Wednesday, August 29, 2012

အစိုးရ ၀န်ကြီး အပြောင်းအလဲစာရင်း ထွက်ပေါ်


မြန်မာအစိုးရက ၀န်ကြီး ၉ ဦးကို ရာထူး ပြောင်းလဲ ခန့်အပ်၊ ဒု ၀န်ကြီး ၁၅ ဦး ခန့်အပ်
၂၀၁၂ သြဂုတ် ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ မှ
ကြိုတင် ခန့်မှန်းထားကြချိန်ထက် အတန်ကြာ နောက်ကျခဲ့သော်လည်း ၂၀၁၂ သြဂုတ် ၂၇ ရက်နေ့မှာတော့ မြန်မာအစိုးရ ၀န်ကြီး အပြောင်းအလဲစာရင်း ထွက်ပေါ်ခဲ့ပြီ ဖြစ်ပါတယ်။ ပြောင်းလဲ တာဝန်ပေးလိုက်တဲ့ ၀န်ကြီးများမှာ (၁) ဦးစိုးသန်း - သမ္မတရုံး ၀န်ကြီးဌာန (ယခင် - စက်မှုဝန်ကြီးဌာန) ၊ (၂) ဦးအောင်မင်း - သမ္မတရုံး ၀န်ကြီးဌာန (ယခင် - ရထားပို့ဆောင်ရေး ဝန်ကြီးဌာန) ၊ (၃) ဦးလှထွန်း - သမ္မတရုံး ၀န်ကြီးဌာန (ယခင် - ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန) ၊ (၄) ဦးတင်နိုင်သိန်း - သမ္မတရုံး ၀န်ကြီးဌာန (ယခင် - အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန) ၊ (၅) ဦးအောင်ကြည် - ပြန်ကြားရေး ၀န်ကြီးဌာန (ယခင် - လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန နဲ့ အလုပ်သမား ဝန်ကြီးဌာန) ၊ (၆) ဦးကျော်ဆန်း - သမဝါယမ ဝန်ကြီးဌာန (ယခင် - ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန) ၊ (၇) ဦးအုန်းမြင့် - မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန (ယခင် - သမဝါယမ ဝန်ကြီးဌာန နဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီးဌာန) ၊ (၈) ဦးအေးမြင့် - စက်မှု ဝန်ကြီးဌာန (ယခင် - သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန) ၊ (၉) ဦးတင့်ဆန်း - အားကစား ဝန်ကြီးဌာန (ယခင် - ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနနဲ့ အားကစား ဝန်ကြီးဌာန) တို့ ဖြစ်ကြပါတယ်။ အခု ပြောင်းလဲ ခန့်အပ်မှုကြောင့် ဦးသိန်းစိန်ရဲ့ သမ္မတရုံးတွင် ၀န်ကြီး ၆ ဦး ရှိသွားပြီး သမိုင်းမှာ သမ္မတရုံးဝန်ကြီး အများဆုံး စံချိန်တင်နိုင်ခြေ ရှိပါတယ်။ ထို့အပြင် ရထား ပို့ဆောင်ရေး ၊ ဘဏ္ဍာရေးနဲ့ အခွန် ၊ အလုပ်သမား ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၊ ဟိုတယ်နဲ့ ခရီးသွားလာရေး ၊ သိပ္ပံနဲ့ နည်းပညာ ၊ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ယဉ်ကျေးမှု စတဲ့ ဝန်ကြီးဌာနများတွင် ၀န်ကြီးရာထူးများ လစ်လပ်နေပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အတိုက်အခံများနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ဦးအောင်မင်းကို သမ္မတရုံး ၀န်ကြီး အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ ဦးအောင်ကြည်ကို ပြန်ကြားရေးဝန်ကြီး အဖြစ် တာဝန်ပေးလိုက်ပါတယ်။ အများ စောင့်ကြည့် ဝေဖန်ခံရတဲ့ ဦးကျော်ဆန်းကတော့ သမ၀ါယမ၀န်ကြီး ဖြစ်သွားပါတယ်။ ထို့အပြင် သမ္မတ ဦးသိန်းစိန်က ဒုတိယ၀န်ကြီး ၁၅ ဦးကို အောက်ပါအတိုင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများ အလိုက် ခန့်အပ်လိုက်ပါတယ်။ (၁) ရဲချုပ် ကျော်ကျော်ထွန်း - ပြည်ထဲရေး ၀န်ကြီးဌာန (၂) ဦးပိုက်ထွေး - ပြန်ကြားရေး ဝန်ကြီးဌာန (၃) ဦးသန်းဆွေ - ယဉ်ကျေးမှု ဝန်ကြီးဌာန (၄) ဦးအောင်သိမ်း - သမ္မတရုံး ဝန်ကြီးဌာန (၅) ဒေါက်တာလင်းအောင် - ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန (၆) ဦးဆက်အောင် - အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန (၇) ဒေါက်တာ ဒေါ်ခင်စန်းရီ - အမျိုးသားစီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန (၈) ဒေါ်စုစုလှိုင် - လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန (၉) ဦးသောင်းတင် - ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ဝန်ကြီးဌာန (၁၀) ဦးထင်အောင် - စွမ်းအင် ဝန်ကြီးဌာန (၁၁) ဗိုလ်မှူးချုပ် ၀င်းမြင့် - လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန (၁၂) ဦးအေးမြင့်မောင် - ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန (၁၃) ဒေါက်တာဒေါ်သက်သက်ဇင် - ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန (၁၄) ဦးသောင်းထိုက် - အားကစား ဝန်ကြီးဌာန (၁၅) ဒေါက်တာ ဒေါ်သိန်းသိန်းဌေး - ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယ၀န်ကြီးများ ခန့်အပ်လိုက်တဲ့ စာရင်းအရ ၀န်ကြီးအဆင့်တွင် အရပ်သား ပါဝင်နှုန်းနဲ့ အမျိုးသမီး ပါဝင်နှုန်း မြင့်လာတာကို တွေ့ရပါတယ်။ အခု ခန့်လိုက်တဲ့ ဒုတိယ၀န်ကြီးအချို့ဟာ နောက်ပိုင်းမှာ ၀န်ကြီးများအဖြစ် တာဝန်ယူကောင်း ယူလာနိုင်မယ်လို့ ခန့်မှန်းမိပါတယ်။ သမ္မတရုံးဝန်ကြီး အများအပြား ခန့်အပ်ခြင်းဟာ ပြုပြင် ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်ဟန်တူပါတယ်။ ရာစုနှစ်ဝက်ခန့် အသားကျနေတဲ့ စစ်တပ်ကြီးစိုးရေး သဘောတရားကို တွန်းလှန်ပြီး ပြုပြင်ပြောင်းလဲရေးတွေ ခတ်သွက်သွက် လုပ်ဖို့ဆိုတဲ့ ကိစ္စဟာ တကယ့်တကယ်တော့ လွယ်ကူတဲ့ အလုပ်တခုတော့ မဟုတ်ပါဘူး။ ဒ့ါကြောင့်မို့ မမြင်ရတဲ့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ အနာဂတ်နဲ့ ရင်ဆိုင်ရမယ့် မြန်မာပြည်က ပြုပြင် ပြောင်းလဲရေးသမားတွေအတွက် ဘက်စုံ အင်အား တောင့်တင်းတဲ့ အစုအဖွဲ့တခုကတော့ လိုအပ်မှာ အမှန်ပဲ ဖြစ်ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com