ဘဝ ရသဆောင်းပါးတပုဒ်ထပ်ဆင့်ဝေမျှလိုက်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာမှ
(ဦးနေဝင်းအစိုးရစစ်အာဏာသိမ်းပြီးမှ)ယနေ့တိုင်
မြန်မာပြည်သူများရဲ့အခြေခံလူတန်းစားများဘဝ၊ရိုးသားစွာ ဖြတ်သန်း ခါးသီးသောဘဝ
အရသာများကိုခံစားယင်းရွေ့လျားခြစားသွားသောအချိန်များစွာကိုဆောင်းပါးရှင် နှင်းပန်းအိမ်၊
ရွေ့လျားနေတဲ့ကဗျာ လို့ ရင်ဖွင့်ခဲ့ပါတယ်။

မြူနှင်းတွေကြားမှာ ချင်းတွင်းမြစ်ဟာ မပီဝိုးတဝါးနဲ့ မာယာများခဲ့တာကို ကျမရဲ့ ဒေသန္တရ သမိုင်းထဲမှာ လုံးဝမေ့ပျောက် လို့ မရခဲ့ပါဘူး။ ချင်းတွင်းတောင်ကမ်းပါးကြီးပေါ်မှာ သစ်ပင်ကလေးတွေ တွယ်ကပ်ပေါက်လို့ တပေါင်းလ ပန်းပွင့်ချိန် ဆို တောပန်းတွေကပါ ချင်းတွင်း ကို အလှဆင်ထားတယ်။ ဒီလိုချင်းတွင်းမြစ်ထဲမှာ ကျမတို့သားအမိ စီးတဲ့ မော်တော် ပန်ကာကြိုးပြတ်လို့ ရေစုန်မျောခဲ့ရတာ။ လှိုင်းပုတ် သံအောက်မှာ ထမင်းဆာနေတဲ့ သားငယ်ကို ချော့သိပ်ရင်း ကျမမျက်ရည်စက်တွေ ချင်းတွင်းမြစ်ထဲ ကျခဲ့ဖူးတယ်။
သံယောဇဉ်တရားဆိုတာ ဝေးကွာနေတဲ့ အရာတွေကို နီးစေနိုင်တယ်လို့ ကျမတို့သားအမိ ထောင်ဝင်စာခရီးနဲ့ သက်သေပြခဲ့တဲ့ အချိန်ပေါ့။ ၂၀၀၃ ခုနှစ်မှာ စစ်ထောက်လှမ်းရေးက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား
တွေကို ပြန်လွှတ်ပေးမယ်လို့ နိုင်ငံပိုင် သတင်းစားထဲမှာ တရားဝင် ပြောကြားခဲ့တော့ ကျမတို့သားအမိ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ခင်ပွန်းသည်ကို သွားကြိုခဲ့ကြတယ်။ စိတ်ထဲမှာလည်း တကယ် လွတ်မြောက်လာမယ်လို့် ထင်ခဲ့တယ်လေ။ တကယ်တမ်းတော့ ကျမတို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။
ကျမတို့သားအမိ မျှော်လင့်ချက် နက်ဖြန်များစွာဟာ အဲဒီနေ့က ကုန်ဆုံးသွားသလို ခံစားလိုက်ရတယ်။ ဒုတိယအစမ်း စာမေးပွဲမှာ ထူးချွန် ဖြေရမယ့် သား စာမေးပွဲအမီ ရန်ကုန်ကို အမြန်ရောက်ဖို့ ကျမ အားချင်း ပြန်ခဲ့တယ်။ ကလေးဝ ဆိပ်ကမ်းကနေ မုံရွာအထိ အမြန်ယာဉ် ဒေသအခေါ် (ရှော်တယ်) စီးပြန်ခဲ့တာပါ။
