စေတနာတွေထားခဲ့သနည်း။ပြည်သူလူထုကို ထောက်လှမ်းရေး နည်းပညာများနဲ့ ဘယ်လိုနှိပ်ကွပ်ခဲ့သနည်း။ ဆရာတော်သံဃာတော်ကြီးများပါ မကျန်မည်သို့လုပ်ဆောင်ခဲ့သည်ကို
ယခုအချိန်တွင် သိရှိခဲ့သူများ အီးလ်မေးလ်များတွင် ပြန်လည်ထုတ်ဖေါ်ရေးသားချက်အချို့ကို
အဖြစ်မှန်(သို့) ဝေဖန်သုံးသပ်နိုင်ရန်ဖေါ်ပြပါတယ်။
အကျဉ်းထောင်တွင်း
ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ - ၂ -
(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)

တိပိဋကဓရ ဆရာတော်ကြီး
အရှင်သုမင်္ဂလာလင်္ကာရ ထံ ဦးအံ့မောင် လျောက်ထားချက်
ဦးခင်ညွှန့်က "ကျနော် မသိပါဘူး
ဒီကိစ္စကို သူတို့တွေ စီစဉ်ပြီးမှ သိလိုက်ရတာပါ" ဆိုတဲ့ စကားတွေနှင့်တော့
မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန် အတွက် နောက်ထပ် အချက်လက်ရှိပါသည်။
သာသနာရေး ညွန်ကြားရေးမှူးချုပ် ဦးအံ့မောင် ကိုယ်တိုင် တိပိဋကဓရ ဆရာတော်ကြီး
အရှင်သုမင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက
"အရှင်ဘုရား လက်မှတ်ထိုးပြီး
သပိတ်ကို ပြန်လှန်ပေးတော်မူပါ တပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူးဘုရား။
ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန်ကိုယ်တိုင် ကိုင်နေတာ တပည့်တော်အနေနှင့်
တာဝန်ပေးလာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ် ဘုရား" လို့လျှောက်တော့ တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ
မှပြန်ပြီးမိန့်တော်မူတာက
" အံ့မောင် ငါဝိနည်းကို
ဖျက်တာမဟုတ်ဘူး ၀ိနည်းနှင့် အညီလုပ်တာ၊ အမျိုးသာသာ သာသနာအတွက်
ငါ့အနေနှင့်အလျှော့မပေးနိုင်ဘူး မင်းလုပ်ရမယ့် မင်းအလုပ်ကို မင်းဆက်သာလုပ်ပါ"
လို့သာ သာသနာ့
အာဇာနည်ဆရာတော်ဘုရားကြီး မိန့်ခဲ့တာပါ။ ဒီစကားတွေကို ကျနော်ပြန်သိရတာလည်း
အံ့သြမနေပါနဲ့။ ဦးအံ့မောင်နောက်မှာ ရုံးကိစ္စတွေ ကူလုပ်ပေးရတဲ့ သံဃာတွေရှိပါတယ်။
ဒီသံဃာတွေလည်း ဒီလို လျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားလို့ ဆိုပြီး
ထောင်ချလိုက်တာ အင်းစိန်ထောင် အမှတ်(၅) ဆောင်မှာ သီတင်းသုံးရတယ်။
ဦးအံမောင်ကိုယ်တိုင်ကလည်း
ဘုန်းကြီးလူထွက်ဖြစ်ပြီး သူ့ရုံးခန်းမှာ တိပိဋကဓရ ဆရာတော်ကြီး ငါးပါးရဲ့ပုံတော်တွေ
ချိတ်ထားပြီး နေ့စဉ်ကြည်ညိုနေတဲ့ လူတယောက်ဖြစ်သည့် အပြင် ဖမ်းဆီးရမယ့် တိပိဋကဓရ
ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ နှင့် ငယ်သူငယ်ချင်းလည်းဖြစ်တယ်လို့ သိရတယ်။
