အရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည်ဖြစ်သော်လည်း
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်းသွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောသည်။
“ဒေါ်စုက ကျနော်တို့ တိုင်းရင်းသားအရေးကို မေ့မယ်လို့ မထင်ဘူး။ အခြေအနေက တိုင်းရင်းသားအရေးကို ပစ်ထားလို့ မရနိုင်ဘူး။ သူ ပစ်ထားလို့ မရအောင်လည်း ကျနော်တို့ တွန်းအားပေးရမှာ” ဟု မဇ္ဈိမကို ပြောသည်။
ယခုနှစ်ဆန်းကမှ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဦးခွန်ထွန်းဦးက တိုင်းရင်းသားအရေးကိစ္စသည် နိုင်ငံ အတွက် အရေးကြီးဆုံးအချိန် ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဦးစားပေးလုပ်ငန်း သုံးခုအဖြစ် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် အခြခံဥပဒေ
ပြင်ဆင်ရေးတို့ကို ပြည်သူလူထုထံ တင်ပြထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၄၄ နေရာ ပြိုင်သည့် အနက် ၄၃ နေရာ အနိုင်ရရှိထားပြီး ရှမ်းပြည်နယ် ကလောမြို့နယ် နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ ကဲ့သို့သော တိုင်းရင်းသားဒေသများတွင်ပါ အနိုင်ရခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ အစိုးရနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းများအကြား နှစ်ပေါင်းများစွာက မဖြေရှင်းနိုင်ခဲ့သည့် ငြိမ်းချမ်းရေးပြသာနာအား ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ပေးနိုင်လိမ့်မည်ဟု တိုင်းရင်းသားများက ယုံကြည် အားကိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တဒေါင့်တနေရာမှ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း လည်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“သူက တိုင်းရင်းသားတွေအပေါ် ဆက်စပ်မှုရှိတယ်။ စေတနာလည်း ရှိတော့ သက်ဆိုင်ရာ လွှတ်တော် ခေါင်းဆောင်
တွေက သူ့ကို တာဝန်ပေးမယ်လို့ ယုံကြည်တယ်။ သူ လုပ်လိမ့်မယ်လို့ ယုံကြည်တယ်”ဟု နိုင်ဟံသာက မဇ္စျိမကို
ပြောသည်။
ထို့အပြင် “၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်တဲ့အနေရာမှာ အများကြီး အထောက်အကူ ပေးနိုင်မယ်လို့ ယုံကြည်တယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ နားလည်မှုရှိတယ်။ အဲဒီအပေါ်မှာ သူ့ကို ထောက်ခံတယ်။ သူဘယ်ထောက်ထိ လုပ်နိုင်မလဲ ဆိုတော့ အစိုးရ ဘယ်လောက်ထိ ခွင့်ပြုမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်” ဟု ပြောသည်။
အစိုးရနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ကချင်ခေါင်းဆောင် တဦးကလည်း
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖခင်ကဲ့သို့ တိုင်းရင်းသားအရေးကို ဦးစားပေးမည်ဟု ယူဆကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးမှာ နံပါတ်တစ် ဖြစ်သင့်ကြောင်း ပြောကြားသည်။
“ဗိုလ်ချုပ်အောင်ဆန်း လုပ်ခဲ့တာတွေကို နောက်က ခေါင်းဆောင်တွေ ဘယ်သူမှ လိုက်မလုပ်ဘူး။ ခု (သူ့)သမီး လက်ထက် ပြန်ဖော်ဆောင်မယ်ဆိုရင် သမိုင်းပေးတာဝန် ကျေပွန်တာပဲ။ ပထမဆုံး တိုင်းရင်းသား ငြိမ်းချမ်းရေးကိစ္စ လုပ်ပေးဖို့၊ ပြီးမှ ဖွဲ့စည်းပုံပြင်ဆင်ဖို့တွေ လုပ်ရင်ကောင်းမယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စက အရေးကြီးဆုံးပဲ။ ပြီးမှ ဒီမိုကရေစီအရေး ဆက်လုပ်စေချင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော်တွင်း ဆောင်ရွက်မည့် လမ်းပြမြေပုံ (Roadmap) ရေးဆွဲကာ တိုင်းရင်းသားအရေးကို အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်း လည်း အဆိုပါ ကချင်ခေါင်းဆောင်က ပြောသည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များသည် လွတ်လပ်ရေး ရယူရာတွင်
တောင်းတန်းနှင့် ပြည်မမခွဲခြားဘဲ တန်းတူအခွင့်အရေးအတွက် ပြည်မ-တောင်တန်း ပူးပေါင်းရေး ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။
ရွှေ့ဆိုင်းထားသည့် ကချင်ပြည်နယ် မဲဆန္ဒနယ်သုံးခုတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် KIO အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးလိုကြောင်း NLD ထုတ်ပြန်ချက်ကို KIO က ကြိုဆိုခဲ့သော်လည်း ယခုချိန်ထိ နှစ်ဘက်တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။
Nice post, thanks for sharing this wonderful and useful information with us.
ReplyDelete1985 Pontiac Parisienne AC Compressor