံးလွတ်မြောက်ရေးဆိုတဲ့ အချက်ကို အရင်ဦးဆုံး စတင်ကိုင်တွယ်လိုက်ပြီ။ အဲမှာ ကျန် ရှိနေသေးတဲ့ နိုင်ငံရေးသမားတွေလည်း ကျန်နေသေးတယ်။ အများစုကတော့ ထောင်ပြင်ပကို ပြန်ရောက်လာပြီ။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေအကုန်လုံးပြန်လည် လွတ်မြောက်ခွင့်ပေးမှသာ ဒီစီးကြောင်း ပိတ်ဆို့မှုက အထစ်အငေါ့ မရှိဘဲနဲ့ ပွင့်လင်းသွားမယ်လို့ ထင်တယ်။ အကောင်းဆုံးကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အနေအထားမျိုးထိ ရောက်သွားရင် အကောင်းဆုံးပဲ။ ဒါဆိုမြေပေါ် မြေအောက်မှာရှိတဲ့၊ ပြည်ပကနေ ပြန်လာမယ့်သူတွေအတွက်လည်း လုံးဝအဆင်ပြေသွားမယ်။ အခုချိန်မှာဆိုရင် ပြန်လာရကောင်းနိုးနိုး၊ မလာရ ကောင်းနိုးနိုး အဲလိုမျိုး စိုးရိမ်ကြောင့်ကြမှုတွေ၊ ပူပန်မှုတွေ၊ မတင်မကျ စိတ်မချရတာတွေ ရှိနေတုန်းပဲ။ အစိုးရအနေနဲ့ တကယ်တမ်း ရိုးသားပွင့်လင်းမယ်ဆိုရင်တော့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးသင့်တယ်။ ပေးကိုပေးရမယ်လို့ ကျွန်တော် မြင်တယ်။ ဒါပထမအချက်။ ဒုတိယအချက်အနေနဲ့ ကတော့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ထိုးစစ်ကို ချွင်းချက်မရှိရပ်နားဖို့ ကောင်းနေပြီ။ ထိုးစစ်ရှိနေရင် ဘယ်လောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခုတစ်ရာ ကျင်းပပါစေ ကျည်ဆံတစ်တောင့် လေထုထဲကို ပစ်လွှတ်လိုက်တယ်ဆိုတဲ့ အသံက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အသံကို ဖုံးလွှမ်းသွားတယ်။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်ပါတယ်။ အဲဒီ အနေအထားမှာ ဘယ်လိုနည်းနဲ့မှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ရဖို့မမြင်ဘူး။ အဲဒီတော့ ဒါဟာရိုးသားမယ်။ ပွင့်လင်းရမယ်။ ရဲရဲလုပ်ရမယ်၊ အစိုးရကို အဲလိုပြောချင်တယ်။ အခုလုပ် နေတဲ့အစိုးရဲ့ ပြောင်းလဲမှု လုပ်ဆောင်ချက်လုပ်ငန်းတွေဟာ အရှိန်အဟုန် နှေးကွေးနေပါတယ်။ အရှိန်အဟုန် နှေးကွေးခြင်းဟာ တကယ်တမ်းကျတော့ အချိန်ကာလကလည်း အကျပ်အတည်း ဖြစ်လာလိမ့်မယ်။ နောက်ပိုင်းကျတော့ အချိန်ကာလအခက်အခဲ Time Crisis ဖြစ်လာလိမ့်မယ်။ အဲလိုဖြစ်လာလို့ ရှိရင် အဖက်ဖက်က ကျပ်တည်းလာပြီး တစ်ဖန်ပြန်ကွေ့သွားနိုင်တယ်။ အဲဒီအလားအလာရှိ တယ်။ တချို့လူတွေပြောနေကြတာ ရှိတယ်။ နောက်ပြန်လှည့်မယ်။ နောက်ကြောင်း ပြန်လှည့်သွားမယ်ဆိုတဲ့ အလားအလာ။ အဲဒီအလားအလာကို လုံးလုံးမရောက်ခဲ့သည့် တိုင်အောင် အဲဒီအတိုင်းအတာ နီးပါးကို ရောက်သွားနိုင်တယ်။ အဲဒါကြောင့် ရှေ့ကိုပဲ ထာဝရ ရှေ့ဆက်သွား မယ်။ မဆုတ်မနစ်စွာနဲ့ ဆက်သွားမယ်ဆိုရင် ရိုးသား၊ ရဲရင့် ရဲရင့်စွာပွင့်လင်းစွာနဲ့ရှေ့ဆက် လျောက်ရမယ်။ အစိုးရအနေနဲ့ အာဃာတထားလို့ မရဘူး။ အရင်တုန်းကဟာတွေကို သင်ပုန်းချေ ပစ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တူတာတွဲလုပ်မယ်။ မတူတာခွဲလုပ် မယ်လို့ ပြောနေတဲ့ အချိန်မှာ အစိုးရအနေနဲ့ တူတာကိုပဲ ရှာကြည့်ရမယ်။ မတူတာတွေကို ဘာလို့ ဆုပ်ကိုင်ထားနေတာလဲ။ ရင်ထဲမှာ ဘာလို့ သိမ်းဆည်းထားတာလဲလို့ ကျွန်တော်မေးချင်တယ်။

မေး- နိုင်ငံရေးပြဿနာအတွက် လမ်းစပေါ်ပြီ ဆိုပေမယ့် တစ်ဖက်မှာက ဆင်းရဲတွင်းနက်နေတဲ့ စီးပွားရေးပြဿနာ ရှိနေပါသေးတယ်။ အခြေခံလူတန်းစားတွေ၊ လူလတ်တန်းစားတွေရဲ့ ဘ၀ အဆင်ပြေနိုင်ဖို့ကိစ္စမှာ စီးပွားရေးတိုးတက်ဖို့က အဓိကကျနေတာကြောင့် ဒီအပိုင်းမှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ - စီးပွားရေးပြဿနာဆိုကတော့ တိုင်းပြည်ရဲ့ စီးပွားရေးက စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ချွတ်ခြုံကျခဲ့ရတာပေါ့။ အကြောင်းအရင်းက ၁၉၆၂ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူပိုင်သိမ်းတယ်။ စီးပွားရေးမူဝါဒကို သူတို့ ထင်သလိုရေးဆွဲတယ်။ ပညာရှင်တွေရဲ့ အကြံဉာဏ်ကို မယူဘဲနဲ့ ရေးဆွဲခဲ့တာတွေရှိတယ်။ အဲဒီကျတော့ တိုင်းပြည်ရဲ့စီးပွားရေးမှာ သယံဇာတ ယုတ်လျော့ပါးမှုတွေ ရှိလာတယ်။ ပြီးတော့ ထွက်ရှိသမျှ ထွက်ကုန်တွေကလည်း အရည်အသွေး မမီတာနဲ့ ဘယ်နိုင်ငံမှ မ၀ယ်တာ၊ ဈေးကွက်မရှိတာ။ အဲလိုအမျိုးမျိုး ပြဿနာတွေကြုံတွေ့ပြီးတော့ အကျပ်အတည်း ဆိုက်လာတာပေါ့။ အကျပ်အတည်းဆိုက်လာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံစာရင်းတောင်မှ ၁၉၈၈က ၀င်သွားခဲ့တာကိုး။ အဲဒီနောက်ပိုင်းမှာ စီးပွားရေး လမ်းကြောင်းဖွင့်ပြီ ဆိုပေမယ့်လည်း အစိုးရနဲ့ ပတ်သက်ရင်းနှီးတဲ့ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းရှင်တွေပဲ ထွန်းကားခဲ့တာကိုး။ အများပြည်သူကတော့ ဆင်းရဲကျပ်တည်းပြီး သံသရာထဲမှာ နစ်နေတုန်းပဲ ရှိသေးတယ်။
အဲဒီ အခြေအနေမျိုးက တိုင်းပြည်မှာ ရေ ရှည်စွဲကပ်နေတဲ့ ဝေဒနာကြီးတစ်ရပ်လို ဖြစ်နေလို့ရှိရင် ဒီဝေဒနာ နလန်မထူနိုင်သေးတဲ့ ကာလပတ်လုံး နိုင်ငံရေးတိုးတက်မှု လမ်းစကလည်း မြင်မှာ မဟုတ်သေးဘူး။ အခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးဘ၀၊ ရုပ်ပိုင်းဆိုင်ရာ မတိုးတက်ဘူးဆိုလို့ရှိရင် တိုင်းပြည် တစ်ပြည်က သူများနဲ့ ယှဉ်လိုက်တိုင်း ယှဉ်လိုက်တိုင်းမှာ အများကြီး နိမ့်ကျနေတယ်။ အဲဒီတော့ ဒီတိုင်းပြည်ရဲ့ အနာဂတ်ကလည်း မရေရာဘူး။ အဲဒီတော့ လူငယ်တွေအတွက် အလုပ်အကိုင်ဖန်တီပေးမယ့် Ground မျိုးရှိရမယ်။ အဲဒါဟာလည်း ပညာရေးနဲ့ နှီးနွယ်နေတယ်လို့ ကျွန်တော်ထင်တယ်။ အခု လက်ရှိပေးနေတဲ့ ပညာရေးအဆင့်အတန်း နိမ့်ကျမှုက ဘယ်တိုင်းပြည်ကိုမှ ယှဉ်လို့မရဘူး။ အဲဒီတော့ ဒီပညာရေးကို အဆင့်အတန်း မြင့်မားလာအောင်လို့ အစိုးရက မူဝါဒချမှတ်ပြီး ဆောင်ရွက်ပေးရမယ်။ အစိုးရကိုလည်း အချို့အပိုင်းတွေမှာ လုံးလုံး အားကိုးလို့မရခဲ့ဘူး။ အခု အချိန်အထိပေါ့နော်။ အားကိုးလို့ မရခဲ့တဲ့အတွက် ကိုယ့်နည်းကိုယ့် ဟန်နဲ့ ကြိုးစားနေတဲ့ အလွှာတွေ၊ လူ့အဖွဲ့အစည်းတွေလည်း ရှိတယ်။ NGO တွေ၊ Civil Society တွေ နောက်ပိုင်းပေါ်လာရင် လူငယ်တွေကို ပညာရေးဘက် တွန်းအားပေးမယ်။ အထူးသဖြင့် လူငယ်တွေက ကိုယ့်နိုင်ငံကနေ ပြည်ပနိုင်ငံကိုထွက် သွားတယ်ဆိုတာ ကိုယ့်နိုင်ငံကပညာနဲ့ မဖူလုံလို့လည်း ပါတယ်။ ဒီမှာလည်း သင်လာရတဲ့ ပညာနဲ့ ထိုက်တန်တဲ့ လစာမပေးနိုင်တဲ့အခါကျတော့ တိုင်းတစ်ပါးမှာပဲ အလုပ်လုပ်ရင်းနဲ့ အဲဒီမှာပဲဘ၀ကို အသက်မွေးဝမ်းကြောင်းပြုသွားပြီး ဒီနိုင်ငံကို ပြန်လှည့် မလာတော့တာတွေ လည်းရှိတယ်။ အဓိကက ပြဿနာက အဲဒါပဲ။ ပညာရေး အဆင့်အတန်း မမြင့်မားမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်း မဖန်တီး ပေးနိုင်မှုကြောင့် ထိုက်တန်တဲ့နေရာ မရမှုကြောင့် လူငယ်တွေ Brain Drain ဖြစ်သွားရတာပေါ့။ အဲဒါကြောင့် ပြန်ပြင်ရမယ့် မူဝါဒတွေမှာ ပညာရေးကို ထိပ်ဆုံးကထားပြီး ပြင်ဆင်သင့်တယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ ဗကသရဲ့မူ ငါးချက်မှာ ဒီမိုကရေစီ ပညာရေးဆိုတာ လည်းပါတယ်။ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေးဆိုတာ လည်းပါတယ်။ အဲဒီကျောင်းသားထု အခွင့်အရေးကာကွယ်ရေးနဲ့  ဒီမိုကရေစီပညာရေးဟာလည်း ဆက်စပ်နေတယ်။ အဲဒီအချက်ကို ကျွန်တော်တို့ လက်တွေ့လုပ်ဆောင်တဲ့အခါ ထည့်သွင်းလုပ်ဆောင်သွားမှာပါ။

