>> Thursday, October 20, 2011
မလေးရှားအစိုးရကပြုလုပ်သည့် လီဂယ်လိုက်ဇေးရှင်း ကာလအစတွင် မြန်မာသံရုံးမှနေ၍ မလေးရှားရှိ မြန်မာဂျာနယ်တချို့ကိုခေါ်ယူကာ ပတ်စပို့လုပ်ရန်အတွက် စာအုပ်ကြေး ၃၂၀-ရင်းဂစ်နှင့် တခြားစာရွက်စာတမ်းကြေးများ စုစုပေါင်း ၄၀၀-ရင်းဂစ်ခန့်သာ ကုန်ကြနိုင်မည်ဟု ပြောကြားခဲ့သည်။
ထို့နောက်တဖန် ပတ်စပို့စာအုပ်အတွက်ကုန်ကျငွေများ ထပ်မံထုတ်ပြန်ရာ မလေးရှားနိုင်ငံတွင် ၃ နှစ်ကြာနေထိုင်သူများအတွက် ရင်းဂစ် ၄၈၀၊ ၃ နှစ်မှ ၅ နှစ်ကြား နေထိုင်သူများအတွက် ရင်းဂစ် ၆၄၀ နှင့် ၅ နှစ်အထက် နေထိုင်သူများအတွက် ရင်းဂစ် ၉၆၀ ကုန်ကျမည်ဟု ခွဲခြားသတ်မှတ်ခဲ့သည်။ (အောက်ပါပုံများပေါ် ကလစ်နှိပ်၍ အသေးစိတ်ကြည့်နိုင်ပါသည်)
ခင်မင်ရင်းနှီးသည့် နာမည်မဖော်လိုသူ မြန်မာပွဲစားတဦး၏ ပြောပြချက်အရ အမှန်တကယ်ကုန်ကျမည့် ပတ်စပို့စာအုပ်ကြေးမှာ ဒု-၀န်ကြီးပြောသည့်အတိုင်း ၄၈၀-ရင်းဂစ်သာဖြစ်ပြီး ကျန်သည့်ကုန်ကျငွေများမှာ သံအမတ်ကတော်အား ပေးရငွေ ၁၅၀-ရင်းဂစ်၊ သံအမတ်ကတော်နှင့် ဆက်သွယ်ပေးသည့် သံရုံးအတွင်းပွဲစားအား ၅၀-ရင်းဂစ်နှင့် အပြင်မှ အေဂျင်စီပွဲစားများအတွက် တောင်းလျှင်တောင်းသလောက် ပေးရငွေ (၅၀၊ ၁၀၀၊ ၁၅၀ ရင်းဂစ် စသဖြင့်) များ ဖြစ်ကြောင်း သိရပါသည်။
ထို့ပြင် သံရုံးသို့ ပတ်စပို့စာအုပ်သွားလုပ်ရာတွင်လည်း မိမိကိုယ်တိုင် တဦးတယောက်ချင်းစီ သွားလုပ်သည်ကို သံရုံးမှ လက်မခံကြောင်း၊ ပွဲစားများမှ တဆင့် စာအုပ်များ အစုလိုက်အပြုံလိုက် တပြိုင်တည်း လာလုပ်မှသာ လက်ခံကြောင်းလည်း သိရသည်။
ယခုလက်ရှိသံအမတ်မှာ မကြာခင်ပြောင်းတော့မည်ဖြစ်ကြောင်း၊ မပြောင်းခင် သံအမတ်ကတော်မှ အထုပ်အပိုး ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ လူတယောက် ၁၅၀ ရင်းဂစ်နှင့် စာအုပ်လုပ်မည့် လူဦးရေကို ခန့်မှန်းတွက်ချက်ပြီး အထုပ်မည်မျှကြီးနိုင်ကြောင်းကိုလည်း ထိုမြန်မာပွဲစားမှ ထပ်မံဖြည့်စွက်တွက်ချက် ပြောပြပါသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com