ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာ)
အနီးတွင်အောက်တိုဘာ၂၅ရက်နေ့ယနေ့ည၇နာရီ၁၀ မိနစ်ဝန်းကျင်ကတောင်ဥက္ကလာဘေလီတံတားဘက်မှသင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ
ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း
ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ်
ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ
ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင်
ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
အဆိုပါဖြစ်ရပ်ဖြစ်ပွားချိန်တွင်ကျယ်လောင်သောပေါက်ကွဲသံကြီးကိုကြားလိုက်ရကြောင်း၊ ကားမှာပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရှေ့သို့ ပေနှစ်ရာခန့် ဆက်လိမ့်ပြီးမှ စက်ရပ်သွားကြောင်း၊ ထို့နောက် ကားနောက်ခန်းမှ အမျိုးသမီး တစ်ဦးထွက်လာပြီး " လာကြပါဦး၊ ဒါရိုင်ဘာကို ကယ်ကြပါဦး " ဟုအော်ဟစ် အကူအညီ တောင်းခံကြောင်း၊ သို့ဖြစ်၍ အကူအညီ ပေးရန် သွားရောက်ရာတွင် ယာဉ်မောင်းဖြစ်သူမှာ ထိုင်လျက်အနေအထားဖြင့်ပင်ပွဲချင်းပြီးသေဆုံးနေကြောင်း၊ယာဉ်မောင်း၏ဘေး ကပ်လျက်ခုံတွင်ထိုင်နေသူခရီးသည် အမျိုးသားမှာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံလျက် မေ့မျောနေပြီး ၎င်းဝတ်ဆင်ထားသော လုံချည်မှာ ဇကာပေါက်သဖွယ်ဖြစ်၍နေသည်ကိုတွေ့ရှိရကြောင်း၊ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်တွင်ကားမှာ အချက်ပြမီးများ ပွင့်လျက်ရှိပြီး နောက်ခန်းတွင် တပ်ဆင်ထားသည့် CNG ဓာတ်ငွေ့အိုးမှာလည်း အကောင်းပကတိ အနေအထားအတိုင်းတွေ့ရှိရကြောင်းအဆိုပါဖြစ်စဉ်ကိုမျက်မြင်တွေ့ကြုံခဲ့ရပြီးသွားရောက် အကူအညီပေးခဲ့သူအသက်၃၅နှစ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးကThe Voice Weekly သို့ ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာဗုံးပေါက်ကွဲမှုဖြစ်သည်ဟုမှန်းဆပြောဆိုမှုများ ရှိနေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သက်ဆိုင်ရာမှ ကရိန်းကားဖြင့်လာရောက်တင်ဆောင်သွားခဲ့သည်။အခင်းဖြစ်ပွားရာနေရာသို့မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အကြီးတန်း သတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။
အတည်မပြုနိုင်သောသတင်းတစ်ရပ်အရ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခရီးသည် အမျိုးသားမှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

သတင်း...The Voice Weekly
No comments:
Post a Comment
wwwwnyinyi@gmail.com