စစ်ကိုင်းမှာ သင်တန်းသွားတက်မယ့် ဆရာမ ၅ ဦးနဲ့ မော်တော်ဦးပိုင်းမှာ ကျမတို့သားအမိ နေရာရခဲ့တယ်။ ဆရာမ တွေထဲမှာ မိသား စုနဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးမှာရပ်ပြီး ခင်ပွန်းသည်တွေဟာ ဇနီးသည်တွေကို တဖွဖွနဲ့ မှာလို့ မဆုံးတော့ဘူး။ မော်တော်ပေါ်က ဇနီးသည်တချို့ကလည်း ခင်ပွန်းသည်နဲ့ အတူ သားသမီးတွေကို သူ သင်တန်းတက်နေတဲ့အချိန် စား မှုသောက်မှု နေမှုထိုင်မှုအတွက် စိုးရိမ်ပူပန်စွာ မှာကြားနေတယ်။
ချင်းတွင်းမြစ်ရဲ့ နွေမိုးဆောင်းရာသီ သဘာဝဖွဲ့ကို ကျမကိုယ်တွေ့ကြုံခဲ့ပြီး ခုလို ခေတ္တခဏ ခွဲခွါခြင်းတွေကိုလည်း မကြာခဏ မြင်ခဲ့ဖူး တယ်။ မြူနှင်းတွေကြားက မြစ်ပြင်ကို နှင်းခွဲမီးလုံးနဲ့ထိုးပြီး မော်တော်က ကမ်းကခွာဖို့ ဥသြ ဆွဲလိုက်တယ်။
မော်တော်ထွက်တော့ ကလေးဝမြစ်ကမ်းနဖူးက ရွှေရောင်ဝင်းပနေတဲ့ ရွှေမုဌောစေတီကြီးကို ကျမ လက်အုပ်ချီ ကန်တော့လိုက်တယ်။ စေတီပုထိုးမြင်ရင် လက်အုပ်ချီ ရှစ်ခိုးဆုတောင်းတတ်တဲ့ သားငယ်က “ဖေကြီး လွတ်ပါစေ ဘုရား” လို့ ဆုတောင်းတယ်လေ။
မော်တော်စက်သံကြောင့် သားငယ်ဆုတောင်းကို ရွှေမုဌောစေတီကြီး ကြားလိုက်ပုံမရဘူး။ ကျမတို့ စီးလာတဲ့ အမြန်ယာဉ်မော်တော်က ဒီဇယ်နဲ့မောင်းလာတာ မဟုတ်ဘူး။ မိသားစုနဲ့ ခေတ္တခဏခွဲလာတဲ့ ကျောင်းဆရာမတွေရဲ့ မျက်ရည်တွေနဲ့ မောင်းလာတာလို့ ကျမတွေး မိတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးဝ-မုံရွာ တဝက်ခရီး သင်တောရွာ ရောက်တဲ့အထိ သူတို့ မျက်ရည် မခြောက်သေးဘူး။
သင်တောဟာ အမြန်ယာဉ် အစုန်-အဆန်တွေ ရပ်ပြီး ထမင်းစား ရပ်နားကြတဲ့နေရာပါ။ ထမင်းစားပြီး မော်တော် ပြန်ထွက် တော့ ပန်ကာ ကြိုး ပြတ်ပြီး တဝဲလည်လည် ဖြစ်နေပါတော့တယ်။ ကမ်းကို ပြန်ကပ်ဖို့ ခရီးသည်တွေက ဝိုင်းအော်ကြတယ်။ ဒီ သင်တောမှာပဲ အမြန် ယာဉ် မှောက်လို့ လူတရာကျော် သေခဲ့ဖူးတယ်လေ။
ကျမတို့အမြန်ယာဉ်က လူတရာကျော်ခရီးသည် တင်လာခဲ့ပါတယ်။ မော်တော် တာဝန်ရှိသူတွေက ဒီအမြန်ယာဉ်ကို မုံရွာအထိ ရေစုန်မှာ မျှောချဖို့ စက်လှေအသေးတစီး ငှားခဲ့ကြတယ်။ အမြန်ယာဉ်ဘေးမှာ စက်လှေနဲ့ တွဲချည်ပြီး သင်တောကနေ ထွက်လာတဲ့အချိန်က နေ့လည် ၁၂ နာရီပါ။
