Wednesday, October 26, 2011

ကျေးလက်ဒေသများမှ အရွယ်မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာမှု များပြားလာ

ထိုင်း လ၀က မှ ဖမ်းထားတဲ့ မြန်မာအလုပ်သမားများ
ကျေးလက်ဒေသများမှ အရွယ် မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာမှု များပြားလာကြောင်း သိရှိရသည်။ “မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာဆိုရင် လမ်းတစ်ပြမှာ ကို လက်ဖက်ရည်ဆိုင်တွေ အများကြီး ရှိတယ်။ ဆိုင်တိုင်းမှာကြည့်လိုက်ရင် စားပွဲထိုးလေးတွေဟာ နယ်ကတက်လာတဲ့ အရွယ်မရောက်သေးတဲ့ ကလေး တွေများတယ်။ တကယ်တော့ လက်ဖက်ရည်ဆိုင်တင် မကဘူး၊ စားသောက် ဆိုင်၊ ထမင်းဆိုင်တွေမှာလည်း ဒီလို ပါပဲ။ ပြီးတော့ ငွေကြေးချမ်းသာတဲ့ အိမ်တွေမှာလည်း ကျေးလက်ဒေသ က အရွယ်မရောက်တဲ့ ကလေးတွေ အိမ်ဖော်အဖြစ်နဲ့ ရောက်နေကြတယ်။ ဒါကို ကြည့်ရင် ကျေးလက်ဒေသက အရွယ်မရောက်သေးတဲ့ ကလေးငယ် တွေ နေရပ်စွန့်ခွာမှုများတယ် ဆိုတာ သိသာတယ်”ဟု မန္တလေးမြို့ခံတစ်ဦး က ပြောသည်။ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ မြို့ပေါ်ရှိအိမ်များတွင် ကျေးလက်ဒေသ များမှ ကလေးငယ်များအား အလုပ်ပေးစေခိုင်းမှု များပြားလာရခြင်းမှာ လုပ်အားခသက်သာပြီး ထိန်းသိမ်းရ လွယ်ကူသောကြောင့် ဖြစ်ကြောင်း သိရသည်။ “ကလေးတွေကို စားပွဲထိုးအဖြစ် ခေါ်ရတာက လုပ်အားခသက်သာတာ ရယ် ထိန်းသိမ်းရ လွယ်ကူတာရယ်ကြောင့်ပါ။ နည်းနည်းလေးကြီးလာရင် ထိန်းသိမ်းရလည်း ခက်တယ်။ ပြောလို့ဆိုလို့လည်း မကောင်းဘူး” ဟု မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ လက်ဖက်ရည်ဆိုင်ရှင် တစ်ဦးက ပြောသည်။ အရွယ်မရောက်ခင် မြို့ကြီးများသို့ သွားရောက်လုပ်ကိုင်ရင်း အရွယ်ရောက်ပြီးနောက် အချို့မှာ နေရပ်သို့ ပြန်ကြသော်လည်း အများစုမှာ နေရပ်သို့ မပြန်ချင်တော့ကြောင်း . . . အရွယ်မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာ၍ အလုပ်လုပ်ကိုင် ကြရာတွင် နီးစပ်ရာမြို့များအပြင် မြို့ကြီးများသို့ သွားရောက်လုပ်ကိုင် ကြကြောင်း သိရသည်။ “မြစ်သားမြို့က လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လာလုပ်တဲ့ ကလေးအများစုဟာ အနီးဝန်းကျင်ရွာတွေကနေ လာကြတာ များပါတယ်။ အရွယ်အားဖြင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးတွေများပါတယ်။ ဒီကလေးတွေကို အုပ်စုခွဲကြည့်ရင် နှစ်မျိုးတွေ့ရပါတယ်။ တချို့က ကျန်းမာရေးနဲ့ ပတ်သက်တယ်။ မျိုးဆက်ပွား ကျန်းမာရေးအသိ မရှိလို့ အိမ်ထောင်စုများတာ၊ မိသားစု ၀င်တွေ ကျန်းမာရေးမကောင်းလို့ ဆေးဖိုးဝါးခ အကုန်အကျများတာ။ နောက်တစ်မျိုးက လယ်ယာလုပ်ငန်း ခွင် မကောင်းတာ။ ကျွန်တော်တို့ ဒေသမှာ နှစ်တိုင်းရေလွှမ်းမိုးတာ ခံနေရတယ်။ လယ်ပိုင်ရှင်က ဆင်ပိန် ကျွဲလောက်ရှိပေမယ့် တစ်နေ့လုပ်တစ်နေ့ စား သူရင်းငှားက နေ့စဉ်ဝင်ငွေမရှိတော့ ကိုယ့်သားသမီးကို ခိုင်းစားရတဲ့ ဘ၀ရောက်သွားတော့တယ်”ဟု မြစ်သားမြို့မှ ကိုစံသော်ထွန်းက ပြောသည်။ တန့်ဆည်မြို့မှ အလှပြင်ဆိုင် ဖွင့်ထားသူတစ်ဦးကလည်း “ကျွန်မတို့ ဆိုင်နဲ့ကပ်လျက် လက်ဖက်ရည်ဆိုင် မှာ ရေဦးကလာအလုပ်လုပ်တဲ့ ကလေး တစ်ယောက်ရှိတယ်။ သူ့အမေ လာရင် ပြန်လိုက်ချင်လို့ ကလေးကငိုတယ်။ လစာကလည်း ကြိုထုတ်ထားတော့ မထားချင်လည်း ထားခဲ့ရတယ်။ မိသားစုက ရှစ်ယောက်လောက် ရှိတော့ မကျွေးနိုင်တာလည်း ပါမယ်။ ကလေးခမျာ မနေချင်လည်း နေနေရတယ်။ ကျွန်မတို့ကလည်း သနားတော့ မုန့်ခေါ်ခေါ်ကျွေးတယ်။ ဒီလို ကျွေးတာက သူ့ဆိုင်ရှင်က သဘော မကျဘူး။ သူတို့မကျွေးတာ လူသိမှာ စိုးပုံရတယ်” ဟု ဆိုသည်။ အရွယ်မရောက်ခင် မြို့ကြီးများသို့ သွားရောက်လုပ်ကိုင်ရင်း အရွယ်ရောက်ပြီးနောက် အချို့မှာ နေရပ်သို့ ပြန်ကြသော်လည်း အများစုမှာ နေရပ် သို့ မပြန်ချင်တော့ကြောင်း သိရသည်။ “ကျွန်တော်က မန္တလေးကို ၁၄ နှစ်သားက စရောက်တယ်။ အရင်တုန်းက ရွာဘုရားပွဲဆိုပြန်ပေမယ့် အခု မပြန်တော့ဘူး။ ရွာကခေါင်တယ်။ ရေကရှား၊ မီးကမရှိနဲ့။ ငယ်ငယ်တုန်း က ရွာမှာသစ်ခုတ်နဲ့ လယ်အလုပ်ပဲ လုပ်ခဲ့ရတယ်။ လက်ဖက်ရည်ဆိုင်မှာ ပင်ပန်းတယ်ဆိုတာ ရွာမှာထက်တော့ သက်သာပါတယ်။ ဒီမြို့မှာ ကျွန်တော် တို့နယ်ကနေ လာအလုပ်လုပ်တဲ့သူတွေ အများကြီးပဲ။ အများစုက မိဘတွေ အဆင်မပြေလို့ မြို့တက်လာကြတာ များတယ်”ဟု မြိုင်မြို့နယ်မှ မြို့တက် အလုပ်လုပ်သော လူငယ်တစ်ဦးက ပြောသည်။ ကျေးလက်ဒေသများမှ အရွယ် မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာ အလုပ်လုပ်လာခြင်းနှင့် အတူ အလုပ်သမား ပွဲစားများမှာလည်း တွင်ကျယ်လာကြောင်း သိရသည်။ “အလုပ်သမား ပွဲစားတွေက နယ်ကနေ အလုပ်လိုချင်တဲ့ကလေးတွေကို သူ့အိမ်မှာခေါ်ထားတယ်။ သူ့အိမ်ကနေ အလုပ်သမားလိုအပ်တဲ့ ဆိုင်တွေကို ပို့ပေးတယ်။ သူက ကလေးရဲ့ လုပ်ခတစ်လစာကို ပွဲခ အဖြစ်ယူတယ်။ တချို့ပွဲစားတွေက မှန်မှန်ကန်ကန်လုပ်ပေမယ့် တချို့ကျတော့ ခေါင်းပုံဖြတ်တာတွေ ရှိတယ်။ ကလေးတစ်ယောက်ကို ဆိုင်တစ်ဆိုင် မှာ သွင်းပေးပြီး ပွဲခတစ်လစာယူ၊ တစ်လပြည့်တော့ ကလေးကို ခဏခေါ် သွားဦးမယ်ဆိုပြီး တခြားဆိုင် ပြောင်းထားတာတွေ ရှိတယ်။ ဒီလိုခဏခဏ ပြောင်းရတော့ ကလေးရဲ့ လုပ်အားခ က သူ့ကိုပွဲခတွေချည်းပဲ ပေးနေရသလို ဖြစ်နေတယ်”ဟု မန္တလေးမြို့မှ လက်ဖက်ရည် ဆိုင်ရှင်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်းအများစုမှာ ကျေးလက်ဒေသနေ လူတန်းစားဖြစ်ပြီး အရွယ်မရောက် ခင်မှစ၍ နေရပ်စွန့်ခွာမှု များပြားလာခြင်းသည် ရေရှည်တွင် နိုင်ငံအတွက် ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိကြောင်းလည်း သိရသည်။ “မြို့နေလူတန်းစားက ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကိုယ့်သားသမီးကို အတတ်နိုင်ဆုံး ပညာသင်ပေး ကြတယ်။ ကျောင်းစာမဟုတ်တောင် ၀ပ်ရှော့၊ ပန်းရံ၊ လက်သမား စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ပေး ကြတယ်။ ပညာသင်ဖို့ အခွင့်အလမ်း လည်းများတယ်။ ကျေးလက်ဒေသမှာ တော့ လယ်ယာလုပ်ငန်းခွင် မကောင်းလို့၊ ပညာသင်ယူဖို့ အခွင့်အရေးနည်း လို့ နီးစပ်ရာမြို့တွေနဲ့ မြို့ကြီးတွေမှာ စားပွဲထိုး၊ အိမ်ဖော်အဖြစ်နဲ့ ရောက်နေကြရတော့ သူတို့တွေရဲ့အဆင့်ဟာ နိမ့်ပြီးရင်း နိမ့်ကျသွားတယ်။ ကျောင်း တက်ရမယ့်အချိန်တွေမှာ လုပ်ငန်းခွင် ထဲ ရောက်နေရတယ်။ ဒီလိုအဖြစ်တွေ များလာမယ်ဆိုရင် နိုင်ငံသား အရည်အသွေးတွေ နိမ့်ကျပြီး နိုင်ငံကလည်း နိမ့်ပါးသွားနိုင်ပါတယ်”ဟု မန္တလေးမြို့ခံ အယ်ဒီတာတစ်ဦးက သုံးသပ်သည်။ သတင်း---Eleven Media Group

No comments:

Post a Comment

wwwwnyinyi@gmail.com