ဒီလောက်ဆိုရင်တော့ ဦးခင်ညွှန့် မှတ်မိလောက်မယ် ထင်ပါရဲ့။ ခေါ်လိုက်ပါ သာဓု သာဓု
သာဓု လို့ သုံးကြိမ်တိတိ ခေါ်လိုက်ပါ။
တိပိဋကဓရ ဆရာတော်ကြီး
အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ
သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။
(ဆရာတော်ကြီးအား ကျနော်မှားယွင်းပြီး
သာသနာပိုင်ဆရာတော်ကြီးလို့ သုံးဆွဲထားမိပါသည်။ ခွင့်လွှတ်ပါရန်)
ထောင်တွင်း စိတ်ဓါတ်ဆင်ရေး
ထောင်တွင်း စိတ်ဓါတ်
စစ်ဆင်ရေးအကြောင်းက ချန်ထားလို့ လုံးဝမဖြစ်ပါ။ ကျနော့်မှာ တာဝန်ကြီးပါသည်။
ကျနော်တို့တွေကို ထောင်ထဲမှာ အကျဉ်းချထားစဉ် အချိန်ကာလတွင်။ စစ်ထောက်လှမ်း
အကြီးကဲဗိုလ်ချုပ်ခင်ညွှန့်သည် စိတ်ဓါတ် စစ်ဆင်ရေး ဖြင့် အတိုက်အခံများ အပေါ်
ထိုးနှက် တိုက်ခိုက် ဖြိုခွင်းလေ့ရှိသည်ကို ကျနော်တို့တွေ လေ့လာသိရှိကြသည်။
စစ်ထောက်လှမ်းရေးများသည် တပ်ဆွယ်တခုထိုင်ပြီး အင်းစိန်ထောင် အုပ်ချုပ်ရေးတွင် နိုင်ငံရေး
အကျဉ်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲသည်။
ကျနော်တို့မှာ ခိုင်လုံသော
သက်သေပြချက်များ ရှိသည်။ အကျဉ်းသားများ အချင်းချင်းကြားတွင် သတင်းပေးများဖြင့်
ကျနော်တို့၏ နိုင်ငံရေး အမြင်များအား အမြဲကောက်ခံနေသည်ကို ကျနော်တို့ တွေ့ရှိရသည်။
ကျနော်တို့ကို ခင်ခင်မင်မင် လာရောက် ရောနှောပေါင်းသင်းသည့် စပိုင် အကျဉ်းသားက
" အခုနေ လွတ်ပေးလိုက်ရင် ဘာတွေလုပ်ကြမလဲ" ဆိုတာမျိုးတွေ၊
"အခုညီလာခံကြီးခေါ်နေပြီ ဘယ်လိုသဘောရလဲ"
"အကုန်လုံးအေးချမ်းတော့မှာ" "အကုန်လွှတ်ပေးတော့မှာ"
"နိုင်ငံရေးက ပြီးတော့မှာပါ" ဆိုတဲ့ မေးခွန်းလိုလို၊
သတင်းလိုလိုဟာမျိုးတွေနဲ့ ၀ါဒဖြန့်သတင်းတွေယူလာပြီး ကျနော်တို့ထံမှာ စနည်းနာ
ဝါဒဖြန့်သည်။ ကျနော်တို့၏ အခြေအနေများကို အမြဲထောက်လှမ်းနေသည်။
ဒီလိုထောက်လှမ်းနေလို့လည်း န၀တ
ညီလာခံကြီးစမည့် အကြိုကာလတွင် အင်းစိန်ထောင်တွင် စံပြအနေဖြင့် ကိုညီမွှေး၊ ကိုသန်းဆွေ၊
ကိုအောင်ရွှေ၊ ကိုသီဟ၊ ကိုခင်အောင်၊ ကိုမြင့်ထွန်းအောင်၊ ကိုဖိုးတုတ်၊ ကိုတင်ထွန်း၊
ကိုအောင်ထွန်း၊ ကိုမျိုးထွန်း နှင့် ကျနော် အပါဝင် နောက်ထပ်
အမည်မေ့နေသူတဦးတို့အား ညသန်းခေါင်အချိန်တွင် အိပ်ဆောင်မှ ခေါင်းစွပ်များဖြင့်
ခေါ်ထုက်ကာ စစ်ခွေးတိုက်ကို ညတွင်းချင်းပို့ပြီး အကြောင်းပြချက်မရှိ အပြစ်ဒဏ်ကျ
အကျဉ်းသား အဖြစ်ချုပ်နှောင် အပြစ်ပေးသည်ကို နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။
ဒီတော့ ဒီလိုကိစ္စတွေကို
စစ်ထောက်လှမ်းရေးတွေ ကိုင်နေတာကို ကျနော်တို့ ကိုယ်တိုင်ခံစားရတဲ့
