
ဒု-သမ္မတ ၁ ဦးတင်အောင်မြင့်ဦး
Published on May 17, 2012 by အံ့ဘုန်းမြတ်
ဒု-သမ္မတ
၁ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက နုတ်ထွက်သွားပြီလို့ သတင်းတွေ
ထွက်ပေါ်ပြီး နောက်ပိုင်း သမ္မတက တာဝန်ခံမှု အပြည့်နဲ့
သတင်းထုတ်ပြန်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်အချို့က တောင်းဆို
လိုက်ကြပါတယ်။
ဒု-သမ္မတ ၁
ဦးတင်အောင်မြင့်ဦး ကျန်းမာရေးကြောင့် ရာထူးက နုတ်ထွက်စာ
တင်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သမ္မတအနေနဲ့ ဒီနုတ်ထွက်စာကို
တရားဝင် အသိအမှတ်ပြု လက်မခံသေးတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၁
ရက်အတွင်း လွှတ်တော်ပြန်လည်ခေါ်ယူပြီး ဒု-သမ္မတ နေရာကို ရွေးကောက်
တင်မြှောက်ရမယ်ဆိုတဲ့ အချက်ကြောင့် တရားဝင် ထုတ်ပြန် ကြေညာတာမျိုး
မရှိသေးတာပါ။
ဒါနဲ့ပတ်သက်ပြီး
အမျိုးသားလွှတ်တော် ဥပဒေမူကြမ်း ကော်မတီအဖွဲ့ဝင်
ဒေါက်တာမြတ်ဥာဏစိုးက “ဒုတိယ သမ္မတ (၁) က ကျန်းမာရေးအရ
အနားတောင်းထားတယ်ဆိုတာကတော့ သေချာသလောက်ပါပဲ။ အဲဒီတော့
တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသေးဘူးဆိုတာကတော့၊ တရားဝင် ဒါကို
လက်ခံလိုက်ပြီဆိုရင် ကျနော်တို့က ၂၁ ရက်အတွင်းမှာကို
လွှတ်တော်ပြန်ခေါ်ရမယ့် အနေအထားမျိုးပါ။ ဒါကြောင့်မို့လို့
ဒီဟာလေးကိုတော့ သမ္မတကြီးက ထုတ်ပြန် မကြေညာထားသေးဘူးလို့
ထင်ပါတယ်” လို့ ပြောပါတယ်။
သမ္မတအနေနဲ့
ဒီနုတ်ထွက်လွှာကို လက်ခံ လက်မခံ တရားဝင် ထုတ်ပြန်ကြေညာပေးဖို့
လိုအပ်တယ်လို့ အမျိုးသားလွှတ်တော် နိုင်ငံသားများရဲ့
မူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်ရေးကော်မတီ ဥက္ကဋ္ဌ
ဒေါက်တာအေးမောင်က ဆိုပါတယ်။
“အစိုးရအဖွဲ့က
ထုတ်ပြန်မှပဲ တရားဝင်သိတာလေ။ ဒီလိုမျိုး ပြင်ပမှာ ကောလာဟလပဲ
ဖြစ်ဖြစ်ပေါ့နော် အယူအဆမျိုးစုံ မီဒီယာတွေမှာ ထွက်နေတယ်ဆိုရင်
အစိုးရအဖွဲ့ရဲ့ တာဝန်ကတော့ဖြင့် ဒါ ပြည်သူတွေ အမှန်ဘက်ကို သိအောင်
ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိအောင် သူတို့ပြောကြားတဲ့
ပွင့်လင်းမြင်သာမှုပေါ့။ ဒါတွေကို လူထုကြားထဲကို အမှန်တခု တင်လည်း
တင်ထားတယ်၊ ဒီလို သုံးသပ်နေတယ်၊ သတင်းစာရှင်းလင်းပွဲ
မလုပ်နိုင်ရင်တောင်မှလေ။ လက်ခံလည်း လက်ခံတယ်၊ လက်မခံရင်လည်း
လက်မခံဘူး။ ဒါကို နိုင်ငံအကျိုးအတွက် အကုန်လုံး အကျိုးအတွက်လေ
ထုတ်ပြန်ပေးသင့်တဲ့ သဘောလို့ ကျနော် သဘောရပါတယ်။”
လစ်လပ်သွားမယ့်
ဒုတိယသမ္မတ ၁ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ နေရာကို ဒုတိယသမ္မတ ၂ အဖြစ်
တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းက ဥပဒေအရ
လွှဲပြောင်းတာဝန်ထမ်းဆောင်ရမှာပါ။
ဒေါက်တာစိုင်းမောက်ခမ်း
ရဲ့ ဒုတိယသမ္မတ ၂ နေရာအတွက် ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်း ခန့်အပ်ထားတဲ့ တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အစုအဖွဲ့က တင်မြှောက်ကြရမှာ
ဖြစ်ပါတယ်။
ဒီလို ဒုတိယသမ္မတ ၂ နေရာ
တင်မြှောက်မယ့်အပေါ် ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်လာမလဲ ဆိုတာ
စိတ်ဝင်စားစရာ ကောင်းနေတဲ့အပေါ်ကိုလည်း ဒေါက်တာအေးမောင်က