မေး- နိုင်ငံရေးလုပ်ဖြစ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး တခြားသော လူငယ်တွေကို မျှဝေချင်တဲ့ ပုဂ္ဂလိက ခံယူချက်၊ ယုံကြည်မှုက ဘာဖြစ်မလဲ။


ဖြေ - နိုင်ငံရေးကို ကြောက်စရာလို့ မြင်နေတာက ယဉ်ကျေးမှုတစ်ခုလို ဖြစ်ခဲ့တယ်။ ဒါကလည်း မြန်မာနိုင်ငံက အာဏာရှင် အဆက်ဆက်ရဲ့ ခေတ်အဆက်ဆက်မှာ နေခဲ့ရတာ အတော်ကြာပြီကိုးဗျ။ ကိုလိုနီကလည်း တစ်နည်းအားဖြင့် အာဏာရှင်ပဲ၊ ဖက်ဆစ်ကလည်း အာဏာရှင်ပဲ၊ နောက်ပိုင်းလည်း အာဏာရှင်ပဲဆိုတော့ အာဏာရှင်အစိုးရက လူထုကို ခြိမ်းခြောက်မှုနဲ့ အကြောက်တရားနဲ့ လွှမ်းမိုးထားခဲ့တယ်။ အဲတာ ယဉ်ကျေးမှုလိုဖြစ်ခဲ့တယ်။ ဒါပေမယ့် မြန်မာပြည်သူလုထုရဲ့ စိတ်မှာ တကယ်တန်းကျတော့ အကြောက်တရားက လွတ်ကင်းအောင်လို့ ရှာဖွေချင်တဲ့ အမြင်တော့ရှိတယ်။ မီးခဲပြာဖုံး ဖြစ်နေတာပေါ့နော်။ ဒီအမြင်တွေက၊ အဲတာတွေကို ဖယ်ရှားပစ်နိုင်တာက ဒီနိုင်ငံရေးသမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေပေါ့။  အကျပ်အတည်းကာလတွေ မှာတောင် သူတို့က လူထုကို ဦးဆောင်ပြီး အားပေးခဲ့တယ်၊ မြှင့်တင်ခဲ့တယ်။ ကျွန်တော်တို့ လူငယ်တွေ ကလည်း နိုင်ငံရေးက ကြောက်စရာ မဟုတ်ဘူး။ နိုင်ငံရေးဆိုတာ လူသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့ အရေးကို ကိုယ့်အရေး ကိုယ့်အရာလို့ သဘောထားရမယ်လို့ အမြဲတန်းပြောတယ်၊ အမြဲတန်း တိုက်တွန်းတယ်။ အဲတာလေးကို ဆောင်ရွက်ဖို့လဲ ကျွန်တော်တို့က အားပေးတယ်ပေါ့။ ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဗျ။ ခုနကပြောခဲ့တဲ့ အခက်အခဲကြီး တစ်ခုလုံးကို ကျွန်တော်တို့က ပြောင်းလဲပစ်ရမှာဗျ။

ကျွန်တော့်ရဲ့ ခံယူချက်ကို ပြောမယ်ဆိုရင် ကျမ်းစာတွေမှာပါတဲ့ အတိုင်းပေါ့နော်။ အမှန်တရားသည်၊ သစ္စာတရားသည် သင့်အား လွတ်လပ်ခွင့်ကို ဆောင်ကြဉ်းပေးလိမ့်မည် ဆိုတာမျိုး၊ အဲသဘောမျိုးနဲ့ ကျွန်တော်က အမှန်တရားနဲ့ သစ္စာတရားကို ဆုပ်ကိုင်ထားရင် လွတ်မြောက်ခြင်းကို ရောက်လိမ့်မယ်ဆိုတဲ့ အမြင်မျိုး ခံယူချက်ရှိတယ်။ သစ္စာတရားဆိုတာ ဘာလဲဆိုရင် လူသားတိုင်း ဦးထိပ်ထားရမယ့် ကိစ္စ၊ လူသားတိုင်း အချင်းချင်းပေါ်မှာ ခွင့်လွှတ်ရမယ်၊ သည်းခံရမယ်ဆိုတဲ့ ကိစ္စတွေရှိတယ်  လူသားတိုင်း အများပြည်သူဘ၀ တိုးတက်ကောင်းစားရေးအတွက် အမှန်တရားကိုပဲ ဆုပ်ကိုင်ရမယ်၊ ပြောမယ်ဆိုလို့ ရှိရင် Right is Might ပေါ့ ဗျာ။ အမှန်တရား အင်အားပေါ့။ အမှန်တရား၊ သစ္စာတရားကို ဆုပ်ကိုင်ထားမှ လွတ်လပ်ခွင့်ကို ဆောင်ကြဉ်းနိုင်မယ်၊ လွပ်လပ်ခွင့် ရလာလိမ့်မယ်လို့ ကျွန်တော်ကမြင်တယ်။ လွတ်လပ်မှုကို သွားဖို့အတွက် အမှန်တရားနဲ့ သစ္စာတရားရှိမှရမယ်။

မေး- ထောင်ကပြန်လွတ်လာပြီး ပြင်ပမှာမြင်ရတဲ့ အခြေအနေနဲ့ ထောင်မကျခင်က အခြေအနေ ဘာများကွာခြားသွားတယ်လို့ ထင်ပါသလဲ။


ဖြေ - ကျွန်တော် ထောင်ထဲဝင်သွားတဲ့ ကာလမှာ လူတွေက နိုင်ငံရေးအကြောင်းကို လက်ဖက်ရည်ဆိုင်တွေ မှာတောင်မှ ကျယ်ကျယ် မပြောရဲသေးဘူး။ ပြောလို့ရှိရင် တိုးတိုးတိတ်တိတ် ပြောကြတယ်။ ပြောတာတောင်မှ တစ်ယောက်နဲ့ တစ်ယောက်စကြတယ်။ နိုင်ငံရေးတွေ မပါနဲ့ ဆိုတာမျိုး။ နိုင်ငံရေးအကြောင်းပြောရင် နောက်ကျောမလုံဘူးလို့ ခံစားရတယ်။ အဲအချိန်ကာလက အဓိကက ကြောက်နေရတာပေါ့။ ထောက်လှမ်းရေးတို့ သတင်းပေးတို့။ အခုကျတော့ နိုင်ငံရေး ခေတ်တစ်ခေတ်ကို ရောက်တော့မယ်၊ အစပျိုးနေပြီဆိုတော့၊ နိုင်ငံရေးခေတ်ဆိုတာ လွတ်လွတ်လပ်လပ် နိုင်ငံရေးအကြောင်း ဆွေးနွေးနိုင်တဲ့ခေတ်၊ ဆွေးနွေးတယ်ဆိုတာက ဆွေးနွေးခွင့်ပေးထားလို့ ဆိုတာထက် ကြိုးစားပမ်းစား ကိုယ့်ဟာကို အားထုတ်ပြီး လုပ်လာကြတာ၊ အစိုးရပေးတာထက် ပိုပြီးရအောင် အားထုတ်လာကြတာ၊ သူတို့က ဒီနေရာအထိ ပေးတယ်ဆိုရင် ကိုယ်က ရှေ့ကို ဆက်သွားချင်တဲ့၊ အမြဲတန်းအား ထုတ်နေတဲ့ စိတ်ရှိမယ်ဆိုရင် ကိုယ်လိုချင်တဲ့ နေရာ ရောက်မှာပဲ။ သူပေးတဲ့နေရာနဲ့ တင်းတိမ်ရောင့်ရဲနေလို့ မရဘူးပေါ့။ ကိုယ်လိုချင်တဲ့ နေရာအထိ ရောက်အောင်လို့ ကျွန်တော်တို့က ဆက်လျှောက်ရမှာ။ အခုခေတ် လူတွေက ပြောကြ၊ ဆိုကြတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ကြတယ်။ ဝေဖန်သုံးသပ်တာတွေက ဟိုဘက် ဒီဘက်ရှိမှာပဲ။ အစိုးရဘက်ကို ဝေဖန်တာလည်း ရှိမယ်။ အတိုက်အခံဘက်ကို ဝေဖန်တာတွေလည်း ရှိမယ်။ ဝေဖန်ကန့်ကွက်သံတွေ၊ ဆွေးနွေးသံတွေက ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ဒါဟာ လူထုကြားထဲမှာ အဓိက ပြောင်းလဲမှုအရာတွေလို့ ကျွန်တော် မြင်ပါတယ်။
kkk-profile
Photo: kyawkoko.blogspot.com
Profile
ကိုကျော်ကိုကို
မွေးသက္ကရာဇ်- ဒီဇင်ဘာ ၉ရက်၊ ၁၉၈၁ခုနှစ်။
မိဘအမည်- ဦးကျော်အေး၊ ဒေါ်စိုးစိုးသော်
ပညာအရည်အချင်း- B.Com. (Hons.)၂၀၀၅ခုနှစ်၊ M.Com. ၂၀၀၆-၂၀၀၇ ခုနှစ်။ (M.Com အတွက် အောင်စာရင်းတွင် အမည်စာရင်း ပါဝင်ခဲ့သော်လည်း ဘွဲ့ယူရမည့် စာရင်းတွင် မပါဝင်ခဲ့။ )
ဇာတိ- ရန်ကုန်
လူမျိုး - ဗမာ
ကိုးကွယ်သည့်ဘာသာ- ဗုဒ္ဓ

