
အင်း စိန်ထောင်မှာ ကျန်းမာရေးဆိုးရွားနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုနေမျိုးဇင်ရဲ့ အမှုကို နေပြည်တော်မှာ ပြင်ဆင်ချက်လျှောက်ထားလိုက်တယ်လို့ သူ့ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
အီလက်ထရောနစ်ပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်ချခံထားရတဲ့ ကိုနေမျိုးဇင်ရဲ့ အယူခံကို ရန်ကုန်တိုင်းဒေသကြီး တရားရုံးအမှတ် ၆ က ပယ်လိုက်ပြီးနောက် နေပြည်တော်ပြည်ထောင်စု တရားရုံးချုပ်မှာ ဒီဇင်ဘာ ၇ ရက်နေ့က ပြင်ဆင်ချက် လျှောက်ထားလိုက်တာပါ။
ဒီတခါ ပယ်ချခံရရင် နောက်ဆုံးအဆင့် အယူခံတက်စရာပဲ ကျန်တော့တယ်လို့ ဦးလှမျိုးမြင့်က ပြောပါတယ်။
“ပထမဆုံး က အယူခံ၊ အယူခံပြီးရင် ပြင်ဆင်မှု၊ ပြင်ဆင်မှုပြီးရင် အထူးအယူခံဆိုတာ ရှိသေးတယ်။ နောက်ဆုံးအဆင့်က သုံးပါးထိုင်ခေါ်တာပေါ့။ အဲဒီအဆင့် ကျန်သေးတယ်။ အဲဒါက အထူးအယူခံခေါ်တာပေါ့။ အဲဒါပြီးရင်တော့ ကုန်ပြီ။ အခုက နောက်တဆင့်ကျန်သေးတယ်။”
ဗိုလ်ကြီး ဟောင်းဖြစ်တဲ့ ကိုနေမျိုးဇင်ကို ပြီးခဲ့တဲ့ ဧပြီလက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဩဂုတ်လအတွင်းမှာ အီလက်ထရောနစ်ပုဒ်မနဲ့ ထောင် ၁ဝနှစ် ချမှတ်ခဲ့ပါတယ်။
ကိုနေမျိုးဇင်ကို ဖမ်းဆီးတဲ့အချိန်ကနေ တရားရုံးမှာအမိန့်ချတဲ့အထိ သက်ဆိုင်ရာ အဆင့်ဆင့်ရဲ့ လုပ်ဆောင်ချက်တွေ အားလုံး မှားယွင်းခဲ့တာတွေကြောင့် လုံးဝ လွှတ်ပေးသင့်တယ်လို့ ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။
ကိုနေမျိုးဇင်ဟာ လွန်ခဲ့တဲ့ နှစ်လကျော်က ထောင်ထဲမှာ ချော်လဲရာကနေ ခါးရိုးတချောင်း ပဲ့သွားပြီးနောက် လောလောဆယ် အင်းစိန်ထောင်တွင်းက ဆေးရုံမှာ တက်ရောက်နေရပါတယ်။
ဒဏ်ရာက အောက်ပိုင်းသေနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆရာဝန်တွေက မှတ်ချက်ပေးတဲ့အတွက် ကိုနေမျိုးဇင်ကို အပြင်ဆေးရုံမှာဆေးကုသခွင့်ရဖို့ မိသားစုက သက်ဆိုင်ရာကို တောင်းဆိုထားပေမယ့် အခုထိ မရသေးပါဘူး။
လွန်ခဲ့တဲ့တပတ်ကျော်က ကိုနေမျိုးဇင်နဲ့ သွားတွေ့ခဲ့တဲ့ မိခင်ဖြစ်သူ ဒေါ်ခင်သီက အခြေအနေကို အခုလို ပြောပါတယ်။
“လူ လေးယောက်ထမ်းပြီးတော့ အန်တီတို့တွေ့တဲ့အခန်းထဲကို လာထိုးထည့်သွားတယ်။ စားပွဲ ၂ လုံးဆက်ထားပြီးတော့။ စဖြစ်ကတည်းက ဆေးကုသခွင့်ပေးမယ်ဆိုပြီး မပေးဘဲနဲ့ ဒီတိုင်းပဲထားတယ်။ ဆေးလည်း ဟုတ်တိပတ်တိ မဟုတ်ဘူး။ အကိုက်အခဲပျောက်ဆေးပဲ တိုက်တယ်တဲ့။ ကြာလာတော့ အစာအိမ်ထိခိုက်သွားပြီတဲ့။ မသောက်နဲ့တော့လို့ ပြောခဲ့တယ်။ လိမ်းဆေးလေးလိမ်းပြီး ကျန်းမာရေးတော့ ဂရုစိုက်တော့လို့ မှာခဲ့တယ်။”
ကိုနေမျိုးဇင်ဟာ ၂၀၀၅ ခုနှစ်မှာ တပ်ကနေ ထွက်ပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်တွေ အများစုပါဝင်တဲ့ သွေးကူညီပေးရေး အဖွဲ့မှာ ကူညီနေရင်း ဖမ်းဆီးထောင်ချခံခဲ့ရတာပါ။
No comments:
Post a Comment
wwwwnyinyi@gmail.com