Tuesday, October 9, 2012

ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်


ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရန် လုံးဝ အလိုမရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံစွာ ဆောင်ရွက်ပေးရေး အပါအ၀င် စုစုပေါင်း အချက် ၁၄ ချက်အား သံဃာတော်အပါး ၃၀၀ ခန့်က အောက်တိုဘာ ၈ ရက်(ယနေ့၌) ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ အဆိုပါ တောင်းဆိုချက်များအား နိုင်ငံတော်သမ္မတ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့် မဟာသံဃာ့ နာယက ဆရာတော်များကပါ တောင်းဆိုပေးပါရန်လည်း ထည့်သွင်း တောင်းဆိုခဲ့ကြသည်။


"ဘင်္ဂလားဒေ့ရှ် ကော့ဘဇား ခရိုင်ဒေသမှာ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေ မီးရှို့ခံရတယ်။ သတ်ဖြတ်ခံရတယ်။ ရပ်တန်းက ရပ်တန့်ပေးဖို့ တောင်းဆိုတာပါ"ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်သော ဆရာတော် ဦးပညာနန္ဒက မိန့်ကြားသည်။
ယခုတောင်းဆိုသော အချက်များကို လိုက်လျောပေးပါက ဆန္ဒဖော်ထုတ်မှုကို ရပ်တန့်ပေးမည်ဖြစ်ပြီး မလိုက်လျောပါက ဆက်လက် ဆန္ဒဖော်ထုတ်သွားမည်ဟု ဆရာတော် ဦးပညာနန္ဒက မိန့်ကြားသည်။
ဆန္ဒဖော်ထုတ်သော သံဃာတော်များသည် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် တောင်းဆိုချက် ၁၄ ချက်အား ဖတ်ကြားခြင်းနှင့် မေတ္တာသုတ် ရွတ်ဖတ်ပြီးနောက် အမေရိကန် သံရုံးသို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။
အမေရိကန် သံရုံးရှေ့တွင် လစ်ဗျားနိုင်ငံ၌ ကျဆုံးသွားခဲ့သော အမေရိကန် သံအမတ် အတွက် လွမ်းသူ့ ပန်းခွေ ချခြင်းနှင့် သံအမတ်ကြီး ကောင်းရာသုဂတိ ရောက်ရှိစေရန် မေတ္တာသုတ် ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ခရိုင်ဒေသရှိ ဗုဒ္ဓဘာသာဝင်များ တိုက်ခိုက်ခံရခြင်း၊ သာသနိက အဆောက်အအုံများ ဖျက်ဆီးခံရခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံဃာတော်အချို့သည် အောက်တိုဘာ ၅ ရက်မှ စတင်၍ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ် ခဲ့ကြခြင်းဖြစ်သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com