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ထဲမှာ ထိုင်နေရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ သတ်မှတ်လို့ မရဘူးလို့ မြင်တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ပြော


Tuesday, January 17, 2012

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီးနှင့် တွေ့ဆုံခြင်း

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အတက်ကြွဆုံး ဦးဆောင်သူများထဲမှတဦး အပါအဝင်ဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသား ကိုကိုကြီးသည် ဇန်နဝါရီ ၁၃ ရက်နေ့က မိုင်းဆတ်အကျဉ်းတောင်မှ လွတ်မြောက်ခဲ့ရာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် လတ်တလော သူ၏အမြင်များကို တွေ့ဆုံမေးမြန်းခဲ့ပြီး ကိုကိုကြီး၏ ဖြေကြားချက်များထဲမှ ကောက်နှုတ်ဖော်ပြထားခြင်း ဖြစ်ပါသည်။

ကိုကိုကြီး ထောင်က လွတ်လာပြီဆိုတော့ ဒီတကြိမ် ထောင်ကျခဲ့ရတဲ့ အတွေ့အကြုံကို အရင်ဆုံး သိပါရစေ။

ဒီတခေါက်ကတော့ ထောင်စုံသွားတာပေါ့။ ပထမဆုံး စဖမ်းတာတော့ ပြည်ထဲရေးရုံး၊ အဲဒီကနေ အရန်ရဲတပ်ရင်း (၇) ကျောက်တန်း၊ အဲဒီကနေ အင်းစိန်သီးသန့်အကျဉ်းထောင်၊ အင်းစိန်ထောင်မှာ တရားရုံး မထီမဲ့မြင်လုပ်လို့ ခြောက်လချပြီးတော့ မအူပင်ရွှေ့၊ မအူပင်မှာ ၆၉ နှစ်ချပြီးတော့ အင်းစိန်ကို ပြန်ပြောင်း၊ နောက် ကျိုင်းတုံရွှေ့၊ ပြီးတော့ မိုင်းဆတ်ပေါ့။ နောက်ဆုံး မိုင်းဆတ်မှာ သုံးနှစ်နဲ့သုံးလလောက် နေခဲ့ရတယ်။ အားလုံးပေါင်းဆိုရင် လေးနှစ်ခွဲလောက် နေခဲ့ရတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ပါလီမန်ဒီမိုကရေစီစနစ် စတင်ကျင့်သုံးနေပြီး လွှတ်တော်တွေလည်း ကျင်းပနေပါပြီ။ ထောင်ထဲကနေလည်း ဒီအကြောင်းတွေ သိမှာပေါ့။ ဒီလွှတ်တော်ထဲက ကိုယ်စားလှယ်အမတ်တွေကို ဘယ်လိုမြင်မိသလဲ။

လွှတ်တော်ကိုယ်စားလှယ်ဆိုတာ လွှတ်တော်ထဲမှာ ထိုင်နေရုံနဲ့ လွှတ်တော်ကိုယ်စားလှယ်လို့ သတ်မှတ်လို့
မရဘူးလို့ မြင်တယ်။ အဓိကက သူ့မဲဆန္ဒနယ်မြေက မဲဆန္ဒကို ဘယ်လောက် ထင်ဟပ်သလဲ၊ ဘယ်လောက် ကိုယ်စားပြုပြီးတော့ လွှတ်တော်ထဲမှာ ရဲရဲတင်းတင်း တင်ပြနေသလဲ၊ ပြောဆိုနေသလဲ ဆိုတာတွေကို တကယ် မှန်မှန်ကန်ကန် ကိုယ်စားပြုပြီးတော့ ထင်ဟပ်နိုင်မှ၊ ပြောဆိုနိုင်မှ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ကို ထမ်းဆောင်နေတယ်လို့ မြင်တယ်။

“ဟုတ်ပါတယ်။ ပြန်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်လောက်တဲ့ အခြေအနေတွေကို လက်ရှိ ဦးဆောင်နေတဲ့သူတွေက အာမခံချက်ပေးနိုင်ဖို့၊ ဖန်တီးပေးဖို့ လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းအဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် ဥပဒေတရပ် ပြဌာန်းပြီးတော့ မြန်မာနိုင်ငံကို ပြန်လာပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် ပြဌာန်းမှုမရှိရင်တော့ သူတို့ဘက်က သံသယရှိနေဦးမှာပဲ။”

အခုလွှတ်တော်ထဲကို ကြားဖြတ်ရွေးကောက်ပွဲကနေတဆင့် အန်တီဒေါ်အောင်ဆန်းစုကြည်က
ဝင်ရောက်လာတော့မယ်။ အန်တီ လွှတ်တော်ထဲ ရောက်သွားမယ်ဆိုရင်ရော ဘယ်လောက်ထိ လုပ်နိုင်လိမ့်မယ် ထင်သလဲ။ မျှော်လင့်သလဲ။

ကျနော် မြင်တာကတော့ ဒီမိုကရေစီအစအနနဲ့ လေ့လာမိသလောက် အကြမ်းဖျင်း ပြောရရင် မြို့ပြနိုင်ငံလေးတွေ ခေတ်တုန်းက တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးကြတယ်။ နောက် တဖြည်းဖြည်းနဲ့ လူ့အဖွဲ့အစည်း ကျယ်ပြန့်လာတဲ့အခါမှာ ကိုယ်စားပြုဒီမိုကရေစီနဲ့ သွားနေတယ်။ အခု ကျနော်တို့ သွားနေတာက လွှတ်တော်နိုင်ငံရေးဆိုတာ ကိုယ်စားပြု ဒီမိုကရေစီပုံစံတခုလို့ မြင်တယ်။ ကျနော်တို့နိုင်ငံမှာ လူထုက တိုက်ရိုက်ဒီမိုကရေစီကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလာမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်တွေနဲ့ အခါအားလျော်စွာ မပြတ်ထိတွေ့ပြီး လွှတ်တော်တွင်းမှာ ထောက်ခံတာ ကန့်ကွက်တာတို့ဟာ တိုက်ရိုက်ထိတွေ့လာနိုင်တာမို့ တိုက်ရိုက်ဒီမိုကရေစီလိုပုံစံမျိုး ကျင့်သုံးလာနိုင်သလို လူထုကြားမှာ နိုင်ငံရေး အသိအမြင် နိုးကြားလာမယ်လို့ ကျနော် ထင်တယ်။

လက်ရှိ သမ္မတကြီးလက်ထက်မှာ နိုင်ငံတကာက သံတမန်တွေလည်း အဆက်မပြတ် လာနေကြပါတယ်။ သူတို့တွေ လာကြတဲ့အပေါ်မှာရော မြန်မာနိုင်ငံအတွက် ဘယ်လို အလားအလာကောင်းတွေ ဖြစ်လာမလဲလို့ မြင်ပါသလဲ။

တချိန်တုန်းက ကျနော်တို့နိုင်ငံက တံခါးပိတ်ပြီး နေခဲ့တဲ့နိုင်ငံ။ ကျနော်တို့နိုင်ငံထဲက ပြည်သူတွေ ဘယ်လို ခံစားနေရတယ် ဆိုတာကိုလည်း အပြင်ကမ္ဘာက ဘာမှသိခွင့်မရခဲ့ဘူး။ အဲဒီကနေ ၈၈ မှာ အချိုးအကွေ့ တခုအနေနဲ့ ဖြစ်လာတော့ ကျနော်တို့နိုင်ငံထဲက ပြည်သူတွေရဲ့အခြေအနေ၊ နိုင်ငံရေးအကျပ်အတည်း၊ စီးပွားရေးအခြေအနေတွေကို ကမ္ဘာက သိခွင့်ရလာတယ်။ အခု အနှစ်နှစ်ဆယ်ကျော်လာတော့လည်း ဂလိုဘယ်လိုက်ဇေရှင်းရဲ့ သက်ရောက်မှုဟာ ကျနော်တို့နိုင်ငံရေးအပေါ် သက်ရောက်မှုရှိလာပါတယ်။ ကျနော်တို့ ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ကမ္ဘာ့ဘယ်နေရာမှာဖြစ်ဖြစ် တရားမဲ့ဖြစ်နေတာတွေ၊ ဥပဒေမဲ့ဖြစ်နေတာတွေကို ဘာသိဘာသာနေတဲ့ အခြေအနေမျိုး မဟုတ်တော့ဘဲ တိုးတက်လာတဲ့၊ နိုင်ငံတကာနဲ့ ထိတွေ့မှုများလာတဲ့ အခြေအနေလို့ မြင်မိပါတယ်။

