Sunday, November 6, 2011

မြန်မာနိုင်ငံတွင် ကျယ်ပြန့်ပြီး အဓိပ္ပာယ် ပြည့်ဝသည့် အသွင်ကူးပြောင်းရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်းနှင့် အမေရိကန်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်လင့်ဟု အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပြောကြား



Sunday, 06 November 2011 10:34
763
ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာ၊
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်တို့ကို ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ရစဉ်
မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်လာရောက် လည်ပတ်ခဲ့သော ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာက ယခု ခရီးစဉ်သည် အလွန်အကျိုးရှိပြီး အသုံးဝင်သည့် သတင်းအချက်အလက်များ ရရှိခဲ့သည့် ခရီးစဉ်အဖြစ် မှတ်ယူနိုင်ကြောင်း၊ ယခုခရီးစဉ်တွင် အစိုးရ အဆင့်မြင့်တာဝန်ရှိသူများ၊ အရပ် ဘက်လူ့အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ပြဿနာများကြောင့် စီးပွားရေးနှင့် နိုင်ငံရေး အထီးကျန်နေသည်မှာ ဆယ်စုနှစ်ချီ ကြာနေပြီဖြစ်ကြောင်း၊ မကြာသေးခင်လများအတွင်း မြန်မာ အစိုးရသည် အသွင်ကူးပြောင်းရေး စတင်နေပြီဆိုသည်ကို ထင်ဟပ်စေသည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်လက အကျဉ်းသားများ လွှတ်ပေးမှုကို ကြို ဆိုကြောင်း၊ ကျန်ရှိသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ကို အမြန်ဆုံး လွှတ်ပေးစေလိုကြောင်း မစ္စတာပိုစနာက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် NLD အပါအ၀င် နိုင်ငံရေးနှင့် သက်ဆိုင်သူအားလုံး တရားဝင်ပါဝင်ခွင့်ရရန် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို အမြန်ဆုံးပြင်ဆင် ပြဋ္ဌာန်းရန် အပါအ၀င် အရေးယူ ဆောင်ရွက်မှုများ ထပ်မံဆောင်ရွက် စေလိုကြောင်း၊ တိုင်းရင်းသားလူမျိုးစု ဒေသများ၌ ပဋိပက္ခများ ဖြစ်ပွားနေသည်ကို ဖြေရှင်းဆောင်ရွက်စေလို ကြောင်း အဆိုပါကဏ္ဍများတွင် သိသာထင်ရှားသည့် တိုးတက်မှုများ ရှိလာပါက နှစ်နိုင်ငံဆက်ဆံရေးထူးခြားစွာ တိုးတက်လာမည်ဖြစ်ကြောင်း ပိုစနာ က ပြောကြားခဲ့သည်။ မြန်မာ ပြည်သူများအနေဖြင့် လွတ်လပ်စွာ တွေ့ဆုံခွင့်၊ လွတ်လပ်စွာဆောင်ရွက် နိုင်သော အစိုးရမဟုတ်သည့်အဖွဲ့ များဖွဲ့စည်းခွင့်၊ နိုင်ငံရေးပါတီများ၊ အလုပ်သမား သမဂ္ဂများနှင့် အခြားသော အရပ်ဘက်အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်ရရှိရေးသည် အရေးကြီးကြောင်း၊ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရန် အတွက် လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်၊ အစိုးရ အဖွဲ့အတွင်း သိသာမြင်သာမှုရှိမှုနှင့် ဥပဒေဖြင့်အုပ်စိုးမှုတို့ကို လေးစားရန် လိုအပ်ကြောင်း၊ ထိုကိစ္စများကို ညတွင်းချင်း ပြုပြင်ပြောင်းလဲနိုင်မည်ဟု မျှော်လင့်မထားကြောင်း၊ ကျယ်ပြန့်ပြီး အဓိပ္ပာယ်ပြည့်ဝသည့် အသွင်ကူးပြောင်းရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း၊ အမေရိကန်က အရေးပါ သောအခန်းကဏ္ဍမှ ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း မစ္စတာပိုစနာက ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာဒဲရက်မစ်ချယ်က အမေရိကန်သည် မြန်မာနိုင်ငံကို အသေးစား လုပ်ငန်းချေးငွေနှင့် စိုက်ပျိုးရေးလုပ် ငန်းချေးငွေများတိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၄ ရက် နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်လည် ပတ်ခဲ့သောဒဲရက်မစ်ချယ်က မြန်မာနိုင်ငံ၌ အကျိုးရှိသည့် အပြောင်းအလဲ များ ဖြစ်ပေါ်နေချိန်တွင် ခရီးစဉ်လာ ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုခရီး စဉ်သည်ထိရောက်ပြီးအကျိုးရှိသည့် ခရီးစဉ်ဖြစ်ကြောင်း၊ ထိတွေ့ဆက်ဆံရေးမူဝါဒ၏ အရေးကြီးသော အစိတ်အပိုင်း တစ်ရပ်အနေဖြင့် အမေရိကန်က မြန်မာနိုင်ငံကို USAID (Agency for International Development)  မှ တစ်ဆင့် အသေးစား ငွေချေးလုပ်ငန်းနှင့် စိုက်ပျိုးရေးချေးငွေများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊  အမေရိကန်သည် USAID မှ တစ်ဆင့် ချေးငွေများပေးသည့် အစီအစဉ်ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည် နှင့်ဆွေးနွေးတိုင်ပင်ပြီးနောက် အမေရိကန်၏ ကြိုးပမ်းမှုများကို အရှိန် မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစု ဒေသများနှင့် အခြားဒေသများတွင် ဒေသခံများ ဖွံ့ဖြိုးရေးအတွက် ချေးငွေများ တိုးချဲ့ ပေးသွားရန် နှစ်နိုင်ငံလုံးက နည်းလမ်း ရှာဖွေနေကြောင်း မစ္စတာဒဲရက်မစ်ချယ်က ပြောကြားခဲ့သည်။

No comments:

Post a Comment

wwwwnyinyi@gmail.com