ကိုယ့်တွေ့တွေအရသိသလို အကျဉ်းဦးစီးဝန်ထမ်းတွေမှ ပြန်ပြီးရင်ဖွင့်တာတွေ
ထွက်လာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ၀င်တဲ့ရက်တွေ ဆိုရင် ထောင်ဝန်ထမ်းတွေက ထောင်ထဲ
ပစ္စည်း ခိုးသွင်းလို့မရပါဘူး။ အဲဒါကို လမ်းကြောင်းပိတ်တယ်လို့ ခေါ်သည်။
အင်းစိန်ထောင်မှာ "နိုင်ငံတော်" လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို
လူတိုင်း မျှော်ပါသည်။ မှောင်ရိပ်ခိုမှုနှင့် ကျလာတဲ့ ထောင်သုံးလ ကျသူလည်း
နိုင်ငံတော်ကို မျှော်သည်။ ဒီလိုမျှော်အောင်လည်း ၀န်ထမ်းတွေ
အကျဉ်းသားအုပ်ချုပ်သူတွေထံမှာ ကောလဟာလတွေ ဖြန့်တယ်ဗျ။ အဲဒီကောလဟာလတွေက
"ဂေါ်နိုက်စာရင်းတွေ တောင်းနေပြီ" "ထောက်လှမ်ရေးတွေက အပြင်မှာ
ခန်းမတခုပြင်ဆင်နေပြီ" "လွတ်မယ့်အကျဉ်းသား မိသားစုကို ဆက်သွယ်ဖို့
အိမ်လိပ်စာတွေ စစ်နေပြီ" "ဘယ်နေ့အတွက် လွှတ်မယ်" "ဘယ်အစည်းအဝေး
အတွက်လွှတ်မယ်" စသည်ဖြင့် သတင်းပေါင်းစုံကို ကြားနေရတယ်။ ဒါတွေကို
ကျနော်တို့ လုံးဝ ခေါင်းထဲ မထည့်ပေမယ့် ရိုးရိုးသားသားနင့် ယုံကြည်သူတွေတော့ရှိသည်။
မိုးလင်းလို့ အိပ်ဆောင်ထချိန်မှာ အိပ်တဲ့နေရာက ထမလာတော့တဲ့ သူအချို့ အတွက်
ကြားနေကြစကားအချို့က "လွတ်ကြောင်" (လွတ်ငြိမ်းချမ်းသားခွင့်ကိုမျော်သူ)
ဖြစ်နေတာကြာပြီပဲတဲ့။ ဟုတ်ကဲ့ အင်းစိန်ထောင်က တကယ့် ဖြစ်ရပ်တွေပါ။
စိတ်ဓါတ်ဆင်ရေးနဲ့ ကိုရင်တင်မောင်
ကိုရင်လေးတပါးဟာ သက်တော်လည်းငယ်
နယ်ဝေးကလည်း ဖြစ်ဆိုတော့ သူ့ခမြာ လွတ်ချင်ရှာလွန်းတော့ နိုင်ငံတော်
မျှော်နေပါတယ်။ ကိုရင်လေးတင်မောင်က ရခိုင်မှ ကိုရင်လေး တပါးဖြစ်ပြီး၊
မျိုးချစ်စိတ်လည်း အင်မတန်မှ ပြင်းပြတော်မူတဲ့ ကိုရင်လေးပါ။ ရခိုင်လူမျိုးတွေ
ရာဇ၀တ်မှုနဲ့ ထောင်ကျ လာသူများကိုပင် ကူညီပံ့ပိုးသူဖြစ်ပါတယ်။
နိုင်ငံတော်သတင်းများကြားရင်ဖြင့်
အဲသည့် သတင်း ဟုတ်မဟုတ်၊ လိုက်မေးရ၊ သတင်းပါတ်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေ
လိုက်ပြောရ၊ သတင်းအပေါ် မျှော်လင့်ချက်တွေ ထားရနဲ့ မမောနိုင် မပန်းနိုင်
လိုက်ပြောနေတဲ့ ကိုရင်လေး တင်မောင်ကို ကျနော်တို့တတွေက ဒါတွေကို စိတ်ထဲမှာ
မထားဖို့၊ သက်သက်မဲ့ ကျနော်တို့တတွေကို မျှောင်လင့်ချက်တွေဖြစ်အောင်လုပ်ပြီး
ဒုက္ခပေးနေတာမျိုးဖြစ်ကြောင်း သူနားလည်လွယ်နိုင်မယ့် စကားတွေနဲ့ ရှင်းပြပါတယ်။
ဒါပေမယ့်လည်း သူကတော့ လွတ်ချင်စိတ်ကြောင့် ကျနော်တို့ ပြောတာကို
မယုံကြည်ချင်ဘူး။ သူ့စိတ်က လက်မခံချင်ဘူး ဆိုပါတော့ဗျာ။
ကျနော်တို့ လျှောက်တင်တုန်းသာ အင်း...