လမ်းလျှောက်သလောက်ပဲ အမြန်နှုန်းရှိတဲ့ အမြန်ယာဉ်ပေါ်မှာ ရန်ကုန်ကို အမြန်ရောက်ရေး ဆိုတဲ့ အတွေးတွေသာ ရှိတဲ့ ကျမတို့သားအ မိ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ခရီးသွားဆိုတာ ညီရင်းအကို မောင်ရင်းနှမသဖွယ် တယောက်ကိုတယောက် ကြင်နာတတ်ကြတယ် ဆိုတဲ့စကား အမှန်ဆိုတာ ကျမခရီး တွေကတဆင့် သိခဲ့ရပါတယ်။ ကျမတို့သားအမိဟာ နိုင်ငံရေးအကျဉ်းကျ မိသားစုဆိုတာ သိသွားပြီးနောက် ကျောင်းဆရာမတွေဟာ ဝန်ထမ်းဆိုတာ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မေ့သွား ကြတယ်။
အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ကျမကို မေးကြတယ်။ “နိုင်ငံရေး အကျဉ်းသားဆိုတာ ခေတ်စ နစ်ကို ကိုယ် စား ပြုလို့ စစ် အာဏာရှင် တွေရဲ့စိတ်က နိုင်ငံရေးအကျဉ်းသား တိုင်းပြည်မှာ ရှိတာကို မှန်ကန် သင့်မြတ်စွာ နှလုံးသွင်းဖို့ ငြင်းဆို တတ် တယ်”။
“နိုင်ငံရေး အကျဉ်းသားတွေဟာ လူ့အဖွဲ့အစည်းကြီးနဲ့ ဝေးရာ၊ သဘာဝရဲ့ရှုခင်းတွေနဲ့ဝေးရာ၊ မိသားစုနဲ့ ဝေးရာမှာ ဘဝတွေပေးပြီး နှစ် ရှည်ထောင်ဒဏ်တွေ ကျခံနေရတယ်။ လူ့လောကကြီးရဲ့ အပြင်ဘက်မှာ အထီးကျန်နေရတယ်” လို့ ကျမပြောတော့ ကျောင်းဆရာမတွေ စူးစူးစိုက်စိုက် နားထောင်ပြီး ငြိမ်သက်သွားကြတယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းကျမိသားစုရဲ့ ဘဝကံကြမ္မာကို သူတို့ဘာသာ ရိုးတိုးရိပ်တိတ် ဒါမှမဟုတ် မျက်မြင်ကိုယ်တွေ့ နားလည်သွားကြ လို့လားမသိဘူး။ ကျမတို့သားအမိကို တလမ်းလုံး အားပေးစကား ပြော လာ ခဲ့ကြပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ရဲ့ လရောက်အောက် ချင်းတွင်းမြစ်ပေါ်မှာ ကျမတို့ မော်တော် ကမ်းကပ်ပြီး အိပ်ခဲ့တယ်။ လှိုင်းပုတ် သံကြားမှာ ဇာတ်ပွဲသံတချို့ကိုလည်း ကြားနေရတယ်။ ‘ချင်းဖဝေး ဇာတ်ထုပ်’ထဲက “ရက်စက်လှချည်လား ဗမာဘုရင်ရဲ့…” ငိုချင်းက ကျ မ တို့အတွက်များလား။ ငွေရောင်တောက်နေတဲ့ မြစ်ပြင်မှာ ခဏတဖြုတ်နားခိုပြီး အိပ်ခဲ့ရခြင်းဟာ ကြမ်တမ်းတဲ့လောကဓံကို ရင်ဆိုင်နိုင်ဖို့ သဘာဝတရားက ကျမကို လက်ဆောင်ပေးခဲ့တာလို့ တွေးမိပါတယ်။
ချင်းတွင်းမြစ်ထဲကို နေရောင်ခြည်ဖြန့်ကျက်ဖို့ အားယူနေချိန်မှာ ကျမတို့ မုံရွာဆိပ်ကမ်းကို ရောက်ခဲ့တယ်။ ထန်းပင်မြစ် တွေကို အိမ်ပြန် လက်ဆောင် အဖြစ် လှေတစီး နဲ့လိုက်ရောင်း နေတဲ့ ဈေးသည် မိသားစုတွေဟာ အားမာန်အပြည့်နဲ့နေ့သစ်ကို ရင်ဆိုင်နေကြပြီ။