မြန်မာနိုင်ငံအရေး ဒီ့ထက်မက ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ၊ ဘယ်လို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်မျိုးတွေ လိုဦးမလဲ။

အခြေခံအကျဆုံး ကျနော် နားလည်တာကတော့ တအချက်က စိတ်ကောင်းစေတနာရှိဖို့ လိုတယ်။ တိုင်းပြည်ပေါ်မှာ ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ စိတ်ကောင်းစေတနာ၊ ကိုယ်နဲ့ နိုင်ငံရေးသဘောထား ကွဲလွဲတဲ့သူတွေအပေါ်မှာ နားလည်သည်းခံနိုင်တဲ့ အလေ့အကျင့်၊ နောက်တခုကတော့ စေတနာရှိရုံနဲ့မရဘဲ အတတ်ပညာ၊ ဒီစိတ်ကောင်းစေတနာကို ဖော်ဆောင်ပေးမယ့် အသိပညာ၊ အတတ်ပညာရှိမှလည်းပဲ တကယ် အကောင်အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ ပြုပြင်ပြောင်းလဲဖို့အတွက် အတတ်ပညာရှင်တွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာလူမျိုးပညာရှင်တွေ ကျနော်တို့ နိုင်ငံထူထောင်ရေးအတွက် အားလုံးဝိုင်းပြီးတော့ ထူထောင်ကြဖို့ လိုပါတယ်။ နိုင်ငံရေးကို တက်တက်ကြွကြွနဲ့ လှုပ်ရှားသူတွေနဲ့ချည်း တိုင်းပြည်ဖွံ့ဖြိုးအောင် လုပ်လို့မရဘူး။ တကယ် တတ်ကျွမ်းနားလည်တဲ့သူတွေ ကျနော်တို့နိုင်ငံကို ပြန်လာဖို့၊ ပြန်လာရင်လည်း လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်နဲ့ သူတို့အတတ်ပညာတွေ၊ သူတို့စေတနာတွေကို ဖော်ဆောင်ခွင့်ပေးဖို့ လိုပါတယ်။

ပြည်ပက လူတွေကို ပြည်တွင်းက လူတွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ပြန်လာစေချင်တဲ့ သဘောပေါ့။

ဟုတ်ပါတယ်။ ပြန်လာနိုင်လောက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လုံခြုံမှု၊ သူတို့ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်လောက်တဲ့ အခြေအနေတွေကို လက်ရှိ ဦးဆောင်နေတဲ့သူတွေက အာမခံချက်ပေးနိုင်ဖို့ ဖန်တီးပေးဖို့ လိုပါတယ်။ သမ္မတကြီးရဲ့ မိန့်ခွန်းအဖြစ်နဲ့ ပြန်လာဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် ဥပဒေတရပ် ပြဌာန်းပြီးတော့ မြန်မာနိုင်ငံကို ပြန်လာပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုစေချင်ပါတယ်။ ခိုင်မာတဲ့ ဥပဒေတရပ် ပြဌာန်းမှုမရှိရင်တော့ သူတို့ဘက်က သံသယရှိနေဦးမှာပဲ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
(ရန်ကုန်တိုင်းမ်မှ ...)

ဒီဗွီဘီ ပြည်တွင်း​သတင်း​ထောက်အား​လုံး​ ​ထောင်ကလွတ်ပြီ

Published on January 17, 2012 by ဒီဗွီဘီ  
ဒီမိုကရက်တစ်မြန်မာ့ ​အသံရဲ့​ ပြည်တွင်း​သတင်း​ထောက် အား​လုံး​ ဇန်နဝါရီ ၁၃ ရက်​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်လာပါတယ်။
လွတ်ငြိမ်း​ ချမ်း​သာခွင့်​နဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၃၀၀ ဝန်း​ကျင် ပြန်လည်လွတ်​မြောက်လာတဲ့​အထဲမှာ ​ထောင်ထဲမှာ ကျန်​နေတဲ့​ ဒီဗွီဘီ သတင်း​ထောက် ၁၃ ​ယောက်စလုံး​လည်း​ ပါဝင်လာတာလို့​ ဒီဗွီဘီ အယ်ဒီတာချုပ် ဦး​အေး​ချမ်း​နိုင်က အတည်ပြုပြောဆိုပါတယ်။
“ပြည်တွင်း​ သတင်း​ထောက်​တွေက သူတို့​ရဲ့​ လွတ်လပ်မှု​တွေကို​တောင် စ​တေး​ပြီး​ တကယ့်​ကို အလုပ်လုပ်ခဲ့​ကြတာပါ။ အခု သူတို့​ ပြန်လွတ်လာတဲ့​အတွက် သူတို့​အတွက်​ရော၊​ သူတို့​ မိသား​စု အတွက်ပါ တကယ် ဝမ်း​သာပါတယ်၊​ သူတို့​တွေအား​လုံး​ ​လေး​စား​ဂုဏ်ပြုရမယ့်​ ဒီဗွီဘီရဲ့​ တကယ့်​ သူရဲ​ကောင်း​ အစစ်​တွေပါ။”
ပြန်လွတ်လာတဲ့ ​ အထဲမှာ ဒီမိုကရက်တစ်မြန်မာ့​အသံက လူသိရှင်ကြား​ နာမည်​ဖော်ထား​တဲ့​ တီဗွီသတင်း​ထောက် ကိုစည်သူ​ဇေယျနဲ့​ ဖခင်ဖြစ်တဲ့​ ဦး​ဇေယျ၊​ ဦး​ဝင်း​မော်၊​ မလှလှဝင်း​၊​ ​ငွေစိုး​လင်း​၊​ ၅ ဦး​ စလုံး​ပါဝင်ပါတယ်။
ဒါ့​အပြင် လုံခြုံ​ရေး​ကြောင့်​ ဒီဗွီဘီက နာမည်​ဖော် ​ကြေညာမထား​တဲ့​ သတင်း​ထောက်​တွေ အား​လုံး​လည်း​ သူတို့​နဲ့​အတူ ပြန်လည်လွတ်​မြောက်ခဲ့​ပါတယ်။ သူတို့​ထဲက တချို့​ဟာ နှစ်​ပေါင်း​ ၆၀ ​ကျော် ​ထောင်ချခံထား​ရသူ​တွေ ပါဝင်ပါတယ်။
ဟင်္သာတ​ထောင်က​နေ ပြန်လွတ်လာတဲ့​ ဒီဗွီဘီသတင်း​ထောက် ကိုစည်သူ​ဇေယျက သူ့​ကို ခြွင်း​ချက်နဲ့​ ပြန်လွှတ်​ပေး​လိုက်တာလို့​ ​ပြောပါတယ်။
“အခုက ကျ​နော်တို့​ကို ၄၀၁ ပုံစံနဲ့​ လွှတ်​ပေး​တာ​ပေါ့​။ ဝန်ခံကတိ ထိုး​ခိုင်း​ပြီး​မှ။ ဝန်ခံကတိက ​နောက်မလုပ်​တော့​ပါဘူး​ ဆိုတာမျိုး​တော့​မဟုတ်ဘူး​။ လုပ်​တော့​လုပ်။ ဒါ​ပေမယ့်​ အခုကျန်သမျှအား​လုံး​ကို ​နောက်တကြိမ် ပြန်အဖမ်း​ခံရတဲ့​အချိန်မှာ သီး​ခြား​ ပြန်ခံရမယ်။ ကျ​နော့်​အမြင်က​တော့​ ပွင့်​ပွင့်​လင်း​လင်း​ပြောရရင် လည်ပင်း​မှာ ကြိုး​တပ်ပြီး​တော့​ လွှတ်​ပေး​လိုက်သလိုပဲ။ ဘာလို့​လဲဆို​တော့​ တချိန်မှာ ကြိုး​စောင့်​ဆွဲပြီး​ ပြန်ဖမ်း​လို့​ရှိရင် အရင်ကထက် ပိုပြီး​ခံရမယ့်​ပုံစံ ဖြစ်သွား​တာ​ပေါ့​။”
စည်သူ​ဇေယျမှာ ၂ဝ၁ဝ ခုနှစ် သင်္ကြန်ကာလအတွင်း​ ဖြစ်ခဲ့​သည့်​ X2O မဏ္ဍပ် ဗုံး​ကွဲမှု ဖြစ်ပွား​မှု​နောက် ဓာတ်ပုံ သတင်း​ ရိုက်ကူး​စဉ်တွင် ဖမ်း​ဆီး​ခံရပြီး​ ဖခင်ဖြစ်သူ သတင်း​ထောက် ဦး​ဇေယျကိုပါ ရဲက ဆက်လက် ဖမ်း​ဆီး​ခဲ့​တာဖြစ်ပါတယ်။
မနှစ်​မေလက စလို့​ ဒီဗွီဘီသတင်း​ထောက်​တွေ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှု ပြုလုပ်​နေတဲ့​ ဖရီး​ဘား​မား​ ဗွီ​ဂျေ လှုပ်ရှား​မှုအဖွဲ့​ ဆက်သွယ်ညှိနှိုင်း​ရေး​မှူး​ Géraldine May (ဂျာရယ်ဒင်း​မေ) က သတင်း​ထောက်​တွေအ​ပေါ် ဒီလို ကန့်​သတ်ထား​တာ​တွေ လုံး​ဝ ပျက်ပြယ်သွား​ဖို့​နဲ့​ လွတ်​မြောက်လာပြီး​နောက် သူတို့​ရဲ့​ လုံခြုံ​ရေး​အတွက် အာမခံချက်ရဖို့​ ဆက်ပြီး​ စည်း​ရုံး​ဆော်ဩ သွား​မယ်လို့​ ​ပြောပါတယ်။
“ဒီဗွီဘီရဲ့​ ဗွီဒီယိုသတင်း​ထောက်​တွေအား​လုံး​ ပြန်လွတ်လာတဲ့​အတွက် Free Burma VJ လှုပ်ရှား​မှုအဖွဲ့​က ဝမ်း​သာပါတယ်။ ဒါ​ပေမယ့်​ သတင်း​ထောက်​တွေရဲ့​ လုံခြုံ​ရေး​အတွက် ကျမတို့​ သတိထား​စရာ​တွေ ရှိပါ​သေး​တယ်၊​ ​နောက်တချက်ကလည်း​ အခုအချိန်ထိ နိုင်ငံ​ရေး​ အကျဉ်း​သား​တချို့​ ​ထောင်ထဲမှာ ကျန်​နေ​သေး​တာကိုလည်း​ ကျမတို့​ ​မေ့​ထား​လို့​ မဖြစ်ပါဘူး​။”

