ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအား မုဒိမ်းကျင့်/သတ်ဖြတ်/လုယက်မှု ကျူးလွန်သူသုံးဦးအနက် အဓိကတရားခံ ရှောင်ရှူး (ခ) ထက်ထက်အကျဉ်းထောင်အတွင်း ကြိုးဆွဲချသေဆုံးခဲ့သော်လည်း အသက်ရှင်ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူနှစ်ဦးဖြစ်သော ရော့ပီးနှင့် ခိုချီးတို့က ယင်းတို့သည် သေဆုံးသူအား အဓမ္မပြုကျင့်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံဖြောင့်ချက်ပေးသော်လည်း လူသတ်မှုနှင့် လုယက်မှုတို့ကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
ယင်းတို့နှစ်ဦးအား ဇွန် ၁၄ရက် (ကြာသာပတေး) တွင်ကျောက်ဖြူခရိုင်တရားရုံးတွင် စစ်ဆေးကြားနာခဲ့ရာတွင် ပြစ်မှုဥပဒေ ပုဒ်မ ၃၇၆ မုဒိမ်းမှုကိုဝန်ခံပြီး ကျန်သည့်အမှုနှစ်ခုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်းငြင်းဆိုခဲ့ကြောင်း၊ ရုံးတော်တွင် ဝန်မခံသည့်အမှုများအတွက် ဆက်လက်ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ယင်းအမှုတွင် တရားလိုဘက်မှ သက်သေ ၂၄ ဦးကသက်သေထွက်ဆိုခဲ့ပြီး ရော့ပီးနှင့် ခိုချီးတို့ဘက်မှ လိုက်ပါဆောင်ရွက်သည့် သက်သေ မရှိသေးကြောင်းသိရသည်။
ယင်းတို့သုံးဦးကို အခင်းဖြစ်ပွားသည့် မေ ၂၈ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဇွန် ၈ ရက်မှစ၍ အမှုစတင်ကြားနာခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကတရားခံဖြစ်သည့် ရှောင်ရှူး (ခ) ထက်ထက် (ခ) ဖြိုးဇေယျာကျော်သည် ဇွန် ၉ ရက်ညနေ ၆ နာရီ ၄၅ မိနစ်တွင် အကျဉ်းထောင်အတွင်း၌ ကြိုးဆွဲချသေကြောင်းကြံစည်ခဲ့ကြောင်း၊ ယင်းသေဆုံးမှုအား အကျဉ်းထောင်ဆရာဝန်က အတည်ပြုခဲ့ပြီးနောက် ကျောက်ဖြူရဲစခန်းက သေမှုသေခင်းအမှတ် ၁၆/၂၀၁၂ ဖြင့်အမှုဖွင့်၍ လုပ်ထုံးလုပ်နည်းနှင့်အညီဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဇွန် ၁၁ ရက်ကဖော်ပြသည်။
မိုးသက်ကို
No comments:
Post a Comment
wwwwnyinyi@gmail.com