 |
ဒေါ်အောင်ဆန်းစုကြည် |
နိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းထားမည်ဟု
ထုတ်ပြန်ချက်အား ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ထိပ်တန်း
ခေါင်းဆောင်များက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး
ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည်
ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က
“သမ္မတကြီးက ပြည်သူ လူထုရဲ့စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေ ထောက်ထားပြီးတော့
ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလို
မှာကြားလိုက်တယ်လို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာ တော့
ပြည်သူရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှကောင်းပါတယ်။ ဒီဟာဟာ
အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။
ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့
ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျွန်မဒါကို ကြိုဆိုပါတယ်” ဟု
ပြန်လည်ဖြေကြားခဲ့ပါသည်။
 ဦးတင်ဦး (ဒုတိယဥက္ကဌ၊ NLD)
ထို့အပြင် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း “အခုလို သမ္မတကြီး
ကိုယ်တိုင်ကနေပြီး တော့
သူ့သက်တမ်းအတွင်းမှာ ဒါကို မလုပ်တော့ဘူး၊
ရပ်ဆိုင်းလိုက်တယ် ဆိုတဲ့အတွက် အင်မတန်မှ နှစ်ထောင်းအားရ
ဝမ်းသာဝမ်းမြောက်ပါတယ်။ ဒါတင်မကဘူး နောင်လာမယ့် သမ္မတ အဆက်ဆက်
ဧရာဝတီမြစ်ကြီးရဲ့ သဘာဝအလျောက် ဆင်းသက်ရာ ဆင်းသက်ကြောင်း အားလုံး
ပြေပြေလည်လည် ဖြစ်အောင် စိတ်ချရအောင် သူ့သမ္မတသက်တမ်းတင် မဟုတ်ဘဲ
နောင်အဆက်ဆက်မှာလည်း ဧရာဝတီ မြစ်ကြီးကို ရှင်သန်အောင် ထားပါဆိုတဲ့
သဘောထားရှိပါတယ်။ သူတို့ကလည်း သူတို့အကျိုးစီးပွားအတွက် လုပ်မှာပါပဲ။
ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ပြည်သူပြည်သားတွေရဲ့အကျိုးကျေးဇူးကို
လုပ်ရမှာပါပဲ။ သမ္မတကြီးက ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်တာပဲ။
ကြွေးကြော်သံလည်း ရှိတာပဲ။ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်
ဆန္ဒ၊ ပြည်သူ့တို့မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက် စသည်ဖြင့်
ရှိတာပဲ။ အားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။ မီဒီယာလောကရော ရေးသားနေကြတဲ့
အတိုင်းအတာအားလုံးကိုရော ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဆန္ဒကိုလည်း လေးစားရမယ်၊
အိမ်နီးနားချင်းကောင်းဆိုတာ ပီသရပါမယ်။ ကျွန်တော်တို့က တရုတ်နိုင်ငံနဲ့
ပတ်သက်လို့ရှိရင် အချိန်မရွေး အိမ်နီးချင်းကောင်း ပီသပါမယ်၊ ချစ်ကြည်မှု