မုံရွာ-မန္တလေး ကားပေါ်အထိ ကျောင်းဆရာမတွေ ကျမတို့သားအမိကို လိုက်ပို့ပေးကြတယ်။ သူတို့ ပေးလိုက်တဲ့ မေတ္တာ တွေနဲ့ ကျမတို့ ရှေ့ ခရီးကို ဆက်ခဲ့ကြတယ်။
မန္တလေးဘူတာကြီးကနေ ညနေ ၃း၃ဝ ရထားကို စီးခွင့်ရရင် နောက်နေ့ မနက်စောစော ရန်ကုန်ရောက်။ မနက် ၉နာရီမှာ ထူးချွန် စာမေး ပွဲဖြေမယ့် သားအတွက် အချိန်ကိုက်ဆိုတဲ့ အသိပဲ ကျမမှာ ရှိခဲ့တယ်။ လက်မှတ်ကို မှောင်ခို ပေးဝယ် ခဲ့တယ်။ မူရင်း ဈေးထက် သုံးဆ ပိုပေမယ့် ကျမ မငြင်းနိုင်ခဲ့ဘူး။ လက်မှတ်မှောင်ခိုရောင်းသူက လက်မှတ် စစ်ဝန်ထမ်း။
မှတ်ပုံတင်နဲ့ လက်မှတ်ဖိုး သူ့ဆီပေးပြီး ညနေ ၃း၃ဝ ရထားတွဲထိုးချိန်ရောက်မှ “ခင်ဗျားအတွက် လက်မှတ် မရနိုင်တော့ ဘူး” လို့ လာ ပြောတဲ့အချိန်မှာ ကျမသွေးတွေ ဆူပွက်ကုန်တယ်။ “မရလို့မဖြစ်ဘူး မရလို့မဖြစ်ဘူး” လို့ တဖွဖွရွတ်ပြီး စင်္ကြန်တခုလုံး ဗြောင်းဆန် သွား အောင် ကျမ စုံစမ်းရတော့တယ်။
ဒီမှာတင် မီးရထားရဲက ရိုးရိုးတန်းကို သုံးဆပိုပေးရင် စီးရမယ်၊ ထိုင်ခုံမဲ့ လို့ ဆိုလာတယ်။ ကျမ အမြန်ဆုံး ခေါင်းညိတ် လိုက်တယ်။ ဒီရ ထားနဲ့ပါမှ သားအတွက် အဆင်ပြေမယ်ပေါ့။
“မီးရထားထွက်ရန် ၁၅ မိနစ်သာ လိုပါတော့တယ်ရှင့်” ဆိုတဲ့ သတိပေးသံကြားမှာ ကျမ သားကိုလက်ဆွဲပြီး ရိုးရိုးတန်း တွဲရဲ့ အိမ်သာ ထိုင် ခုံဘေးမှာ ပစ္စည်းထုပ်နဲ့သားကို နေရာချလိုက်တယ်။ ဒီမှာတင် ကျမရဲ့ခေါင်းမှာ အချက်ပေးမီး လင်းသွားတယ်။ “မှတ်ပုံတင်” ကျမ မှတ်ပုံတင် လက်မှတ်စစ်ဆီမှာ။ ဒီမှတ်ပုံတင်က နိုင်ငံရေး အကျဉ်းကျ မိသားစု ဝင်တွေ အတွက် ဘဝ အသက်ပဲ။ မှတ်ပုံတင် မပြနိုင်ရင် ခရီးသွားလို့ မရဘူး။ ထောင်ဝင်စာ တွေ့လို့မရဘူး။ ကျမ.........ဗျာ များရပြီ။
ဆယ်နှစ်ရွယ် သားငယ်ကို မီးရထားပေါ်က ခရီးသည်တွေဆီ အပ်ပြီး ကျမ လက်မှတ်စစ်ကို ရှာရတယ်။ “မေကြီး မြန်မြန် လာခဲ့နော်” ဆိုတဲ့ ငိုသံနဲ့ ပြောလိုက်တဲ့ သားရဲ့အသံက ကျမနှလုံးသားကို ဆုပ်ကိုင်လိုက်တယ်။ “သား မကြောက်နဲ့။ ဘယ်မှမကြည့်နဲ့ အဲဒီမှာ မြဲမြဲ ထိုင်နေ” လို့ ကျမပြောပြီး စင်္ကြန်တလျှောက် ပြေးနေရတယ်။
