Tuesday, December 6, 2011

ကျောင်းသား ၇၀၀ ကျော်ကို သင်ကြားပေးသည့် ဘုန်းတော်ကြီးသင်ကျောင်း ရပ်တည်ရန်ခက်ခဲ

မိဘမဲ့ကလေးများနှင့် ဆင်းရဲ နွမ်းပါးသော ကလေးငယ် ၇၀၀ ကျော်ကို ပညာသင်ကြားပေးလျက် ရှိသော အင်းစိန်မြို့နယ် မြို့သစ် (က/ခ)ရပ်ကွက်ရှိ သာသန ဟိတကာရီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် ကျောင်းတည်နေရာ ပြဿနာအချို့ကြောင့်  ဆက်လက်ရပ်တည်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တည်ရှိရာနေရာကို ဖောင်တော်ဦးဘုရားကြီး၏ ဂေါပကအဖွဲ့က ဘုရားဝတ္တကမြေ အဖြစ် သတ်မှတ်ပြီး ကျောင်းကိုဖယ်ရှားပေးရန် ပြောဆိုမှုများ ရှိလာသောကြောင့် ထိုသို့ ကျောင်းဆက်လက်ရပ်တည်ရန်နှင့် ကျောင်းသား ၇၀၀ ကျော်တို့ ဆက်လက် ပညာသင်ကြားခွင့်ရရန် အခက်အခဲနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။
“ဒီကျောင်းကို  ၁၉၉၃ ခုနှစ် ကတည်းက စတင်တည်ထောင်ခဲ့တာပါ။ စတည်ထောင်တုန်းကတော့ ဓနိမိုး၊ ထရံကာကျောင်းလေးပါပဲ။ နောက် ကျောင်းဆောက်ဖို့အတွက် ဆိုပြီးတော့ သစ်တောနဲ့ မီးသတ်က ပေါင်းပြီးတော့ မီးသတ်ရေကန် အဟောင်းတစ်ခုကို လှူခဲ့တယ်။ အဲဒါကြောင့် ၁၉၉၆ ခုနှစ်မှာ ကန်ကို ဖို့ပြီး သွပ်မိုးပျဉ်ကာ ကျောင်းလေး ဆောက်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းဖြစ်တော့ ကျောင်းက ပျက်စီးသွားခဲ့တယ်။ အဲဒီမှာ ရှိုင်းဟုတ်ကုမ္ပဏီထံကနေ နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းဖို့ အလှူ ခံရရှိခဲ့တယ်။ ကျောင်းသားဦးရေကလည်း အရမ်းများလာတော့ နှစ်ထပ်ကျောင်းနဲ့မှ အဆင်ပြေမှာမို့လို့ ပါ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျောင်းနေရာကို ဘုရားဝတ္တကမြေအဖြစ် သတ်မှတ်လိုက်ပြီဆိုပြီး နေရာဖယ်ပေးဖို့ ပြောလာခဲ့တယ်။ အဲဒါကြောင့် အလှူရှင်ကလည်း နှစ်ထပ်ကျောင်း မဆောက်လှူတော့ဘဲ သံကူကွန်ကရစ် တစ်ထပ်ကျောင်းပဲ ဆောက်လုပ် လှူဒါန်းခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျောင်းကိုရွှေ့ပေးဖို့ ပြောနေတော့ ဘုန်းကြီးလည်း အခက်တွေ့နေရ တယ်။ ကျောင်းသားလေးတွေရဲ့ ပညာရေးအတွက်လည်း မကောင်းပါဘူး၊၊ ကျောင်းသားမိဘတွေလည်း စိတ်မကောင်း ဖြစ်နေကြရပါတယ်” ဟု ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ၀ါယာမက မိန့်ကြားပါသည်။ ပရဟိတကလေးများနှင့် မိဘမဲ့ကလေးများကို ဘုန်းတော်ကြီးကျောင်းတွင် ဘွဲ့ရသည်အထိ ပညာသင်ပေးကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment

wwwwnyinyi@gmail.com