မပျက်ပါဘူး။ ဒါပဲ။ သို့သော်လည်း ပဲ အကျိုးအမြတ် ကြည့်တဲ့နေရာမှာ ဒီ
ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ ရှိတဲ့ တိုင်းရင်းသား အားလုံးတွေနဲ့
ပြည်သူ ပြည်သားတွေရဲ့ဆန္ဒကို သူတို့ လေးစားထိုက်တယ်ပေါ့ဗျာ”ဟု
ပြောကြားခဲ့သည်။
“တကယ်လို့ အိမ်နီးနားချင်းကောင်း အနေနဲ့ ကျွန်တော်တို့နိုင်ငံကို
တကယ်ချစ်မြတ်နိုး လေးစားတယ်ဆိုရင် ကျွန်တော်တို့ ပြည်သူလူထုတွေကို
လေးစားဖို့လိုတယ်။ အစိုးရချင်းက အစိုးရချင်း တစ်ပိုင်းထား၊ အမှန်က
တရုတ်ပြည်သူလူထုနဲ့ မြန်မာပြည်သူလူထု ဒီဟာနဲ့ပတ်သက်တာ အားလုံးကို
ချစ်ကြည်ရေး မပျက် နေသွားကြမယ်ဆိုတာက အမြဲတမ်းရည်မှန်းထားတဲ့
ကျွန်တော်တို့ရဲ့ အခြေခံ နိုင်ငံခြားရေး သဘောထားပဲ။ တရုတ်ပြည်ကို
ချစ်မြတ်နိုး လေးစားပါတယ်။ အိမ်နီးနားချင်းကောင်း ပီသပါတယ်။ ဒါပေမယ့်
အကျိုးကျေးဇူး ကြည့်တဲ့အခါ ကိုယ့်နိုင်ငံရဲ့အကျိုးကျေးဇူးကို
အဓိကကြည့်ရမယ့်သူ အနေနဲ့ကတော့ ဒီနိုင်ငံမှာ သမ္မတကြီးရဲ့ဆုံးဖြတ်ချက်က
မှန်တယ်ပဲ ပြောရမှာပဲ။ ကျန်တာတွေနဲ့ ပတ်သက်တာ အားလုံးကို ညှိကြ ပြုကြ၊
ဒါပဲပေါ့။ ကျွန်တော်တို့ကတော့ ချစ်ကြည်ရေးစကားပဲ ပြောကြရမှာပေါ့။
ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးကြရမှာပေါ့ဗျာ။ သူတို့လည်း
မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အပေါ်မှာ တိုးတက်ကောင်းမွန် ကြီးပွားချမ်းသာတာ
လိုချင်တယ်ဆိုရင် သူတို့လည်းပဲ မျှတညှိနှိုင်းပြောဆို ဆောင်ရွက်ကြရမှာပဲ။
အခြားအခြားသော လုပ်ရမယ့်ကိစ္စတွေ အများကြီးရှိပါ သေးတယ်။ ရေအားလျှပ်စစ်နဲ့
ပတ်သက်ရင် မြန်မာတစ်ပြည်လုံးမှာ လုပ်စရာအများကြီးပါ။ တကယ် စေတနာမှန်နဲ့
လုပ်မယ်ဆိုရင် အခြားမထိခိုက်နိုင်ဘဲ လုပ်စရာတွေ အများကြီးပါ။
လုပ်စရာရှိတဲ့အထဲမှာ လုပ်ကြကိုင်ကြ ဆွေးနွေးကြပေါ့ဗျ” ဟု ၎င်းကပင်
ဆက်လက်ပြောကြားခဲ့သည်။
 ဦးဝင်းတင်(ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ NLD)
NLD ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် ကလည်း
“ကျွန်တော်ပြောချင်တာ က ဦးသိန်းစိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့အသံ၊
ပြည်သူ့ စကားကို နားထောင်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက်
ဦးသိန်းစိန်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်သူ့ရဲ့ထောက်ခံမှု၊ ပြည်သူတွေ
လိုလားတဲ့ဆန္ဒတွေနဲ့ အပြည့်အ၀ ဆက်စပ်နေတယ်လို့ ပြောချင်ပါတယ်။
ဦးသိန်းစိန်အစိုးရ ရဲ့ဆုံးဖြတ်ချက်ကို သူတို့ကပေါ့ပေါ့လေးလည်း
မတွေးစေချင်ကြဘူး။ ဒါဟာ အတွင်းမှာ ဖြစ်နေတဲ့ပြဿနာ မဟုတ်ဘဲ ပြည်သူတွေနဲ့
တစ်သားတည်းဖြစ်နေတဲ့ ပြဿနာမို့လို့ပါ။ ဒုတိယအချက် ပြောချင်တာက တရုတ်ကိစ္စ