ကျောင်း​သား​တပ်မ​တော်ရဲ​ဘော် ၃၀ ​ကျော် အဖမ်း​ခံထား​ရဆဲ

  ဒီဗီဘီ သတင်းမှ-ဖေါ်ပြသည်။
Published on January 17, 2012 by webteam   
ဇန်နဝါရီလ ၁၃ ရက်​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​မှာ ​ကျောင်း​သား​တပ်မ​တော်က ရဲ​ဘော် ၁၃ ဦး​ ပြန်လည်လွတ်​မြောက်လာခဲ့​ပြီး​ အကျဉ်း​ထောင်အသီး​သီး​မှာ အနည်း​ဆုံး​ ၃၀ ​ကျော် ကျန်​နေ​သေး​တယ်လို့​ ​အေဘီအက်စ်ဒီအက်ဖ် ဒုဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။
ကျောင်း​သား​ တပ်မ​တော်ရဲ့​ လက်ရှိ နိုင်ငံ​ရေး​ဗျူဟာက လက်နက်ကိုင်တိုက်ပွဲနဲ့​ လူထုတိုက်ပွဲ ​ပေါင်း​စပ်​ရေး​ဖြစ်ပြီး​ ​ကျောင်း​သား​တပ်မ​တော်က ရဲ​ဘော် ​တော်​တော်များ​များ​ အဖမ်း​ခံထား​ရပါတယ်။
ဒီမိုက​ ရေစီအသွင်ကူး​ပြောင်း​ရေး​ လုပ်ငန်း​စဉ်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို အကုန်လွှတ်​ပေး​ပြီး​ တပြည်လုံး​ အပစ်ရပ်ဖို့​ဟာ အရင်ဆုံး​လိုအပ်ချက်ဖြစ်တယ်လို့​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။
ကိုမျိုးဝင်း
“အခု ဇန်နဝါရီလ ၁၃ ရက်​နေ့​မှာ လွှတ်​ပေး​တဲ့​ အသုတ်မှာ​တော့​ ၁၃ ​ယောက်ပါလာတယ်။ ကျန်တာ​တော့​ လက်လှမ်း​မီသ​လောက် ပြုစုထား​တဲ့​ အ​ခြေအ​နေရဆိုရင်​တော့​ ၃၀ ​လောက် အကျဉ်း​ထောင်အသီး​သီး​မှာ ကျန်ပါ​သေး​တယ်။ အဓိက အ​ခြေခံအား​ဖြင့်​တော့​ နိုင်ငံ​ရေး​ နည်း​လမ်း​အရ ​ပြေလည်​အောင် ကြိုး​ပမ်း​တဲ့​နေရာမှာပဲ ဖြစ်ဖြစ်၊​ ဒီမိုက​ရေစီ အသွင်ကူး​ပြောင်း​ရေး​အတွက် ကြိုး​ပမ်း​တဲ့​နေရာမှာပဲဖြစ်ဖြစ် ကျ​နော်တို့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျခံ​နေရသူ အား​လုံး​ကို လွှတ်​ပေး​ဖို့​လိုတယ်။ ဒီမိုက​ရေစီ ကူး​ပြောင်း​ဖို့​ အစီအစဉ် ​ဖော်​ဆောင်မယ်ဆိုရင် အား​လုံး​ပါဝင်နိုင်တဲ့​ နိုင်ငံ​ရေး​ အခင်း​အကျင်း​၊​ တိုင်း​ပြည်ပြန်လည်ထူ​ထောင်​ရေး​မှာ အား​လုံး​ပါဝင်နိုင်တဲ့​ အ​ခြေအ​နေဖြစ်လို့​ ဖန်တီး​ပေး​ဖို့​လိုတယ်။ ကျ​နော်တို့​ ​အေဘီအက်စ်ဒီအက်ဖ်က ရဲ​ဘော်​တွေအပါအဝင် ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​အား​လုံး​ကို ခြွင်း​ချက်မရှိ အမြန်ဆုံး​ လွှတ်​ပေး​ဖို့​ လိုအပ်တယ်ဆိုတာ​တော့​ ကျ​နော်တို့​ အဖွဲ့​အစည်း​အ​နေနဲ့​တော့​ သ​ဘောထား​ရှိပါတယ်။”
အခုအချိန်ထိ မလွတ်​မြောက်​သေး​တဲ့​ ​ကျောင်း​သား​တပ်မ​တော် ရဲ​ဘော်​တွေထဲမှာ ​ထောင်ဒဏ် တသက်တကျွန်း​၊​ အနှစ် ၆၀ ​ကျော်အထိ ချမှတ်ခံထား​ရသူ​တွေ ပါဝင်ပြီး​ သူတို့​ကို ၁၉၉၀ အလွန် နှစ်​တွေက​နေ မကြာခင်နှစ်​တွေအတွင်း​ အစိုး​ရက ဖမ်း​ဆီး​ထောင်ချခဲ့​တာလို့​ သိရပါတယ်။
ဒါ့​အပြင် အခုလ ၁၀ ရက်​နေ့​က အစိုး​ရဘက်က​နေ ငြိမ်း​ချမ်း​ရေး​အတွက် ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ကမ်း​လှမ်း​ထား​တာကို အပြုသ​ဘော တုံ့​ပြန်သွား​ဖို့​ သ​ဘောထား​ ရှိတယ်လို့​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။
“သူတို့​ကမ်း​ လှမ်း​လာတဲ့​ အ​ပေါ်မှာ​တော့​ အပြုသ​ဘော​ဆောင်တဲ့​ ကမ်း​လှမ်း​မှုလို့​ ကျ​နော်တို့​ သုံး​သပ်တယ်​လေ။ ဒီအ​ပေါ်မှာ ကျ​နော်တို့​အဖွဲ့​အစည်း​အ​နေနဲ့​တော့​ အပြုသ​ဘောတုံ့​ပြန်ဖို့​အတွက်​တော့​ သ​ဘောထား​ရှိတယ်။ ဒါ​ပေမယ့်​ အ​သေး​စိတ်​တော့​ ဒီအချိန်မှာ ​ပြောဖို့​က​တော့​ ​စော​သေး​တယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​လွတ်​မြောက်​ရေး​ အပါအဝင် တပြည်လုံး​အတိုင်း​အတာ အပစ်အခတ်ရပ်စဲ​ရေး​။ ဒါ​တွေဟာ ကျ​နော်တို့​ ကနဦး​အဆင့်​မှာ အပြုသ​ဘော​ဆောင်တဲ့​ ​ဆောင်ရွက်မှု​တွေကို ​ဆောင်ရွက်ဖို့​လိုတယ်လို့​ မြင်ပါတယ်။”
မြန်မာနိုင်ငံလုံး ​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်ဖ်) ဟာ ၁၉၈၈ လူထုအ​ရေး​တော်ပုံကို စစ်တပ်က နှိမ်နင်း​တဲ့​ ​နောက်မှာ လက်နက်ကိုင် ​တော်လှန်​ရေး​လုပ်ဖို့​ နယ်စပ်ကို ထွက်လာတဲ့​ ​ကျောင်း​သား​တွေနဲ့​ စတင် ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်၊
လွန်ခဲ့​တဲ့​ နှစ်​တွေက အစိုး​ရက တိုင်း​ရင်း​သား​အဖွဲ့​တချို့​နဲ့​ အပစ်ရပ်​ရေး​၊​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​တွေ ​ဆွေး​နွေး​ခဲ့​ပေမယ့်​ ​ကျောင်း​သား​တပ်မ​တော်ကို တိုက်ရိုက် ကမ်း​လှမ်း​တာမျိုး​ မရှိခဲ့​ပါဘူး​။

ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နှင့် SSA (S) လက်မှတ်ထိုး

မြန်မာအစိုးရသစ်၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA (S)အဖွဲ့တို့ တနင်္လာနေ့က တောင်ကြီးမြို့တွင် ဆွေးနွေးခဲ့ကြပြီး အချက် ၁၁ ချက်ပါ သဘောတူညီမှု စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
shanpeace
၁၁ ချက်ထဲတွင် SSA ဗဟိုဌာနချုပ်ရုံးနေရာနှင့် နှစ်ဖက် နယ်မြေသတ်မှတ်ရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး၊ ဆက်ဆံရေးရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ ဖွင့်လှစ်လုပ်ဆောင်နိုင်ရန်တို့ ပါဝင်ပြီး ၎င်း အချက်များအားလုံးကို မူအားဖြင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

“ဒီ ၁၁ ချက်ကတော့ အခုပထမအကြိမ် ပြည်ထောင်စုအဆင့် မူအားဖြင့်သဘောတူညီချက်တွေပေါ့။ လိုအပ်လာတဲ့ အချက်တွေ ရှိခဲ့ရင်လည်း နောက် ဒုတိယအကြိမ်မှာ ထပ်ပြီးတင်ပြ ဆွေးနွေးကြမှာပေါ့။ အဲလိုပဲ သဘောတူထား တယ်” ဟု ငြိမ်းချမ်းရေး အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အဆင့် နှစ်ဘက်သဘောတူ လက်မှတ်ထိုးပြီး အစိုးရ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကိုယ်စားလှယ် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