“မန္တလေး-ရန်ကုန် အမြန်ရထား မန္တလေးဘူတာကြီးမှ စတင်ထွက်ခွာပါပြီ” ဆိုတဲ့ အသံကြားမှ မီးရထား တွဲတွေဆီ ပြေးလာတဲ့ ဝန်ထမ်း လက်ထဲက ‘မှတ်ပုံတင်’ကို ကျမ ဆွဲယူပြီး ချိန်မှာ စင်္ကြန်ကနေ ရထားထွက်နေပြီ။ ကျမသားရှိတဲ့ မီးရထားတွဲဆီက ခရီးသည်တွေ သား ကိုယ်စား ကျမကို မျက်လုံးတွေ အသံတွေနဲ့ ရှာဖွေနေကြတယ်။
“ပြေး… ရအောင်ပြေး” လို့ ဝိုင်းအော်ကြတဲ့ အသံကြားမှာ အရှိန်နဲ့ထွက်ခွာနေတဲ့ မီးရထား ခြေနင်းခုံကို အပြေးအလွှား ကျမ ပြေးတက် လိုက်တယ်။ အဲဒီအချိန်မှာ ထိပ်လန့်တကြား အော်ဟစ်သံတွေနဲ့အတူ ဝမ်းသာအားရ လက်ခုတ်သံတွေ ပါ ကျမ ကြားလိုက်ရတယ်။ ကျမ အသက်နဲ့ကိုယ် မြဲတဲ့အပြင် သားရှိရာတွဲဆီကို သွားနိုင်ပြီဆိုတဲ့ အသိက ကျမဘဝမှာ ပြည့်စုံ သွားသလို ခံစားလိုက်ရတယ်။
သားလေးက ကျမကိုမြင်တော့ စကားမပြောနိုင်ဘဲ မျက်ရည်တွေ ကျနေတယ်။ သူု့ရဲ့ ထိတ်လန့်တုန်လှုပ်မှု ကို ခုချိန်ထိ တွေးမိတိုင်း ကြောက်နေ တယ်တဲ့။
ကျမ မီးရထားကြမ်းပြင်ပေါ် ထိုင်ချလိုက်ချိန်မှာ မီးရထားရဲက အပိုငွေ ထပ်ပေးရမယ်လို့ ပြောလာတယ်။ ဒီမှာတင် ကျမခံစားလာရသမျှ ရင်ထဲမဆံ့တဲ့ စကားလုံးတွေနဲ့ သူ့ကို ပစ်ပေါက်လိုက်တယ်။
“ရှင်တို့မှာ ကိုယ်ချင်းစာစိတ် မရှိဘူးလား။ လက်မှတ်ခ သုံးဆပိုပေးပြီး ကျမ ထိုင်ခုံမဲ့ လိုက်လာတယ်။ လိုချင်ရင် ကျမအသားသာ လှီးယူ တော့၊ ကျမတို့သားအမိ လမ်းမှာစားဖို့ ထမင်းစရိတ်တောင် မချန်ဘဲ လက်မှတ်ခ ပေးခဲ့တာ။”
“စစ်ထောက်လှမ်းရေးက မတရားဖမ်းဆီးထားတဲ့လူတွေ လွှတ်မယ်ဆိုတဲ့ သတင်း သတင်းစားထဲမှာ ပါလို့ ကျမတို့က နိုင်ငံရေး အကျဉ်း သားကို သွားကြိုတာ။ မလွတ်လာတဲ့အပြင် ကျမတို့် လမ်းခရီးမှာ ရောက်လိုက်တဲ့ ဒုက္ခတွေ။ အဇာတသတ် မြေမြိုတယ်ဆိုတာ ကျမ လောက် ပူမယ်မထင်ဘူး”
ဒီစကားတွေက ကျမဘဝရဲ့ တိုက်ပွဲကြွေးကြော်သံတွေ.....................။
မန္တလေး-ရန်ကုန် အမြန်ရထားကြီးဟာ ဒီဇယ်တွေနဲ့ မောင်းနှင်ခဲ့တာမဟုတ်ဘူး။ မေတ္တာတရားတွေနဲ့ မောင်းနှင်ခဲ့တယ်။ လက်မှတ်ခ အပို ငွေ ထပ်တောင်းတဲ့ မီးရထားရဲက သူ့ထိုင်ခုံကို ကျမတို့သားအမိအတွက် ပေးခဲ့တယ်။
ကျမနဲ့သားကို ရေသန့်ဗူးတွေ၊ ထမင်းဗူးတွေ ပေးပြီး ခရီးသည်တွေက ကျွေးခဲ့တယ်။ မီးတောက်နေတဲ့ ကျမနှလုံးသား ကို သူတို့မေတ္တာ တွေနဲ့ အနာသက်သာစေခဲ့တာကို ကျမ ခုချိန်ထိ အမှတ်ရနေဆဲပါ။ ။
No comments:
Post a Comment
wwwwnyinyi@gmail.com