တရုတ်အစိုးရအနေနဲ့က ၀င်ပြီးတော့ ရပ်တည်တယ်ဆိုတာနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့ကို မှတ်မိတဲ့ ပုံသဏ္ဍာန်နဲ့တောင် တစ်မျိုး ဖြစ်နေတယ်။
ဘာလို့လဲဆိုတော့ ဒီကုမ္ပဏီတွေရဲ့ လုပ်ပုံကိုင်ပုံတွေ ဘယ်လောက်
ပြဿနာကြီးမားသလဲ ဆိုတာ ပြောကြတယ်။ တရုတ်ပြည်က သူတို့ဝင်လာတယ်ဆိုရင်
သူတို့ကုမ္ပဏီက လူတွေပဲသွင်းလာတယ်။ မြန်မာပြည်က အလုပ်သမားတွေက
ဘာမှသုံးခြင်းပြုခြင်း မရှိဘူး။ နောက်ပြီး ယနေ့ကမ္ဘာမှာ လူတိုင်းသိနေတဲ့
စကားတစ်ခွန်းရှိပါတယ်။ အဲဒါဘာလဲဆိုတော့ Transfer of Technology ပေါ့ဗျာ။
သူတို့ရဲ့နည်းပညာ လွှဲပြောင်းပေးတယ်။ လုပ်ငန်းတစ်ခုလုပ်တယ်။ ဒါဟာ
စီးပွားရေးလုပ်ငန်းများရဲ့ ကျင့်ဝတ်တစ်ခုပဲဗျ”ဟုလည်း ပြောပြခဲ့သည်။
ဆက်လက်၍ ဦးဝင်းတင်က “နောက်တစ်ခုက တရုတ်အစိုးရက ပြည်သူလူထု
လုံးဝမလုပ်ချင်တဲ့ စီမံကိန်းတစ်ခု ရပ်စဲသွားတယ်တာနဲ့ ပတ်သက်ပြီး
တရုတ်အစိုးရက ရပ်တည်လာမယ်။ ပြောဆိုလာမယ်ဆိုရင်တော့ ကျွန်တော်တို့က
နောက်ပိုင်း ဘယ်လိုဖြစ်လာမလဲဆိုတော့ ကျွန်တော်တို့က တရုတ်အစိုးရကို
ကန့်ကွက်ရုံပဲ ရှိတော့မှာပေါ့။ ဒီအစိုးရကို ကန့်ကွက်စရာ မလိုတော့ဘူး။
ဒီစီမံကိန်း ကိုဆက်လုပ်ဖို့ တိုက်တွန်းနေမယ် ဆိုရင် တိုက်တွန်းတဲ့သူကိုပဲ
ကန့်ကွက်ရတော့မှာပေါ့။ တရုတ်နိုင်ငံဆိုတာ ကျွန်တော်တို့
အိမ်နားနီးချင်းနိုင်ငံပါ။ အိမ်နားနီးချင်းနိုင်ငံဆိုတာက
ပြောင်းလဲလို့မရဘူး။ ကျွန်တော်တို့ မြန်မာပြည်ကို အမေရိကားနားကို
ရွှေ့ထားကြည့်ပါလား။ သူတို့ဘာမှလုပ်လို့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့ က
တရုတ်အစိုးရနဲ့ ပတ်သက်လာရင် အမြဲတမ်း ချစ်ကြည်ရင်းနှီးစွာနဲ့ နှစ်နိုင်ငံ
အမြဲတမ်း ပြည်သူများရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေတဲ့
နည်းနဲ့ဆွဲဆောင်မယ်ဆိုတဲ့ သဘောထားက နှစ်ပေါင်းများစွာ ရှိခဲ့ပါတယ်။
သို့သော် အဲဒီရှိနေတဲ့ဟာက နှစ်နိုင်ငံ အကျိုးစီးပွားကို မထိခိုက်တဲ့နည်းနဲ့
အကျိုးဖြစ်ထွန်းစေတဲ့ နည်းနဲ့ရှိမှသာလျှင် ဒီသဘောထားက တည်မြဲနိုင်မှာ
ဖြစ်ပါတယ်။ ဒါကြောင့်တရုတ် အစိုးရအနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံး
ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်း အစား အခြားသောနည်းလမ်းနဲ့
ဝယ်ယူရရှိနိုင်အောင် နည်းလမ်းတွေ ရှာသင့်တယ်။ နှစ်နိုင်ငံ အကျိုးစီးပွားကို
မထိခိုက်စေတဲ့နည်းနဲ့သာ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့၊
အဲဒီစီးပွားရေးလုပ်ငန်းတွေ လုပ်တဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို
ရပ်တည်ပေးဖို့ လိုလိမ့်မယ်။ အဲဒါမှ နှစ် ပေါင်းများစွာရှိခဲ့တဲ့
ဆက်ဆံရေးကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်စေမှာပါ”ဟု
ပြောပြခဲ့ပါသည်။
