Wednesday, November 30, 2011

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံခြားရေးရာတာဝန်တစ်ခုကို ရနိုင်ဖွယ်ရှိနေဟု သတင်းထွက်ပေါ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါတီကြားဖြတ်ရွေးကောက် ပွဲဝင်ပြီးနောက် နိုင်ငံခြားရေးရာနှင့် ပတ်သက်သော တာဝန်ကြီးတစ်ခုကို ပေးအပ်ခြင်းခံရနိုင်ဖွယ်ရှိနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ သုံးသပ်ပြောဆိုသံများကြားရသည်။ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်၊ ပြောဆိုသံများမှ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံခြားရေးရာနှင့် ပတ်သက်သော တာဝန်ကြီးတစ်ခုကိုရလာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုနေကြပြီး သမ္မတကြီး၏ နိုင်ငံရေးအကြံပေးအဖွဲက ခေါင်းဆောင် ဦးကိုကိုလှိုင်က 'ဒေါ်အောင်ဆန်းစုအနေနဲ့ ပါတီပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်၊ ပြည်သူက ရွေးချယ်တင်မြောက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာမယ်ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ပြည်သူ့လွှတ်တော်က တာဝန်ထမ်းဆောင်ခွင့်ရလာမှာဖြစ်ပါတယ်။ သူရဲ့ အရည်အချင်း၊ နိုင်ငံတကာ ဝင်ဆံ့မှုတွေနဲ့ ထိုက်တန်တဲ့ နေရာကို အပေးခံရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုတာဝန်လဲဆိုတာတော့ မသိရပါဘူး။ ဒါကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်" ဟု ပြောကြားသည်။

"ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော်မပြောလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးရာနဲ့ ပတ်သက်တာပဲ တန်တာလားလို့ မေးချင်ပါတယ်။ သူရဲ့စွမ်းဆောင်ရည်နဲ့ တန်ဖိုးက ဒါ့ထက်ပိုနေရင်ရော၊ ကျွန်တော်တို့ ပါတီပြန်ဝင်တာက လွှတ်တော်ထဲကို အရောက်သွားဖို့ ဝင်တာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အချက်သုံးချက်ကိုပဲ အဓိကထားပြီး လွှတ်တော်ထဲကို ပြန်ဝင်မှာဖြစ်ပါတယ်။ အဲဒါတွေကတရား ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးဆိုတာပါပဲ" ဟု NLD ၏ ပြောရေးဆိုခွင့်ရသူ ဦးအုန်းကြိုင်က ပြောကြားသည်။

"ဒေါ်စုက နိုင်ငံတကာအတွေ့အကြုံ ကြွယ်ဝတယ်။ ဆက်ဆံရေးကောင်းတယ်၊ နိုင်ငံတကာကလည်း ထောက်ခံတယ်၊ လေးစားတယ်။ နိုဘယ်လ်ဆုရှင်လည်းဖြစ်တယ်။ တကယ်အသိအမှတ်ပြုပေးရင် ကောင်းတာပေါ့။ ကျေနပ်စရာကောင်းတယ်။ တိုင်းပြည်ရဲ့ အကျိုးအတွက် သူ့ကိုဘယ်လိုသုံးမလဲ။ သူ့ရဲ့ အရည်အချင်းကို သုံးတတ်ဖို့လိုပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွှန့်က မှတ်ချက်ပြုပြောကြားသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com