Saturday, January 28, 2012

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ခွာ

ဗထူးလေး


ဒေသအတွင်း လုပ်ငန်း အဆင်မပြေမှုများကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသရှိ ကျေးရွာများမှ ဒေသခံ ထားဝယ်လူမျိုး အများအပြား ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လျက် ရှိသည်။

ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်ဒေသ ပင်စီ-ပင်ဟမ်းလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ရာတွင် အသက် ၁၈ အောက် ကလေးများလည်း ပါဝင်သည်။

“ကျနော်တို့ ရွာမှာက အလုပ်အကိုင် ရှားပါးတယ်။ ဥယျာဉ်-ခြံမြေဆိုတာတွေလည်း ကျနော်တို့ပိုင် ဆိုပေမဲ့ တံဆိပ်တပ်ထားတယ် ဆိုတော့ ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အဆုံး အဖေနဲ့အတူ ဒီကို ထွက်လာတာပဲ” ဟု ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ သို့ ရောက်ရှိလာသူ (၂၃) ဦးအနက် ထိန်ကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မောင်ရဲလင်းထွန်းက ပြောသည်။

၎င်းတို့အုပ်စုထဲတွင် အသက် (၁၄-၅ဝ) နှစ် အရွယ်ထိ ပါဝင်ပြီး အချို့မှာ ထိုင်းနိုင်ငံ မြို့ကြီးအချို့ရေလွှမ်းမိုးစဉ် ကာလက နေရပ်သို့ ပြန် သွားခဲ့ကြပြီး ယခုကဲ့သို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

ပညာအရည်အချင်း ရှိသူများကိုသာ ခန့်အပ်သည့် စီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် လက်လှမ်းမမီခြင်းကြောင့် ယခုကဲ့သို့ ထိုင်း နိုင်ငံ သို့ ထွက်ခွာရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ရွာမှာ ရှိတဲ့ အလုပ်နဲ့ ကျနော်တို့နဲ့က မကိုက်သလို ဖြစ်နေတယ်။ စီမံကိန်းမှာ ဝင်လုပ်မယ်ဆိုလည်း တော်ရုံတန်ရုံနဲ့ မရဘူး။ လူကပ်ရှိမှ ရတယ်။ ငွေလေး အနည်းအကျဉ်း ကုန်သေးတယ်။ ဒါပေမဲ့ လူတိုင်း မရဘူး။ ရွာမှာ ရှာတဲ့ငွေနဲ့ ရွာမှာ သုံးလို့ မလောက်ဘူး။ ဒါ့ကြောင့် ဒီကို ထွက်လာတာ” ဟု ထိုင်းနိုင်ငံသို့ ပြန်ဝင်လာသည့် မူးဒူးကျေးရွာသား ကိုစိုးနိုင်က ပြောသည်။

ထိုင်းနိုင်ငံသို့ ထွက်ခွာလာသူများမှာ အဓိကအားဖြင့် စီမံကိန်းဒေသတွင် ပါဝင်သည့် ဗျင်းဂီး (မြင်းကြီး)၊ ဘွာ၊ မူးဒူး၊ ထိန်ကြီး၊ လွဲရှောင် ကျေးရွာများမှ ဒေသခံများ ဖြစ်သည်။

အမည်မဖော်လိုသည့် လူကယ်ရီသမားတဦးကလည်း “အရင်တုန်းက တလမှာဆို အလွန်ဆုံး (၁ဝ-၂ဝ) လောက်ပဲ ဒီလမ်းက အဝင်အ ထွက် ရှိတယ်။ အခု (၁-၂) လ အတွင်းမှာ အဝင်အထွက် အရမ်းများလာတယ်။ အဓိကကတော့ ရေနက်ဆိပ်ကမ်း စီမံကိန်းခွင်ထဲမှာ ပါတဲ့ ရွာတွေကပဲ။ တခြားဒေသက မရှိဘူး” ဟု ပြောသည်။

၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂ဝ၁၂ ဇန်နဝါရီလအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံ ထား ဝယ်လူမျိုး (၁ဝဝ) ကျော် ထိုင်းနိုင်ငံအတွင်းပိုင်း မြို့များသို့ တနင်္သာရီတိုင်း၊ နတ်အိမ်တောင် (ပင်စီ-ပင်ဟမ်း) လမ်း၊ မောတောင် ကြား လမ်းနှင့် ကော့သောင်း-ရနောင်းလမ်းများမှတဆင့် ဝင်ရောက်ခဲ့ကြပြီး၊ မလေးရှားနိုင်ငံသို့လည်း ဒေသခံ လူငယ် အများအပြား ထွက်ခွာ သွားခဲ့ကြသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com