သတင်း(အလဲဗင်း) |
|
![]() ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ ငါးရက်တာ အလည်အပတ်ရောက်ရှိခဲ့ရာမှ နိုဝင်ဘာလ ၄ရက်နေ့ ညနေ ၄နာရီက မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ မီဒီယာများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ ယင်းတွင် မြန်မာနိုင်ငံ၏ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်ရေးသည် အာဆီယံ၏ အဆုံးအဖြတ်ပင်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးများအရ အာဆီယံတွင် မှန်ကန်သည့် နေရာအနေအထား တစ်ခုဖြစ်လာမည်ဖြစ်သည်ကို မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ဖြေကြားခဲ့ပါသည်။ "အခုချိန်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လှုပ်ရှားမှုတွေကိုကြည့်ရင် ကောင်းမွန်တဲ့ တိုးတက်မှုတစ်ခုရှိတယ်လို့ပဲ အကောင်းမြင်ရှုထောင့်ကနေ သုံးသပ်ချင်ပါတယ်" ဟုလက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်း၌တည်ရှိနေခြင်းကို ၎င်းက သုံးသပ်ပြောကြားခဲ့သည်။ ၎င်းမှာနေပြည်တော်၊ မန္တလေး၊ ရန်ကုန်ရှိဝန်ကြီးဌာနအသီးသီးမှ အဆင့်မြင့်အရာရှိများ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ပူပြင်းခြောက်သွေ့သည့် ဒေသများတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကုလသမဂ္ဂပူးပေါင်း၍ စီမံကိန်း လိုအပ်ချက်များ လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုဝင်ဘာလ ၃ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ တတိယအကြိမ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ပြည့်နှစ်မှစတင်ကာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ပြည့်နှစ် နိုင်ဝင်ဘာရွေးကောက်ပွဲကာလတွင် မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခဲ့သည်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၁ မေလတွင် လာရောက်ခဲ့ပြီးထိုသို့ လာရောက်စဉ်က နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကာ သုံးရက်တာ လာရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com