 ဦးဥာဏ်ဝင်း (NLD ပြောရေးဆိုခွင့်ရှိသူ)
NLDပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကလည်း “မြစ်ဆုံကိစ္စ
သမ္မတကြီးရဲ့သ၀ဏ်လွှာကို ဖတ်ပြီးတော့ ရန်ကုန်ကို သတင်းရောက်တဲ့ အချိန်
ကျွန်တော်တို့က တိုတိုလေးပဲ သိရတာ။ အရှည်ကတော့ ဒီနေ့မှ သိရတာ။ အတိုသိကတည်းက
ကျွန်တော်ပြောတယ်။ ဒီဥစ္စာမြစ်ဆုံ စီမံကိန်းကို ပယ်ဖျက်တာ မဟုတ်ဘူး။
ရပ်ဆိုင်းတာ။ ဒီအစိုးရ လက်ထက်ရပ်တယ် ဆိုတာလည်း ဒီနေ့ မနက်မှသိရတာ။
ရပ်ဆိုင်းပြီးတော့ ဒါတွေက ဆက်ဆွေးနွေးရမှာ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့
ဧရာဝတီပန်ကြားချက်နဲ့ ကွက်တိပဲလို့ ကျွန်တော်က အဲဒီထဲကပြောတာ။ ဒီဥစ္စာက
ပြန်လည်သုံးသပ်ဖို့ လိုတယ်။ သုံးသပ်တယ်ဆိုတာ ဖျက်တာလည်း ဖြစ်ရင်ဖြစ်မယ်။
လျော့တာလည်း ဖြစ်ရင်ဖြစ်မယ်။ အမျိုးမျိုး ဖြစ်မှာပေါ့။ ဒီဥစ္စာက
ပညာရှင်တွေနဲ့ လုပ်ရမယ့်ကိစ္စပါ။ သူရဲ့ဧရာဝတီ ပန်ကြားချက်ကလည်း ဒါကိုပြော
တာ။ ကျွန်တော်လည်း အခုလို အစကတည်းက မြင်ပါတယ်။ လာဘ်ပေး လာဘ်ယူကိစ္စပြောရရင်
လာဘ်ပေး လာဘ်ယူဆိုတာ ယူတာတင်မဟုတ်ဘူး။ ပေးတာလည်း အပြစ်ရှိတယ်။ ဒါနိုင်ငံတကာ
ဥပဒေမှာလည်း ဒီလိုပဲ။ လာဘ်ပေးပြီးလုပ်တယ်လို့ အခြေအနေတစ်ရပ်ပေါ်ရင်
ဒီပဋိညာဉ်က ပျက်သွားမှာ။ ဘာပေါ်လာမလဲတော့ မသိဘူး။ ဒီလိုမျိုးပေါ်လာရင်
တာဝန်ပိုင်းတွေ အကုန်ပျက်သွားမှာ” ဟု ပြောကြားခဲ့သည်။
 ဦးစိုးဝင်း (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် NLD)
ထို့ပြင်NLD ပါတီမှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် နှင့် လွှတ်တော်
ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်ဦးစိုးဝင်း ကလည်း “မြစ်ဆုံ ရေကာတာ
စီမံကိန်းကြီး ရပ်ဆိုင်းထားမယ်ဆိုပြီး ပြည်သူတို့ရဲ့ဆန္ဒ၊ ပြည်သူတို့ရဲ့
စိုးရိမ်ပူပန်မှုများကို အလေးပေး ဖြေရှင်းဆောင်ရွက်ပေးခဲ့တဲ့
နိုင်ငံတော်သမ္မတကြီးကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒီကိစ္စကြီးပေါ်မှာ
တစ်စိုက်မတ်မတ် ၀ိုင်းဝန်း ကြိုးပမ်းခဲ့ကြသူ အားလုံးကိုလည်း အထူးပင်
ကျေးဇူးတင်ပါ တယ်။ ကျွန်တော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မေတ္တာရပ်ခံ ပန်ကြားခဲ့သလိုပါပဲ၊ အိမ်နီးချင်းကောင်းနိုင်ငံဖြစ်တဲ့
တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း နှစ်နိုင်ငံချစ် ကြည်ရေး၊ ဧရာဝတီကို
ခြိမ်းခြောက်နေတဲ့ အန္တရာယ်အသွယ်သွယ်မှ ကာကွယ်ရေးနဲ့ ပြည်ထောင်စု မြန်မာ
နိုင်ငံက တိုင်းရင်းသား ညီအစ်ကို မောင်နှမများရဲ့ သွေးစည်းညီညွတ်ရေးတို့ကို
အလေးပေး တန်ဖိုးထားပြီး ညှိနှိုင်း လုပ်ဆောင်သွားလိမ့်မယ်လို့
ယုံကြည်မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com