အင်း လုပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ အဲသည့် အဆိပ်အတောက် ဝါဒဖြန့်မှုတွေကို
အယုံကြီးယုံပြီး အမျှော်ကြီးကို မျှော်နေပါတော့တယ်။ လွတ်လပ်ရေးနေ့လား၊
ပြည်ထောင်စုနေ့လား၊ သင်္ကြန်ပြီးရင်ပဲ လွှတ်တော့မလိုလို၊ ဒီတခါ သတင်းကျွတ်က
နောက်ဆုံးပဲဆိုတာမျိုး၊ နှစ်သစ်ကူးရင် ထွက်ရတော့မယ်...စတဲ့ ဦးခင်ညွန့်ရဲ့
စိတ်ဓါတ်စိတ်ဆင်ရေး ဝဲဂယက်ညွှတ်ကွင်းထဲမှာ ကိုရင်လေးခမြာ စိတ်ရောကိုယ်ပါ လိုက်ပါ
ကူးခတ်ရင်းနဲ့ အချိန်တွေကြာလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ
ဖြစ်လာပါတော့တယ်။
သိတဲ့အတိုင်းပဲ ထောင်မှာဆိုတာက
ရောဂါဘယလည်း အင်မတန်မှ ထူပြောတဲ့အပြင် ကျွေးတဲ့ အစာအစားကလည်း တိရစ္ဆာန်တောင်
မစားချင်တဲ့ဟာမျိုးဆိုတော့ အဟာရရှိဖို့ ဆိုတာ ဝေလာဝေးပေါ့။
ကူးစက်ရောဂါတွေကလည်း
ထောင်တွင်းလေထုထဲမှာ မမြင်ရရုံတမယ်ပဲရှိတော့တယ်။ ထောင်ဆရာဝန်ပြဖို့ဆိုတာ
ကျနော်တို့ နိုင်ငံရေးအမှုတွေအတွက် မစဉ်းစားချင်တဲ့ ကိစ္စပါ။ နောက်မှ
ထောင်ဆေးဝါးကုသပုံကို အသေးစိတ်ပြောအုန်းပါမယ်။ ကိုရင်တင်မောင် ကိစ္စပြန်ဆက်ရအောင်။
ဒီလိုနဲ့ အခါကြီးရက်ကြီးတွေဆို
နိုင်ငံတော်မျှော်တဲ့ ကိုရင်လေးတင်မောင်ဟာ စိတ်ထောင်းပြီး
တရှောင်ရှောင်ဖြစ်လာပါတော့တယ်။ ကျနော်တို့လည်း မကြာခဏ ဖြောင်းဖြောင်းဖြဖြ
လျှောက်ကြပေမယ့် သူ့စိတ်တွင်းကို ချေဖျက်ပေးနိုင်တဲ့
အနေထားကိုရောက်မလာပါဘူး။ ဆရာတော်ကြီးတွေလည်း မိန့်တော်မူတယ်။ သို့ပေမယ့်လည်း
နောက်ပိုင်းမှာတော့ ကိုရင်တင်မောင် တပါး ချုချာလွန်းမက ချုချာလာတော့
ထောင်ဆေးရုံကို ရောက်သွားပါတော့တယ်။
ထောင်ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး
ကိုရင်လေးတင်မောင် ပျံလွန်တော်မူရှာလေတယ်။ စာဖတ်သူတို့တော့ ဘယ်လိုခံစားရမလဲ
မသိဘူး။ ကျနော်တော့ အခုချိန်ထိ အသည်းနာတယ်။ အဲဒီအချိန်တုန်းကလည်း
တော်တော်နာတယ်။ လူတွေကို ထောင်ချ၊ ခန္ဓာကိုယ်တွေကို နှိပ်စက်ညှင်းပမ်း ရုံမကဘူး၊
စိတ်တွေကိုပါ ညှင်းစဲပြီး သတ်ဖြတ်တတ်တဲ့ သူတို့ စစ်ထောက်လှမ်းရေး ဆိုတဲ့
အဖွဲ့အစည်းကို ပြောစရာ စကား၊ သုံးစရာ စကားလုံး မရှိတော့ဘူး။
ကိုရင်တင်မောင် ကိစ္စ
ဘာသာရေးအရကြည့်ရင် ကံကုန်လို့ ပျံလွန်တော်မူရှာတာ ဖြေလို့ရပေမယ့်လည်း ရိုးသားတဲ့
ကိုရင်လေးတပါး စစ်ထောက်လှမ်းလို အဖွဲ့အစည်းရဲ့ ယုတ်မာတဲ့ စိတ်ဓါတ်စစ်ဆင်ရေးကြောင့်
စိတ်ထောင်းလို့ ကိုယ်ကျေဖြစ်ပြီး ပျံလွန်တော်မူရတာကို ကျနော် စာဖတ်သူတို့