အခုလိုပြောပါတယ်။
“သမ္မတကြီး
ပြီးခဲ့တဲ့ကာလလေးက ပြောခဲ့တဲ့ မိန့်ခွန်းလေးတွေကတော့
စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ပြုပြင်ပြောင်းလဲလိုတဲ့ ဥစ္စာလေးနဲ့
မပြုပြင် မပြောင်းလဲလိုတဲ့ ဥစ္စာလေး နှစ်ခုရဲ့ ခြားနားခြင်းကို
သူညွှန်းတာ ရှိတယ်။ တကယ်လို့များ ဒုတိယ သမ္မတ တဦးဦးကို
အစားသွင်းဖို့ လိုမယ်ဆိုရင် ပြုပြင်ပြောင်းလဲ လိုတဲ့ပုဂ္ဂိုလ်၊
ပျော့ပျောင်းတဲ့ ပုဂ္ဂိုလ်၊ တပ်မတော်နဲ့ပတ်သက်လို့ နီးစပ်တဲ့
ပုဂ္ဂိုလ်၊ တပ်မတော်အပေါ်မှာလည်းပဲ ယုံကြည်သလို၊ တပ်မတော်က
လေးစားတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်လာမယ်လို့ ထင်ပါတယ်။
ပျော့ပျောင်းပြီးကာမှ သမ္မတကြီးနဲ့လည်း လက်တွဲနိုင်တဲ့ ပုဂ္ဂိုလ်၊
အကုန်လုံး နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှု ရှိတဲ့
ပုဂ္ဂိုလ်မျိုးကို ရွေးပေးနိုင်ကြမယ်လို့လည်း ထင်တယ်လေ။
လွှတ်တော်အမတ်တွေ အကုန်လုံးလက်ခံနိုင်တဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့လည်း
ကြိုးစားမယ် ထင်ပါတယ်။”
ဒုတိယသမ္မတ
ဘယ်သူဖြစ်မလဲဆိုတဲ့အပေါ် ခန့်မှန်းမှုတွေ အမျိုးမျိုး ရှိနေတဲ့ထဲက
ဒေါက်တာ မြတ်ဥာဏစိုးက သူ့ရဲ့ခန့်မှန်းချက်ကိုလည်း အခုလို
ပြောဆိုထားပါတယ်။
“ကျနော် တဦးတည်း
အမြင်ကို ပြောရရင်တော့ လက်ရှိမြန်မာနိုင်ငံမှာ သမ္မတကြီးကလည်း
တကယ့်ကို ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေတာတော့ ရှိပါတယ်။
တဖက်မှာလည်း လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒါတွေကို ဆောင်ရွက်နေပါတယ်။
နောက်တခါ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆောင်ရွက်နေတယ်ပေါ့။
သုံးဦးသုံးဖလှယ်ရဲ့ သားရွှေအိုးထမ်းတဲ့ ပုံစံမျိုး
ဖြစ်နိုင်တာကတော့ ဥပမာ သူရဦးရွှေမန်းကို
တပ်မတော်သားကိုယ်စားလှယ်များက ဒု-သမ္မတအဖြစ် ရွေးချယ်လိုက်မယ်ဆိုရင်
လွှတ်တော်ဥက္ကဋ္ဌနေရာက လစ်လပ်သွားမှာပါ။ အဲဒီတော့ လွှတ်တော်ဥက္ကဋ္ဌ
နေရာမှာတော့ ကော့မှူးမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ ဒီနေရာမှာ
အများသဘောတူတယ်ဆိုရင်ပေါ့ လွှတ်တော်ကိုယ်စားလှယ် အများစုက
သဘောတူတယ်ဆိုရင် တာဝန်ထမ်းဆောင်လို့ ရပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေ
အခန်း (၃) နိုင်ငံတော်အကြီးအကဲ (နိုင်ငံတော်သမ္မတနှင့်
ဒုတိယသမ္မတများ) ဆိုတဲ့ အခန်းရဲ့ ပုဒ်မ ၇၂ နှစ်မှာတော့ သမ္မတနဲ့
ဒုတိယသမ္မတတွေဟာ မိမိသဘောဆန္ဒတွေအရ သက်တမ်းမကုန်ဆုံးမီ ရာထူးက
နုတ်ထွက်လိုရင် နုတ်ထွက်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလို နုတ်ထွက်တာနဲ့
ပတ်သက်ပြီး ပုဒ်မ ၇၃ ရဲ့ အပိုဒ်ခွဲ (စ) မှာ လွှတ်တော်အစည်းအဝေး
ကျင်းပနေချိန် နုတ်ထွက်ရင် တပတ်ကြိုတင်ပြီး သမ္မတက ပြည်ထောင်စု
လွှတ်တော်နာယကကို အကြောင်းကြားဖို့ ပြဋ္ဌာန်းထားပါတယ်။ အပိုဒ်ခွဲ (ဆ)
မှာတော့ လွှတ်တော်အစည်းအဝေး ရပ်နားနေချိန်မှာ နုတ်ထွက်ခဲ့ရင်
ပြည်ထောင်စုလွှတ်တော် အကြီးအကဲက သမ္မတရဲ့
အကြောင်းကြားစာကိုရရှိပြီး ၂၁ ရက်အကြာမှာ လွှတ်တော်ခေါ်ယူပြီး
ပြန်လည်အစားထိုး တင်မြှောက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com