မိုးမခအထောက်တော် ၀၀၂၊ မတ် ၈၊ ၂၀၁၂
အမေရိကန်ပြည်နှင့်
ပြည်ပရောက် မြန်မာများအနေနှင့် လက်ရှိမြန်မာပြည်အရေးကို
အကောင်းမြင်လွန်းခြင်းနှင့် အဆိုးမြင်လွန်းခြင်း အစွန်း၂ဖက်မှ လွတ်ကင်းစွာ
ရှုမြင်စေလိုကြောင်း၊ ပြည်တွင်းတွင် ပြည်သူတို့က ဒီမိုကရေစီရေး
လှုပ်ရှားမှုများကို အကောင်းဆုံး အစွမ်းကုန် ကြိုးပမ်းနေသည့်နည်းတူ
ပြည်ပရောက် မြန်မာများကလည်း ဆက်လက်ပြီး နိုးကြားတက်ကြွစွာ လှုပ်ရှားကြဖို့
လိုအပ်ကြောင်း၊ ပြည်ပရောက် မြန်မာပြည်သူတို့၏ အခန်းကဏ္ဍသည်လည်း
အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားလိုက်သည်ဟု သိရသည်။
ဆန်ဖရန်ဘေးဧရိယာအခြေစိုက်
BADA နှင့် BAWA ဟု အမည်တွင်သည့် မြန်မာ့အရေးလှုပ်ရှားသည့်
အဖွဲ့အစည်းများတွင် ပါဝင်ပြီး တက်ကြွနိုးကြားလှုပ်ရှားသူ
မြန်မာဇနီးမောင်နှံတစုံတို့က ဇန်န၀ါရီလတွင်းက မြန်မာပြည်သို့
ခေတ္တအလည်ပြန်ခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြကြောင်း၊
ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာများအတွက်
အထက်ပါ အမှာစကားပြောကြားခဲ့ကြောင်း အဆိုပါ ဇနီးမောင်နှံက မိုးမခသို့
ပြောကြားခဲ့သည်။
လာမည့်
ဧပြီလ ၁ ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအချိန်
နီးကပ်လာသည်နှင့်အမျှ ပြည်တွင်း ပြည်ပတွင် မြန်မာပြည်ဒီမိုကရေစီရေး
မျှော်လင့်ချက်များ တက်ကြွနေခြင်း၊ စိတ်လှုပ်ရှားမှုများ ရှိနေခြင်းတို့
ဖြစ်ပွားနေရာ မြန်မာအစိုးရနှင့် အပေါင်းအပါများက ၎င်းတို့အပေါ်
ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုမှုများကို
ပိုမိုတိုးမြှင့်ပြူလုပ်လာကြသည်။
အမေရိကန်ပြည်ရှိ
နယူးယောက်အခြေစိုက် တရုတ်မြန်မာအသင်းနှင့် လော့စ်အိန်ဂျလိစ်အခြေစိုက်
တောင်ပိုင်းကယ်လီဖိုးနီးယားအသင်းတို့က ဦးဆောင်သူများကလည်း
အမေရိကန်အစိုးရ၏ စိးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားရေးကို စာရေးသား
တောင်းဆိုကြရန် တိုက်တွန်းမှုများ ပြုလုပ်လာကြသည်ကိုလည်း တွေ့နေရသည်။
ယမန်နေ့က
အမေရိကန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာပြည်၏ ဒီမိုကရေစီရေး
တိုးတက်မှုများကို စောင့်ကြည့်နေကြောင်း၊ လက်ရှိအခြေအနေအရ
ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၂
ဧပြီကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီအတွင်းမှာပင် မြန်မာအစိုးရနှင့်
ဆက်ဆံရေးများ ထူထောင်ခြင်း၊ ငြိမ်းချမ်းရေး ရယူခြင်းနှင့်
တွေ့ဆုံဆွေးနွေးခြင်းများကို ပြည်ပနှင့် နယ်စပ်အခြေစိုက်
အတိုက်အခံနိုင်ငံရေးအဖွဲ့များက ပြုလုပ်လျက်ရှိသည်။ နိုင်ငံတကာရှိ
အစိုးရနှင့် အခြားအဖွဲ့အစည်းကြီးများကလည်း
မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲ အလှည့်အပြောင်းတွင် ထိရောက်သော ၀င်ရောက်
ပတ်သက်မှုများ လုပ်ကိုင်နိုင်ရန် နည်းလမ်းပေါင်းစုံ ချဲ့ထွင်
ပြင်ဆင်လျက်ရှိကြောင်း တွေ့ရှိနေရသည်။
“အဓိက
ကတော့ ကာယကံရှင် မြန်မာပြည်သူတွေပါပဲ။ သူတို့တွေက မြန်မာစစ်အစိုးရနဲ့
လက်ရှိအာဏာပိုင်တွေအပေါ်မှာ တင်းမာတဲ့ သဘောထား မရှိတော့ဘူး၊
အာဏာပိုင်တွေကလည်း သူတို့အပေါ် ပျော့ပြောင်းတဲ့ လိုက်လျောမှုတွေ
ရှိလာပြီလို့ ထင်မြင်လာကြရင် နိုင်ငံတကာက အရေးယူမှုတွေ ဖိအားတွေကလည်း
တမျိုးတဖုံဖြစ်လာမယ် ထင်ပါတယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲက ပထမအဆင့်
စမ်းသပ်မှုတခုဖြစ်မယ် လို့ ပြောချင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက်
မြန်မာသတင်းသမားတဦးက မှတ်ချက်ပေးသည်။
(ဓာတ်ပုံ – မတ်၈၊ အင်န်အယ်ဒီရုံးချုပ်၊ ဒေါ်စုနှင့် အမတ်လောင်းများ တွေ့ဆုံပွဲ၊ ဘားမားဗီဂျေ)
No comments:
Post a Comment
wwwwnyinyi@gmail.com