မြင်ရအောင် မရေးပြတတ်ဘူး။
(ကိုရင်တင်မောင် ပျံလွန်တော်မူသည့်
ရက်လကို အတိကျဖေါ်ပြနိုင်အောင် အမှတ်မရသည့်ကျနော်ကို ခွင့်လွှတ်ပါ)
ကျနော်သိတာ ရိုးသားတဲ့
ရခိုင်ကိုရင်လေးတပါး လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သတင်းလိမ်တွေ ကို
မျှော်လင့်ပြီး ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်ထဲကလို မျှော်လင့်ချက်ကလေးအတိုင်း
ဖြစ်မလာတော့ တိမ်းပါးသွားရတာပါပဲ။ တကယ်တော့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံတခုလုံး
ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ပြားပြားဝပ်နေတဲ့
(ငြိမ်ဝပ်ပိပြားရေးခေတ်) ၁၉၉၂- ၁၉၉၃ ခုနှစ်အချိန်ပါပဲ။ ၁၉၉၃ ခုနှစ်မှာ
သဘောထားရေးရာ အရမေးခွန်းတွေ စစ်ထောက်လှမ်းရေးက မေးပြီးလက်မှတ်ခံဝန်ထိုးကာ
အချို့ကိုတော့ လွှတ်ပေးတာရှိပါတယ်။
ကိုရင်တင်မောင် တပါးမှာတော့ဖြင့် သူချစ်လှတဲ့
ရခိုင်လူမျိုးများ၊ သူချစ်လှတဲ့ ဆရာတော်ကြီးတွေနဲ့ ကျနော်တို့ကို
အပြီးပိုင်စွန့်ခွာသွားလေပြီ။ ဘုရားဟောအတိုင်း မင်းဆိုးမင်းညစ်ကို
သံဃာကံဆောင်တော်မူသည့် ဘုရားသားတော် ကိုရင်လေး တင်မောင် အတွက် ဂုဏ်ယူလိုက် ပါသည်။
--------------------------------------------------------------
ဦးခင်ညွှန့်ကို သင်ပုန်းချေမှု
မချေမှုနဲ့ ကျနော်တင်ပြတာတွေနှင့် မဆိုင်ပါဘူး။ သင်ပုန်းချေနိုင်သူကို မအံ့သြသလို
မကျေနပ်သူကိုလည်း အပြစ်မတင်ပါ။ သို့သော် သမိုင်းမှာ ရှိခဲ့တဲ့ ဖြစ်ရပ်မှန်များကို
ဖုန်းကွယ်ထားပြီး လက်ချင်းချိတ်ရမည်ဆိုသည့် မည်သည့်လူမျိုး၏ စိတ်ထားကိုမှ
မျှတသည်ဟု ကျနော်မမြင်ပါ။ သန်း(၅၀)ကျော် ပြည်သူတွေ၏ မျက်ရည်၊ သားပျောက်အမေ
သားပျောက်အဖေတို့၏ ပူဆွေးသောကမီးတွေ။ အမေ အဖေပျောက်တဲ့ သားသမီးတွေ၊ ရဟန်း မယ်တော်
ခမည်းတော်တွေ၏ ဆုံးရှုံးမှုတွေ ကိုတော့ စကားလုံးလှလှပြောတက်တဲ့ ပါးစပ်က စကားလုံးတွေနှင့်
အလွဲသုံးစား ပျက်ရယ်မပြုကြပါနှင့်လို့ တော့ ပြောလိုက်ချင်ပါရဲ့ဗျာ.....
ရဲမင်းထွန်း
------------------------------------
အချက်အလက်တွေအတွက် အမှတ်သုံးဆောင်မှ
ဘွဲ့တော်ဖေါ်ခွင့်မရသည့် သံဃာတော်အရှင်သူမြတ်များ။ အမည်ဖေါ်ခွင့်မရသည့်
ညီအကိုတော်များ နှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ၏
မိန့်တော်မူချက်များ။ ကိုစည်သူဝင်း(နယူးယောက်) တို့အားကျေးဇူးတင်ရှိပါသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com