ကောလင်းဝန်းသိုဘက်၌ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန် ရုရှားနိုင်ငံကုမ္ပဏီအား ပထမဦးဆုံးအကြိမ်အဖြစ် စမ်းသပ်ရှာဖွေခွင့်ကို ခွင့်ပြုပေး ထားကြောင်း နေပြည်တော်ရှိ သတ္တုတွင်း ဝန်ကြီးဌာနမှ သိရသည်။
”ပြည်ပ ကုမ္ပဏီတွေကို ကျောက်မျက်အပါအဝင် ရွှေတွေကို နိုင်ငံမှာ တူးဖော်ခွင့်မပေးခဲ့ပေမယ့် ရုရှားနိုင်ငံကိုတော့ အဲဒီဘက်မှာ ရှာဖွေဖို့ ပထမဦးဆုံးအနေနဲ့ ခွင့်ပြု ပေးထားတယ်”ဟု သတ္တုတွင်းဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ရုရှားအား ခွင့်ပြုပေးထားခြင်းမှာ စမ်းသပ်ရှာဖွေခွင့် လုပ်ငန်းသာဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံ၌ သတ္တုအပါအဝင် ကျောက်မျက်လုပ်ငန်း လုပ်ကိုင်ခွင့် များကို နိုင်ငံပိုင်ဟူ၍မထားရှိတော့ဘဲ ပုဂ္ဂလိကကဏ္ဍကိုသာ တဖြည်းဖြည်း လွှဲအပ်ထားပြီးဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနမှ သိရသည်။
”ကျွန်တော်တို့နိုင်ငံက ဘူမိ ဗေဒဆိုင်ရာ အချက်အလက်တွေက အားနည်းတယ်။ ဒါ့ကြောင့် ဘယ်နေရာမှာတူးဆိုပြီး ပြည်ပကုမ္ပဏီ တွေကို ချက်ချင်းဖိတ်ခေါ်လို့ မရဘူး။ တူးချင်တယ်ဆိုရင် နိုင်ငံကိုလာရှာပြီး တွေ့မှ တူးလို့ရမယ်”ဟု သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစိုးရသစ်တက်ပြီး နောက်ပိုင်း နိုင်ငံ၌ သတ္တုရှာဖွေရေး လုပ်ငန်းများကို ရုရှားအပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ တရုတ် အစရှိသည့် ပြည်ပနိုင်ငံများမှ တူးဖော်ရှာဖွေခွင့် လုပ်ငန်းများ လုပ်ကိုင်ရန် အဆက်မပြတ် လာရောက်ဆွေးနွေးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မင်းသုအောင်၊ ဧပရယ်ဦး
No comments:
Post a Comment
wwwwnyinyi@gmail.com