အစိုးရနှင့် နှစ်ဖက်ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ခိုလာမ်၊ ကျိုင်းထုံ၊ မိုင်းဆက်၊ တာချီလိတ်တို့တွင် ဖွင့်လှစ်သွား မည်ဖြစ်ပြီး မူဆယ်နှင့် နမ့်ခမ်းတို့တွင်လည်း စီးပွားရေး ကုန်သွယ်ရေးရုံးများ ဖွင့်လှစ်သွားရန် သဘောတူညီခဲ့ကြ သည်။ ဖွင့်လှစ်မည့် အချိန်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။

သဘောတူညီချက်များအရ နှစ်ဖက်အဖွဲ့များ နယ်စပ်ဒေသ ဝင်ထွက်သွားလာရာတွင် နေရာများနှင့် ပတ်သက်၍ အစိုးရတပ်ဖွဲ့များ နှင့် RCSS/SSA တပ်ဖွဲ့များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရန်နှင့် နှစ်ဖက် ထိန်းချုပ်ရာ နယ်မြေများအတွင်း လက်နက် ကိုင်ဆောင်သွားလာမှုများအား ကြိုတင်ညှိနိုင်း အကြောင်းကြားပြီးမှ သွားလာကြရ မည် ဖြစ်သည်။ အလားတူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

ဆွေးနွေးပွဲတွင် အခြားအချက်များကို လျှင်မြန်စွာ ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နယ်မြေတွင်း နှစ်ဖက်တပ်များ ဆုတ်ခွာပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲကြန့်ကြာစေခဲ့ပြီး နောက်တကြိမ်တွေ့ဆုံရာတွင် အဓိက ဦးတည်
ဆွေးနွေးရမည့် အချက်တခုဖြစ်ကြောင်း ဆွေးနွေးပွဲ နှစ်ဖက်နီးစပ်သူများက ပြောသည်။

ကျိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းယောင်းမြို့နယ်ထဲတွင် လှုပ်ရှားနေသည့် SSA တပ်များအား မြန်မာအစိုးရဘက်က ထိုင်းနယ်စပ်သို့ ပြောင်းရွေ့ပေးစေချင်သလို၊ ဌာနချုပ်နေရာဖွင့်ရန် တောင်းဆိုထားသည့် ဟိုမိန်းနှင့် မိုင်းထား နယ်မြေများရှိ အစိုးရတပ်များကိုလည်း ဆုတ်ခွါပေးရန် SSA ဘက်က တောင်းဆိုထားသည်။

rcss11
“အဓိက ပြဿနာက တပ်ဆုတ်ပေးရေး အခြေအနေတွေပေါ့။ အဲဒါကြောင့် ဒီပြဿနာက အခြေအတင် ညှိနိုင်းရဦး မယ့် အနေအထားမှာ ရှိတယ်။ အစိုးရဘက်ကလည်း တပ်မဆုတ်ပေးချင်ဘူး။ ရှမ်းတပ်ဘက်ကလည်း ဆုတ်မပေး ချင်သေးဘူး ဖြစ်နေတယ်” ဟု SSA-S နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုအဆင့် ဒုတိယ အကြိမ်တွေ့ဆုံကြမည့်ရက် မသိရသေးသော်လည်း ယခုတွေ့ဆုံဆွေးနွေးပွဲသို့ SSA-S မှ ဗိုလ်မှူးချုပ် စိုင်းလူးနှင့် ဗိုလ်မှူးချုပ် ပေါင်ခေး တို့က ဦးဆောင်တက်ရောက်ခဲ့ကြပြီး ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုဗိုလ်မှူးကြီး စိုင်းမင်း တို့အပါအဝင် ၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဦးဇော်ဝင်း၊ အစိုးရ ရှေ့နေချုပ် ရုံး ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်စပ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး ကျော်စိုးလင်း၊ တြိဂံတိုင်း စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်ထွန်းမြင့်နှင့် အရှေ့အလယ်ပိုင်း စစ်တိုင်းရုံးမှ စစ်ဦးစီး အရာရှိ ၁ ဗိုလ်မှူးကြီး ဇော်မင်းအေးတို့ တက်ရောက်ကြသည်။

ပြည်နယ်အဆင့် မြန်မာအစိုးရနှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S တို့ အပစ်ခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ် တရပ်ကို ဒီဇင်ဘာ လဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

SSA-S ကို ၁၉၉၆ ခုနှစ်က ဗိုလ်မှူးကြီးအဆင့် ဖြစ်သော ရွက်ဆစ်က ဦးဆောင်ကာ ယခင် မိုးဟိန်း ဦးဆောင်သော ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ် SURA တို့ ပူးပေါင်းပြီး ဖွဲ့စည်းထားသည့် MTA မော်ထိုင်း တပ်မတော် အဖွဲ့ဝင်ဟောင်းအချို့နှင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ မြန်မာအစိုးရထံ ၁၉၉၅ ခုနှစ်က လက်နက်ချ သွားသော ခေါင်းဆောင် ခွန်ဆာလက်ထက်တွင် အမ်တီအေသည် ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် အင်အားအကောင်းဆုံး အဖွဲ့တခု ဖြစ်ခဲ့သည်။

ချိတ်ပိတ်ခံ ကျောင်းနှစ်ကျောင်း အရှင်ဂမ္ဘီရ ပြန်ဖွင့်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းအတွင်း ချိတ်ပိတ်ခံထားရ
သော ကျောင်းတိုက် နှစ်ခုအား ဆရာတော် အရှင်ဂမ္ဘီရ က အင်္ဂါနေ့ နံနက် ၉ နာရီခွဲခန့်တွင် ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချိတ်ပိတ်ခံထားရသော ကျောင်းတိုက်များမှာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်နှင့် သာသနာ့သိပ္ပံ
ကျောင်းတိုက်တို့ ဖြစ်ကြောင်း ၆ ထပ်ကြီး ကျောင်းတိုက်ဝင်းမှ သံဃာတော်တပါးက မဇ္စျိမကို ပြောသည်။
mkin

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန်မြို့ ၆ ထပ်ကြီးဝန်းအတွင်းမှ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား အရှင်ဂမ္ဘီရ က ၁၇.၁.၂ဝ၁၂ ရက်နေ့က လာရောက်၍ သော့ဖျက် ဖွင့်ပေးသွားသည်။ (ဓါတ်ပုံ မဇ္ဈိမ)

၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုခေါင်းဆောင် ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရမှာ နှစ်ရှည်ထောင်ဒဏ် ကျခံထားရရာမှ ဇန်နဝါရီ ၁၃ ရက်နေ့တွင် သရက်ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့် ပတ်သက်သည်ဟုဆိုကာ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်အား ၁.၁၁.၂ဝဝ၇ ရက်နေ့က လည်းကောင်း၊ သာသနာ့သိပ္ပံကျောင်းတိုက်အား ၁၃.၆.၂ဝဝ၈ ရက်နေ့က လည်းကောင်း နအဖ အစိုးရက  ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

ယင်း ကျောင်းတိုက်နှစ်ခုမှ ဆရာတော် နှစ်ပါးလုံးမှာ ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူသွားကြကြောင်း သာသနာ့ သိပ္ပံ ကျောင်းတိုက်မှ ဦးကုသလ က မဇ္ဈိမကို မိန့်ကြားသည်။

“ဦးဇင်းတို့လည်း တပတ်လောက် ဖမ်းခံရတာပဲ။ လွတ်လာတော့ ကျောင်းမှာ နေစရာ မရှိတော့ဘူး။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက်ပေါ့။ သာသနာ့ဂုဏ်ရည် ကျောင်းတိုက်မှာ သံဃာ ၈ ပါး ရှိတယ်။ ကျောင်းထိုင်ဆရာတော်ကတော့ အဖမ်းမခံရဘူး။ ဒါပေမယ့် ကျောင်းကို ချိတ်ပိတ်တာဆိုတော့ ဟိုမှာနေလိုက် ဒီမှာနေလိုက်ပေါ့။ အခုတော့ ပြီးခဲ့တဲ့ နှစ်ကပဲ ကင်ဆာရောဂါနဲ့ ပျံလွန်သွားပါပြီ။ ကျောင်းတိုက် တခုလုံးက သံဃာတွေ ဖမ်းခံရတာက လွတ်လာတော့ လည်း နယ်တွေကို ပြန်ကြွရတာပေါ့”ဟု မိန့်ကြားသည်။

ချိတ်ပိတ်ခံ ကျောင်းတိုက် နှစ်ခုလုံးကို ပြန်လည်ဖွင့်ပေးရေးအတွက် နအဖ လက်ထက်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ထံသို့ တကြိမ်၊ ယခု အစိုးရသစ် ရန်ကုန်ဝန်ကြီးချုပ်ထံသို့ တကြိမ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံသို့ တကြီမ် စာတင်ပြီး တောင်းဆိုခဲ့သော်လည်း အကြောင်း မထူးကြောင်း ဦးကုသလ က မိန့်သည်။

၆ ထပ်ကြီး ကျောင်းတိုက်ဝင်းတွင် ၂ဝဝ၇ ခုနှစ် မတိုင်မီက သံဃာအပါး ၁ဝဝဝ ကျော်ခန့် ရှိကြောင်း၊ ရွှေဝါရောင် လှုပ်ရှားမှု နောက်ပိုင်း သံဃာများအား လက်မခံရဲတော့ သည့်အတွက် အပါး ၃ဝဝ ကျော်သာ ကျန်ရှိတော့ကြောင်း ကိုယ်တော်တပါးက မိန့်သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ကျန်နေသေး

လင်းသန့် on January 17, 2012


ထင်ရှားသည့် နိုင်ငံရေး အကျဉ်း သားများ မကြာသေး ခင်က လွတ်မြောက် လာခဲ့ သော်လည်း အကျဉ်းထောင် အသီး သီးတွင် နိုင်ငံရေး အကျဉ်းသား များစွာ ကျန်ရှိ နေသေး ကြောင်းသိရ သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လက်လှမ်းမီသရွေ့ ပြုစုသောစာရင်းအရ မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ကျန်ရှိနေပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သက်ဆိုင်ရာ အကျဉ်းထောင်အလိုက် နိုင်ငံရေးအကျဉ်းသား စာရင်းပြုစုရာတွင်လည်း ယခင် ၆၄၀ ကျော်ရှိနေရာမှ ၁၂ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နောက်ပိုင်း အကျဉ်း ထောင် များထဲတွင် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်ရှိနေသေးကြောင်း သိရသည်။

“ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လွတ်လာဖို့ လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါတယ်” ဟု NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆိုသည်။

NLD အနေဖြင့် လက်လှမ်းမီသရွေ့ ဆက်လက် စုဆောင်း ကာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး စရာများ ရှိနေသေး ကြောင်း၊ နိုင်ငံရေးအကျဉ်းသား စာရင်းများ ကွာဟချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် မူတည်ကြောင်း သူက ဆက်ပြောသည်။

ပြည်ထဲရေး ၀န်ကြီး၏ သတင်းစာရှင်းလင်းပွဲတွင် NLD မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသား စာရင်း ၆၀၄ ဦးအပေါ် အခြေခံကာ လွှတ် ပေးခြင်းဖြစ်ပြီး လက်ရှိ အကျဉ်းကျခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦး ပေါင်း ၄၃၀ ဦးသာ ရှိ ကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် ၁၀၇ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့် အသီးသီးနှင့် ရက်စေ့ကာ လွတ်မြောက် ခဲ့ပြီး ဖြစ်ကြောင်း၊ ၁၃ ဦးမှာ အမည်ထပ်နေပြီး ၅၁ ဦးမှာ အချက်အလက် မပြည့်စုံကြောင်း၊ သေဆုံးသူ ၁ ဦးနှင့် သာသနာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးထားသူ ၂ ဦးရှိကြောင်း ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ရှင်းလင်း ပြောကြားခဲ့သည်။

ကျန် ၁၂၈ ဦးမှာမူ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများဖြစ်သဖြင့် ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်ဖြင့် အကျုံး မ၀င်သောကြောင့် တရားဥပဒေ စိုးမိုးရေးအလို့ငှာ ဆက်လက်ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်ခါစကလည်း မလွတ်မြောက်သေးသည့် နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်များထဲတွင် ကျန်နေသေးသည်ဟု ဆိုသည်။

“ကျနော်တို့ သရက်ထောင်မှာပဲ ကြည့်လေ၊ နိုင်ငံရေးအကျဉ်းသားတွေ ကျန်သေးတယ်ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တချို့ အမှုမှားပြီး အဆွဲ ခံထားရတဲ့ သန်လျင်မြို့နယ် NLD က ကိုသန်းဇော်လို လူမျိုးတွေ ကျန်သေးတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အ သုံး အနှုန်းကတော့ အငြင်းပွားစရာ ရှိချင်ရှိမယ်၊ ဒါပေမယ့် နိုင်ငံရေးအရ ဖြစ်တဲ့ အကျဉ်းသားတွေပါပဲ” ဟု ၎င်းက ဧရာဝတီသို့ ပြောခဲ့ သည်။

ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံးထုတ်ပြန်ထား သော စာရင်းအရ နိုင်ငံ ရေးအကျဉ်းသား ၁၅၇၂ ဦးရှိသည့်အနက် ၃၀၀ ခန့်ကို နောက်ဆုံး လွှတ်ပေးပြီးနောက် ၁ ထောင်ကျော် ကျန်ရှိနေသေးသည်ဟု သိရ သည်။

“ကိုမင်းကိုနိုင်တို့လို၊ ဦးခွန်ထွန်းဦးတို့လို ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာပေမယ့် ဦးမြင့်အေး၊ ကိုသန်း ဇော်၊ ကိုအေးအောင်တို့လို လူတွေ၊ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တွေနဲ့ ဖမ်းဆီးထားတဲ့ သူတွေ အများကြီး ကျန်ရှိနေပါသေးတယ်” ဟု AAPP ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

AAPP က ပြုစုထားသည့် စာရင်းမှာ ပြီးပြည့်စုံမှု မရှိသေးသော်လည်း ဆက်လက်၍ အတည်ပြုနိုင်ရန် လုပ်ဆောင်မည် ဖြစ်ပြီး နောက်ဆုံး ရရှိသည့် အခြေအနေများကို ထုတ်ပြန်ရန်ရှိကြောင်း သူက ဆက်ပြောသည်။

ကျန်ရှိနေသူများထဲတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး၊ ပြစ်မှု မကျူးလွန်ဘဲ သန်လျင် ရေနံချက် စက်ရုံ ဗုံးခွဲသည့် စွပ်စွဲချက်ဖြင့် သေဒဏ်နှင့် တသက်တကျွန်း ချမှတ်ခံထားရသော နှစ်ပေါင်း ၂၀ ကျော်ကြာသည့်တိုင် မလွတ်သေးသည့် သရက်အကျဉ်းထောင်မှ ကို သန်းဇော် အပါအဝင် တရားမဝင်အသင်းနှင့် ဆက်သွယ်မှု၊ ကိုယ်တိုင် ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ (၂) စသည်တို့ဖြင့် ဖမ်းဆီးထိမ်းသိမ်း ခံထား ရသူ များစွာရှိသည်ဟု ကိုဘိုကြည်က ဆိုသည်။

နိုင်ငံရေးအကျဉ်းသား စာရင်းကွာဟမှုသည် အဓိက အဓိပ္ပာယ် ဖွင့်ဆိုချက် ကွာခြားခြင်းသာဖြစ်ပြီး ပြည်ထဲရေး ၀န်ကြီး ပြောဆိုသော ၃၀၂ ဦး လွှတ်ပေးပြီး ၁၂၈ ဦးသာ ကျန်ရှိသည်ထက် ပိုမိုကျန်ရှိနေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ တချို့သည် ရာဇ၀တ် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူ ခံထားရကြောင်း၊ အမှန်တကယ် ဖမ်းဆီးသည့် အာဏာပိုင်များက စာရင်း အတိအကျကို ပိုသိမည်ဖြစ်ကြောင်း ကိုဘို ကြည်က ပြောသည်။

ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ စာရင်းပြုစုနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘမျိုးသိန်းကလည်း “သရက်ထောင်မှာ စောတင်ဦးတို့၊ စိုင်းဖုန်းတင့်တို့တွေ ကျန်နေတယ်။ တိုင်းရင်းသားတွေထဲကလည်း ကျန်နေ သေးတယ်” ဟု ဆိုသည်။

ကိုမင်းကိုနိုင်နှင့် ဦးခွန်ထွန်းဦး အပါအ၀င် ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးသောကြောင့် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲရေးသည် အပေါ်ယံ ပြောင်းလဲမှု ဖြစ်နေပြီး မထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား များစွာ ကျန်နေသေးသည့်အတွက် ထပ်မံလွှတ်ပေးခြင်းဖြင့် အောက်ခြေအထိ ပြုပြင် ပြောင်းလဲပေးစေလိုကြောင်း သူက ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့် စုစုပေါင်း ၄ ကြိမ်ပေးခဲ့ပြီး အကျဉ်းသားများ လွှတ်ပေးနေရာ ယခုနောက်ဆုံးတွင် တိုးတက်မှုအဖြစ် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀၀ ခန့် လွှတ်ပေးမှုကို နိုင်ငံတကာက ချီးမွမ်း ပြောဆိုလျှက်ရှိကြောင်း၊ ဆက်လက်၍ ပြုပြင်ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင်သွားရန် တိုက်တွန်းနေခြင်းကိုလည်း အကောင် အထည် ဖော်သင့်ကြောင်း ကိုဘမျိုးသိန်းက ဆက် ပြောသည်။

အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းရေး ဒေါ်စုအမြင် အရေးပါ

 အင်္ဂါ, 17 ဇန်နဝါရီ 2012

သတင်း(ဗီအိုအေ)

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေရုပ်သိမ်းဖို့ ဆုံးဖြတ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်အယူအဆကို အဓိကအလေးပေး စဉ်းစားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ နေပြည်တော်ကိုရောက်နေတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် မစ် မက်ကောနယ်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သူမြင်တွေ့ရတဲ့ အပြောင်းအလဲတွေဟာ စစ်မှန်မှုရှိတယ်လို့လည်း မစ္စတာမက်ကောနယ်က ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
အမေရိကန်အထက်လွှတ်တော်ရဲ့ ရီပတ်ဘလီကင်ခေါင်းဆောင် အထက်လွှတ်တော်အမတ် Mitch Mcconnell ရဲ့ ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေက အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုရုပ်သိမ်း မသိမ်း အခြေအနေတွေကို အဓိကထား မေးမြန်းကြပါတယ်။ အခုလို ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ကိစ္စမှာ သူအပါအဝင် အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို အဓိကထား စဉ်းစားမှာ ဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောသွားပါတယ်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်အပေါ် အရေးယူဒဏ်ခတ်မှုရုပ်သိမ်းဖို့ ဆုံးဖြတ်တဲ့ နေရာမှာ  အခုလက်ရှိ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ထင်မြင်ယူဆသလဲဆိုတာက အတော်လေး သြဇာလွှမ်းမိုးမှုရှိပါလိမ့်မယ်”
လက်ရှိ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ရင် စစ်မှန်တဲ့ဆောင်ရွက်မှုတွေလို့ မြင်တဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် မစ် မက်ကောနယ်က ပြောပါတယ်။ ဒီထက်လည်း ပိုပြီးအရှိန်အဟုန် ကောင်းကောင်းနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ အခုလက်ရှိ ကချင် ကရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို ထောက်ပြပြီး ဒဏ်ခတ်မှု ပြန်လည်ရုပ်သိမ်းရေး ဆုံးဖြတ်ရာမှာ ဒီတိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပိုင်းကိုလည်း ထည့်သွင်း စဉ်းစားမှာဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောပါတယ်။
“တိုင်းရင်းသားအင်အားစုအားလုံးနဲ့ ဆက်ဆံရေးပိုင်းမှာ နောက်ထပ်တိုးတက်ဖြစ်ထွန်းမှုတွေကို ကျနော်တို့ စောင့်ကြည့်အကဲခတ်သွားပါမယ်။ ဒါဟာ အရေးယူဒဏ်ခတ်မှုရုပ်သိမ်းဖို့ စဉ်းစားချက်ထဲမှာ ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်”
မစ္စတာမက်ကောနယ်ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အစိုးရသစ်ရဲ့ လက်ရှိ အပြောင်းအလဲတွေ ဖော်ဆောင်တဲ့နေရာမှာ လူအပြောင်းအလဲထက် မူဝါဒ အပြောင်းအလဲဟာ အရေးကြီးတယ်လို့ မစ္စတာမက်ကောနယ်က မြင်ပါတယ်။
“တကယ်အရေးကြီးတာက လူပုဂ္ဂိုလ်ကိစ္စမဟုတ်ပါဘူး၊ မူဝါဒ ဘယ်လို ချမှတ်ကျင့်သုံးတယ်ဆိုတာပါ။ ဒီလူတွေနဲ့ မတူတော့တဲ့ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးနိုင်ပါတယ်။ အခု အစိုးရသစ်ထဲမှာ ဒီလူဟောင်းတွေပဲ ပြန်ပါလာတာဖြစ်ဖြစ်၊ အစိုးရဟောင်းပဲဖြစ်ဖြစ် အဓိကအချက်ကတော့ မူဝါဒ ပြောင်းလဲဖို့ပါပဲ”
သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်ရှိတဲ့ အခါမှာ အခြား အမေရိကန်လွှတ်တော် အမတ်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိ ပွင့်လင်းမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုအခြေအနေတွေကို ဆွေးနွေး ပြောဆိုသွားမယ်လို့လည်း ဆိုပါတယ်။
မစ္စတာမက်ကောနယ်ဟာ မနေ့တုန်းက မြန်မာ့ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲဟာ လမ်းမှန်ပေါ် ဦးတည်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးဟာ မြန်မာအစိုးရဖက်က လုပ်ရပ် တချက်ချင်းအပေါ်မှာ တည်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။
အထက်လွှတ်တော်အမတ် Mitch Mcconnell ဟာ အမေရိကန်အထက်လွှတ်တော်မှာ ရီပတ်ဘလီကဲန်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သလို မြန်မာဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ အမြဲတမ်းဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တဦးလည်းဖြစ်ပါတယ်။
၂ဝဝ၃ ခုနှစ်ကတည်းကလည်း နှစ်စဉ်လိုလို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို သက်တမ်းတိုးဖို့ ဦးဆောင် ထောက်ခံ တင်ပြခဲ့သူဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ဆို လွှတ်တော်နှစ်ရပ်ကနေ ပြန်လည်ဆုံးဖြတ်ရမှာဖြစ်တာမို့ အခု အထက်လွှတ်တော်အမတ် Mitch Mcconnell ရဲ့ သဘောထားဟာ မြန်မာအပေါ် အမေရိကန်ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အရေးပါမှုရှိတယ်လို့ ပြောရမှာပါ။ မစ္စတာမက်ကောနယ်ဟာ အခု ဗုဒ္ဒဟူးနေ့မှာတော့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေကို ဝေဖန်ပိုင်ခွင့်ရှိသင့်

 အင်္ဂါ, 17 ဇန်နဝါရီ 2012

သတင်း( ဗီအိုအေ)
ဓာတ်ပုံ ASSOCIATED PRESS
မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးခွဲဖွင့်ပွဲ မြင်ကွင်း (ဇန်နဝါရီ ၁၇၊ ၂၀၁၂။)
လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံဖြစ်အောင် ထိန်းကျောင်းပေးဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်တယ်လို့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ကိုယ်ကမဲပေးထားမှ ဒီကိုယ်စားလှယ်ကို ဝေဖန်ပိုင်ခွင့်ရှိမယ်လို့လည်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လစ်လပ်နေတဲ့ထဲမှာ တနေရာပါဝင်တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပါတီရုံးခန်းကို ဒီကနေ့ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လစ်လပ်နေရာ ၄၈ နေရာလုံးမှာ ပါဝင်အရွေးခံဖို့ ပြင်ဆင်နေတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်တာနဲ့ ပတ်သက်လို့ကို ဖွင့်ပွဲ မိန့်ခွန်းတွေမှာ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးတင်ဦးရော ဒေါ်အောင်ဆန်းစုကြည်ပါ အသားပေးပြောသွားကြပါတယ်။
သမိုင်းစာမျက်နှာသစ်ဖွင့်နေတဲ့ NLD က ပြည်သူအားလုံးရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စီးပွားရေး ကိစ္စတွေလုပ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပညာပိုင်း၊ အတွေ့အကြုံပိုင်း အနီးကပ်ကူညီနိုင်မယ့် အမျိုးသမီး၊ လူငယ် တိုင်းရင်းသားတွေကို အဓိကထား ရွေးချယ်နေတာ ဖြစ်တယ်လို့ ဦးတင်ဦးက ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ရုန်းကန်နေကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို နည်းအောင်လုပ်နိုင်မဲ့ သူကို ရွေးမယ်လို့ ခုလို ပြောပါတယ်။
“ကျမတို့ရဲ့ပြည်သူအများစုဟာ ဆင်းရဲတဲ့အမှုနဲ့ ရုန်းကန်နေရတယ်ဆိုတာကို ကျမတို့ နားလည်ပါတယ်။ ဒီလိုရုန်းကန်နေတဲ့နေရာမှာ ပြည်သူတွေရဲ့ စိတ်ဆန္ဒတွေကို နားလည်စာနာပြီးတော့ ပြည်သူတွေရဲ့ဒုက္ခတွေကို တတ်နိုင်သလောက် ကျဆင်းသွားအောင်လို့ လုပ်ပေးနိုင်မယ့် ကိုယ်စားလှယ်တွေ ကျမတို့ရွေးမှာပါ”
ရွေးကောက်ပွဲအတွက် မင်္ဂလာတောင်ညွန့်မြို့နယ်က အရွေးခံဖို့အတွက် HIV AIDS ဝေဒနာရှင်တွေကို ဦးဆောင် ပြုစုစောင့်ရှောက်ပေးနေတဲ့ NLD ပါတီဝင် မဖြူဖြူသင်းကို ဘာကြောင့် ရွေးရသလဲ ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသွားပါတယ်။ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံဖြစ်လာအောင်က ပြည်သူတွေမှာပဲ တာဝန်ရှိတယ်ဆိုတာကိုလဲ သူက မိန့်ခွန်းထဲမှာ အဓိက ပြောပြခဲ့ပါတယ်။
“ကိုယ်ဖြစ်စေချင်တဲ့ကိုယ်စားလှယ်မျိုးဖြစ်အောင် ပြည်သူတွေကလည်း ဝိုင်းပြီးတော့လုပ်ပေးရမယ်။ ကိုယ်လိုချင်တဲ့ပုံစံဖြစ်အောင်လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့ ထိန်းသွားရမယ်။ ဒါ- ဒီမိုကရေစီရဲ့ အရေးအကြီးဆုံးအချက်တခုပဲ။ ဘာဖြစ်လို့ ကျမတို့ ဒီမိုကရေစီ၊ ဒီမိုကရေစီလို့ ပြောနေသလဲ- ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးတော့ ကိုယ့်ကံကြမ္မာ၊ ကိုယ့်တိုင်းပြည်ရဲ့ကံကြမ္မာကို ဆုံးဖြတ်ဖို့ဟာ ပြည်သူတွေရဲ့လက်ထဲမှာပဲ ရှိနေတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့က ဒီမိုကရေစီစနစ်ကို လိုလားတာပါ”
မဲဆန္ဒပေးတယ်ဆိုတာဟာ ပြည်သူတွေရဲ့ တာဝန်တခု ဖြစ်တာမို့ မဲစာရင်းထဲမှာ ကိုယ့်နာမည် ပါ မပါ သိအောင်လုပ်ဖို့ အရေးကြီးပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လူတိုင်းမှာ မဲပေးပိုင်ခွင့်ရှိတာမှန်ပေမယ့် မဲပေးနိုင်အောင် ကိုယ်တိုင်လုပ်စရာတွေ လိုတဲ့အတွက် ဒီကိစ္စတွေကို NLD က အသိပညာပေးတာတွေ လုပ်ဖို့လည်း ရှိပါတယ်လို့ ဆိုပါတယ်။ ပြည်သူတွေဘာကြောင့် မဲပေးသင့်တယ်ဆိုတာနဲ့ ပတ်သက်လို့လည်း-
“ကိုယ်မဲထည့်ပေးလိုက်တဲ့ကိုယ်စားလှယ်က သူ့တာဝန် ကျေပွန်လား၊ မကျေပွန်လားဆိုတာကို ကိုယ်ကနေစပြီးတော့ ဝေဖန်ပိုင်ခွင့်ရှိသွားတယ်။ ကိုယ်ကလည်း မဲမထည့်ဘူး၊ ဂရုမစိုက်ဘူး၊ ငါနဲ့မဆိုင်ဘူး-ဒီရွေးကောက်ပွဲဆိုပြီးတော့- နောက်တော့မှ ဒီကိုယ်စားလှယ်ဘာမှမလုပ်ဘူးလို့ ပြောလို့ရှိရင်တော့ ဒါဟာ တာဝန်မဲ့တဲ့စိတ်ထားမျိုးဖြစ်ရာကျတယ်”
ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံး ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ပြောကြားသွားတာဖြစ်ပါတယ်။ ဒီရုံးဟာ ပြည်ထောင်စု ရွေးကောက်ပွဲမှာ ပြန်လည် မှတ်ပုံတင်ခဲ့ပြီးနောက် NLD ပါတီက ရန်ကုန်မှာ ဒုတိယမြောက် ဖွင့်တဲ့ ရုံးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဗဟန်းမြို့နယ် စည်းရုံးရေး ကော်မတီရုံးကို ဖွင့်ခဲ့ပါတယ်ရှင်။